Skip to main content

Posts

Showing posts from June, 2010

ဦးမှန်၏ တစ်ချက်လွတ် ဟောကိန်း

ဦးကျော် နာမည်ပြောင်းသည့် သတင်းက ခုတလော ရပ်ကွက်အတွင်း လူပြောအများဆုံး သတင်းဖြစ်နေသည်။ နာမည်ရင်း ဦးထင်ကျော်ဟု တစ်သက်လုံး သိလာခဲ့ပြီးမှ နေ့ချင်းညချင်း ဦးမှန် ဖြစ်သွားရသည်ကို အားလုံး အံ့အားသင့်နေကြသည်။ ဘယ်လိုများ ဖြစ်ရတာပါလိမ့်။ ကျွန်တော် မောင်ထင်ကျော်၏ အမည်မှန်မှာ မောင်မှန်သာ ဖြစ်ပါသည်ဟူ၍ သတင်းစာထဲထည့် ကြေငြာခြင်းမျိုးတော့ မဟုတ်။ ဘုစုခရုလေးများက အစ ကလေးများ၏ ပါးစပ်ဖျားတွင် ဦးမှန်ဦးမှန်ဟု တစ်မှန်တည်းဖြစ်နေခြင်းက လူကြီးများအတွက်ပါ စိတ်ဝင်စားစရာ ကောင်းလာသည်။ ဖြစ်ပုံက ဒီလို။ ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သည်မသိ ဆရာကြီးမင်းသိင်္ခ၏ မှော်ဘီမရမ်းတလင်းခြံကြီးတွင် ဦးကျော်တစ်ယောက် သီတင်းတစ်ပတ်ခန့် ဗေဒင်သင်တန်း သွားတက်သည်က စသည်။ နာမည်ရင်းအစား ဦးမှန် ဆိုသည့် အမည်နာမသစ်ကို ဆရာကြီးကိုယ်တိုင် ဝေဒနည်းကျ တွက်ချက်မှည့်ခေါ်ပေးလိုက်သည် ဟူ၏။ ဦးကျော်၏ လူသိသူသိ များပြားလှစွာသော ၀ါသနာများသည် အားလုံးအတွက် မဆန်းလှတော့သည့်တိုင် ပုန်းလျှိုးနေသည့် ဗေဒင်ဝါသနာကိုတော့ ခုမှပင် တအံ့တသြ သိကြရသည်။ ကလေးများနှင့် လွန်စွာ လက်ပွန်းတတီး ရှိလှသည့် ဦးကျော်အဖို့ ကလေးများအား သူ့ကို ဦးမှန်ဟု ပြောင်းလဲခေါ်ဆိုခိုင်းသည့်ကိစ္စမှာ အပန်း

သူမအပေါ် မနောကံဖြင့် ပြစ်မှားလွန်ကျူးမိသမျှ

ကျွန်တော်တို့ ဖြူစင်ခဲ့ကြပါသည်။ အစွန်းအထင်း ကင်းခဲ့ကြပါသည်။ ကျွန်တော်တို့ အကြား ချည်နှောင်ထားခဲ့သော နှောင်ကြိုးသည် မှဲ့တစ်ပေါက်မစွန်းဘဲ ဖြူစင်ရှင်းသန့်နေခဲ့သည်ကို အခြားသူများ ကောင်းစွာ အသိအမှတ်ပြု လက်ခံထားခဲ့ကြပါသည်။ ဤသို့လျှင် ကျွန်တော် သူမကို ဖြူစင်စွာ ချစ်ခဲ့သည်။ သို့မဟုတ် သူမကို ချစ်သော ကျွန်တော်၏အချစ်သည် ဖြူစင်ရှင်းသန့်သည်ဟု အခြားသူများက မြင်တွေ့လက်ခံနိုင်ခဲ့ကြပါသည်။ ဤသို့ ကျွန်တော်နှင့် သူမအပေါ် အများ၏ ရှုမြင်ထားချက်သည် မှန်ကန်သည်ဟု သက်သေပြရန်၊ သို့မဟုတ် ကျွန်တော်တို့သည် အဖြူစစ်စစ်ဖြစ်ကြောင်း သက်သေပြရန် တစ်ကြိမ်တစ်ခါက ကျွန်တော် အားထုတ်ခဲ့ဖူးပါသည်။

မီးကို ရှာဖွေတွေ့ရှိခဲ့သော ခေတ်သစ်မျောက်တစ်ကောင် (၃)

[ သုံး ] ဇာတ်လမ်းတစ်ခုလုံး ဤနေရာတွင် ပြီးသင့်ပြီ ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် မပြီးဆုံးခဲ့သေးပါ။ တစ်နေ့လုံး မိုးစွေနေသော နေ့တစ်နေ့၏ ညနေခင်းတွင် သူ ရုံးမှအပြန် အိမ်သို့ တန်းမ၀င်သေးဘဲ အရက်ဆိုင်ဆီသို့ ဦးစွာ ခြေဦးလှည့်ခဲ့မိသည်။ သူ့တွင် နောက်တစ်နေ့ အိမ်မှအထွက် ရုံးသို့တန်းမသွားသေးဘဲ Myanmar Tele Port သို့ အရင်ဝင်ကာ ပေးသွင်းရမည့် အင်တာနက် လစဉ်ကြေး FEC ၁၇၀ ပါလာခဲ့သည်။ တိုတိုပြောရလျှင် ထိုညက ထိုငွေ ပျောက်ဆုံးသွားခဲ့ပါသည်။ ညတွင်းချင်း ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း မူးမူးဖြင့် သူပြောခဲ့သော စကားများကြောင့် ပြည်သူ့ရဲအား မလေးမစားပြောဆိုမှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ကိုယ်တိုင်ပင် ပြန်တရားအစွဲမခံရရုံတမည် ရှိခဲ့ရသည်။ နောက်တစ်နေ့တွင် သူ ရုံးမသွားရဲခဲ့။ အရက်ကိုသာ မိုးလင်းမှ စသောက်နေခဲ့ပြီး ခပ်ကြီးကြီး ပြဿနာတစ်ခုအတွက် စိတ်ပျက်မူးဝေနေခဲ့သည်။ ညနေစောင်းတွင် မူးရစ်ရီဝေနေသည့် ဦးနှောက်မှ ကောင်မလေး၏ချစ်သူဆိုသူအား ရုတ်တရက် သတိရမိသည်။ စက်ဘီးပေါ် တက်ခွကာ ကောင်မလေးရုံးသို့ သူရောက်သွားခဲ့သည်။ ကောင်မလေးကို အကျိုးအကြောင်းပြောပြ၏။ ကောင်မလေးက ထိုသူရှိရာ မြို့နယ်ရုံးဆီသို့ လမ်းညွှန်လိုက်သည်။ ထိုရုံးအတွင်းသို့

