Skip to main content

Posts

Showing posts from September, 2012

The Fluke

ဘာဒီ[*] လောက်ဆို တော်ပါပြီ တစ်ချက်တည်း ကျင်းဝင်သွားရင် ကြက်ကန်းတိုးမှန်း သိပ်သိသာသွားမယ်။ ကိုယ် မင်းဆီ မဆိုစလောက်လေး စောပြီးပဲ လိမ့်ကျချင်ပါတယ်။ တေဇာ (လရောင်လမ်း) [*] Birdie: (in golf) getting the ball into the hole in one shot (= hit ) less than par (= the expected number ) for that hole

ဘယ်ခရီးမှ သိပ်မဝေးဘူး၊ ဘယ်စွန့်လွှတ်မှုမှ သိပ်မကြီးမားဘူး (မြင့်သန်း)

(ဒီဝတ္ထုရဲ့ ခေါင်းစဉ်ဖြစ်တဲ့ `ဘယ်ခရီးမှ သိပ်မဝေးဘူး၊ ဘယ်စွန့်လွှတ်မှုမှ သိပ်မကြီးမားဘူး´ ဆိုတာက တရုတ်ဒဿနိကဗေဒပညာရှင်ကြီး မင်းစီးယပ် (ဘီစီ ၃၇၂-၂၈၉) ရဲ့ အဆုံးအမတွေကို မှတ်တမ်းတင်ထားတဲ့ ကွန်ဖြူးရှပ်(စ)ရဲ့ အရေးအသားထဲမှာ ပါတဲ့ အချက်တစ်ခုကို လောင်ရှီးက ယူထားတာပဲ။ မင်းစီးယပ်က တရုတ်ဧကရာဇ် ဟွီနဲ့ လာတွေ့တဲ့အခါ တရုတ်ဧကရာဇ်မင်းမြတ်က `ခင်ဗျားအနေနဲ့ အခုလို မိုင်ပေါင်းသောင်းချီလာရတာဖြစ်ပေတဲ့ မဝေးလှပါဘူးလို့ ပြောပြီး၊ ခင်ဗျားပြောမယ့်အကြောင်းထဲမှာ နိုင်ငံတော်အတွက် အကျိုးရှိတာတွေပါမယ်လို့ ကျုပ်ကတော့ ယူဆတယ်´ လို့ မိန့်ကြားခဲ့တယ်။ အဲဒီအချက်ကိုယူလို့ လောင်ရှီးက သူ့ဇာတ်ကောင် ၀ါန်ကို မွေးထုတ်ပြလိုက်တာပဲ။ ၀ါန်ကတော့ မင်းစီးယပ်လိုမဟုတ်ဘူး၊ သူ့ကိစ္စကလွဲလို့ ဘာမှ သိပ်အရေးကြီးတယ်လို့ မထင်ဘူး။ ဖတ်တဲ့သူတွေ သတိထားမိကြပါလိမ့်မယ်။) ဂျပန်တွေလက်ထဲ ရှန်ဟိုင်း ဂူအန်[*] ကျသွားပြီဆိုတဲ့ သတင်းလည်းကြားကရော မိန်းမယူဖို့တော့ အချိန်တန်ပြီလို့ ၀ါန်က ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ဒါပေတဲ့ ဘယ်မှာသွားပြီး မင်္ဂလာပွဲကို လုပ်ရမှာတုန်း။ တီယန်ဂျင်မှာရော၊ ပေပင်းမှာရော မဖြစ်နိုင်ဘူး။ ဂျပန်တပ်တွေ အဲဒီကို ရောက်လာနိုင်သမို့ အတိတ်ကောင်း နိမိတ်ကောင်း ယူ

အထီးကျန် (၁)

