Skip to main content

Posts

Showing posts from December, 2009

စာရေးရသည့် အကြောင်းရင်း (၂)

ဤသို့ ကွဲပြားသော လှုံ့ဆော်မှုများသည် အချင်းချင်း ၀ိရောဓိ ဖြစ်လိမ့်မည် ဆိုသည်နှင့် လူတစ်ဦးမှတစ်ဦး တစ်ချိန်မှတစ်ချိန် ပြောင်းလဲမှုရှိလိမ့်မည် ဆိုသည်မှာ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ ပုံမှန်အားဖြင့် မိမိ၏ သဘာဝကို ရယူပိုင်ဆိုင်နိုင်သည့် အခြေအနေကို စတင်အရွယ်ရောက်သည့် အချိန်တွင် ရရှိပါသည်။ ကျွန်တော့်အနေဖြင့်မူ အဦးဆုံး လှုံ့ဆော်မှု သုံးရပ်သည် စတုတ္ထအချက်ထက် ပိုမိုအရေးပါပါသည်။ အပူအပင်ကင်းသည့် ကလေးဘ၀တွင် အဆင်တန်ဆာများ သို့မဟုတ် အဖွဲ့အနွဲ့ သက်သက်မျှသာဖြစ်သည့် စာအုပ်များ ကျွန်တော်ရေးချင်ရေးခဲ့နိုင်ပါသည်။ ကျွန်တော်၏ နိုင်ငံရေး ခံယူချက်ကိုလည်း သတိမပြုမိလုနီးနီး ရှိနေခဲ့နိုင်ပါသည်။ လက်ကမ်းစာစောင် ရေးသားခြင်း အလုပ်မျိုးကို ကျွန်တော် စေခိုင်းခံရဖူးပါသည်။ ပထမဦးဆုံးအနေဖြင့် မိမိနှင့် အံဝင်ခွင်ကျမဖြစ်သည့် အလုပ်တွင် ကျွန်တော် ငါးနှစ်တာကြာခဲ့ပြီး (Indian Imperial Police တပ်ဖွဲ့ဝင်အနေဖြင့် ဗမာပြည်တွင်) ဆင်းရဲမွဲတေမှုနှင့် အရှုံး၏အငွေ့အသက်ကို ရှူရှိုက်မိခဲ့ပါသည်။ ဤသည်က အာဏာပိုင်များအပေါ် ကျွန်တော်၏ ပင်ကိုယ်မုန်းတီးမှုကို တိုးပွားလာစေပြီး၊ အလုပ်သမားလူတန်းစား၏ တည်ရှိနေမှုကိုလည်း ပထမဆုံးအနေဖြင့် တင်းပြည့်ကျပ်ပြည့် သတိပြ

ဆန်တာခလောစ် ဒဏ္ဍာရီ

ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည့် ဆန်တာခလောစ် ပုံရိပ်သည် ယဉ်ကျေးမှုများ၊ စိတ်ကူးယဉ် ယုံတမ်းပုံပြင် အများအပြားဖြင့် စုံစီနဖာ ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဆန်တာခလောစ် လူသားသည် ယနေ့ မြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း အမြဲတမ်း မရှိခဲ့စေကာမူ သူ၏ မူလဇစ်မြစ်မှာ တကယ်တမ်းတော့ အခြေအမြစ် သိပ်မရှိလှပါ။ (၃) ရာစုအတွင်းက ရှိခဲ့သော ကက်သလစ် သူတော်စင်တစ်ဦး၏ လက်ဆောင်ပေးခြင်း အလေ့မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။ ခရစ်ယန် ပရိုတက်စတင့်ဂိုဏ်း ပေါ်ပေါက်လာခြင်းနှင့် ဥရောပ ယဉ်ကျေးမှုများ အမေရိကသို့ ပြောင်းရွှေ့ အခြေချလာခြင်း တို့ကြောင့် အဆိုပါ သာသနာတွင်း ပုံရိပ် (Pious Figure) သည် ယနေ့ကမ္ဘာတွင် အကျော်ကြားဆုံး ရုပ်ပုံဖြစ်သည့် အနီဝတ်စုံဝတ် အဖိုးအိုအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ပဉ္စလက် သယ်ယူပို့ဆောင်ရေး စနစ် (Magical Transportation System) နှင့် သူ၏ တန်ခိုးရှင်များတပ်ဖွဲ့ (Army of Elves) ၏ အမှတ်အသားကိုလည်း ပိုမိုပြီးပြည့်စုံစေခဲ့သည်။