မီးကို ရှာဖွေတွေ့ရှိခဲ့သော ခေတ်သစ်မျောက်တစ်ကောင် (၂)

[ နှစ် ] ကောင်မလေးတွင် ချစ်သူရှိသည်။ စင်စစ် သူ့မိဘများပင် သဘောတူပြီးသား စေ့စပ်ထားသူ ရှိသည်ဟု သိရသောညက သူ စိတ်ညစ်ညစ်နှင့် အရက်ဆိုင်သို့ ရောက်သွားခဲ့ခြင်းမဟုတ်ဘဲ စိတ်လက်ပေါ့ပါးစွာ အရက်ဆိုင်သို့ ရောက်သွားပြီးမှသာ သူ၏ အားကိုးရသော သောက်ဖော်သောက်ဖက် သူငယ်ချင်းများထံမှ ထိုအချက်များအား သူ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုသူမှာ သူတို့မြို့နယ်၏ သုံးဦးတည်းသော အထူးရဲများထဲမှ တစ်ဦးဖြစ်ကြောင်းကိုပါ ဘုံဆိုင်မှ သတင်းအတိကျ ရရှိခဲ့သည်။ ထိုသတင်းသည် သူ့အား တစ်ခွက်တစ်ဖလား ပိုသောက်မိစေရန် အားပေးသင့်သော်လည်း ထူးဆန်းစွာပင် ထိုညက သူ ပိုမသောက်မိခဲ့။ ပုံမှန်မဟုတ်သည့် ယုံကြည်တက်ကြွခြင်း တစ်မျိုးကိုသာ အခြေအနေနှင့် မလျော်ညီစွာ သူခံစားနေခဲ့ရသည်။ အပေါင်းအသင်းတစ်ချို့က လက်လျှော့လိုက်ရန်တားပြီး တချို့က ယမကာတန်ခိုးဖြင့် မိုးကောင်းကင်ဒူးနဲ့တိုက်ရန် အကြံများကို အာလေးလျှာလေးပြောကာ မြှောက်ထိုးပင့်ကော် လုပ်ကြ၏။ အပေါစားမှတ်ချက်များ၏ သက်ရောက်မှု တစ်စုံတစ်ရာမပါသော သူ၏ သီးသန့်ဆုံးဖြတ်ချက်မှာ နောက်တစ်နေ့ပါ ရုံးပျက်ရဦးမည် ဟူ၍သာ ဖြစ်သည်။ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ကောင်မလေး၏ ပြုံးနေသော မျက်လုံးများကို သူယုံသည်ဟု သူ့ကိုယ

မီးကို ရှာဖွေတွေ့ရှိခဲ့သော ခေတ်သစ်မျောက်တစ်ကောင် (၁)

[ တစ် ] သူ ကားဂိတ်သို့ရောက်ချိန်တွင် နေက အစွမ်းကုန် ပူလောင်နေပြီ။ နံနက် ဆယ်နာရီ ထိုးတော့မည်။ ခါတိုင်းလည်း အတော်အတန် နောက်ကျတတ်သည်သာ ဖြစ်သော်လည်း ယနေ့တွင်မူ ခါတိုင်းထက် ပိုသည်။ အထိန်းမကွပ် မရှိသော တနင်္ဂနွေနေ့၏ ရေချိန်တို့က ယနေ့မနက်အထိပါ သူ့ကို လိုက်ပါထိုးနှက်နေသည်။ အိပ်ယာမှ ကိုးနာရီခွဲမှ နိုးလာခဲ့သည်။ အမှန်တော့ ထိုအချိန်ကျမှ ထလာနိုင်ခြင်းသာ ဖြစ်သည်။ နိုးနေပြီးဖြစ်သော်လည်း ခေါင်းက တစစ်စစ် ကိုက်နေသဖြင့် အသာ မှိန်းနေပြီး နောက်ထပ် အချိန်ဆွဲရန် မဖြစ်နိုင်တော့သည့် နောက်ဆုံးမိနစ်တွင်မှ အိပ်ယာမှ ထခဲ့ခြင်းဖြစ်သည်။ ရေချိုးရန် အချိန်မရှိတော့။ ညစ်ပတ်ပြီး စေးကပ်နေသည့် ကိုယ်ခန္ဓာပေါ်သို့ အမေ အသေအချာ လျှော်ဖွပ်ထားသည့် အ၀တ်အစား သန့်သန့်လေးကို ၀တ်ဆင်လိုက်သည်။ ထုံးစံအတိုင်း ကားဂိတ်တွင် ဘ၀၏နာရီအချို့ကို အရစ်ကျ ပေးသွင်းရပေဦးမည်။

