Skip to main content

“ဗေဒင်ဆရာ၏ နေ့”

အချိန်မှန်နေ့လည်ခင်းလောက်တွင် သူ့အိတ်ကို ဖွင့်လိုက်ပြီး အိတ်ထဲမှ သူ၏ အသက်မွေးမှု ပစ္စည်းပစ္စယများကို ဖြန့်ခင်းလိုက်သည်။ ကျွဲခွာ တစ်ဒါဇင်ခန့်၊ ခပ်ဝါးဝါးအင်းကွက် အပေါ်တွင်ပါရှိသော စတုရန်းပုံအ၀တ်စတစ်စ၊ မှတ်စုစာအုပ်တစ်အုပ်နှင့် ရှေးဟောင်း ပရပိုဒ်စာများ ပါဝင်သည်။ သူ၏ နဖူးပြင်က အနီစက်တစ်စက်နှင့် မှော်ဝင် ပြာမှုန့်တို့ဖြင့် လေးစားခန့်ညားဖွယ်ရာပင်။ သူ့မျက်လုံးက ပုံမှန်မဟုတ်သည့် စူးရှသော ရောင်စဉ်တစ်မျိုး တောက်ပနေပြီး ဤသည်မှာ ဗေဒင်လာမေးမည့်ဖောက်သည်ကို မရပ်မနား ရှာဖွေနေခြင်းမှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။ သို့သော် သူ၏ ဗေဒင်ကြည့်ပရိသတ်ကတော့ ဒါကိုပင် ပရောဟိတ်တို့၏ လက္ခဏာအဖြစ်မှတ်ယူ၍ ကျေနပ်နှစ်သိမ့်တတ်ကြသည်။

သူ့မျက်လုံး၏ စွမ်းအားမှာ နေသားတကျဖြစ်မှုကြောင့်ပင် အတော်လေး အားကောင်းလာခြင်းဖြစ်မည်။ ဆေးချယ်ထားသော နဖူးပြင်နှင့် ပါးအထိရောက်အောင် ကားနေသော နက်မှောင်မှောင် နှုတ်ခမ်းမွေးကြမ်းများ၏ အလယ်တွင် တည်ရှိနေခြင်းကြောင့် ဤသို့အခြေအနေမျိုးတွင် သာမန် လူတစ်ယောက်၏မျက်လုံးသည်လည်း အရောင်ထွက်မည်သာ ဖြစ်သည်။ ဦးခေါင်းကို ကာကွယ်ဖို့ လိမ္မော်ရောင်တောက်တောက် ခေါင်းပေါင်းကို ပတ်ထားသည်။ ဤအရောင်တွဲစပ်မှုက အပြည့်အ၀အလုပ်ဖြစ်သည်။ ဒေလီယာပန်းက ပျားများကို ဆွဲဆောင် သကဲ့သို့ သူ၏ခေါင်းပေါင်းကြီးကလည်း လူများကို ဆွဲဆောင်နိုင်ပေသည်။

မြို့နယ်ခန်းမသို့သွားရာ လမ်းဘေးတလျှောက်တွင်ပေါက်နေသော အကိုင်းအခက်ဝေဆာလှသည့် မန်ကျီးပင်ကြီးတစ်ပင်၏အရိပ်တွင် သူက ထိုင်နေသည်။ မိုးလင်းမှ ညမိုးချုပ်တိုင်အောင် ဤလမ်းကျဉ်းလေးတလျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသော လူများရှိနေပေရာ နည်းမျိုးစုံဖြင့် အချက်အချာကျလှသော နေရာပင်ဖြစ်သည်။ အမျိုးမျိုး အထွေထွေသော ရောင်းဝယ်သူ၊ အလုပ်လုပ်ကိုင်သူများက လမ်းကို ကိုယ်စားပြုထားသည်။ ဆေးရောင်းသူများ၊ ပစ္စည်းဟောင်းနှင့် ခိုးရာပါပစ္စည်းရောင်းသူများ၊ မျက်လှည့်ဆရာများနှင့် ထိုအထဲကမှ ဘေထုပ်အ၀တ်အထည်များ လေလံတင်ရောင်ချသူများက အကဲဆုံးဖြစ်သည်။ တစ်မြို့လုံးကို ဆွဲဆောင်နိုင်လောက်အောင်ပင် သူတို့၏ အသံများက ပွက်လောရိုက်နေတတ်သည်။