ဆင့်ကဲဖြစ်စဉ် အပြေးသန်လာခြင်း

ဒီဇင်ဘာ (၂၄) ၂၀၀၉ ကွမ်တမ်ရူပဗေဒပညာရှင် စတီဖှင်ဟော့ကင်း (Stephen Hawking) က လူသားတို့သည် ဆင့်ကဲဖြစ်စဉ်၏ ပြောင်းလဲမှုအဆင့် အသစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လူသားတို့က ဉာဏ်ရည်မြင့် စက်ပစ္စည်းများ (Intelligent Machines) ကို ဖန်တီးခြင်းအားဖြင့် ရှေ့ဆက်သွားမည့် အရာပင် ဖြစ်သည်ဟု သူကဆိုသည်။ “ဆင့်ကဲဖြစ်စဉ်” (Evolution) သည် ယခုအပတ်ထုတ် Subscriber အင်တာဗျူး ခေါင်းစဉ်များထဲတွင် တစ်ခုအဖြစ် ပါဝင်သည်။ ဆင့်ကဲဖြစ်စဉ်သည် သဘာဝအားဖြင့် ကြုံရာကျပန်း ဗီဇပြောင်းလဲမှု (Mutation) များမှ နှစ်သန်းပေါင်းများစွာကြာ “သဘာဝရွေးချယ်မှု” (Natural Selection) ဖြစ်စဉ်ကို ကျော်လွန်ကာ  ဖြေးဖြေးမှန်မှန် ဖြတ်သန်းရှေ့ဆက်လေ့ရှိခဲ့သည်။ ယခုသော် ဆင့်ကဲဖြစ်စဉ်မှာ အရှိန်မြင့်လာခဲ့ပြီဖြစ်၏။ ဟော့ကင်းက အဓိကအပြောင်းအလဲကြီးများသည် နှစ် (၅၀) တစ်ကြိမ်ခန့် ဖြစ်ပေါ်မည်ဟု ခန့်မှန်းသည်။ မူလက အဆိုပါပြောင်းလဲမှုများသည် ဗီဇဆိုင်ရာ ချို့ယွင်းအားနည်းချက်ကို ပြုပြင်ခြင်းတွင်ပင် ကန့်သတ်ထားခဲ့ပေလိမ့်မည်။ Cystic Fibrosis နှင့် Muscular Dystrophy တို့ကဲ့သို့ ဗီဇတစ်မျိုးတည်းဖြင့်သာ ထိန်းကွပ်ထားခြင်းဖြစ်သောကြောင့် အတော်လေး

ငကြောက်

ကျွန်တော်က ကြောက်တတ်ပါသည်။ အလွန့်အလွန်ကို ကြောက်တတ်ပါသည်။ ငယ်ငယ်က စာမရမှာ၊ ဆရာမအရိုက်ခံရမှာ ကြောက်ခဲ့ပါသည်။ သို့သော် ကြောက်ကြောက်နှင့်ပင် စာမကျက်ဘဲ နေနိုင်သမျှ နေခဲ့ပါသည်။ ကြောက်ကြောက်နှင့်ပင် အရိုက်ခံခဲ့ရပါသည်။ မိဘများ အဆူအပူခံရမှာ ကြောက်ပါသည်။ ဆိုးသည်ဟု မိဘများက သတ်မှတ်မည်ကို ကြောက်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ လိမ္မာချင်ယောင်ဆောင်ပါသည်။  “ငါ့သားလေးက လိမ္မာတယ်” ဟူသော မေမေ့စကားကို သာယာခဲ့ပါသည်။ သူငယ်တန်းအသေး (မူကြို) တွင် “သုံးလူ့ရှင်ပင်” ကို အာဂုံဆောင်နိုင်ခဲ့ပါသည်။ (ဤ ၀ါကျကိုပင် ကိုယ်ရည်သွေးသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာမည်ကို “ကြောက်” သဖြင့် ဖျက်ပစ်လိုက်ပြန်ထည့်လိုက်  ဝေခွဲမရဖြစ်နေပါသည်။ နောက်ဆုံး အခြားသူများ၏ အထင်ကို ကြောက်သည်ထက် မိမိကိုယ်ကိုယ် ထင်သောအထင်ကို ကြောက်သည်က ပိုသဖြင့် ထည့်လိုက်ပါသည်) လူပျိုပေါက်အရွယ်ရောက်တော့ မိဘက ဆိုးသည်ဟုသတ်မှတ်ခံရမှာ ကြောက်သည်ထက် ရွယ်တူအပေါင်းအသင်းများက “ငကြောက်” ဟု အထင်ခံရမှာ ပိုမိုကြောက်လာသည်။ အဆိုပါ နှိုင်းရသဘောတရားကြောင့် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးရစ်ရန်ဖြစ် စသည်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ခဲ့ပါသည်။ ငကြောက်အဖြစ်မှ လွတ်ကင်းခွင့်ရမည

စာရေးရသည့် အကြောင်းရင်း (၁)

