Skip to main content
ပါပါရာဇီလာနေပြီ ဒီဘက်တိုးနေ
တစ်ဘို့တည်းဝါဒ ကူးစက်ပြန့်ပွားခြင်း 
(The Narcissism Epidemic)
၂၀၀၉ ခုနှစ်အတွင်းက “တစ်ကိုယ်ကောင်းဝါဒ ကူးစက်ပြန့်ပွားခြင်း” (The Narcissism Epidemic) ဟု အမည်ရသည့်စာအုပ် ထွက်ပေါ်လာသောအခါ ပထမဆုံးအနေဖြင့် “ကူးစက်ပြန့်ပွား” နေပြီဟု မည်သို့ဆိုနိုင်သနည်း ဟူသော မေးခွန်း ထွက်ပေါ်လာသည်။ ဤအတွက် အထောက်အထားမှာ ပုံသဏ္ဍာန်နှစ်ရပ်အနေဖြင့် တည်ရှိနေသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအရ ပြောင်းလဲမှုနှင့် ယဉ်ကျေးမှုအရ ပြောင်းလဲမှုတို့ ဖြစ်ကြသည်။
ထိုစာအုပ် ရေးသားသူ South Alabama တက္ကသိုလ်မှ John Foster နှင့် Jean M. Twenge ဟူသော စိတ်ပညာရှင်နှစ်ဦးတို့က ထင်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသော တစ်ကိုယ်ကောင်းဝါဒ စရိုက်လက္ခဏာများကို ဖော်ပြထားသည့် လေ့လာဆန်းစစ်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အတွင်း ကောလိပ်ကျောင်းသားများ၏ “တစ်ကိုယ်ကောင်းစိတ် ကိုယ်ရည်ကိုယ်သွေး စာရင်း” (Narcissism Personality Inventory)  NPI သည် ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အကြား အစောပိုင်းပြုလုပ်ခဲ့သော စာရင်းထက် နှစ်ဆခန့် ပိုမိုမြင့်တက် မြန်ဆန်လာသည်ကို တွေ့ရှိရသည်။ NIP သည် ပုံမှန်လူများ၏ တစ်ကိုယ်ကောင်းစရိုက်ကို တိုင်းတာခြင်းသာဖြစ်ပြီး ရောဂါတစ်ရပ်အဖြစ် စစ်ဆေးကုသပေးရမည့် အဆင့်သို့ မရောက်ပါ။
လေ့လာတွေ့ရှိချက် နှစ်ရပ်လုံးအရ တစ်ကိုယ်ကောင်းစိတ် မြင့်တက်လာမှုသည် အမျိုးသမီးများတွင် ပိုမိုအားကောင်းကြောင်း တွေ့ရှိရသည်။ ယေဘုယျအားဖြင့် အမျိုးသားများသည် အမျိုးသမီးများထက် တစ်ကိုယ်ကောင်းစိတ် ပိုမိုများပြားနေသေးသော်လည်း အမျိုးသမီးများသည်လည်း လျင်မြန်စွာ အမီလိုက်လာနေပြီ ဖြစ်သည်။ ဤသည်မှာလည်း တစ်ကိုယ်ကောင်းစိတ် ဖြစ်ပေါ်စေသည့် ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်အား များစွာသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များထံသို့ ပိုမိုကြီးမားစွာ ရိုက်ခတ်နေခြင်းကြောင့်ဖြစ်၍ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ဆိုနိုင်ပါသည်။