သူ၏ မျက်နှာချင်းဆိုင်တွင်တော့ အာပေါင်အာရင်းသန်သော မြေပဲကြော်သည်ရှိသည်။ သူက သူ၏မြေပဲကြော်ကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် နာမည်အဆန်းများ ပေးလေ့ ရှိသည်။ ဘုံဘေရေခဲမုန့်ဟု ဒီနေ့ ခေါ်ချင်ခေါ်မည်။ နောက်နေ့ကျတော့ ဒေလီပဲ ဖြစ်ချင်ြ
ဖစ်သွားမည်။ နောက်တစ်နေ့တွင် ရာဂျာနတ်သုဒ္ဓါ… စသည်ဖြင့်အော်ရောင်းပြီး လူတွေကို သူ့နားဝိုင်းအုံနေစေလိမ့်မည်။ သူ့ဆီသို့လာသော လူအုပ်ထဲမှ လူအတော်များများက ဗေဒင်ဆရာဆီသလို့လည်း လာရောက်ပြီး အချိန်ဖြုန်းတတ်လေသည်။ အနီးနားရှိ မြေပဲကြော်ဗန်း အထက်ဆီတွင် တဖျစ်ဖျစ်မြည်သံနှင့်အတူ မီးခိုးများအူပြီး ထွက်နေသောအလင်းရောင်နှင့် ဗေဒင်ဆရာသည် စီးပွားချင်းဆက်နွယ်နေပေသည်။ ဤနေရာသည် စည်ကားပြီး စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်နေရသည့် အကြောင့်ရင်းမှာ မြူနီစပယ် မီးအလင်းရောင်ကြောင့်မဟုတ်ပါ။ ဆိုင်များတွင် ကိုယ်စီထွန်းထားသော အလင်းရောင်များကြောင့်သာ ဖြစ်ပါသည်။ တစ်ယောက်နှစ်ယောက်က တဖျစ်ဖျစ်မြည်နေသော ဂတ်စ်မီးအလင်း၊ တချို့က ဆိုင်၏ထောက်တိုင်များတွင် အသေချိတ်ထားသော မီး၊ တချို့ကတော့ ဗေဒင်ဆရာကဲ့သို့ ဆိုင်ကယ်မီးသီး အဟောင်းများဖြစ်သည်။ စိတ်ရှုပ်စရာကောင်းသော မီးရောင်များနှင့် အရိပ်များဖြစ်ပေသည်။

ဤကဲ့သို့ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေခြင်းသည
်လည်း ဗေဒင်ဆရာအတွက် သင့်တော်ပါသည်။ သူ့ဘ၀အစပြုချိန်တွင် ဗေဒင်ဆရာဖြစ်ဖို့ နည်းနည်းလေးမျှ စိတ်ကူးမရှိခဲ့။ ထို့အပြင် သူရှေ့တစ်မိနစ်တွင် ဘာဖြစ်မလဲ ဆိုတာထက်ပင် အခြားသူများ၏အနာဂတ်ကို ပိုသိသူလည်းမဟုတ်ပေ။ အပြစ်မရှိသည့် ဗေဒင်လာမေးသူအဖို့ သူသည် တစိမ်းတရံစာတစ်ယောက်သာဖြစ်သည်။ သို့တိုင်အောင် သူက အံအားသင့်စရာကောင်းအောင်၊ စိတ်ကျေနပ်ဖွယ်ဖြစ်အောင် ဟောပြောနိုင်သူဖြစ်သည်။ ဤသည်မှာ လေ့လာသင်ယူမှု၊ အလေ့အကျင့်နှင့် သူ၏ မီးစင်ကြည့်ကနိုင်သော အရည်အချင်းတို့ကြောင့်သာ ဖြစ်ပေသည်။ တခြားသူများကဲ့သို့ သူသည်လည်း သမာအာဇီဝလုပ်ကိုင်စားသောက်သည်ဟုသာ ဆိုရပေမည်။ နေ့တစ်နေ့၏ အဆုံးတွင် ရရှိသော ချွေးနဲစာလေးကို သူ အိမ်သို့ယူဆောင်သွားနိုင်ပါသည်။

