Skip to main content

အရိပ်ကမ္ဘာ

သူတို့ အကျဉ်းကျနေခဲ့ကြသည်။ ပြန်လမ်းမဲ့သည့် မြေအောက်ကျောက်ဂူကြီး တစ်ခုအတွင်း သူတို့အားလုံး အကျဉ်းကျခံနေ ကြရသည်။ ကျောက်ဂူဝအား ကျောခိုင်းထားလျက်၊ ကျောက်ဂူ၏ အတွင်းဘက်နံရံသို့ သူတို့အားလုံး မျက်နှာမူထားကြသည်။ ခြေများ၊ လက်များ၊ ခေါင်းများ စသည့် သူတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ အားလုံးကို မြဲမြံလှသည့် သံကြိုးကြီးများဖြင့် တုပ်နှောင်ခံထားရသဖြင့် လှုပ်ရှားသွားလာခြင်း စိုးစဉ်းမျှ မပြုနိုင်ခဲ့ကြ။ သူတို့မြင်နိုင်သည်မှာ မျက်နှာမူရာရှိ ကျောက်ဂူကြီး၏ ကျောဘက်နံရံသာ ဖြစ်သည်။ သူတို့သည် အရေအတွက်အားဖြင့် များပြားလှသည်။ ထို့အတူ ယခုပုံစံအတိုင်း အကျဉ်းကျနေခဲ့ကြသည်မှာလည်း အချိန်ကာလအားဖြင့် ကြာမြင့်လှပြီ ဖြစ်သည်။ မွေးဖွားချိန်မှ သေဆုံးချိန်အထိ သက်တမ်း တစ်လျှောက်လုံးတွင် သူတို့အားလုံး ဤအနေအထားအတိုင်းသာ ရှင်သန်သေဆုံးသွားခဲ့ကြသည်။ ဤနည်းဖြင့်သာ သူတို့ ဘ၀ကို ကုန်ဆုံးကြရသည်။ ကျောက်ဂူကြီး၏ ကျောဘက်နံရံသည်သာ သူတို့၏ ကမ္ဘာဖြစ်ပေသည်။

သူတို့၏ ကျောဘက်တွင် နံရံတစ်ခု ရှိနေသည်။ အကယ်၍ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကသာ ကျောဘက်ဆီသို့ လှည့်ကြည့်နိုင်ခဲ့မည်ဆိုလျှင် ထိုနံရံထက်တွင် တည်ရှိနေသော ပုံစံသွင်ပြင် အမျိုးမျိုးရှိသည့် သတ္တ၀ါများကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။ ထိုသတ္တ၀ါများ၏ နောက်ဖက်တွင် မီးပုံကြီးတစ်ပုံ အလျှံငြီးငြီး တောက်လောင်နေသည်။ ပုံသဏ္ဌာန်အမျိုးမျိုးသော သတ္တ၀ါများသည် လှုပ်ရှားကခုန်နေကြသည်။ သို့ရာတွင် ဤထူးဆန်းအံ့သြဖွယ် မြင်ကွင်းအား သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ မြင်တွေ့နိုင်ခြင်းမရှိခဲ့။ နောက်လှည့်ကြည့်နိုင်သူ တစ်ဦးတစ်လေမျှ သူတို့ထဲတွင် ရှိမနေခဲ့။ သူတို့၏ မူလပုံစံ အနေအထားအတိုင်းသာ မွေးဖွားသေဆုံးသွားခဲ့ကြသဖြင့် သူတို့ မြင်တွေ့နိုင်သည့်အရာ အားလုံးမှာ ကျောက်ဂူကြီး၏ ကျောဘက်နံရံထက်တွင် ထင်ဟပ်လှုပ်ရှားနေသည့် အရိပ်အမျိုးမျိုးသာ ဖြစ်ပေသည်။ ပုံသဏ္ဌာန်များ၊ လှုပ်ရှားမှုများ အမျိုးမျိုးကွဲပြားနေသည့် အရိပ်များကိုသာ သူတို့ မြင်နေကြရသည်။ စင်စစ် သူတို့၏ ကမ္ဘာတွင် အမြဲတမ်း တည်ရှိနေခဲ့သည်မှာ ဤအရိပ်များသာ ဖြစ်ပေသည်။ သူတို့သည် အဆိုပါ အရိပ်များအား ရှုမှတ်ခံစားပြီး၊ အရိပ်ကမ္ဘာတွင်ပင် ပျော်မွေ့စွာ သေဆုံးသွားခဲ့ကြပေသည်။