အံအားသင့်စရာအချက်ကို အမျိုးသားကျန်းမာရေးအဖွဲ့မှ သုတေသီများက မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။ “တစ်ကိုယ်ကောင်းစိတ် ကိုယ်ရည်ကိုယ်သွေး စံလွဲမှု” (Narcissism Personality Disorder) NPD ဟူသည့် ကုသရမည့် ရောဂါလက္ခဏာတစ်ရပ်အဖြစ် သတ်မှတ်နိုင်သော အခြေအနေတွင်ရှိသည့် အမေရိကန်လူမျိုး ၃၅၀၀၀ ၏ စရိုက်လက္ခဏာတို့ကို ကိုယ်စားပြု၍ လေ့လာစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဘ၀တစ်လျှောက် ထိုသို့သော လက္ခဏာမျိုး ကြုံတွေ့ခဲ့ရဖူးသလောဟု မေးမြန်းရာတွင် အသက်ကြီးသူများသည် အချိန်ပိုမိုကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့သူများ ဖြစ်သည့်အလျောက် အသက်ငယ်ရွယ်သူများထက် ကြုံတွေ့ခဲ့နိုင်ချေ ပိုများသည်ဟု ယူဆနိုင်ပါသည်။ သို့ရာတွင် တွေ့ရှိချက်သည် ပြောင်းပြန်ဇောက်ထိုး ဖြစ်နေသည်ကို တွေ့ရပေသည်။ အသက် ၆၅ နှစ်အထက် လူများ၏ ၃% ခန့်သာလျှင် NPD ရှိခဲ့ဖူးပြီး အသက် ၂၀ ကျော်အရွယ်များက ၁၀% နီးပါးရှိသည်ကို နှိုင်းယှဉ်တွေ့ရှိရသည်။ အသက်ကြီးသူများအနေဖြင့် မိမိတို့၏ ငယ်စဉ်ဘ၀ စရိုက်လက္ခဏာများကို မေ့လျော့သွားခြင်းကြောင့်ဟု ယူဆနိုင်သော်လည်း ဤမျှလောက် ကွာဟချက်ကြီးမားစေရန်မှာ အတော်များများ မေ့လျော့မှသာ ဖြစ်နိုင်ပေသည်။ လူ ၁၀ ယောက်လျှင် ၁ ယောက်နှုန်းနီးနီးသည် အသက် ၂၀ ကျော်အရွယ်တွင်ပင် NPD ရရှိနေပြီဖြစ်ပြီး အဆိုပါနှုန်းမှာ လာမည့် ဆယ်စုနှစ်တွင် မည်မျှအထိ မြင့်တက်လာမည် ဆိုသည်မှာ မတွေးဝံ့စရာပင် ဖြစ်နေပေသည်။
အပြုအမူပိုင်းဆိုင်ရာ ကြီးမားသောပြောင်းလဲမှုများလည်း ရှိနေသည်။ တစ်ကိုယ်ကောင်းစိတ် ပိုမိုများပြားသူများတွင် စတင်ပြီး သိပ်မများသူများအပေါ် ကူးစက်ရောက်ရှိသွားတတ်သည့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများကို ဆိုလိုသည်။ ဥပမာအားဖြင့် အရေပြားခွဲစိတ်ပြုပြင်ခြင်း (Plastic Surgery) သည် ဆယ်နှစ်အတွင်း ခြောက်ဆခန့် မြင့်တက်လာသည်။ ရုပ်ပိုင်းဆိုင်ရာ သဘောထားများ ပိုမိုတိုးပွားလာပြီး လူတို့သည် အကောင်းဆုံးကို လောလောဆယ် အသုံးပြုနိုင်ရန်အတွက် ကြွေးတင်ခံလိုစိတ် ပိုမိုလာခဲ့သည်။ ကျော်ကြားသူများ၏ အတင်းအဖျင်း စာမျက်နှာများပါဝင်သော မဂ္ဂဇင်းများမှာ ပိုမိုလူကြိုက်များလာခဲ့ပြီး အခြားသော မဂ္ဂဇင်းနှင့် သတင်းစာများ၏ စောင်ရေများ ထိုးကျခဲ့သည်။ ပါးစပ်အဟောင်းသားဖြစ်စရာ သာဓကတစ်ခုအနေဖြင့် ကျော်ကြားသူတစ်ဦးအဖြစ် ဟန်ဆောင်နိုင်ရန် ညအချိန်အပြင်ထွက်လျှင် မိမိနောက် တကောက်ကောက်လိုက်ပြီး ဓာတ်ပုံရိုက်စေမည့် ပါပါရာဇီ အတုများကို ယနေ့အချိန်တွင် ငှားရမ်းအသုံးပြုနိုင်နေပြီ ဆိုခြင်းပင် ဖြစ်သည်။ (ပါပါရာဇီလာနေပြီ ဒီဘက်တိုးနေဟူသည့် သီချင်းစာသားတွင်လည်း တစ်ဘို့တည်းဝါဒ (Narcissistic) အငွေ့အသက်တချို့ကို ရှူရှိုက်မိပါသည်) လွန်ခဲ့သော ငါးနှစ်အတွင်းက ဤသို့သောအရာများ နားနှင့်မျှ မကြားခဲ့ရသေးပါ။
ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ ယခင်ကထက်ပိုမို အတ္တကြီး၊ တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဘို့တည်းဝါဒီများ များပြားလာနေပြီဟု ယူဆနိုင်ပါသည်။ လူတို့တွင်သာမက လူ့တန်ဖိုးသတ်မှတ်ချက်စနစ် (Value System) တစ်ရပ်လုံးဟုပင် ဆိုနိုင်ပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၂၇)
Ref:
Comments
  1. အဲဒီ “လူ့တန်ဖိုး သတ်မှတ်ချက်” ဆိုတာလေးအတွက် စာအုပ်လေး ဘာလေးများ မရှိဘူးလား.။း)
    ကိုယ့်ကိုယ်ကို ဗဟိုပြုဝါဒီတွေ များပြားလာခြင်းအတွက် ဆန့်ကျင်စရာ ရှိရင် ဆန့်ကျင်ကောင်းသော်လည်း ဘဝင်မြင့်စရာ ရှိရင် မိုးထိတက်မယ့် သူတွေ များနေမှာပဲ..။ သဘာဝတရားအရ အကောင်းနဲ့ အဆိုး ဒွန်တွဲနေဦးမှာပဲ...။ (ဖြတ်ချတာ..ဟီး)
    လူ့ အပြုအမူဆိုတာ အနာလိုက်ဆစ် လုပ်လို့ မရကောင်းတဲ့ အရာလို့တော့ ထင်တယ်..။ ဘယ်တော့မှ မသေချာဘူးလေ..။
    အချိန်တွေ ပြောင်းသလို လူတွေ ပြောင်းသလို...အမြဲ ပြောင်းနေဦးမှာပဲ..ဥစ္စာ...။ ခုလို အနာလိုက်ဆစ်တွေ လုပ်ပေမယ့် လူတွေက သတိထားကြဦးမှ.။ ပြီးတော့ လောကမှာ ဘယ်လို ရှင်သန်နေထိုင်ရမယ် ဆိုတာ ကိုယ်တိုင်သာ အသိဆုံး..။ အဲဒီတော့ ဘယ်စံကို ဗဟိုပြုပြီး ခုလို တဘို့တည်းသမားလို့ ဆုံးဖြတ်လိုက်ရတာလဲ.... ။ အဲဒါကိုလည်း ချပြထားဖို့ လိုမယ် ထင်တယ်...။
    ReplyDelete
  2. ဒီရောဂါက မလွယ်ပါလား၊ အားပေးလျက်ပါ တေဇာရေ။
    ReplyDelete
  3. လူ့အပြုအမူကို စောကြောလို့မရဘူးဆိုရင်တော့ “စိတ်ပညာ” စာအုပ်တွေ မီးပုံရှုံ့ ရုံပဲ ကျန်တော့တယ်။ ၀န်ထမ်းလူငယ်လေးတစ်ဦးက မိဘပြန်ပေးဖို့ စိတ်မကူးဘဲ လစာအကုန် အ၀တ်အစားဝယ်ဝတ်တဲ့ အပြုအမူကို ဘယ်လိုပြောမလဲ။ (မရှိဘူးမပြောနဲ့ ကိုယ်တွေ့ပါ။ တစ်ယောက်တည်းလည်းမဟုတ်ဘူး၊ အများအပြားတွေ့ဖူးပါတယ်။ လူတန်းစားတစ်ရပ်တည်းကလည်းမဟုတ်ဘူး။ ဒီလိုလူမျိုးတွေပဲ တွေ့ဖူးလားလို့ မေးမှာစိုးလို့) လူတိုင်းဝတ်နေကြတဲ့ ယဉ်ကျေးမှုမှာ ကိုယ်လည်း ၀တ်ချင်လာတယ်။ ဒါဟာ ကူးစက်ပြန့်ပွားမှုပါ။
    ဂရပ်မျဉ်းဟာ ရုတ်တရက် ဇောက်ထိုးမိုးမျှော် ထောင်တက်နေတယ်။ ရေရှည်အလားအလာဟာ သိပ်မကောင်းလှဘူး။ ဒါတွေက ဆိုလိုရင်းဖြစ်ပါတယ်။
    စိတ်ပညာရပ်ဟာ အခြေခိုင်၏ မခိုင်၏ ဆွေးနွေးရမှာတော့ ဒီပို့စ်နဲ့ တိုက်ရိုက်မပတ်သတ်ဘူး ထင်လို့ လေမရှည်တော့ပါဘူး။
    ReplyDelete
  4. လူ့အပြုအမူကို စောကြောလို့ မရနိုင်ဘူးဆိုတာ အသေချာဆုံး တခုထိ မရောက်နိုင်ဘူးလို့ ပြောတာပါ.။ (နိုင်ငံခြားက သုတေသန သမားတွေတော့ ထည့် မတွက်တော့ဘူး.)