ငါးနှစ်သား ခြောက်နှစ်သား အတော်ငယ်သည့် အရွယ်ကလေးမှစ၍ ကြီးလာလျှင် စာရေးဆရာ တစ်ယောက်သာ ဖြစ်သင့်သည်ဟု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိခဲ့ပါသည်။ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြားတွင်မူ ထိုအကြံအစည်ကို စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသို့ ကြိုးစားနေရင်းနှင့် တစ်ပြိုင်တည်းမှာပင် ကျွန်တော်သည် မိမိဗီဇ အစစ်အမှန်ကို မကျေမနပ် ဒေါသထွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် အနှေးနှင့်အမြန် စာအုပ်များရေးသားခြင်း အလုပ်တွင် ဇောက်ချရသင့်သည် ဖြစ်ကြောင်းလည်း သိနေခဲ့ပါသည်။ ကျွန်တော်က သားသမီးသုံးယောက်အနက် အလတ်ဖြစ်ပါသည်။ သို့သော် အကြီးနှင့်ရောအငယ်နှင့်ပါ ငါးနှစ်ခန့် ခြားပြီး၊ အသက်ရှစ်နှစ် မတိုင်ခင်အထိ အဖေနှင့် ခဏတစ်ဖြုတ်သာ တွေ့ခဲ့ရပါသည်။ ဤသို့သော အကြောင်းရင်းများကြောင့် ကျွန်တော်သည် တစ်နည်းတစ်ဖုံ အထီးကျန်ဖြစ်နေပြီး မကြာခင်တွင်ပင် အခြားသူများ အမြင်တွင် ထောင့်မကျိုးသည့် မျက်နှာရိပ်ကဲနှင့် ဟန်ပန်မူယာတို့ ဖွံ့ဖြိုးလာခဲ့ပြီး ဤသည်က ကျွန်တော့် ကျောင်းသားဘ၀တစ်လျှောက်လုံး ကျွန်တော့်ကို မထင်မရှားဖြစ်အောင် လုပ်ဆောင်ခဲ့လေသည်။ ကျွန်တော့်တွင် အထီးကျန်ကလေးများ၏ အလေ့အကျင့်ဖြစ်သည့် ပုံပြင်ဖွဲ့ခြင်း၊ စိတ်ကူးယဉ်လူသားများနှင့် စကာြးေ

ဖြစ်ပြီးသား ပစ္စက္ခများ (သို့မဟုတ်) ဒီဂျာဗှူး (Déjà vu)

တလောက အဖေနှင့်အတူ ကိစ္စတစ်ခုရှိသဖြင့် ဒေလီမြို့တွင်းသို့ သွားခဲ့ပါသည်။ လုပ်စရာရှိတာ လုပ်ရင်းနှင့် ထမင်းစားချိန်သို့ ရောက်လာသည်။ အိမ်တွင် နားပူနားဆာ သိပ်မလုပ်တတ်သည့် ဗိုက်က အပြင်ရောက်တော့ အချိန်အတိအကျ အချက်ပေးသည်။ သို့နှင့်ပင် ထမင်းဆိုင်ရှိရာသို့ သားအဖနှစ်ယောက် ရောက်သွားသည်။ ဆိုင်တွင် အင်္ဂလိပ်လိုတစ်လုံးမျှ နားမလည်သည့် ဗိုက်ပူပူ ကုလားကြီး တစ်ယောက်ကို Menu ထဲ လက်ညှိုးထောက်ကာ မှာရသည်။ မှာပြီးသော် အဖေထိုင်နေသော ထိုင်ခုံတွင် ကျွန်တော် ၀င်ထိုင်လိုက်မိသည်။ ဤတွင် အဖေကပြောသည်။ “မင်း ထမင်းကြော် မှာနေတဲ့ကုလားကို ငါကြည့်နေတာ၊ တစ်နေရာရာမှာတွေ့ဖူးသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ တွေ့ဖူးတာမဟုတ်ဘူး။ မင်းခုနလို မှာနေတဲ့ပုံစံတွေကိုရော၊ တစ်ချိန်ချိန်မှာ ဒီလိုအချိန် ဒီလိုနေရာမှာ ထမင်းစားရမယ့်အဖြစ်ကိုရော... သိနေသလိုပဲ” ဟု ဆိုပါသည်။ ထိုအခါတွင် ကျွန်တော်လည်း ထိုသို့သောခံစားချက်မျိုး ကြုံဖူးကြောင်း သတိရမိသည်။ လုံးဝ အသစ်ချတ်ကျွပ် ဖြစ်ရပ်၊ နေရာ၊ လူ၊ အတွေ့အကြုံ တစ်ခုခုကို ယခင်က ဖြစ်ဖူးသယောင်၊ သို့မဟုတ် ကြိုသိနေသယောင် ခံစားချက်မျိုး ဖြစ်ပါသည်။ ဘိုးတော်ဝိဇ္ဇာတွေလို အကြားအမြင်ရခြင်းမျိုး မဟုတ်ပါ။ ဦးနှောက်တွင် “ကြိုသိနေယောင်