တိုနီတခိတနိရဲ့ နာမည်အရင်းကလည်း တိုနီတခိတနိပဲ။ သူရဲ့ ခပ်ဆန်းဆန်းနာမည်၊ သူ့ရဲ့ ဆံပင်လိမ်ကောက်ကောက်နဲ့ သူ့ကိုယ်ဟန်အနေအထားတွေကြောင့် သူ့ကို ကပြား, ကလေးလေးလို့ ထင်မှတ်တတ်ကြတယ်။ အချိန်ကလည်း စစ်ပြီးစဆိုတော့ ပတ်ဝန်းကျင်မှာ အမေရိကန်သွေးနှောတဲ့ ကလေးတွေရှိနေတတ်တာလည်း ဆန်းမှမဆန်းပဲ။ ဒါပေမဲ့ တိုနီတခိတနိရဲ့ မိဘနှစ်ပါးစလုံးကတော့ တစ်ရာရာနှုန်း ဂျပန်လူမျိုးစစ်စစ်တွေပါ။ သူ့အဖေ ရှိုဇာဘုရိုတခိတနိက အတော်ကလေးကို အောင်မြင်ထင်ရှားတဲ့ ဂျက်ဇ်ခရာမှုတ်သမားတစ်ဦးပဲ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မီးကြီး စစချင်း သိပ်မကြာဘူး၊ မိန်းမနဲ့ပတ်သက်တဲ့ အရှုပ်အထွေးတစ်ခုကြောင့် တိုကျိုမြို့ကနေ ထွက်ပြေးရဖို့ ဖန်လာတယ်။ သူလည်း စဉ်းစားတယ်။ တိုကျိုမြို့မှာ နေလို့မဖြစ်တော့ဘူးဆိုရင်တော့ လွတ်ရာကျွတ်ရာကိုသာ ရောက်အောင်ပြေးတာ အကောင်းဆုံးပဲ။ ဒါနဲ့ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲကို ၀င်လာခဲ့တာ၊ သူ့ရဲ့ ခရာကြီးကလွဲလို့ သူ့လက်ထဲ ဘာတစ်ခုမှ ပါမလာခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ရှန်ဟိုင်းဆိုတာက နာဂါဆကီမြို့ကနေ သင်္ဘောတစ်ရက်လောက်ပဲစီးရတဲ့ ခရီးကိုး။ နောက်ဆံတင်းစရာ ပိုင်ဆိုင်မှုဆိုလို့လည်း တိုကျိုမှာရော ဂျပန်တစ်နိုင်ငံလုံးမှာပါ ရှိုဇာဘုရိုအနေနဲ့ ဘာတစ်ခုမှ ပိုင်ခဲ့တာမဟ

အထီးကျန် (၂)

အိမ်ထောင်သည်ဖြစ်လာတော့ တိုနီတစ်ယောက် သူ့ရဲ့ တစ်ကိုယ်တော်ဘ၀ကို ပြည်ဖုံးကားချလိုက်နိုင်တယ်။ မနက်မိုးလင်းပြီဆိုရင် သူပထမဆုံးလုပ်တဲ့အလုပ်က ဇနီးကို ရှာတာပဲ။ သူ့ဘေးနားမှာ အိပ်နေတာ မြင်နေရမှ စိတ်သက်သာရာရတယ်။ သူ့ဘေးမှာမရှိဘူးဆိုရင် စိုးရိမ်တကြီးနဲ့ သူ တစ်အိမ်လုံး ပတ်ရှာမယ်။ အရင်လို အထီးကျန်မဟုတ်တော့တာနဲ့ ပတ်သက်ပြီး သူ့ရင်ထဲ ခုနေတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ နောက်တစ်ဖန် အထီးကျန်ပြန်ဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်ပဲ။ အထီးကျန်ဘ၀က လွတ်မြောက်သွားခြင်းကြောင့်ပဲ အထီးကျန်ဘ၀ပြန်ဖြစ်မှာကို သူ ကြောက်မိတယ်။ တစ်ယောက်တည်းသာ ပြန်နေရရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက သူ့ကို ခြောက်လှန့်နေတယ်။ တစ်ခါတလေ အဲဒီစိုးရိမ်စိတ်ကြောင့် ချွေးစေးတွေပါ ပျံလာတတ်တယ်။ ဒါပေမဲ့လည်း ဘ၀သစ်မှာ နေသားကျလာတာနဲ့အမျှ သူ့ဇနီး ရုတ်တရက်ပျောက်ကွယ်သွားမလားဆိုတဲ့ ထမင်းလုံးတစ္ဆေလည်း တဖြည်းဖြည်း အားပျော့သွားတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ဖြည်းဖြည်းချင်း ပျက်ပြယ်သွားတယ်။ နောက်ဆုံးတော့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀သစ်ထဲမှာပဲ ဘောင်ခတ်ပြီး အခြေကျသွားတော့တယ်။

ဒီတော့ကျွန်တော်လည်း တွေးတယ်လေ

ပုဒ်မလို့ မရည်ရွယ်ခဲ့ပါဘူး အထက်အောက် အနေအထားမှာ ညီမျှခြင်းကို ဒေါင်လိုက်ချမိလို့ ရပ်တန့်ခဲ့ရတာ။ ဈေးလမ်းပေါ် ပြုတ်ကျရစ်ခဲ့တဲ့ ငါ့ ကြက်ဥကလေး ဘယ်သူလာပြန်ပေးပါ့မလဲပေါ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