တစ်နေ့သော် အရိပ်ကမ္ဘာမှ လူစွမ်းကောင်းတစ်ဦးသည် အနှောင်အဖွဲ့သံကြိုးအား တိတ်တဆိတ်ဖြင့် အလွတ်ရုန်းထွက် နိုင်ခဲ့လေသည်။ ပထမဆုံး သူ့ကိုယ်သူ ပြန်မေးမိသည့် မေးခွန်းမှာ အရိပ်များ၏ မြစ်ဖျားခံရာပင် ဖြစ်သည်။ အရိပ်များ၏ ဇစ်မြစ်ကို စူးစမ်းကြည့်ရန် သူ နောက်သို့လှည့်ကြည့်လိုက်မိသည်။ ဧရာမမီးပုံကြီး၏ အလင်းရောင်စဉ်တန်းများကြောင့် သူ့မျက်လုံးများ ကျိန်းစပ်မူးဝေသွားခဲ့သည်။ ထို့ပြင် မြင်တွေ့ရသည့် ပုံရိပ်များ၏ ရှင်းလင်းပြတ်သားမှုကြောင့်လည်း သူ မူးမိုက်သွားခဲ့ရခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ချိန်ထိ သူ မြင်တွေ့ဖူးခဲ့သည့်အရာမှာ ၎င်းတို့၏ အရိပ်များသာ ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုသော် သူသည် ပုံသဏ္ဌာန်အမျိုးမျိုးသော သတ္တ၀ါဆန်းများကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။ မျက်လုံးများကို ပွတ်သပ်ကာ မြင်တွေ့ရသမျှ အရာရာ၏ အလှအပအား သူ ခံစားနေမိသည်။ ပထမဆုံးအကြိမ်အဖြစ် အရောင်နှင့် ထင်ရှားသော ပုံသဏ္ဌာန်များကို သူ မြင်တွေ့ရခြင်း ဖြစ်ပေသည်။ ဤသို့ အစစ်အမှန်သဏ္ဌာန်များကို မြင်တွေ့ရခြင်းက သူ အမြဲမြင်တွေ့ခဲ့ရသည့် အရိပ်များ၏ေ၀၀ါးလှသော ရောင်ပြန်ဟပ်မှုအား သတိပြုမိစေခဲ့သည်။ သူမြင်တွေ့ခဲ့ရသည့် အရိပ်များသည် အစစ်အမှန်နှင့် နှိုင်းယှဉ်သော် ပါးလျမှုန်ဝါးလွန်းလှကြောင်း သူ နားလည်ခဲ့ရသည်။ ထို့နောက်တွင် သူ ကျောက်ဂူကြီး၏ ပြင်ပသို့ ထွက်ခွာလာခဲ့သည်။

သာယာလှပသည့် တောအုပ်ကြီးတစ်ခုအတွင်းသို့ သူ ရောက်ရှိလာသည်။ စင်စစ် အစစ်အမှန် လောကကြီးအတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် သူ ၀င်ရောက်လာခဲ့ခြင်းသာ ဖြစ်ပေသည်။ ရောင်စုံပန်းကလေးများ နေရာအနှံ့အပြား ဖူးပွင့်နေကြသည်။ ငှက်ကလေးများ ကျီကျီကြာကြာ အော်မြည်နေကြသည်။ ရှဥ့်ကလေးများ သစ်ပင်ပေါ်တွင် ပြေးလွှားလှုပ်ရှားနေကြသည်။ စမ်းချောင်းလေးအတွင်း ငါးကလေးများ ကူးခတ်နေကြသည်။ လေညှင်းကလေး၏ ညင်သာသော ပွေ့ဖက်မှုကိုလည်း သူ ခံစားရသည်။ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသည့် တောအုပ်ကြီးအတွင်း သူ လမ်းလျှောက်လာခဲ့သည်။ အမျိုးမျိုးသော တိရစ္ဆာန်ငယ်ကလေးများကို သူ မှင်သက်အံ့သြစွာ ငေးကြည့်နေခဲ့မိသည်။ သို့ရာတွင် ယခုထိသော်မှ သူ့ကိုယ်သူ မေးခွန်းတစ်ခု ထုတ်နေမိဆဲပင် ရှိလေသည်။ ဤတိရိစ္ဆာန်ကလေးများနှင့် ပန်းပွင့်ကလေးများအားလုံး မည်သည့်အရပ်က လာကြသနည်း။ မီးသည် အရိပ်များအား မြင်သာစေရန် ပုံဖော်ပေးသကဲ့သို့ ဤအရာများကို မည်သည်က ပုံဖော်ထားခဲ့သနည်း။ ဤအရာများအားလုံး၏ မြစ်ဖျားခံရာ ဇစ်မြစ်ကရော အဘယ်နည်း။ မကြာခင် တောအုပ်အတွင်းမှ သူ လွန်မြောက်လာခဲ့သည်။ ကောင်းကင်ထက်တွင် ထွန်းလင်းတောက်ပနေသော နေမင်းကြီးကို သူ ပထမဦးဆုံးအကြိမ် မြင်တွေ့လိုက်ရပြန်သည်။ သူ၏ စိတ်အစဉ်တွင် ဖျပ်ခနဲ လင်းလက်သွားသည်။ တိရိစ္ဆာန်ကလေးများ၊ ပန်းပွင့်ကလေးများ စသည့် သဘာဝနှင့်အသက်အား ဖန်တီးပေးစွမ်းသူသည် နေမင်းကြီးပင်ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိမြင်ခဲ့ပြီဖြစ်သည်။