မော်ဒန်အလေ့အထကောင်းများ

ပြုံးခြင်းထက်စာလျှင် မျက်မှောင်ကုပ်ခြင်းသည် မျက်နှာရှိ ကြွက်သားများကို ပိုမိုအသုံးပြု ရပါသည်။ သို့သော် ပျော်ပျော်နေခြင်းထက် လဒမှိုင်မှိုင်ပြီး သူများပျော်လို့ မပျော်နိုင် ဖြစ်နေခြင်းက မိတ်ဆွေအတွက် ပိုကောင်းသည်ဟု ဆိုပါလျှင်...။ အပြုအမူဆိုင်ရာ ကျန်းမာရေး လေ့လာမှုအသစ် တစ်ခုအရ အထိမခံကြွေပန်းကန် သဘောထား ရှိသည့် လူစားများသည် အလိမ်ခံရခြင်း၊ တစ်ပတ်ရိုက်ခံရခြင်းများ နည်းပါးပြီး ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိသည်ဟု ဆို၏။ ဤအံ့အားသင့်စရာ ကျွမ်းထိုးမှောက်ခုံ ရလဒ်ကို ၂၀၀၉ ခုနှစ် နိုဝင်လာလထုတ် သြစတြေးလျ ကျန်းမာရေး စာစောင်တစ်ခုတွင် စိတ်ပညာကျွမ်းကျင်သူ ပါမောက္ခ Joseph Forgas က ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း ဖြစ်ပါသည်။ သူ၏တွေ့ရှိချက်အရ ၀မ်းနည်းခြင်း၊ စိတ်ထိခိုက်ခံစားလွယ်ခြင်းစသည့် အနုတ်လက္ခာဆောင်မှု အရှိအဆုံး စိတ်ခံစားချက်များသည်ပင် ပျော်ရွှင်ခြင်းနှင့်တကွ တခြားသော အပေါင်းလက္ခဆောင် ခံစားမှုများထက် ပိုမိုတန်ဖိုးရှိကြောင်း သက်သေပြနိုင်သည်ဟု ဆိုသည်။ ဤတွေ့ရှိချက်သာ မှန်ကန်သည် ဆိုပါလျှင် မြန်မာပြည်မှ ဒေါသအိုး စစ်ဗိုလ်ချုပ်များကို မိမိတို့အစား ဆုံးဖြတ်ချက်ချ (Decision Making) ခိုင်းခြင်းသည် အလွန်သင့်ေ

စိတ်ထောင်ချောက်များ (Thinking Traps)

ကျွန်တော်တို့ကိုယ်တိုင်၏ စိတ်တွင်  အတွေးအခေါ်ပိုင်းဆိုင်ရာ ထောင်ချောက်များ တည်ရှိနေပါသည်။ အကယ်၍  ၎င်းတို့ကို သတိမပြုမိခဲ့ပါလျှင် အဆိုပါ ထောင်ချောက်များသည် ယေဘုယျကျကျ စဉ်းစားတွေးခေါ်နိုင်သည့် ကျွန်တော်တို့၏ အရည်အချင်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး ညံ့ဖျင်းသည့် ဆင်ခြင်မှုနှင့် အမှားမှားအယွင်းယွင်း ဆုံးဖြတ်ချက်များ ချမိစေရန်အထိ ဦးတည်သွားစေ နိုင်ပါသည်။ အသုံးချရန်အတွက် တည်ရှိနေသည့် ထူးခြားသည့် စိတ်စွမ်းရည်များသည် တကယ့်လက်တွေ့တွင်မူ ကျွန်တော်တို့ကို ဒုက္ခတွေ့ရန် ဖန်တီးထားသလို ဖြစ်သွားစေနိုင်သည်။ အဆိုပါ ထောင်ချောက်များနှင့် အသုံးဝင်နိုင်စရာ ရှောင်ကွင်းနည်းတချို့ကို ဖော်ပြလိုက်ပါသည်။

ဘောင်ဘင်ခေတ်သံများ

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။ ~မြန်မာစကားပုံ~ ရေမပြည့်သော အိုးများသည် ဘောင်ဘင်ခတ်တတ်သည်။ ရေပြည့်နေသော အိုးများသည် ဘောင်ဘင်မခတ်။ လျှံသာ လျှံကျတတ်၏။ သို့သော် ထည့်သွင်းစဉ်းစားရန် လိုသည်က ရေတစ်စက်မျှမရှိသည့် အိုးများသည်လည်း ဘောင်ဘင် မခတ်တတ်ခြင်းပင် ဖြစ်ပါသည်။ သူတို့က ဘောင်ဘင်မခတ်တတ်ဘဲ ဟောင်းလောင်းပေါက်ကြီး အဆံချောင်နေ၏။ ရှင်းရှင်းပြောရလျှင် ဘောင်ဘင်ခတ်နိုင်စွမ်း မရှိ။ ၎င်းတို့ ဘောင်ဘင်မခတ်ခြင်းသည် ရေပြည့်နေလို့မဟုတ်။ ခတ်စရာ “ရေတစ်စက်မျှမရှိ” ခြင်းကြောင့် ဖြစ်ပါသည်။ ဘောင်ဘင်ခတ်သည့် အိုးတစ်အိုးဖြစ်ဖို့ အနည်းဆုံး ရေ “ဖင်ကပ်” လောက်တော့ ရှိရပါလိမ့်မည်။ သို့မှသာ ပလုံပလုံ ဘောင်ဘင်ခတ်သံလေးများ တလွင်လွင် ထွက်ပေါ်လာနိုင်သည်။ တစ်နည်းအားဖြင့် ဘောင်ဘင်ခတ်ခြင်းသည် ရေအနည်းငယ်တော့ ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။