ဝိုင်စီဒီစီ ပုံပြင်

ရန်ကုန်မြို့လယ်ခေါင်၏ နေ့လယ်ခင်းသည် မီးစက်သံ တညံညံဖြင့် စတင် သက်ဝင်လှုပ်ရှား နေခဲ့သည်မှာ အရင်နေ့များက အတိုင်းသာ ဖြစ်ပါသည်။ ကုမ္ပဏီဝန်ထမ်း တစ်ဦးအနေဖြင့် ရန်ကုန်မြို့တွင်းရှိ ရုံးများ၊ ဘဏ်များသို့ ကျွန်တော် နေ့စဉ် သွားရလေ့ရှိသည်။ ထမင်းချိုင့်ဆွဲရမှာ အလွန်ပျင်းသည့် အကျင့်ကြောင့် အပြင်ထွက်စရာ ကိစ္စများရှိလျှင် နေ့လယ် ထမင်းစားချိန်လောက်တွင် ထွက်မည်။ အလုပ်ကိစ္စများပြီးစီး၍ စားပြီးသောက်ပြီးမှ ရုံးခန်းသို့ ပြန်ရောက်လေ့ ရှိပါသည်။ အများဆုံး သွားရလေ့ရှိသည်မှာ MFTB ခေါ် နိုင်ငံခြားငွေ လဲလှယ်မှုဘဏ်၊ ပုဇွန်တောင်ရှိ ပုဂ္ဂလိက စာရင်းစစ်ရုံး၊ ဘဏ်လမ်းရှိ ဘဏ်ခွဲ (၄)၊ လောကနတ်ခန်းမ အပေါ်ထပ်ရှိ အကောက်ခွန်ရုံး၊ ရွှေတောင်ကြားထဲရှိ ရုပ်ရှင်အစည်းအရုံး စသည်ဖြင့် အစိုးရ ရုံးဌာနများ အတော်များများ ပါဝင်သည်။ ယနေ့တွင်မူ တမူထူးခြားစွာ ကျွန်တော် ယခင်က တစ်ကြိမ်နှစ်ကြိမ်ခန့်သာ ရောက်ခဲ့ဖူးသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ရုံးချုပ်ရှိရာ မြို့တော်ခန်းမဆီသို့ ရုံးခန်းရှေ့ ကားပါကင်အတွက် နှစ်စဉ်ကြေး အခွန်ပေးဆောင်ရန်ကိစ္စတစ်ခု သွားရန်ရှိပြီး အခြားတစ်ခုမှာ နေ့စဉ်နီးပါး အလုပ်ဖြစ်သော MFTB သို့ လေယာဉ်ဆီဖိုးသွင်းရာတွင် ရောပါသွ

ပုပ်သိုးဆွေးမြေ့ ရောင်စုံဓာတ်ပုံများ

ဤကိစ္စတွင် သူတို့ မမှားခဲ့ကြပါ။ ကမ္ဘာတွင် လူသားခြောက်ဦးလျှင် တစ်ယောက်နှုန်း အာဟာရချို့တဲ့မှု ဝေဒနာ ခံစားနေရကာ ငတ်မွတ် ဆာလောင်လျက်ရှိသည် ဟူသော ခိုင်မာတိကျသည့် ကိန်းဂဏန်း အချက်အလက် တစ်ရပ်ရှိစေကာမူ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် စားချင်စဖွယ် ဟင်းလျာများ ချက်ပြုတ်ကြော်လှော်၍ လှပစွာပြင်ဆင်ပြီး ဓာတ်ပုံရိုက်ကာ ၀င့်ဝါစွာ ဖော်ပြနေကြခြင်းနှင့် လူတရုန်းရုန်းဖြင့် ဟေးလားဝါးလား လုပ်နေခြင်းများသည် ကိုယ်ချင်းစာတရား ခေါင်းပါးသည့် ပြယုဂ်၊ သို့မဟုတ် မသိသားဆိုးရွားသည့် အပြုအမူတစ်ရပ်ဟု မှတ်ချက်တစ်စုံတစ်ရာ ပြုခဲ့ပါလျှင် ကြီးစွာသောအမှားကို ကျူးလွန်မိရာရောက်မည်ဟု ကျွန်တော် သတိပြုမိသဖြင့် မည်သို့မျှ မဆိုဖြစ်ခဲ့ပါ။ သို့သော် ကသိကအောက်နိုင်လှသည့် ကိစ္စတစ်ခုမှာ ၎င်းတို့သည် ကျွန်တော် ပင်ပန်းကြီးစွာ မေ့လျော့ထားခဲ့ရသည့် အစာအိမ်နံရံချင်း ပွတ်တိုက်နေသော ခံစားမှုကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်သလို ကြိမ်ဖန်များစွာ ဖြစ်ပေါ်စေခြင်းပင် ဖြစ်ပါသည်။ အမှုန်ဖမ်းယူနိုင်စွမ်း အားကောင်းသည့် ကင်မရာမှ ရိုက်ယူထားသော ရောင်စုံဓာတ်ပုံများသည် ဖန်သားပြင်ပေါ်မှတစ်ဆင့် စက္ခုအာရုံကို ဖြတ်ကာ ကျွန်တော်၏ ပင်ပန်းကြီးသော အားထုတ်မှုတစ်ရပ်ကို အလွယ်တကူ အနိုင်

