Skip to main content

သတိရခြင်းများမှတ်စု

မွေးဖွားစ အဲဒီတုန်းက
တွေးထင်ကိုင်တွယ်ခဲ့သလိုပင်
ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ်
ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ်။

တစ်ခါစစ်ရှုံး၍
နှစ်သုံးဆယ်သည်းခံတတ်ခဲ့ခြင်းအတတ်
မွှေးကြူလိုသော ပန်းခင်းမှာ
တဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ
ရောင်ကိုင်းစဉ်
မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက်
ငါ့လက်မှာ တုန်ရီလျက်။

စုဆောင်းမိတဲ့ ၀ါးကျည်တောက်နဲ့အပြည့်
ခေတ်၏ ကာလ၏...တဲ့။
သူရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ်။

လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ
မဲမဲတစ်အုပ်ပြီးတစ်အုပ်
ရွရွလှုပ်လို့ ပူဖောင်းတွေ။
နေ့အတူညအတူ
အဖြူသုံးဖို့ဝန်လေး

အရေးကြီးတဲ့အချိန်များကို ဇွန်းနဲ့ခပ်
ခင်ဗျား သိပ်ပြတ်သားပါတယ်။

ရမက်အလိုကြီးလွန်းလို့ပေါ့
ဒီလူမသေတော့တာ။

အားလုံးအပေါ်မကောင်းနိုင်သေးပါ
အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန်...
ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ။

ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ
ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ
မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့။

`ဘယ့်နှယ်လဲ´
သူရဲကောင်းက မေးခွန်းထမ်းလို့။

`တစ်လမ်းသာရှိပါတယ်´
လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့။

တစ်ခါ...
အစွန်းတွက်စကားသံ

ကားသံနဲ့ ပေါက်တူးသံ
အဘိဓမ္မာများ ခြေဒရွတ်ဆွဲ
ဟောပြောပွဲနေ့များ နီးကပ်လာပြန်ပါပြီ။

မြင်နေကျ ဆင်ခြင်တုံတရားဟာ
ခါးလိုက်...ချိုလိုက်။

လူငယ်ဟာ လူငယ်နဲ့မတူတဲ့ အရသာဟာ
အ၀ိုင်းစက်စက်
လေးထောင့်ကွက်ကွက်။

မိန်းမရယ်
အပြစ်မရှိသော အိပ်ပျော်ခြင်းတစ်ခု
ငါ့အတွက် ပြုစုပေးဖို့ပဲပြောတာပါ။

နာကျင်မှုများ သိပ်သည်းမှ
အကြောပြေလာသောသွေးများ
သေသပ်စွာ နှုတ်ခမ်းသုတ်တာ ကြုံဖူးတယ်။

ဟောဟို လူအရောက်နည်းတဲ့ တောင်ကုန်းနံဘေးမှာ
ရာဇ၀င်ဆိုတာကို ပူဇော်ပါတယ်။

အိပ်မက်ကိုနွားနို့နဲ့
တပ်ဆင်ပြီးစ စက်တင်ဘာညနေမှာ
ဖျင်ကုလားထိုင်နဲ့ အရုပ်ကြိုးပြတ်ထိုင်နေသူဟာ
ငါပေါ့။

အောင်ချိမ့် (ကဗျာ ၁၂ ပုဒ်မှ)

Comments