ချိန်သီးနှင့် မြစ်ဝကျွန်းပေါ်က ငါး (ကဗျာခံစားမှု)

အိပ်ယာကနိုးနိုးချင်း ဘ၀ရဲ့ မလုပ်မဖြစ် အရေးကြီး လုပ်စရာတာဝန်တွေကို တရစပ်တန်းစီပြီး လုပ်ပစ် လိုက်တယ်။ မျက်နှာသစ် သွားတိုက်ရတယ်၊ မျက်စိရှေ့ရောက်နေတဲ့ ထမင်းပန်းကန်ကြီး ကိုလည်း မဖြစ်မနေ စားပစ်ရသေးတယ်။ နစ်ကိုတင်း ဓာတ်နည်းနည်း သွားဝယ်ရတယ်။ ဒါတွေအားလုံး ပြီးတော့လည်း မထိုင်ရသေးဘူး။ ဓာတ်ဗူးထဲ ရေဖြည့်၊ ခလုပ်ကို On ၊ ခွက်နှစ်ခွက်ထဲ သကြားနဲ့ နို့မှုန့်ထည့်၊ ပြီးတော့ လက်ဖက်ရည်ထုတ်လေး စိမ်ပြီး အဖေ့အတွက် တစ်ခွက် ကိုယ့်အတွက်တစ်ခွက်...။ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ အကုန်ပြီးတော့ စိတ်ထဲနည်းနည်း ပေါ့သွားသလိုပဲ။ တစ်နေကုန် အိပ်ထားလို့လည်း တစ်ညလုံးနိုးထဖို့ အဆင်သင့်ဖြစ်နေသလို ခံစားရတယ်။ ဖွင့်ပြီးသား ကွန်ပြူတာရှေ့မှာ အကျအနထိုင်၊ စားပွဲပေါ်တင်ထားတဲ့ စာအုပ်အဖုံးတစ်ခုပေါ်က ဒါဝင်က မျောက်ကလေးပွေ့ချီပြီး ကျွန်တော့်ကို ရီဝေေ၀ကြည့်နေတယ်။ အဲဒီမျောက်ကလေးကလည်း သူကိုယ်တိုင်ရဲ့မျက်နှာနဲ့ပဲ။ ထားပါတော့ ညာဘက်ခြမ်းမှာ လက်ဖက်ရည်ခွက်ရှိတယ်။ နီကိုတင်းနည်းနည်း ပါးစပ်ထဲထည့်လိုက်တယ်။ ကဲ...စမယ်...။ ခက်တာက ဘာကိုစရမှန်းမသိတာပဲ။ တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာသာ ထိုင်နေတယ် ဘာအလုပ်မှရှိတာ မဟုတ်ဘူး။ ကျောင်းသားဘ၀က တစ်ခါမှ မရေးခဲ့တဲ့ အက်ဆေးတွေ

စကားလုံးများ၏ ကိုယ်ရေးပုံတူကား

စကားလုံးများသည် ကျည်ဖြည့်ထားသည့် ပစ္စတိုများပင်ဖြစ်သည်။ ~ ယန်းပေါဆာ့ထ် ~ စကားလုံးများသည် စွမ်းအားသတ္တိ အပြည့်ရှိ၏။ စကားလုံးများသည် တန်ခိုးသြဇာ ကြီးမား၏။  စကားလုံးများသည် ကျောက်ဆိုင်ကျောက်သားများ ပမာ ခိုင်မာမြဲမြံ၏။ စကားလုံးများသည် စူးရှထက်မြက်၏။ စကားလုံးများသည် သွေးထွက်သံယို ဖြစ်တတ်၏။ ထို့ကြောင့် ပစ်ခတ်ဆော့ကစားခြင်း မပြုနိုင်ရန် စကားလုံးများကို လူကြီးများ လက်လှမ်းမမီသော နေရာတွင် ထားသင့်၏။ စကားလုံးများကြောင့် ရရှိသော ဒဏ်ရာ အညိုအမဲများသည် မသေမရှင် နှိပ်စက်နိုင်၏။ သေချင်စိတ်ပေါ်လာအောင် ပြုစားနိုင်၏။ စကားလုံးများသည် စုန်းမများဖြစ်၏။ လိုလိုလားလား အသက်စွန့်ချင်စရာ ကောင်းလောက်အောင်ပင် ချောမောလှပ၏။ စကားလုံးတို့သည် ဝေဆာနေသော ပန်းဥယျာဉ်အလား လှပ၏။ ယခု ကျွန်တော်သည် ပန်းဥယျာဉ်အလယ်တွင် မတ်မတ်ရပ်၍ စကားလုံးများဖြင့် ပစ်ခတ်ဆော့ကစား နေသူတစ်ယောက် ဖြစ်ပါသည်။