မိုးသည်းထန်စွာရွာသွန်းပြီး နောက်တစ်နေ့

အစကတော့ တိမ်လိုလွင့်မျှောမယ် ရေးဆွဲခဲ့တဲ့ ကင်းဗတ်စပေါ် အခုတော့ ရေအိုင်ကြီးအကွက်လိုက် စွန်းနေတယ် အနမ်းတွေမှာ အနာဂတ်မရှိဘူး ကတိက ပြင်မရတော့အောင် ပျက်သွားတယ် ညကပြောမိတဲ့ စကားတွေမှားတယ် နောက်ဆို ချရေးမိတဲ့စာသားတွေကို ဂရုစိုက်ရတော့မယ် မှတ်ဉာဏ်အချို့ အရက်နာနဲ့ပါသွားလို့တော့ ၀မ်းသာတယ် သူ, မနိုးခင် မှန်မှာ ဗေဒါရောင်နှုတ်ခမ်းနီနဲ့ ရေးမိခဲ့တဲ့ကဗျာ တစ်ယောက်တည်း ထွက်မလာခင်မှာပဲ ပြန်ဖျက်လိုက်တယ် တံခါးပိတ်သံ သဲ့သဲ့ ကျေးဇူးတင်ပါတယ်၊ ဒီနှစ်ပစ်ခဲ့သမျှ မိုးကြိုးတွေ ငါနဲ့ တက်တက်စင်အောင် လွဲနေသေးတယ်။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

စေတနာအကျိုးမပေးနဲ့၊ သံသယအကျိုးပဲပေး

ရာဘာအစွပ်ကလေးကလွဲလို့ ဘာအကာအကွယ်မှ မပါဘဲ ဆက်ဆံ(ခံ)ခဲ့တာဆိုတော့ တကယ်လည်း အဲဒါလေးပဲလိုတာပါတဲ့၊ ဒီလိုနဲ့ အနည်းဆုံးဝါဒကို စဖွင့်တယ်။  [    ] ပြောရမယ်ဆိုရင်၊ ဘေးမျဉ်းတားရတဲ့ အရွယ်ကျော်လာကတည်းက ၀ါကျအစတွေ မညီတော့ဘူး။ အေဘီသွေး ဆုံပိုင်း ဘယ်သန် ဋသန်လျှင်းချိတ်စသည် ရှားပါးမှုကို ခရုသင်းစွဲ ဆင်တစ်ကောင်လို ဂုဏ်ယူကြွေးကြာ်မှုဟာ ဒီဘက်နှစ်တွေမှာ အံမ၀င်တော့ဘူး။ ပြောရမယ်ဆိုရင်၊ အငြင်းဝါကျတွေချည်း သုံးသုံးနေရရင် ဟုတ်တော့မဟုတ်သေးဘူး။ နိုင်တီးနိုင်တီးစ်တွေရဲ့ အယ်လ်ကိုဟောလက်ခံနှိုင်မှု ပမာဏက ကိုယ့်ကိုကျော်ဖြတ်သွားတာကို မုဒိတာပွားရုံပါပဲ။ လည်ပင်းရိုးရဲ့အဆစ်တွေကလည်း ပါဝါစတီယာရင်လို၊ ၃၆၀ ဒီဂရီ လှည့်ပတ်ခွင့်မပြုမှတော့ နောက်လှည့်ကြည့်လို့မရ။ တစ်ချက်လေး စောင်းငဲ့ကြည့်ရုံ၊ ဆက်လျှောက်ရုံ။ လူငယ်တွေကလည်း လူငယ်တွေပဲ၊ နတ်ကတော်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ တစ်ခါက ဖင်မှာဖျာကြီးတစ်ချပ် ကပ်ပါဖူးတဲ့အကြောင်း စမိတိုင်း ခုတလော စကားဖြတ်ခံ ထိထိနေတယ်။ ဆံသဆရာ ရိတ်သင်လုဆဲဆဲ လည်ဂုတ်က မှဲ့နက်တစ်လုံးရဲ့ မရွေ့လျားနိုင်မှုဟာ ဘယ်လောက်တုန်လှုပ် ကြေကွဲဖွယ်ကောင်းလဲ။ အော်လေ ကြိုက်သလောက်အော်ပါ၊ သန်း, သန်းခြောက်ထောင်ကျော်ကြားထဲမှာ Bysta