သူမ၌တွေ့ရှိရသော ငါ၏ ချစ်ခြင်း

[တစ်] ထည်လဲမဟုတ်တတ်သော အပျိုမ၏ အပြုံးမျိုးကို ထွက်ပြူစလရောင်အောက်၌ တွေ့ရလိမ့်မည်လားဟု ကျွန်တော်က တွေးလိုက်မိသည့်တိုင် ထိုအပြုံး၏ နောက်နားဆီမှ ထပ်ကြပ်မကွာ လိုက်ပါလာသည့်  မတွေ့ရတော့ဘူးဟူသော တင်ကူးသိရှိထားမှုတစ်ရပ်အား သိသိချည်းဖြင့် မသိချင်ယောင်ဆောင် နေလိုက်မိသည်မှာ စင်စစ် ကျွန်တော်၏ အရင်းခံကျကျ ရိုးသားမှုတစ်ရပ်သာ ဖြစ်မည်ထင်သော်လည်း လရောင်ကိုမူ လဆန်းတွင်ဖြစ်စေ၊ လဆုတ်တွင်ဖြစ်စေ တစ်ခါမျှ ရိုးသားသည်ဟု ကျွန်တော် မမြင်မိသေးသောကြောင့် အကယ်၌ လရောင်က ဒီရေမြင့်တက်စေသည် ဟူသော အဆိုမှာ တကယ်ပင်ခိုင်မာခဲ့သည်ဟု ဆိုကြလျှင် ကျွန်တော့်အနေဖြင့် ထိုအဆိုမျိုးကို လက်ခံရင်း လမ၀င်သွားစေရန်လည်းကောင်း၊ လကွယ်နေ့ညများ ရှိမလာစေရန်လည်းကောင်း ကြိုးစားကြည့်ချင်စိတ် ရှိပင်ရှိခဲ့စေကာမူ မဖြစ်နိုင်သော အကြောင်းတစ်ခုအတွက် အချိန်ကုန်ခံနေမည့်အစား ဖြစ်နိုင်သော အကြောင်းတစ်ခုခုကို ကြိုးစားချင်သည်ဟု တွေးကြည့်မိလိုက်ခြင်းမှာ အချိန်ကုန်သွားစေရန် ဖြုန်းတီးပစ်မည်ဆိုသော အားထုတ်မှုမျိုး မဟုတ်သည်ကဲ့သို့ ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အချိန်ကာလများအတွင်း လရောင်ကြောင့်ဖြစ်စေ လရောင်မပါဘဲလျက်ဖြစ်စေ ပြောင်းလဲမည်မဟုတ်ဟု ထင်ရသော တင်ကူးလက်ခံတွက်ဆထားသော

စာမျက်နှာထက်တွင်ထင်သွားသော မှင်စတချို့တလေ

စာရေးဦးမှလို့ တွေးပြီး ဘောပင်ကောက်ကိုင် လိုက်တာကအစ တစ်မျိုး ထူးဆန်းနေတယ်။ စာတစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် အဆုံးသတ်တဲ့ အထိ ဘောပင်သုံးပြီး ရေးဖူးတာမှ မရှိခဲ့ဘဲကိုး။ အခုတော့ ကျွန်တော့်နားမှာ ဘောပင်လေးနဲ့ စာအုပ်လေးပဲ အလွယ်တကူ ရှိနေတယ်။ စာရေးဖို့ရာ အခြေခံအားဖြင့် လုံလောက်နေပြီလို့ပဲ ဆိုရမယ်။ အရိုးစွဲနေတဲ့ အကျင့်ကိုဖျောက်ဖို့ ဒီမှင်တွေကို ဖြုန်းပစ်ရမယ်လို့ တွေးမိလိုက်သေးတယ်။ အတင်းအကြပ် တိုက်ဖျက်ဖို့တော့ လိုကောင်းမှ လိုမယ်။ ဒါပေမဲ့ အခု ကျွန်တော် ဒီဘောပင်လေးနဲ့ စာရေးကြည့်ချင်စိတ် ပေါက်နေတယ်ပဲ ဆိုကြပါစို့။

ပါပီလွန်မှ အပြင်းစားလောကဓံများ

ကျွန်တော်သည် အချုပ်ခန်းကျဉ်းလေးအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၏။ အခန်းမှာ ကျဉ်းလွန်းသဖြင့် ခြေလှမ်းများများ လျှောက်မရ။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း။ နံရံရောက်ပြီ။ နောက်ပြန်လှည့်ရ၏။ ကျွန်တော် စိတ်မပျက်ပါ။ ငါးလှမ်းလှမ်းပြီး တစ်ကြိမ် နောက်ပြန်လှည့်၍ မရပ်မနားလွတ်လပ်သော ပတ်ဝန်းကျင်တွင် ခရီးရှည်သွား နေရသကဲ့သို့ လမ်းလျှောက်၏။ မောလာပြီ။ ကျွန်တော် မရပ်။ (၁၆) နာရီပြည့်သည်အထိ ကျွန်တော် လမ်းလျှောက်၏။ လမ်းလျှောက်နေသဖြင့် ကျွန်တော့်ခန္ဓာကိုယ်မှ ကြွက်သားများမှာ ပိုကြံ့ခိုင်လာ၏။ မောလွန်းသဖြင့် ခေါင်းချလိုက်လျှင် ချက်ချင်းအိပ်ပျော်သွား၏။ စိတ်လေလွင့်ချိန်၊ တွေဝေချိန်များ မရတော့။ မှန်သည်။ တရုတ်လူမျိုးတို့သည် လူ့ ခေါင်းပေါ် ရေတစ်စက်ချင်းချပေး၍ ညှဉ်းဆဲသောနည်းကို ကမ္ဘာတွင် ပထမဆုံး စတွေ့သကဲ့သို့ ကျွန်တော်တို့ ပြင်သစ်လူမျိုးများသည်လည်း လူကို ဆိတ်ငြိမ်သောအခန်းတွင်းသွင်း၍ ဆိတ်ငြိမ်ခြင်းဖြင့် ညှဉ်းဆဲသောနည်းကို ပထမဆုံးတွေ့ခဲ့သူ၊ နားလည်ခဲ့သူများဖြစ်၏။ အကျဉ်းသားကို ပြင်ပပတ်ဝန်းကျင်မှ ဘာသံမျှမကြားနိုင်သော အလုံပိတ်အခန်းတွင် ထား၏။ မည်သည့်အကျဉ်းသားနှင့်မျှ စကားမပြောရ။ မည်သည့်ဝါဒါမျှလည်း လာစကာ

“နေလို့ကောင်းရင် ပြီးတာပဲ”