အချစ်နှင့်ဟော်မုန်း (သို့) အသည်းကွဲကုထုံး

ခုတလော အပေါင်းအသင်း မိတ်ဆွေများကြားတွင် အချစ်ကြောင့် ဒုက္ခများနေရသူ အရေအတွက် သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်။ ချစ်သူနှင့်အဆင်မပြေလို့ စပိုင်သောက်ပြီး မူးသည့် မမ၊ ကောင်မလေးရွာ ပြန်သွားလို့ ဒူးနှင့်မျက်ရည် သုတ်နေရသည့် ကိုကို၊ သူ့ကိုမှမရရင် စစ်ကိုင်းချောင် သွားပါတော့မယ် ရည်ရွယ်သည်အထိ အချစ်ကြီး ချစ်မိကြသူများ၏ လွမ်းခန်းများ စသည်စသည် မြင်နေကြားနေရသည်။ လူမသိစေဘဲ ရင်ထဲကကြိတ် ငိုနေသူများလည်း ဘယ်လောက်များမည် မခန့်မှန်းနိုင်။ အချစ်ကြောင့် ဒဏ်ရာရသေဆုံးစာရင်း မြင့်မားသည်ကို သတိပြုမိလာချိန်တွင် အချစ်ဆိုတာဘာလဲဟူသည့် မဆန်းလှသည့်မေးခွန်းကို တွေးတောနေမိခဲ့သည်။ လူ့ဘ၀တွင်၊ အထူးသဖြင့် လူငယ်လူရွယ်ဘ၀တွင် အချစ်၏ လွှမ်းမိုးမှုသည် အတော်ကို ကြီးမားကြောင်း သတိပြုမိရသည်။ အချစ်ကြောင့် မိုးမမြင်လေမမြင်ပျော်ရွှင်နေကြသူများရှိသလို အချစ်ကြောင့် ငါးပါးမှောက်နေကြသူများလည်း ပေါများလှသည်။ သို့သော် သေချာသည်က ပျော်ရသူအရေအတွက်ထက် ငိုနေရသူ အရေအတွက် ပိုများသည့်အချက်ပင် ဖြစ်ပါသည်။

ထပ်တူမရှိ...

အပြင်တွင် မိုးရွာနေသည်။ ဒေလီတွင် ဆောင်းတွင်းဘက် မိုးရွာတတ်ပါသလား...။ မိုးရွာသောညများသည် စိတ်ကူးယဉ် အိပ်မက်မက်ရန်၊ သို့မဟုတ် မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသည့်အဖြစ် (မျှော်လင့်ချက်မဲ့ အခြေအနေ) ကို ခံစားရန်၊ ဤနှစ်ခုအတွက်သာ သင့်လျော်ပါသည်။ သို့သော် ထိုနှစ်ခုလုံးအတွက် အဆင်သင့်မဖြစ်သေးပါ။ စောင်ထူထူ အိပ်ယာအတွင်းမှ အနာဂတ် လက်ကျန် ခပ်နည်းနည်းအကြောင်း အာသာငမ်းငမ်း တွေးရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းလွန်း လှသည်။ မျှော်လင့်ချက်မဲ့အခြေအနေအား လှမ်းမျှော်ကြည့်ရခြင်း ကျတော့လည်း သဘာဝမကျ။ ဤညသည် ခါတိုင်းထက်ပို၍ ဂွကျသည်ဟူ၍သာ အရင်ညများကအတိုင်း လက်ခံလိုက်ရသည်။

ငတိလေးတစ်ယောက်အကြောင်း...