ရွာကစထွက်လာစဉ်က သူ့တွင် ကြိုတင်စိတ်ကူးစီမံထားသော အကြံအစည်များ ဘာတစ်ခုမျှ မရှိခဲ့။ အကယ်၍ ရွာတွင်သာ ဆက်နေခဲ့လျှင် သူ၏ဘိုးဘေးဘီဘင်တို့၏ မိရိုးဖလာအလုပ်အကိုင်များကို သူဆက်ခံရပေလိမ့်မည်။ ယာမြေထွန်ယက်ခြင်း၊ တောသူတောင်သားဘ၀ နေထိုင်၊ အိမ်ထောင်ပြု.. ကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်းနှင့် ဘိုးဘွားပိုင်အိမ်တွင် နေထိုင်ရပေလိမ့်မည်။ သို့သော် ဤသို့ဖြစ်ရန် အကြောင်းမဖန်ခဲ့ပါ။ မည်သူ့ကိုမျှအသိ မပေးဘဲ သူ၏အိမ်ကို စွန့်ခွာလာခဲ့ရပေသည်။ မိုင်ပေါင်းနှစ်ရာမျှ ဝေးကွာသည်အထိ သူမရပ်မနားခရီးနှင်ခဲ့ ရသည်။ ဤသည်မှာ သူ့လို တောသားတစ်ယောက်အတွက် သမုဒ္ဒရာကြီးခြားသွားသကဲ့သို့ မဟာစွန့်စားခန်းကြီး တစ်ခုဖြစ်ပါသည်။

....................................
......................................................................
လက်ဖ၀ါးကို စူးစိုက်ကြည့်၍ သူ့ရှေ့မှလူအား ဟောကြားချိန်တွင် “ နည်းမျိုးစုံနဲ့ ခင်ဗျားလုပ်သလောက်အပြည့်အ၀ ခင်ဗျားပြန်မရဘူးဖြစ်နေတယ်” ဟု ဟောလေ့ရှိသည်။ လူဆယ်ယောက်တွင် ကိုးယောက်က ဤဟောကြားချက်အတွက် သဘောတူကြသည်သာ ဖြစ်၏။
......................................................................
....................................

အိမ်ထောင်ရေး၊ ငွေကြေးနှင့် ရှုပ်ထွေးပွေလီလှသော လောကီထုပ္ပတ်လူတို့ဇာတ်၏ သပွတ်အူဒုက္ခများကို လေ့လာသုံးသပ်ခြင်းအလုပ်၌ သူအချိန်ကုန်ခဲ့သည်။ ကြာရှည်ကြာညောင်း အလေ့အကျင့်ကြောင့် သူ၏အာရုံမှာ စူးရှထက်မြက်လာခဲ့ပါသည်။ ငါးမိနစ်လောက်အတွင်း ဘာမှားနေသလဲဆိုသည်ကို သူက နားလည်ပြီးသား ဖြစ်လေသည်။ မေးခွန်းတစ်ခုအတွက် ငွေသုံးကျပ်မျှ ယူသည်။ ဗေဒင်မေးမြန်းသူက အနည်းဆုံး ဆယ်မိနစ်ခန့်မျှ စကားပြောမပြီးမချင်း သူ့ပါးစပ်ကို နည်းနည်းလေးမျှ မဟ။ ဤသည်က သူ့ကို အကြံဉာဏ်နှင့်အဖြေများ တစ်ဒါဇင်လောက် ဟောကြားနိုင်ဖို့ လုံလောက်စေသည်။ လက်ဖ၀ါးကို စူးစိုက်ကြည့်၍ သူ့ရှေ့မှလူအား ဟောကြားချိန်တွင် “ နည်းမျိုးစုံနဲ့ ခင်ဗျားလုပ်သလောက်အပြည့်အ၀ ခင်ဗျားပြန်မရဘူးဖြစ်နေတယ်” ဟု ဟောလေ့ရှိသည်။ လူဆယ်ယောက်တွင် ကိုးယောက်က ဤဟောကြားချက်အတွက် သဘောတူကြသည်သာ ဖြစ်၏။ သို့မဟုတ် သူ၏ ဤသို့မေးခွန်းထုတ်မည်။ “ခင်ဗျားမိသားစုထဲမှာ အမျိုးသမီးတစ်ယောက်ယောက်ရှိလား၊ ခင်ဗျားနဲ့မတည့်တဲ့ နယ်ဝေးက ဆွေးမျိုးတွေထဲမှာပဲ ဖြစ်ဖြစ်လေ…” ဤသို့မဟုတ်လျှင် သူက အမူအရာကိုကြည့်ပြီး သုံးသပ်ချက်ပေးလိမ့်မည်။ “ခင်ဗျားရဲ့ပြဿနာ အများစုဟာ ခင်ဗျားရဲ့ အကျင့်ကြောင့်ပဲ၊ ခင်ဗျားက စနေဂြိုဟ်ကိုး..။ ခင်ဗျားက တဇွတ်ထိုးတဇောက်ကန်းလုပ်တတ်ပြီး အပြင်ပန်းကြည့်ရင် ဆိုးမယ့်ပုံစံ ထင်နေရတယ်” ဤသည်တို့က ဗေဒင်မေးသူများကို သဘောမနောခွေ့စေပြီး သူ့ကို ချက်ချင်းဆိုသလို သဘောကျသွားစေလိမ့်မည်။ စိတ်ပျော့သူများအတွက်တောင် ဤပုဂ္ဂိုလ်မှာ အပြင်ပန်းအားဖြင့်သာ ကြောက်မတ်ဖွယ်ရာကောင်းနေခြင်းဖြစ်ကြောင်း မှတ်ယူချင်သွားပါလိမ့်မည်။

