Skip to main content

အတိုးဆုံး ကဗျာများ (၂၃)

“၀န်မခံနိုင်ခြင်း”

ကျွန်တော်အတိတ်မမေ့ခင်က
လူသတ်ခဲ့တယ်တဲ့
ရယ်စရာပဲ
ဘယ်မှာလဲ သက်သေ
လက်ဗွေတွေ အရှက်ပြေလာမပြနဲ့ လူကြီးမင်း။

`အချည်းအနှီး အောင်ပွဲများ´

ခေတ်သစ်မြေပုံကို လှန်ကြည့်ပြီး
ဂျင်ဂျစ်ခန်ကြီး
ပက်လက်လန်သွားတယ်။
ကျွန်တော်မပြောဘူးလား
ဒါတွေဟာ အလကားပါလို့
ဓားတွေ လှံတွေထား
ကဲ… လာ အံစာခေါက်ကြစို့။

`အကျုံးဝင်မှု´

သမိုင်းထဲ မပါ
ဘာအရေးလဲ
မြေကြီးထဲ ဆွေးမြေ့သွားတဲ့အခါ
ပထ၀ီထဲတော့ ပါမှာပေါ့။

`နေသားတကျ နေထိုင်ခြင်း´

လိပ်ကလေးတစ်ကောင်
ပိုးလိုးပက်လက် အိပ်နေတယ်
ဟုတ်တယ်
ထ,မရမယ့် အတူတူ
ယက်ကန်ယက်ကန် မလုပ်တော့ဘူး
ခလော… ခလူး…။

`နိဂုံး´

ဇာတ်ပေါင်းသော်…
သူမနှင့်ကျွန်တော် အချင်းချင်း မြှောက်ခဲ့ကြ
သူမနှင့်ကျွန်တော် အချင်းချင်း စားခဲ့ကြ
ကျွန်တော့်ထဲမှ သူမအား နုတ်လိုက်ရ
သူမထဲမှ ကျွန်တော့်အား နုတ်လိုက်ရ
သူမအဖြစ် ကျွန်တော်၊ ကျွန်တော်အဖြစ် သူမ
ဇာတ်ပေါင်းခဲ့ကြသည်ရှိသော်…။

တေဇာ (လရောင်လမ်း)

Comments

  1. ကဗျာတွေက ကောင်းလိုက်တာ..
    တိုတိုလေးတွေနဲ့ ထိမိတယ်..

    ReplyDelete
  2. ကြိုက်တယ်။ အဲဒီ အရေးအသားတွေ လေးစားမိတယ်။


    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete

Post a Comment