ငတိလေးတစ်ယောက် ခုတလော စိတ်ဓာတ်တွေ အော်တိုမုတ်တုပ် (အလိုအလျောက်) ပြုတ်ပြုတ်ကျ နေသည်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိငြီးငွေ့၊ လေးလံထိုင်းမှိုင်း စသည့်အရာတွေ စုပြုံပြီး စိတ်ဓာတ်က အ၀ီစိအထိ စိုက်စိုက်ကျ နေသည်။ လဒမှိုင်မှိုင်ပြီး၊ မျောက်ငိုင်ငိုင်သည်။  စက္ကန့်မလပ် အသက်ရှူနေရသည်ကို ပင်ပန်းလွန်းသည် ထင်မိသည်။ ထမင်းစားရမှာ ပျင်းသည်ကိုအသာထား၊ ရေထသောက်ရသည် ကိုပင် ညောင်းသည်ထင်လာတော့ ခက်ချေပြီ...။ စိတ်ဓာတ်ကျလျှင် စားပွဲပေါ်မှ ပြုတ်ကျသွားသည့် ခဲတံလေးလို အသာလေး ပြန်ကောက်တင်လို့ ရသည်မဟုတ်။ စိတ်ဓာတ်ဆိုသည့်အရာက ပေကပ်ကပ်နိုင်သည်။ သူ့စိတ်က  အမြင့်ကြောက်ရောဂါရှိသည်။ မြင့်မြင့်မှာ ထားလို့မရဘဲ ကလေကချေအဆင့်မှာပင် နေချင်သည်။ အချိန်ဆွဲ (Procrastination) တတ်သည့် အကျင့်ဆိုးအား ယူပစ်သလိုပျောက်နည်း သံမဏိမူဝါဒ (၅) ရပ်အား ကျောင်းသားလူငယ် မအူမလည်လေးများဖတ်ရှုနိုင်ရန် ဘာသာပြန်ပေးဦးမှဟူသည့် စေတနာကြီးနှင့် သူ Bookmark လုပ်ထားသည့် ဆောင်းပါးကလေးကလည်း (၅) လ တိတိရှိပေပြီ။  တစ်လတစ်ချက် ပြန်လျှင်တောင်မှ ယခုလောက်ဆို ပြီးသင့်ပြီဖြစ်သော်လည်း တစ်လုံးမှပင် စ,မရေးရသေး...။ သြော်... ငါ ပျင်းတာအရေးမကြီးဘူး သူတို့လေးတွေ ကံဆိုးရှာသည်ဟု

မသေချာမှု နိယာမ (Uncertainty Principle)

နယူတန်၏ ဒြပ်ဆွဲအား သီအိုရီကဲ့သို့ သိပ္ပံနည်းကျ သီအိုရီများ၏ အောင်မြင်မှုနှင့်အတူ (၁၉) ရာစု အစောပိုင်းတွင် ပြင်သစ်သိပ္ပံပညာရှင် “လပ္ပလေ့စ်” (Marquis de Laplace) က စကြ၀ဠာကြီးသည် အလုံးစုံ “သတ်မှတ်ပြဋ္ဌာန်းပြီး” (Deterministic) ဖြစ်သည်ဟု အဆိုပြုငြင်းခုန်ခဲ့သည်။ ကာလတစ်ရပ်တွင် တည်ရှိနေသည့် စကြ၀ဠာ၏ ပြီးပြည့်စုံသည့် အခြေအနေတစ်ရပ်ကိုသာ သိနိုင်ခဲ့လျှင် စကြ၀ဠာအတွင်း နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် အရာရာတိုင်းကို ခန့်မှန်းတွက်ချက်နိုင်မည့် သိပ္ပံနည်းကျဥပဒေသ အစုအဝေးတစ်ရပ် ရှိတန်ရာသည်ဟု လပ္ပလေ့စ်က အဆိုပြုလာခဲ့သည်။ ဥပမာဆိုရလျှင် ကာလတစ်ရပ်/အချိန်တစ်ခုတွင် တည်ရှိနေသည့် နေနှင့် ဂြိုဟ်တို့၏ တည်နေရာနှင့် (Position) နှင့် အမြန်နှုန်း (Speed) ကို သိရှိလျှင် နယူတန်၏ ဥပဒေသများကို အသုံးပြု၍ အခြားမည်သည့်အချိန်တွင်မဆို တည်ရှိနေမည့် နေအဖွဲ့အစည်း၏ အခြေအနေကို တွက်ချက်နိုင်ပေလိမ့်မည်။ ဤသာဓကတွင် “သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ” (Determinism) သည် အတော်လေး ထင်ရှားပေါ်လွင်သည်။ သို့သော် လပ္ပလေ့စ်က ထိုထက်ပို၍ လူ့အပြုအမူများ (Human Behavior) အပါအ၀င် အရာအားလုံးကို ထိန်းကွပ်နေသည့် အလားတူဥပဒေသတစ်ရပ် တည်ရှိရမည်ဟု တစ်ဆင့်တက် ယူဆလာခဲ့သည်။

ချစ်ခြင်းဖြင့် မလုံလောက်လေသောအခါ ...