ငါ့တူတွေထဲမှာတော့ မင်းအလွန်ထူတာပဲရယ်လို့ ဘကြီးက ပြောရင်းဆဲတယ် ဓားတိုတစ်ချောင်းနဲ့ ယာမခုတ်တတ်သလို စားလို့ကောင်းမယ့် မှိုများလည်း မရှာတတ်ဘူး...တဲ့။ ဟိုဘက်ရွာက အပျိုတွေငမ်း ဒီဘက်ရွာက အပျိုတွေဖြန်း ကြမ်းကြမ်းရမ်းရမ်းတော့ ဘာမှမလုပ်ဘဲ ဖျာစုတ်တစ်ချပ်ပေါ်လှဲရင်း ပျင်းပြီးရင်းပျင်းနေတော့ ဖျင်းပြီးရင်းဖျင်းသပေါ့တဲ့။ ဘကြီးရာ ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်းနေရတာထက်စာရင် ဖျာပေါ်ကျောခင်း ပျင်းပြီးရင်း ပျင်းနေရတာကတော့ဖြင့် နာမည်ပျက်လောက်ပေတဲ့ နေလို့တော့လည်း အချောင်သား...ဗျ။ ◄ မြင့်သန်း ► ၂၀၀၃ ခုနှစ် ဧပြီလ၊ မြားနတ်မောင်မဂ္ဂဇင်းမှ။

သိမှုကာရန်လွဲခြင်း (Cognitive Dissonance)

၁၉၅၉ ခုနှစ်၊ ပုံစံကျ လူမှုစိတ်ပညာ စမ်းသပ်မှု တစ်ရပ်က ဘာကြောင့် ဘယ်လို၊ ကျွန်တော်တို့ မိမိကိုယ်ကိုယ် လိမ်ညာလေ့ရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ စမ်းသပ်ချက်အား နားလည်ခြင်းက ကျွန်တော်တို့၏ အတွင်း စေ့ဆော်မှုများ၏ အမှောင်ကမ္ဘာဘက်ခြမ်းအား ပိုမိုနားလည်စေရန် လမ်းစဖော်ပေးလိုက်သလို ရှင်းလင်းစေပါလိမ့်မည်။ Festinger နှင့် Carlsmith တို့၏ မြေလှန် လူမှုစိတ်ပညာ စမ်းသပ်ချက်က ကျွန်တော်တို့ ဘာကြောင့် တွေးထင်သည်၊ မိမိတို့လုပ်ပုံလုပ်နည်းအတိုင်း ပြုမူဆောင်ရွက်ကြသည် ဆိုသော အရာများအကြောင်း ကိုယ့်ကိုယ်ကို ပြန်ပြောသည့် ပုံပြင်များအတွင်းသို့ ထင်လင်းစွာသိမြင်နိုင်ရန် ဖြည့်ဆည်းပေးခဲ့သည်။ စမ်းသပ်ချက်တွင် ကျွမ်းကျင်ပါးနပ်သည့် လှည့်စားမှုများ ပြည့်နှက်နေသည့်အတွက် သင်ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သည်ဟု ထင်မြင်ကြည့်ခြင်း သည်သာ ၎င်းအား နားလည်ဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သက်တောင့်သက်သာ ထိုင်၍ အတိတ်သို့ ပြန်လှည့်ကြည့်ပါမည်။ အချိန်ကား ၁၉၅၉ ခုနှစ်ဖြစ်ပြီး သင်သည် Stanford တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ပါသည်။

ကျောက်တုံးများ

စိန်တစ်ပွင့်ရဲ့ အဇ္ဈတ္တကို လေ့လာဖို့ သူက မှန်ဘီလူးကို မကိုင်ဘဲ အဘိဓာန်ကိုသာ လှန်လိုက်မိတယ်။ ဒီလိုဆိုလို့ သူနဲ့လက်လှမ်းမီရာမှာ ရှိနေတာက မှန်ဘီလူးမဟုတ်ဘဲ အဘိဓာန်သာ ဖြစ်နေလို့ပဲလို့ အကြောင်းပြရင်တော့ ခိုင်လုံမှာမဟုတ်ဘူး။ သူ့ မှာ စိန်ပွင့်တစ်ပွင့်ကို ရှိမနေဘူး။ ဒါကြောင့် သူဟာ စိန်တစ်ပွင့်ရဲ့ အဓိပ္ပာယ်ကို အဘိဓာန်ထဲမှာသာ ရှာဖွေခဲ့ရတယ်။ ကံကောင်းထောက်မစွာ မဟုတ်ဘဲ အဘိဓာန်တွေရဲ့ အလုပ်ဆန်ဆန် ပုံသဏ္ဌာန်တစ်ရပ်အနေနဲ့ ဖော်ပြချက်ကို သူ တွေ့လည်းတွေ့ခဲ့ရတယ်။