မြေပဲကြော်သည်က သူ့မီးကို ငြိမ်းသတ်လိုက်ပြီး အိမ်ပြန်ရန် ထရပ်လိုက်လေသည်။ ဤသည်မှာ ဗေဒင်ဆရာအတွက်လည်း သိမ်းဆည်းထုပ်ပိုးရန် အချက်ပြလိုက်ခြင်းဖြစ်ပေသည်။ မြေပဲကြော်သည် ပြန်သွားလျှင် တစ်နေရာမှ သူ့ရှေ့ရှိမြေကြီးပေါ်သို့ ပါးပါးလေးဖြာကျနေသော မီးစိမ်းစိမ်းလေးမှတစ်ပါး အမှောင်ထုထဲတွင်သာ သူကျန်ရစ်ခဲ့တော့မည်ဖြစ်သောကြောင့်ပင်။ မီးမှိန်မှိန်လေးရှိရာနေရာတွင် ကျွဲခွာများနှင့် တခြားပစ္စည်းပစ္စယများကို စုစည်းပြီး အိတ်အတွင်းသို့ စုထည့်လိုက်သည်။ ထို့နောက် အပေါ်သို့မော့ကြည့်လိုက် ချိန်တွင် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဗေဒင်မေးမည့်သူဖြစ်ကောင်း ဖြစ်လိမ့်မည်ဟု အနံ့ရလိုက်သဖြင့် သူက “မိတ်ဆွေကြီးကြည့်ရတာ စိတ်လက်မကြည်မသာနဲ့ပါလား။ ကျွန်တော်နဲ့ ခဏတဖြုတ်ထိုင်ပြီး စကားစမြည်ပြောလိုက်ရင် ခင်ဗျားအတွက် ကောင်းလိမ့်မယ်ထင်တယ်” ဟု သူက လမ်းကြောင်းလိုက်သည်။ ထိုသူ့ထံမှ ပစိပစပ်ပြန်လည်ရေရွတ်သံ ခပ်တိုးတိုးထွက်ပေါ်လာသည်။ “ခင်ဗျားက ကိုယ့်ကိုယ်ကို ဗေဒင်ဆရာလို့ ခေါ်တယ်ပေါ့” ဟုပြောပြီး ထိုသူက သူ့လက်ဖ၀ါးကို ဗေဒင်ဆရာ၏ မျက်နှာရှေ့ ထိုးဖြန့်လိုက်သည်။ စိန်ခေါ်ခံလိုက်ရသလို သူခံစားလိုက်ရသည်။ ထို့နောက် ထိုသူ၏လက်ဖ၀ါးကို မီးစိမ်းစိမ်းအလင်းရှိရာဘက်သို့ နှိမ့်ချလိုက်ပြီး သူကပြောလိုက်သည်။ “ ခင်ဗျားရဲ့ မူလသဘာဝက….”
“တော်တော့ … ဆက်မပြောနဲ့” ဟု ထိုသူက ပြောလိုက်သည်။ “တန်ဖိုးရှိမယ့်ဟာတစ်ခုခု ကျုပ်ကိုပြောဗျာ…”