လရိပ်

ကလေးဘ၀က လဟာ ကိုယ့်နောက်ကိုပဲ လိုက်တာလို့ ထင်ခဲ့တယ် အမေ့ကို မေးကြည့်ဖူးတယ် လကြီးက ဟိုဘက်ကိုသွားတဲ့ လူတွေနောက်မလိုက်ဘူး သားတို့နောက်ပဲ လိုက်တာနော်လို့၊ အမေက ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။ အခုတော့ လဟာ ကိုယ့်နောက်ကို လိုက်တယ် ထင်ရရုံပဲလို့ တစ်ယောက်တည်း သိလိုက်ရတယ် ခေါင်းညိတ်ထောက်ခံတဲ့ အပြုံးတစ်ခု ရှာမတွေ့ခဲ့ဘူး နောက်မှာ လမင်းကြီးကျန်ခဲ့သူအဖို့ တစ်ခုခုမြင်ရဖို့ သိပ်ကိုမှောင်နေပြီ။ ပိတ်မိနေတဲ့ လရိပ်မှာ အခုငါ ဘာဖြစ်နေမှန်း မသိရသလို ငယ်ငယ်ကငါ သိပ်ပျော်ဖူးခဲ့မှာပဲ၊ လရောင်ကို အပိုင်စီးထားတဲ့ ယုံမှားမှု ခိုင်ခိုင်မာမာနဲ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

ရေခဲတောင် သီအိုရီ [*]

ရေနစ်နေတဲ့ တောင်တန်းတွေကို ကျွန်းစုလို့ ခပ်လွယ်လွယ် သမုတ်ပြီး တို့တွေ သာယာကြည့်ကြတာပေါ့။ ဒီမှာတော့ အနည်းဆုံးဝါဒီတွေက လွှမ်းမိုးသူ လူတန်းစားပဲလေ။ မသိစိတ်ကို ၀င်တိုက်မိခဲ့တဲ့ ဧရာမသင်္ဘောကြီး နစ်မြုပ်သွားဖူးတဲ့ ပင်လယ်။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂ [*] Iceberg Theory Image: http://fineartamerica.com

သစ်ရွက်တွေအကြောင်း

သိပ်ပြီး ၀မ်းနည်းစရာကောင်းပါတယ် “ချစ်မိပြီ” ဆုံးဖြတ်ခဲ့တာကို ပြန်ပြင်လိုက်ရတယ်။ တကယ်တော့ အပြင်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ ဂျင်းထည့်ခံလိုက်ရတဲ့ အော်ရီဂျင်နယ်၊ လိင်အစားထိုး ခွဲစိတ်မှုလိုပဲ ရုတ်တရက်လက်ခံရမှာ ခက်ခဲတယ်။ ဒါတောင် တချို့က မလွမ်းတတ်ဘူးလို့ စွပ်စွဲကြသေးတယ်။ ဟာသဓာတ်ခံရှိတဲ့လူ ရှေ့မှာမှ တိုက်ခတ်ခဲ့တဲ့ လေ လှုပ်ခတ်ပြခဲ့တဲ့ သစ်ရွက်တွေ ပြီးတော့ ဘယ်ဆီနေမှန်းမသိဘူး။ ငါတစ်ယောက်တည်းပဲ ရယ်မောကျန်ရစ်တယ်။ “လွမ်းမယ်” ဆုံးဖြတ်ခဲ့တာကို မပြင်ဖြစ်တော့ဘူး။ ငါရုတ်တရက် အလွယ်တကူ လက်ခံလိုက်ပါတယ်။ တေဇာ (လရောင်လမ်း) သြဂုတ်၊ ၂၀၁၂

ကွေ့ကောက်သော လမ်း

လမ်းတွေက ကွေ့ကောက်တော့ လှမ်းမျှော်ကြည့်လိုက်ရင် တစ်ခါတခါ ဦးတည်ရာပန်းတိုင်ဆီက ဘေးချော်နေပြီလို့  မြင်ရတယ်။ ဒီအတွက် ပန်းတိုင်ဆီကို ဦးတည်ပြီး ကောက်ကွေ့လိုက်ပြန်ရင်လည်း လမ်းပေါ်က ဘေးချော်သွားတော့မှာ။ တခြားစီဖြစ်နေတဲ့ ရွာငယ်လေးတွေ အများကြီးဘေးနားက ဖြတ်စီးပေးချင်လို့ ကောက်ကွေ့ရတာပါတဲ့၊ မြစ်ကတော့ ဆင်ခြေပေးပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်တော့မှ လမ်းချော်စရာ မရှိဘူးကိုး။ ကျွန်တော်ကတော့ ၀န်ခံချင်တယ်၊ ကိုယ်ဟာ မင်းဆီရောက်ဖို့ ရည်ရွယ်ကာ ကွေ့ကောက်ခဲ့ရပါတယ်။ တေဇာ (လရောင်လမ်း) သြဂုတ်၊ ၂၀၁၂ Image: http://darknee.deviantart.com