    လူငယ်လေး အနေနဲ့ လစာအကုန် အဝတ်ဝယ်ဝတ်တာဟာ သူ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အတွက် တွက်ချက်ပြီးသား လို့ ထင်ပါတယ်. ။ ယဉ်ကျေးမှု(စား၊ဝတ်၊နေရေး)အတွက် အစဉ်အဆက် ကူးစက် ပြန့်ပွားမှုမှာ လူတကိုယ် အသက်ရှင် ရပ်တည်ပုံနဲ့ပဲ ဆိုင်ပါတယ်. ။ လက်တဆုပ်စာ လူစုလေးကို အနာလိုက်ဆစ်လုပ်လိုက်ရုံနဲ့ ဒါတွေတော့ များနေပြီ။ ဒါတွေအတွက် စိုးရိမ်စရာ လို့ ပြောတာက တဆိတ် လောကသဘာဝကို နားမလည်ရာ ရောက်ပါတယ်.။
    (အဝတ် ဘရန်းနဲ့ ဆယ်လစ်တီဗီတီရဲ့ အင်တာဗျူးက ပေါ့ပ် ကိစ္စပါ..။ သတင်းသမားတွေကြောင့် လူအများ မြင်သာတဲ့ နေရာမှာ မြင်နေရပေမယ့် ပယ်သင့်တဲ့ အရာကို လူတွေ ပယ်သွားကြမှာပါ.။ သတင်းသမားရဲ့ ဂျာနယ် ရောင်းအားတက်လိုစိတ်ရှိချင် ရှိလိမ့်မယ်.။ ဒါပေမယ့် သတင်းသမား ဝမ်းစာ မပြည့်တာလည်း ဖြစ်ချင် ဖြစ်မယ်.။ အဓိက က ရွေးချယ်မှုပဲ.။ ရွေးချယ်ခွင့်  အပြည့်အဝ မရခဲ့ရင် ပြန့်နှံ့မှုနှုန်း ကြီးမှာပဲ..။ )
    စိတ်ပညာရပ်ဟာ အခြေခိုင်၏ မခိုင်၏ဆိုတာ ဆစ်ဂ်မန် ဖရွိုက် အသေအချာ ရှိခဲ့သားပဲ...။း)
    ReplyDelete
  5. စိတ်ဝင်စားတယ်။ comment တွေကြောင့် ပိုစိတ်ဝင်စားတယ်။
    ReplyDelete
  6. စာဖတ်သူJanuary 29, 2010 at 5:50 AM
    တစ်ဘို့တည်းဝါဒ ကြီးထွားပြန့်ပွားနေပြီဆိုပြီး တရုတ်ပြည်က အော်ဟစ်နေတာ ကြားရတာတော့ အတော်ကြာပြီပဲ။ ခုလို အနောက်က စစ်တမ်းဖတ်ရတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ကျေးဇူး။
    ReplyDelete
Post a Comment