ဗေဒင်ဆရာ အောင့်သက်သက် ခံစားလိုက်ရသည်။ “မေးခွန်းတစ်ခုအတွက် သုံးကျပ်ကျပါတယ်။ ပြီးတော့ ခင်ဗျားရတဲ့အဖြေကလည်း ခင်ဗျားပေးရတဲ့ပိုက်ဆံနဲ့ ထိုက်တန်ပါလိမ့်မယ်….” ဤတွင် ထိုသူက အန်နာဒင်္ဂါးပြား (Anna*) တစ်ပြားကိုထုတ်ယူလိုက်ပြီး ဗေဒင်ဆရာဆီသို့ ပစ်ပေးလိုက်သည်။
“ကျုပ်မှာ မေးခွန်းနည်းနည်း မေးစရာရှိတယ်။ တကယ်လို့ ခင်ဗျားကျုပ်ကို ကလိမ်ကကျစ်ကျနေတယ်လို့ ကျုပ်သက်သေပြနိုင်ရင် အဲဒီဒင်္ဂါးကို ခင်ဗျား ကျုပ်ကိုပြန်ပေးရလိမ့်မယ်”
“ဒါဆို ကျွန်တော့်အဖြေကို ခင်ဗျားစိတ်ကျေနပ်ခဲ့ရင်၊ ကျွန်တော့်ကို ငါးရူပီပေးမလား”
“မပေးဘူး”
“ဒါဆို ဒင်္ဂါးရှစ်ပြားပေးမလား”
“ကောင်းပြီ။ ခင်ဗျားမှားခဲ့ရင် ကျုပ်ကို နှစ်ဆပြန်ပေး” ဟု လူစိမ်းက ပြန်ပြောလိုက်သည်။ ထိုပဋိဉာဉ်မှာ ခဏမျှငြင်းခုန်ကြပြီးနောက် အတည်ဖြစ်သွားလေသည်။ ထိုသူက ဆေးပြင်းလိပ်ကို မီးညှိနေစဉ်တွင် ဗေဒင်ဆရာက ကောင်းကင်ဘုံသို့ ၀တ်ရွတ်ဆုတောင်းနေသည်။ မီးခြစ်ဆံအလင်းရောင်ကြောင့် ထိုသူ၏မျက်နှာကို ဗေဒင်ဆရာက ဖျပ်ခနဲမြင်လိုက်ရသည်။ လမ်းမပေါ်မှ ဟွန်းတီးသံအဆက်မပြတ်ထွက်ပေါ်လာသဖြင့် ခဏမျှ ရပ်တန့်သွားသည်။ မြင်းလှည်းသမားက သူ့မြင်းများကို ငေါက်ငမ်းလိုက်ပြီး လူအုပ်ဆီမှ မကျေမနပ် တီးတိုးတီးတိုးအသံများ ထွက်ပေါ်လာသည်။ ထိုသူက ထိုင်ချလိုက်ပြီး ဆေးပြင်းလိပ်ကိုစုပ်ယူ၍ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သည်။ ထိုနေရာတွင်ပင် သူက မိုက်တိမိုက်ကန်း ထိုင်နေသည်။ ဗေဒင်ဆရာက အလွန် စိတ်လေးလံလာသလို ခံစားနေရသည်။
“ရော့ ဒီမှာ… ခင်ဗျားဒင်္ဂါးပြား ပြန်ယူပါတော့။ ဒီလိုမျိုး စိန်ခေါ်ပြီးမေးတာ ကျွန်တော် မကြုံခဲ့ဖူးဘူး။ ဒီနေ့အဖို့ ကျွန်တော်လည်း နောက်ကျနေပြီ..”
သူက ထုပ်ပိုးသိမ်းဆည်းဖို့ ပြင်ဆင်လိုက်သည်။ ထိုသူက သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
“ခင်ဗျား ဒီလိုထွက်သွားလို့ ဘယ်ရမလဲ။ ကျုပ်ဖြတ်သွားတုန်းကတော့ ခင်ဗျားပဲ ကျုပ်ကိုဆွဲခေါ်ခဲ့တယ်လေ”