ပွဲကြည့်ပရိသတ်၏ တတိယမြောက် ခုံတန်းတွင် ကျွန်မနှင့် ခင်ပွန်းဖြစ်သူ “မိုက်” တို့ ထိုင်နေသည်။ ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတွင် သမီးလေး ကေတီ၏နာမည်ကို ခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေ ကြခြင်းဖြစ်သည်။ မိုက်က ကျွန်မ၏ လက်ကို ဖြစ်ညှစ်ဆုပ်ကိုင်ပြီး ပြုံးလိုက်သည်။ ကျွန်မတို့နှစ်ယောက်သား ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားနေရသည်။ တကယ်တော့ ကေတီ၏ဘွဲ့နှင်း သဘင်အခမ်းအနားကို အိပ်မက်မမက်နိုင်ခဲ့သော ကာလတစ်ရပ် အမှန်ပင်ရှိခဲ့ပါသည်။ ထိုကာလကိုလည်း ကျွန်မ ကောင်းကောင်း မှတ်မိနေပါသည်။ ကျွန်မတို့ ဘုရားကျောင်း၏ အော်ပရက်တာ (Operetta) ပြဇာတ်အတွက် ၀တ်စားဆင်ယင်မှု အစမ်းလေ့ကျင့်ခန်းသည် အဆင်ပြေချောမွေ့နေခဲ့သည်။ သံပြိုင်သီဆိုရမည့် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျွန်မက ပန်းရောင်တောက်တောက်ဂါဝန်ကိုဝတ်ပြီး အခြားအမျိုးသမီး ကိုးယောက်နှင့်အတူ ခပ်တောင့်တောင့် ရပ်နေမိသည်။ အားလုံးက ကျွန်မလို အိမ်ရှင်မတွေဖြစ်ပြီး ပျော်လည်းပျော်စေ၊ အလှူငွေလည်းရစေ သဘောမျိုးဖြင့် ပါဝင်ကူညီကြသူများချည်းဖြစ်သည်။ ဘုရားကျောင်း၏ အတွင်းရေးမှူးတစ်ယောက် ၀င်ရောက်လာပြီး ကျွန်မသတိထားမိအောင် အချက်ပြကာ ပါးစပ်လှုပ်ပြီး ကျွန်မကို ပြောလိုက်သည်။ “တယ်လီဖုန်း...” §§§§§§§

အဆိုးမြင်ဝါဒအား ထောက်ခံခြင်း...

အပြုသဘောတွေးခြင်းသည် အချည်းအနှီး စိတ်ပညာသိပ္ပံအဖွဲ့ (Association for Psychological Science) မှ အပြုသဘောဆောင်တွေးခြင်း (Positive Thinking) သည် မိမိကိုယ်ကိုယ်လေးစားမှု (Self-esteem) တည်ဆောက်ရာတွင် အကျိုးတစ်စုံတစ်ရာ မပြုသကဲ့သို့ စင်စစ် ပိုမိုဆိုးရွားမှုကိုပင် ဖြစ်ပေါ်စေသည်ဟု အသစ်ထပ်မံတွေ့ရှိမှုများအရ ဆိုသည်။ ၀ါတာလူး (Waterloo) နှင့် ဘရန်းဆွစ်ခ် (New Brunswick) တက္ကသိုလ်တို့မှ သုတေသီများက တက်ကျမ်းများနှင့် လူပိန်းကြိုက် စိတ်ပညာစာအုပ်များက ကြွေးကျော်နေသကဲ့သို့ “ငါလုပ်နိုင်တယ်” ဟု အနုလုံပဋိလုံ မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးခြင်းမျိုး (Repeating Affirmation)၊ သို့မဟုတ် အပြုသဘောဆောင် ကိုယ်တိုင် တွေးထင်ချက်များသည် မိမိကိုယ်ကိုလေးစားမှု လျော့နည်းသောလူများကို ယုံကြည်ချက် ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ စင်စစ် ဤသို့သော နည်းလမ်းများသည် ပိုမိုပင် ဆိုးရွားသွားစေနိုင်သည်။

အစိမ်းရောင်

ကျွန်တော်က အစိမ်းရောင်ကို ကြိုက်သည်။ သို့သော် အစိမ်းသည် အစိမ်းဖြစ်သလို အကြိုက်သည် အကြိုက်သာ ဖြစ်ပါသည်။ ဘာမျှ ထွေထွေထူးထူး မဟုတ်ပါ။ အစိမ်းရောင်ကို မကြိုက်မိလျှင်လည်း တခြား တစ်ရောင်ရောင်ကို ကျွန်တော် ကြိုက်နေမိမည်သာ ဖြစ်ပါသည်။ သဘာဝတရားကြီး၏ အရောင်ဖြစ်လို့၊ အသက်ဓာတ်ဖြစ်လို့၊ မျက်စိအေးလို့ စိမ်းကားခြင်းကို သဘောကျလို့ စသည်ဖြင့် အကြောင်းပြချက်များ ကျွန်တော့်တွင် မရှိပါ။ အစိမ်းရောင်၏ ဂုဏ်ရည်တစ်ရပ်ရပ် အပေါ်တွင် သာယာမိ၍ ကြိုက်လိုက်ခြင်း မျိုးမဟုတ်ဘဲ အစိမ်းအပေါ် အာရုံခံမိသည့် ပုံရိပ်ကိုသာ အစဦးဆုံး ဖမ်းဆုပ်ရယူ နှစ်သက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစိမ်း၏ဂုဏ်ရည်ကို အဓိပ္ပာယ်အနည်းငယ် ဖွင့်ဆိုလာနိုင်ချိန်တွင် ထိုဂုဏ်ရည်များကိုပါ တစ်ပါတည်း ကျွန်တော် နှစ်သက်လာခဲ့ခြင်း၊ သို့မဟုတ် နှစ်သက် သယောင်ယောင် အထင်မှားလာခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ အစိမ်းကို ကျွန်တော်ကြိုက်ခဲ့ပါသည်။