(ဆရာ) ကြူးနှစ်၏ အနိဋ္ဌာရုံဘွဲ့နှင့် ဘ၀၏ အမှောင်ဘက်ခြမ်းများ

လူတွေက အရူးထပြီး အချင်းချင်း သတ်တဲ့ဖြတ်တဲ့ ဗယောက်ဗယက် ကစားပွဲကြီးထဲမှာ ငါမပါဘူး။ ဒါကြောင့် ငါမသေဘူး။ ငါဟာ လူ့အဖိုးတန် တစ်ယောက်ပဲ။ ငါ့ဆွေမျိုးတွေ ငါ့မိတ်ဆွေတွေ ကျီးစာ၊ လင်းတစာ ဖြစ်ကုန်ကြပါပကော…။ ငါကတော့ လူဖြစ်ရကျိုးနပ်ပြီ။ ဒသမသုံးသုညသုံး ရိုင်ဖယ်ဖြင့် ချောင်းပစ်ခံရ၍ ၀မ်းဗိုက်ပွင့်ကာ စားပြီးစထမင်းစေ့များ၊ ၀က်သားဖတ်များပေါ်မှာ မျက်နှာအပ်လျက် သေခဲ့ရသော အစ်ကိုကြီး ကိုငဒေါင်း၏ အလောင်းကို ထွန်းအံ့သည် သွေးခုန်နှုန်း မှန်ကန်စွာဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်ပေးနိုင်ခဲ့သည် မဟုတ်ပေဘူးလား။ သူပွေ့ပိုက်ထားသော ဂျပ်စက္ကူဘူးထဲတွင် အသေကောင်လေးတစ်ခု အေးစက်စွာ လဲလျောင်းနေသည်။ အသေကောင်လေး။ လမစေ့ဘဲ မွေးဖွားလာရာမှ မိခင်ဝမ်းထဲမှ ပြင်ပသို့ ရောက်လျှင်ရောက်ချင်း အသက်ရှူရပ်သွားသည့် လူသား မိန်းကလေး။ ထိုကလေးသည် သူစိမ်းပြင်ပြင်လည်း မဟုတ်ပါ။ သူနှင့် အေးမတို့၏ ရင်သွေးဦးသာဖြစ်၏။ အိမ်ထောင်သက် လေးနှစ်အကြာ၌ မော်တာသံ၊ စိန်ပြောင်းသံ၊ ရိုင်ဖယ်သံ၊ စက်ကလေးသံတို့ မြည်ဟိန်းနေဆဲတွင် အမိ၏ ၀မ်းကြာတိုက်ထဲသို့ ခဲရာခဲဆစ် တိုးဝင်လာခဲ့သော ဤမိန်းမသားလေးသည် အမိအဖတို့၏ ဒုက္ခတစ်ခုအဖြစ် ထပ်မံမဖြည်းဆည်းလိုတော့သလို မွေးသေဘ၀ဖြင့် ရှောင်တိမ်းသွားခဲ့ခြင်းဟ

နေမင်းကြီး၏ အလှတွင် မျက်ရည်ကျခဲ့ရခြင်း

ကျွန်တော်က ကူးတို့ပေါ်သို့ ရွေးချယ် စီးနင်းလိုက်သည်။ ဒီနေ့ ဧရာဝတီတိုင်း ကျေးရွာလေး တစ်ရွာမှ ရန်ကုန်သို့ ပြန်ကြမည်။ မေမေ၊ ညီမလေးနှင့်အတူ ဒေါ်လေးနှစ်ယောက်လည်း ပါသည်။ ရန်ကုန်ပြန်မည့် သူထက် သင်္ဘောဆိပ်ရှိရာ မြစ်တစ်ဖက်ကမ်းသို့ ပစ္စည်းပစ္စယများ သယ်ပိုးပြီး လိုက်ပို့ကြမည့် လူအင်အားက ပိုများနေသည်။ ထို့ကြောင့် လှေတစ်စင်းနှင့် မလောက်၊ ဆန်အိတ်၊ အုန်းသီး၊ ငှက်ပျောသီးစသည့် ရွာမှဆွေမျိုးများ၏ ရန်ကုန်ပြန် လက်ဆောင်များက များပြားလှသည်။ ဘိုးဘိုးတို့ပိုင် လှေနှင့် ငှားထားသည့် ကူးတို့ စုစုပေါင်းနှစ်စင်း ချောင်းကမ်းနဖူးတွင် ဆိုက်ကပ်ထားသည်။ မည်သူမျှ လှေပေါ်သို့ မတက်ကြသေးခင်တွင် လူကြီးများက ကျွန်တော့်အား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စီးနင်းစေပါသည်။ ကျဉ်းမြောင်းသည့် ချောင်းရိုးအတိုင်း မိနစ်နှစ်ဆယ်ခန့် စုန်ဆင်းပြီးလျှင် မြစ်ပြင်ကျယ်ကြီးကို ဖြတ်ရဦးမည်မှန်း ကျွန်တော် သိပြီးဖြစ်သည်။ ဘိုးဘိုးတို့လှေလေးမှာ သိပ်မသေးလှသည့်တိုင် ကူးတို့လောက်လည်း တောင့်တင်းခိုင်ခံ့ လိမ့်မည်မဟုတ်ဟု ကျွန်တော် တွက်ဆမိသည်။ လှိုင်းကြီးသည့်မြစ်ပြင်အား ရေပြင်နှင့်နီးကပ်စွာထိုင်ပြီး လှေငယ်လေးဖြင့်ဖြတ်ရမည်ထက် ကျွမ်းကျင်သော ကူးတို့သမား ခတ်သည့် က

အယူသည်းခြင်း

အဆောင်လက်ဖွဲ့ကဲ့သို့ သာမန် အယူသည်းမှု များသည် အလိုအလျောက် စွမ်းရည် (Mortor) နှင့် သိမှုအရည်အသွေးအား တိုးတက်စေနိုင်သည်ဟု လက်တွေ့စမ်းသပ်မှုများက ဖော်ပြသည်။ ပရော်ဖက်ရှင်နယ် အားကစားသမားများမှာ အယူသည်းတတ် သူများထဲတွင် အပါအ၀င်ဖြစ်ပြီး၊ ဤသည်မှာ စက္ကန့်ပိုင်း အချိန်ကိုက်မှုများနှင့် ပတ်သက်နေရခြင်း၊ သို့မဟုတ် ကံကောင်းခြင်းဟု ယူဆစရာဖြစ်နေခြင်းတို့ကြောင့် ဖြစ်နိုင်ပေသည်။ လူသိများထင်ရှားသည့် အယူသည်းအပြုအမူရှိ အမေရိကန် အားကစားသမားများမှာ ပြိုင်ပွဲတွင် ရှပ်အင်္ကျီအနီရောင်ကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိသည့် ဂေါက်သီးသမား “တိုက်ဂါးဝုဒ်” နှင့် အားကစားသမားဘ၀ သက်တမ်းတစ်လျှောက် တူညီသည့် အတွင်းခံအပြာရောင် တစ်ခုတည်းကိုသာ ၀တ်ဆင်ခဲ့သည့် ဘတ်စကတ်ဘောကစားသမား “မိုက်ကယ်ဂျော်ဒန်” တို့ ဖြစ်ကြသည်။ ကျွန်တော်တို့အနေဖြင့် ဤအပြုအမူများအား ဆီလျော်မှုမရှိဟု ယူဆချင်စရာ ဖြစ်သော်လည်း မိမိတို့ကိုယ်တိုင်လည်း အယူသည်းမှုများနှင့် ကျွမ်းဝင်နေနိုင်ပါသည်။ သို့ရာတွင် စိတ်ပညာသိပ္ပံ တွင် ပုံနှိပ်ဖော်ပြခဲ့သည့် လေ့လာမှုအသစ်တွင် ဤအယူသည်းမှုများမှာ အမှန်တကယ် အလုပ်ဖြစ်ခဲ့လျှင် မဆီလျော်ဟု ဆိုနိုင်ပါဦးမည်လားဟု မေးခွန်းထုတ်ခဲ့၏။