ထိုသူ၏လက်ထဲတွင် ဗေဒင်ဆရာ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး သူ၏အသံကလည်း တုန်ယင်ဖျော့တော့လာပြီ ဖြစ်သည်။
“ဒီနေ့တော့ ကျွန်တော့်ကို သွားခွင့်ပြုပါ။ မနက်ဖြန်ကျရင် ကျွန်တော် ဟောပါ့မယ်”
ထိုသူက သူ၏လက်ဖ၀ါးကို ဗေဒင်ဆရာ၏မျက်နှာရှေ့ ထိုးဖြန့်လိုက်သည်။
“လောင်းထားတာက လောင်းထားတာပဲ၊ ဆက်ဟော”
ဗေဒင်ဆရာက ခြောက်သွေ့နေသော သူ၏ လည်ချောင်းကို ရှင်းလိုက်သည်။
“မိန်းမတစ်ယောက်နဲ့ပတ်သက်လို့…… ”
“ရပ်တော့…” ဟု ထိုသူကပြောလိုက်သည်။
“ဒါတွေအားလုံး ကျုပ်မသိချင်ဘူး။ အခု ကျုပ်ရှာနေတဲ့အလုပ်ဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလား.. ဒါပဲသိချင်တယ်။ ဒီလိုမှမဟုတ်ရင် ခင်ဗျားမှာရှိတဲ့ အကြွေစေ့တွေမကုန်မချင်း ခင်ဗျား ပြန်လို့မရဘူးသာ မှတ်ပေတော့”
ဗေဒင်ဆရာက ဂါထာအနည်းငယ်ကို တတွတ်တွတ်ရွတ်လိုက်သည်။
“ကောင်းပြီ။ ကျွန်တော်ဟောပါ့မယ်။ ဒါပေမဲ့ ကျွန်တော်ဟောတာကို ခင်ဗျားယုံတယ်ဆိုရင် တစ်ရူပီပေးနိုင်မလား။ ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားလုပ်ချင်တာသာလုပ်တော့ ကျွန်တော့်ပါးစပ်ကို နည်းနည်းမှမဟတော့ဘူး”
အကြိတ်အနယ်ဈေးဆစ်ပြီးနောက် ထိုသူက သဘောတူလိုက်သည်။ ဗေဒင်ဆရာက စဟောလိုက်သည်။
“ခင်ဗျားဟာ သေပြီဆိုပြီး စွန့်ပစ်ထားခံရတဲ့ လူတစ်ယောက်။ ဟုတ်လား…”
“ဟ… ဆက်ပြောပါဦး”
“တစ်ခါက ဓားနဲ့ ထုတ်ချင်းခတ်အောင် အထိုးခံခဲ့ရဖူးတယ်”
ဗေဒင်ဆရာက ဟောလိုက်သည်။
“ကောင်းတယ်… ကိုယ့်လူ” သူက ရင်ဘတ်ကိုဖြဲ၍ အမာရွတ်ကိုပြလိုက်သည်။
“နောက်တော့ရော..”
“နောက်တော့ ခင်ဗျားဟာ လယ်ကွင်းဘေးက ရေတွင်းတစ်ခုထဲကို တွန်းချတာ ခံရဖူးတယ်။ ခင်ဗျားကို သေပြီအထင်နဲ့ ပစ်ထားခဲ့တာ…”
“ဖြတ်သွားဖြတ်လာတစ်ယောက်ကများ ရေတွင်းထဲ ငုံ့မကြည့်ခဲ့ဘူးဆိုရင် ကျုပ်သေပြီးသားပဲပေါ့”
စိတ်အားထက်သန်မှုလွှမ်းခြုံ၍ ထိုသူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဘယ်အချိန် သူ့ကို ကျုပ်ရှာတွေ့မလဲ” လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုသူက မေးလိုက်သည်။