ပျော်မြူးဝမ်းမြောက်နေသည့် ကျောက်ဂူစံသည် ယခုအခါ သူ အသစ်ရှာဖွေတွေ့ရှိခဲ့သော ထူးခြားအံ့အားသင့်ဖွယ်ရာ လွတ်လပ်မှုအား အပြည့်အ၀ခံစားကာ အစစ်အမှန် လောကကြီးအတွင်းသို့ တိုးဝင်နိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် သူသည် တစ်ကိုယ်ကောင်းဆန်သူတစ်ဦး မဟုတ်ခဲ့။ ထို့နောက်တွင် ကျောက်ဂူကြီးအတွင်းဝယ် အကျဉ်းကျခံနေရဆဲရှိသော သူ၏ အပေါင်းပါများစွာ ကျန်နေရစ်ခဲ့သေးကြောင်း သူ သတိရလာခဲ့သည်။ သူ၏ ခြေလှမ်းများကို ကျောက်ဂူဆီသို့ ပြန်လည်ဦးတည်လိုက်သည်။ ကျောက်ဂူအတွင်းသို့ ပြန်ရောက်သောအခါ သူနှင့်ဘ၀တူဖြစ်ခဲ့သည့် အပေါင်းပါများအား နံရံထက်တွင်တွေ့ရသည့် အရိပ်များမှာ အစစ်အမှန်အရာများ၏ ရောင်ပြန်ဟပ် ထင်ကျန်နေမှုများသာ ဖြစ်ကြောင်း ရှင်းပြသည်။ သို့ရာတွင် ကျောက်ဂူစံများအားလုံးသည် သူ ပြောသည်ကို မယုံကြည်ကြ။ နံရံထက်တွင် ထင်နေသည့် အရိပ်များဆီသို့ လက်ညှိုးထိုးပြကာ သူတို့ လက်ခံနိုင်သည့် အရာမှာ ထိုအရိပ်များသာဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ သူတို့၏ ကမ္ဘာတွင် အမြဲတည်ရှိနေခဲ့သည့် အရိပ်များ၏ တည်ရှိမှုကိုသာ ညွှန်းဆိုကြသည်။ သူက ကျောက်ဂူအတွင်းလှည့်လည်ကာ အစစ်အမှန် ကမ္ဘာအကြောင်း အကျဉ်းစံများအား ကြိုးစားပမ်းစား လိုက်လံ နားချနေခဲ့သည်။ ထိုအတွက် သူ၏ ရလဒ်မှာ သူ ရှာဖွေတွေ့ရှိခဲ့သော အစစ်အမှန်ကမ္ဘာရှိရာ ကျောက်ဂူပြင်ပသို့ မည်သည့်အခါမျှ ပြန်လည် မလွတ်မြောက်နိုင်ခဲ့တော့ခြင်းပင် ဖြစ်ပေသည်။ နောက်ဆုံးတွင် အကျဉ်းစံများ၏ သတ်ဖြတ်မှုကြောင့် သူ သေဆုံးခဲ့ရပြီ ဖြစ်ပါသည်။

တေဇာ (လရောင်လမ်း)
ကိုးကား။    ။ The Myth of Cave by Plato

Comments

  1. စာလေးကြိုက်ပါတယ်။ ရှင်းလင်းချက်လေးမပေးရင် ပိုကြိုက်မိပါမယ်။

    ReplyDelete

Post a Comment