ဓါးသေနတ်နှင့် ဒဿန

ဒဿနသမား ဆိုတော့လည်း ဓားတွေ သေနတ်တွေတော့ ဘယ်ရှိပါ့မလဲလို့ စိတ်နာနာနဲ့ တွေးပစ်လိုက်တယ်။ ဟုတ်တယ်၊ အတွေးဆိုတာ အစရှိဖို့ပဲ လိုတာမဟုတ်လား။ ကျန်တာ သူ့ဟာသူ ဆက်ဖြစ်သွားလိမ့်မယ်။ ဇီဝရုပ်တွေလိုပဲပေါ့။ အခုပဲ ကြည့်လေ။ ဒဿနသမားလို့ ဆိုလိုက်မိမှ ကိုယ့်ကိုယ်ကိုယ် ဒဿနသမားလို့ သုံးနှုန်းနိုင် ပါ့မလားဆိုတဲ့ ပြဿနာက ၀င်လာတယ်။ ဒဿနသမားဆိုတာ ဘယ်လိုသတ္တ၀ါမျိုးလဲလို့ ဆက်တွေးရတော့တယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မသိဘူး။ လမ်းပေါ်မှာ လှတပတကောင်မလေးတစ်ယောက် တွေ့လို့ ချစ်လိုက်မိတဲ့သူလည်း အချစ်နဲ့ပတ်သက်လို့ စာအုပ်တွေထဲ ဘယ်လိုသတ်မှတ်ချက်ရှိမယ်ဆိုတာ သိမှာမဟုတ်ဘူး။ အနည်းဆုံး ပရိုတာဂိုးရပ်စ်ကတော့ “ချသာချငါ့ကောင်။ မင်းပြောတာမှန်တယ်။ မင်းမှားတယ်လို့ ငါ့စိတ်ထဲထင်နေတာလည်း အမှန်ပဲ” လို့ မြှောက်ထိုးပင့်ကော်လုပ်မှာ သေချာတယ်။ ဒီတော့လည်း ဒဿနသမားဆိုတာ ဖှလော်ဆော်ဖှာကိုးဆိုတဲ့ အတွေးနဲ့ပဲ ကျေနပ်လိုက်တော့တယ်။ ဟိုယောင်ယောင်ဒီယောင်ယောင်၊ တောင်တွေးမြောက်တွေး၊ လက်ကြောမတင်း၊ ဂေါက်ကြောင်၊ ဒီလို သမားရိုးကျ ရုပ်ပုံ (Connotation) တွေကိုတော့ ကိုယ်လည်း သိပြီးသားပဲပေါ့။

အတိုးဆုံး ကဗျာများ (၁၅)

“အတွဲအစပ်” အလုပ်သာ အဓိကဆိုလို့ နွားတွေကို ပြေးမြင်မိတယ် အတွေးမှ ပဓာနဆိုပြန်ရင်လည်း “ဇီးဂမွန်ဖှရွိုက်” က ပြန်နှိုးတော့မှာ မဟုတ်ဘူး ရုပ်ရယ်နာမ်ရယ် နှစ်ပါးပဲရှိတာကွဲ့ တဲ့အောင် နေမှပေါ့။ “ခြေရာများ” ကမ်းခြေမှာ သဲပုံစေတီလေးတွေ တည်ခဲ့မယ် ဒီကိုတစ်ဦးတစ်ယောက် ရောက်ခဲ့ကြောင်း နှောင်းလူအပေါင်း သိကောင်းသိနိုင်အောင်။ “အချိုး” အတွေးတွေကို ထုပ်ပိုးပြီး အလကား ပေးပြစ်လိုက်မယ် ငါ့စေတနာမှာ အတ္တတွေ ရောင်စုံဖြာလို့။ “တစ်ဖက်သတ်” ခင်ဗျားချည်းပဲ ပြောနေတယ် ကျွန်တော်ပြောတာလည်း နားထောင်ဦးလို့ ရေဒီယိုကလာတာ ကြားလိုက်ရသလို သူကပဲ ကျွန်တော့်ကို ခံစားချက်မရှိလို့ဆိုပဲ။ “ဂုံးတံတားအောက်က နိုင်ငံရေး” သူတောင်းစားတစ်ဦးဟာ အစာငတ်ခံဆန္ဒပြချင်ရင် ဘယ်လိုလုပ်ရပါ့ စားနိုင်သောက်နိုင်မှသာ ဆန္ဒလည်းပြနိုင်ပေလိမ့်မယ်။ ◄ တေဇာ ►