“နောက်ဘ၀မှာ” ဗေဒင်ဆရာက ပြန်ဖြေလိုက်သည်။ “လွန်ခဲ့တဲ့လေးလလောက်တုန်းက နယ်စွန်နယ်ဖျား တစ်နေရာမှာ သူ သေသွားပြီ။ ခင်ဗျားသူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး”
ဤသည်ကို ကြားသောအခါ ထိုသူက နာကျည်းစွာ အံကြိတ်လိုက်သည်။ ဗေဒင်ဆရာက ဆက်ပြောသည်။
“ဂုရု နာယက်”
“ခင်ဗျား ကျွန်တော့်နာမည်ကို သိတယ်” နောက်သို့ဆုတ်သွားပြီး ထိုသူက ပြောလိုက်သည်။
“တခြားအရာတွေအားလုံးကို သိသလိုပဲပေါ့… ဂုရုနာယက်။ ကျုပ်ပြောတာတွေကို သေသေချာချာ နားထောင်ပါ။ ခင်ဗျားရဲ့ရွာဟာ ဒီမြို့ရဲ့မြောက်ဘက်ကို နှစ်ရက်ခရီးသွားရတယ်။ နောက်ထွက်မယ့်ရထားကို စီးပြီး ပြန်ပါတော့။ ခင်ဗျားအိမ်ကနေ တခြားနေရာမှာ ရောက်နေမယ်ဆို နောက်တစ်ကြိမ် အန္တရာယ်အကြီးအကျယ်ကျရောက်ဖို့ ကျုပ်မြင်နေရတယ်”
ဗေဒင်ဆရာက မှော်ဝင်ပြာ အနည်းငယ်ကို လက်ညှိုးနဲ့လက်မညှပ်၍ ယူလိုက်ပြီး ထိုသူ့ကို ပေးလိုက်သည်။
“ဒီပြာကို ခင်ဗျားရဲ့နဖူးမှာ ပွတ်လိုက်ပါ။ ပြီးရင် အိမ်ပြန်ပါ။ တောင်အရပ်ကို ဘယ်တော့မှ ခရီးမထွက်ပါတော့နဲ့။ ဒါဆိုရင် ခင်ဗျား အသက်တစ်ရာလောက်အထိ ရှည်ပါလိမ့်မယ်”
“အိမ်ကနေ မခွာတော့ပါဘူးဗျာ” ထိုသူက အလိုက်သင့်ပင် ပြန်ပြောလိုက်သည်။
“ကျွန်တော် မကြာခဏ ခရီးဝေးထွက်ခဲ့တယ်။ အဲဒီလူကိုရှာပြီး တွေ့ရင် သူ့အသက်ကို အလျော်ပြန်ယူမလို့ ဆိုပါတော့”
ထိုသူက နောင်တရစွာ သူ၏ခေါင်းကို ယမ်းလိုက်သည်။
“သူ ကျွန်တော့်လက်က လွတ်သွားတယ်ဗျာ။ သူ့ထိုက်နဲ့သူ့ကံ ပြန်လည်ခံစားသွားရတယ်လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်”
“အမှန်ပဲ” ဗေဒင်ဆရာက ပြောလိုက်သည်။
“လော်လီ အကြိတ်ခံသွားရတာ”
ဤစကားကိုကြားသောအခါ ထိုသူ၏မျက်နှာဝယ် ကျေနပ်နှစ်သိမ့်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဗေဒင်ဆရာက သူ၏ပစ္စည်းပစ္စယများကို အိတ်ထဲထည့်သွင်း သိမ်းဆည်းနေချိန်တွင် ထိုနေရာတွင် လူသူခြောက်ကပ်နေပြီဖြစ်၏။ မီးစိမ်းမှိန်ပြပြလေးပင် ပိတ်သွားပေပြီ။ တိတ်ဆိတ်မှုနှင့် အမှောင်သာ ထိုနေရာတွင် ကျန်ရှိပေတော့သည်။ လူစိမ်းက ဗေဒင်ဆရာကို အကြွေစေ့လက်တစ်ဆုပ်စာပေးအပ်၍ ညအမှောင်ထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့ပြီ။


