Skip to main content

စိမ်းစိမ်းကားကား အကြည့် (Green-eyed)

ဝါးဝစ်ခ် (University of Warwick) နှင့် ကာဒစ်ဖ် (University of Cardiff) တက္ကသိုလ်တို့မှ သုတေသီများ၏ လေ့လာမှုတစ်ခုက ငွေကြေးသည် ၎င်းတို့၏ လူမှုအဆင့်အတန်းအား တိုးတက်ကောင်းမွန်စေမှသာ လူတို့ကို ပျော်ရွှင်မှုပေးနိုင်သည်ဟူ၍ တွေ့ရှိခဲ့ရသည်။ သုတေသီတို့၏ တွေ့ရှိချက်မှာ ၀င်ငွေကောင်းခြင်း သီးသန့်အားဖြင့် ပျော်ရွှင်နိုင်ရန် မလုံလောက်။ လူတို့သည် ၎င်းတို့၏ မိတ်ဆွေများ၊ အလုပ်ခွင် အပေါင်းအသင်းများထက် ပိုမို ၀င်ငွေကောင်းသည်ဟု မိမိကိုယ်ကိုယ် သိရှိနေစေရန် လိုအပ်သေးသည်ဟူ၍ ဖြစ်ပေသည်။

ကြွယ်ဝသည့်တိုင်းပြည်များမှ လူများအဖို့ လွန်ခဲ့သည့်နှစ်ပေါင်း (၄၀) ကျော်အတွင်း ပုံမှန်အားဖြင့် မည်သည့်အတွက်ကြောင့် ပျော်ရွှင်မှု ပိုမိုရမလာကြသလဲဟူသော အကြောင်းရင်းအား ရှင်းပြနိုင်ရန် သုတေသီများက စူးစမ်းရှာဖွေနေခဲ့ကြသည်။ ထိုနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ယေဘုယျဝင်ငွေတွင် အဆပေါင်းများစွာ တိုးတက်များပြားလာခဲ့သော်လည်း အဆိုပါနိုင်ငံများရှိ လူတို့မှာ ပိုမိုပျော်ရွှင်လာခြင်း မရှိခဲ့ကြပေ။

ဝါးဝစ်ခ်တက္ကသိုလ်၊ စိတ်ပညာဌာနမှ အသိအမှတ်ပြု ဦးဆောင်သုတေသီ Chris Boyce က ဤသို့ဆိုသည်။

`ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ လူတစ်ဦးတစ်ယောက် ၀င်ငွေရဲ့ သတ်မှတ် ရာထူးအဆင့်အတန်းဟာ ယေဘုယျ ဘ၀ကျေနပ်မှု အတိုင်းအတာကို အကောင်းဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တကယ့် ၀င်ငွေပမာဏနဲ့ အခြားသူများရဲ့ ယေဘုယျဝင်ငွေတို့မှာ ထူးခြားတဲ့ သက်ရောက်မှု ရှိမနေဘူးလို့ ထင်ရပါတယ်။ အကယ်၍ ခင်ဗျားရဲ့ မိတ်ဆွေတွေအားလုံး တစ်နှစ်ကို ပေါင် (၂) သန်း ၀င်ငွေရှိတယ်လို့ သိနေခဲ့ရင၊် တစ်နှစ် ပေါင် (၁) သန်းရလည်းပဲ ခင်ဗျားအနေနဲ့ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး´ 

စိတ်ပညာသိပံ္ပဂျာနယ်တွင် `ငွေကြေးနှင့်ပျော်ရွှင်မှု။ ၀င်ငွေအဆင့် (၀င်ငွေမဟုတ်ပါ) က ဘ၀ကျေနပ်မှုအပေါ် သက်ရောက်ပုံ´ ဟု အမည်တပ်ထားသည့် လေ့လာမှုတစ်ခုကို ပုံနှိပ်ဖော်ပြခဲ့သည်။ (၇) နှစ်တာ ဗြိတိန်အိမ်တွင်းရေးဆာဗေးမှ ဘ၀ကျေနပ်မှုနှင့် ၀င်ငွေတို့နှင့် ပတ်သက်သော အချက်အလက်များကို သုတေသီများက ကြည့်ရှုခဲ့ကြသည်။ ဤအချက်အလက်များမှာ ဗြိတိန်အိမ်တွင်းရေးအပေါ် အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့သည့် နမူနာများကို ကိုယ်စားပြုခြင်းပင် ဖြစ်ပါသည်။

ဘ၀ကျေနပ်မှုသည် လူတစ်ဦးချင်းစီ၏ ၀င်ငွေပမာဏနှင့် မည်သို့ဆက်စပ်သနည်းဟု ၎င်းတို့က ပထမဦးစွာ စစ်ဆေးကြည့်ခဲ့သည်။ သို့ရာတွင် ကျေနပ်ပျော်ရွှင်မှုသည် လူတစ်ဦး ၀င်ငွေ၏ သက်ဆိုင်ရာ ရာထူးအဆင့်အတန်းနှင့်သာ ပိုမိုအားကောင်းခိုင်မာစွာ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရသည်။  နှိုင်းယှဉ်စစ်ဆေးရာတွင် တူညီသည့် လိင်၊ အသက်၊ ပညာအဆင့်အတန်း၊ သို့မဟုတ် တူညီသည့်ဒေသများမှ လူများအချင်းချင်းကြားသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်ရလဒ်က ၀င်ငွေတိုးလာခြင်း(သီးသန့်)သည် လူတို့အား အဘယ်ကြောင့် ပျော်ရွှင်အောင် မလုပ်ဆောင်နိုင်သနည်းဟူသော မေးခွန်းကို ရှင်းလင်းပြခဲ့သည်။ ပိုမိုကြွယ်ဝလာသည့် လူ့အဖွဲ့အစည်းမှ လူများအားလုံးသည် အလုံးစုံ စိတ်ပျော်ရွှင်မှုတွင် တိုးပွားလာခဲ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်  စသည့် မိမိပတ်ဝန်းကျင်မှ `အခြားသောသူများထက် သာလွန်သော ၀င်ငွေ´ ကသာ လူတို့အား ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိခြင်းကြောင့် ဖြစ်ပါသည်။

◄ တေဇာ (လရောင်လမ်း) ►
Ref: Psysorg.com

Comments

  1. လူလူချင်း နှာတစ်ဖျား သာချင်တဲ့စိတ်ကြောင့်ဘဲ ထင်ပါတယ်..
    တကယ်တမ်းတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံး လုပ်နိုင်ပြီဆိုရင် သူများထက်သာသည်ဖြစ် မသာသည်ဖြစ်စေ ကျေနပ်ဝမ်းမြောက်နေသင့်တာ..

    ReplyDelete

Post a Comment