တစ်ထောင်မျက်စိ ညမှာရှိစေ

“The Night Has A Thousand Eyes”   The night has a thousand eyes, And the day but one; Yet the light of the bright world dies With the dying of the sun. The mind has a thousand eyes, And the heart but one; Yet the light of a whole life dies When love is done. by Francis William Bourdillon “တစ်ထောင်မျက်စိ ညမှာရှိစေ” တစ်ထောင်မျက်စိ ညမှာရှိစေ နေ့မှာတော့လေ တစ်ခုသာ ကမ္ဘာတောက်ပြောင် အလင်းရောင်သေ ၀င်ဆဲနေနှင့် အတူသာ။ တစ်ထောင်မျက်စိ စိတ်မှာရှိငြား နှလုံးသားမှာ တစ်ခုသာ ဘ၀တစ်ခုလုံး အလင်းရောင်သေသွား အချစ်နေနား ပြီးချိန်မှာ။ ဘာသာပြန်  ■ လန်ထောင်စပ်စုလေး ■

အတ္တဘ၀အမှန်ဝါဒဆိုင်ရာ အရေးအသားနှင့်ပတ်သက်၍

[ဒီဇင်ဘာ ၂၀၀၄၊ စတိုင်သစ်မဂ္ဂဇင်းပါ ဆရာမြင့်သန်း၏ ဆောင်းပါးအား ပြန်လည်တင်ပြခြင်း] (အမှာ။ မန္တလေးတောင်ခြေအနီးမှ နိုဗတလ်တွင် ကျောင်းနေဖက် မိတ်ဆွေ ပါမောက္ခတစ်ဦးက အတ္တဘ၀အမှန်ဝါဒနှင့် ဆက်ဆိုင်သော မြန်မာဘာသာဖြင့် ပုံနှိပ်ထားသော စာအုပ်တစ်အုပ် လက်ဆောင်ပေးပါသည်။ ဘာကြောင့်လဲဟု မေးသောအခါ `ကျွန်တော်တို့ နားလည်တာနဲ့ မတူလို့၊ ဖတ်ကြည့်စေချင်လို့ပါ´ ဟု ဆိုပါသည်။ သူပြောသောစကားထဲမှ `တို့´ ဟူသော အသုံးအနှုန်းမှာ မည်သူတို့ကိုရည်ညွှန်းမှန်း ကျွန်တော်မသိပါ။ ဘာကြောင့် ယခုမှ ဖတ်ကြည့်စေချင်မှန်းလည်း ကျွန်တော်မသိပါ။ ကျွန်တော်ဖတ်ကြည့်သောအခါ၊ ကျွန်တော်ကိုယ်တိုင်ဆွေးနွေးလိုသောအချက် များစွာ တွေ့ရပါသည်။ ဆွေးနွေးခြင်းအားဖြင့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိမည်ဟု ယူဆပါသည်။ မိတ်ဆွေဖြစ်သူ ပါမောက္ခမရှိတော့ဘူးဟု ကြားကာမှ၊ ဤအရေးအသားကို ပြန်လည်သတိရမိသည့်အတွက်မူ ၀မ်းနည်းရပါသည်။) [တစ်] စာအုပ်မှာ စိုးမင်းဦးရေးသော (တစ်နည်း၊ ပြုစုသော) `ဖြစ်တည်မှုပဓာနနှင့် သိစိတ်အစဉ်´ ဟူသော စာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်ကို စာပေလောက စာအုပ်တိုက်မှ ၁၉၉၄ ခုနှစ် ဧပြီလတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ရှုမ၀ မဂ္ဂဇင်းတွင်ရေးခဲ့သော အရေးအသားမှစ၍ ၁၉၉၂ ခုနှစ်

ယုံကြည်မှု အညှာလွယ်ခြင်း

ဖတ်မိသမျှ စာကြောင်းတိုင်းအား ကျွန်တော်တို့အနေဖြင့် ယုံကြည်ရန် မသင့်ဘူး မဟုတ်လား။ သို့တိုင် ပုံစံကျစိတ်ပညာ လေ့လာမှုတစ်ခုအရ အစပိုင်းတွင် ကျွန်တော်တို့သည် မယုံဘဲ မနေနိုင်ကြဟု ဆိုသည်။ စိတ်၏ ပကတိ အခြေအနေသည် မည်သို့နည်း။ ကျွန်တော်တို့သည် သဘာဝအားဖြင့် မေးခွန်းထုတ်ဝေဖန် တတ်ပါသလား၊ သို့မဟုတ် ယုံကြည်မှု အညှာလွယ်ကြပါသလား။ သက်ရှိမျိုးစိတ်တစ်ခုအနေဖြင့် ကျွန်တော်တို့သည် ဒဏ္ဍာရီဆန်ဆန် သတ္တ၀ါဆန်းများနှင့် ဂြိုဟ်သားများမှ လာရောက်ဖမ်းဆီးမှုကဲ့သို့ ကိစ္စများကို အစဉ် ယုံကြည်ချင်သည့် X-files ဇာတ်လမ်းတွဲမှ စုံထောက် “မူလ်ဒါ” (Mulder) လို လူမျိုးလား။ သို့မဟုတ် သူ၏အဖော် စုံထောက် “စကပ်လီ” (Scully) ကဲ့သို့ ဝေဖန်တတ်သည့် သိပ္ပံပညာရှင်နှင့် သူတို့ ကြုံတွေ့ခဲ့ရသည့် ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို ကြောင်းကျိုးကျကျ နားလည်တန်ဖိုးဖြတ်နိုင်ရန် ကြိုးစား၍ အခြားသော ဖြေရှင်းချက်များကို ကြံဆောင်တတ်သူလား။ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဘလော့ဂ် (Blog) များမှအထိ ပြောကြားသည်များကို မြင်မြင်ချင်း ယုံမိတတ်ပါသလား၊ သို့မဟုတ် သဘာဝအရကို မေးမြန်းစူးစမ်းတတ်သည့် အလေ့ရှိပါသလား။ ကြော်ငြာများတွင် ကြွေးကြော်နေသည်များကို လျစ်လျူရှုနိုင် ပါသလား။ နိုင်ငံရေးသမ