ဗေဒင်ဆရာ အိမ်ပြန်ရောက်ချိန်တွင် သန်းခေါင်ယံတိုင်နေပြီဖြစ်သည်။ သူ၏ဇနီးက တံခါးဝတွင်စောင့်နေပြီး အကျိုးအကြောင်းမေးမြန်းသည်။ သူက အကြွေစေ့များကို ဇနီးသည်ထံသို့ ထိုးပေးလိုက်သည်။
“ရေကြည့်စမ်းပါဦး။ လူတစ်ယောက် ငါ့ကို ဒါတွေအားလုံး ပေးသွားတာ”
“ဆယ့်နှစ်နဲ့ ငါးမူး..” သူမက ရေတွက်ရင်းပြောလိုက်သည်။ သူမ အလွန်ပျော်ရွှင်နေသည်။
“မနက်ဖြန်ကျရင် သကြားလုံးနဲ့ အုန်းသီး ၀ယ်လို့ရပြီပေါ့။ ကလေးက သကြားလုံးစားချင်လို့ ပူဆာနေတာ ရက်ပေါင်းမနည်းတော့ဘူး။ သူ့အတွက် အစားအသောက်ကောင်းကောင်း လုပ်ပေးရမယ်”

“၀က်က ငါ့ကို လူလည်ကျသွားတယ်။ ရူပီပေးမယ်လို့ ဂတိပေးထားပြီးတော့… ” ဗေဒင်ဆရာက ပြောလိုက်သည်။ သူမက သူ့ကို မော့ကြည့်သည်။
“ရှင့်ကြည့်ရတာ ကြောက်နေသလိုပဲ..။ ဘာဖြစ်ခဲ့လို့လဲ…”
“ဘာမှ မဖြစ်ပါဘူး”
ညစာစားပြီးနောက် ကုတင်ပေါ်တွင် ထိုင်နေရင်း သူက ဇနီးသည်ကို ပြောလိုက်သည်။
“မင်းသိလား။ ၀န်ထုပ်ကြီးတစ်ခု ဒီနေ့မှာ ကိုယ့်အပေါ်က ပြုတ်ကျသွားပြီ။ နှစ်ပေါင်းများစွာ ကိုယ့်ရဲ့လက်မှာ သွေးစွန်းနေခဲ့တယ်လို့ ကိုယ်တွေးခဲ့တယ်။ အဲဒါက ကိုယ့်အိမ်ကနေစွန့်ခွာပြီး ဒီမှာ အခြေချ၊ မင်းကို လက်ထပ်ခဲ့ရတဲ့ အကြောင်းရင်းပဲ။ သူ အသက်ရှင်နေဆဲပဲ”
သူမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ရှင် လူသတ်ဖို့ကြိုးစားခဲ့တယ်ပေါ့”
“ဟုတ်တယ်။ ရွာမှာတုန်းကပေါ့။ ငယ်ရွယ်သူတို့သဘာဝ ဂမူးရှူးထိုးလုပ်တတ်တဲ့ အချိန်တွေတုန်းကပေါ့။ တစ်နေ့တော့ ကိုယ်တို့ အရက်သောက်ကြတယ်။ ပြီးတော့ လောင်းကစားလုပ်ပြီး ဆိုးဆိုးရွားရွား အချင်းများရန်ဖြစ်ခဲ့ကြတယ်။ ဘာလို့ဒါတွေ တွေးနေတော့မှာလဲကွာ။ အိပ်ဖို့အချိန်တန်ပါပြီ” ဟု သူက ကုတင်ပေါ်သို့ လှဲချလိုက်ရင်း သန်းဝေပြီး ပြောလိုက်လေတော့သည်။

◄ တေဇာ ► စက်တင်ဘာ (၁၂) ၂၀၀၉
အိန္ဒိယစာရေးဆရာ R. K. NARAYAN ၏ The Astrologer's Day ကို ဘာသာပြန်ဆိုပါသည်။

(Anna*)



An Anna (Hindustani आना ānā) was a currency unit formerly used in India, equal to 1/16 rupee. It was subdivided into 4 Paise or 12 Pies (thus there were 64 paise in a rupee and 192 pies). The term belonged to the Muslim monetary system. The Anna is not commonly used since India decimalised its currency in 1957.
Source: Wikipedia

Comments