Skip to main content

“ရယ်မောပါ၊ ထို့နောက် တွေးတောပါ”


ဓာတ်ငွေ့ကာမျက်နှာဖုံးအဖြစ် ပြောင်းလဲအသုံးပြုနိုင်သော ဘရာစီယာကို ဖန်တီးခဲ့သူ ဒီဇိုင်းပညာရှင်များနှင့် နွားမများကို နာမည်မှည့်ခေါ်ခြင်းဖြင့် နွားနို့ ပိုမိုထွက်ရှိလာစေသော အချက်ကို ရှာဖွေတွေ့ရှိ ခဲ့ကြသော အဖွဲ့သည် ၂၀၀၉ ခုနှစ်၏ Ig Nobel Prizes ကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါဆု၏ ရည်ရွယ်ချက်မှာ “ပထမ ရယ်မောပါစေ၊ ထို့နောက် တွေးတောပါစေ” ဟူသောရည်ရွယ်ချက်နှင့် ညီညွတ်သည့် အောင်မြင်မှုများကို ဂုဏ်ပြုရန်ဖြစ်သည်။ ငြိမ်းချမ်းရေးဆုသည် ဦးခေါင်းကိုရိုက်ရာတွင် ဘီယာပုလင်းအလွတ်နှင့် ဘီယာအပြည့်ပါသောပုလင်း မည်သည်နှင့်ရိုက်ခြင်းက ပိုကောင်းသလဲ ခွဲခြားသတ်မှတ်ပေးသော ဆွစ်သုတေသနအဖွဲ့တစ်ခုဆီသို့ ရောက်ရှိသွားသည်။

ထိုအခမ်းအနားကို Annals of Improbable Research မဂ္ဂဇင်းမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးပိုင်းတွင် နယူးကာဆယ်တက္ကသိုလ်၏ အစားအသောက်နှင့် ကျေးလက်ဖွံ့ဖြိုးမှုဌာနမှ ဒေါက်ကလပ် (Douglas) နှင့် ရိုလင်ဆင် (Rowlinson) တို့မှာ ဗြိတိန်နိုင်ငံမှ ဆွတ်ခူးနိုင်ခဲ့သူများဖြစ်သည်။


အမေရိကန်ပြည်ထောင်စု ကိန်းဘရစ်ဂ်ျတက္ကသိုလ်တွင် ကျင်းပခဲ့သော အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့သည့် ဒေါက်တာဒေါက်ကလပ်က ယခုကဲ့သို့ရွေးချယ်ခံရခြင်းအတွက် သူမ အလွန်ကျေနပ်မိကြောင်းနှင့် Ig နိုဗယ်ဆု၏ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

နွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ရင်း နာမည်မှည့်ခေါ်ထားသော နွားမများမှာ နို့ပမာဏ ပိုမိုထုတ်လုပ်နိုင်သည်ဆိုသည့် အချက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူမက ပြောပြသည်။ အဆုံးစွန်ရည်မှန်းချက်မှာ “လူသားတိရိစ္ဆာန်ဆက်ဆံရေး” ကို တိုးတက်စေခြင်းဖြင့် လူသားနှင့် တိရိစ္ဆာန်တို့ အကြားမှ ဖိအားနှင့်အကြောက်တရားများ လျော့ပါးမှုကို လေ့လာရန်ဖြစ်သည်ဟု ဆိုသည်။ ထိုလေ့လာမှုအရ ဗြိတိန်နိုင်ငံ၏ မွေးမြူရေးသမား အများစုမှာ မိမိတို့၏ မွေးမြူရေးသတ္တ၀ါများကို လေးစားချစ်ခင်ကြသော ဂရုတစိုက်ရှိသူများသာဖြစ်ကြောင်း ပြသနေသည်ဟု သူမက ဆိုသည်။

သူမရရှိသော ဆုကို ပါစလိန်း၊ ၀န်ဒီနှင့် တီနာဟု နာမည်မှည့်ခေါ်ထားသော နွားမများအတွက် ရည်ညွှန်းသည်ဟု သူမကဆိုသည်။ ကျွန်မသိသမျှ အလိမ္မာဆုံးနွားမတွေပါပဲဟုလည်း ချီးကျူးသွားခဲ့သည်။ Ig နိုဘယ်ဆုများကို အစစ်အမှန်နိုဘယ်ဆုရှင်များက ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ဒေါက်တာ အယ်လီနာဘော့ဒနာက အရေးပေါ်အခြေအနေတွင် ဓာတ်ငွေ့ကာနှာခေါင်းစည်းအဖြစ် ပြောင်းလဲနိုင်သော ဘရာစီယာအတွက် လူထုကျန်းမာရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမက ၎င်းတီထွင်မှုကို သရုပ်ပြသခဲ့ပြီး နိုဘယ်ဆုရှင်များအား တစ်ခုစီ လက်ဆောင်ပေးအပ်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင် ပရော်ဖက်ဆာ မာတင်ကဲဖီးသည် “နိုဘယ်ဆုရှင်များနှင့် တွေ့ဆုံခွင့်” ပြိုင်ပွဲ၏ ယခုနှစ်အတွက်ဆုအဖြစ် ကူညီခဲ့သည်။ ဆုရှင်ဟောင်းများကလည်း အခမ်းအနားကျင်းပရာတွင် တကျော့ပြန် ပါဝင်ကူညီခဲ့ကြသည်။

၎င်းတို့ထဲတွင် ဘဲငန်းရိုင်းများ၏ အသေကောင်များအား လိင်တူဆက်ဆံမှု (Homosexual Necrophilia) ကို ရှာဖွေတွေ့ရှိခဲ့သူ ကီးစ်မိုလီကာ (Kees Moeliker) ၊ မရပ်မနား ဂျို့ထိုးခြင်းအတွက် ကုသနည်းအဖြစ် Digital Rectal Massage ကို တီထွင်ဖန်တီးခဲ့သူ ဒေါက်တာ ဖရန်စစ် ဖက်စမိုင်းယားတို့ ပါဝင်သည်။

ဆုရသူတစ်ဦးစီကို လက်ခံစကားပြောကြားရန် စက္ကန့်ခြောက်ဆယ် ခွင့်ပြုပေးထားသည်။ ထိုအချိန်ကန့်သတ်မှုကို စိတ်မရှည်သည့် (၈) နှစ်အရွယ် မိန်းကလေးတစ်ဦး လက်ခံနိုင်လောက်သော အတိုင်းအတာဖြင့် စီမံထားသည်။

စီးပွားရေးဆိုင်ရာ ဆုကိုမူ အိုက်စလန်ဘဏ် အမှုဆောင်များက ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။ Zimbabwe’s Reserve Bank ၏ အုပ်ချုပ်သူက Denomination ရေးသားရန် ကျယ်ပြန့်သောအကွက်များ ပါရှိသည့် ဘဏ်လက်မှတ်များ ပုံနှိပ်မှုအတွက် သင်္ချာဆိုင်ရာဆုကို ဆွတ်ခူးရရှိခဲ့သည်။

◄ တေဇာ ► အောက်တိုဘာ (၆) ၂၀၀၉
Source: BBC 

Comments

  1. အယ်.....ကိုတေဇာ..အတည်ပေါက်ကြီး..မလုပ်နဲ့လေ...။
    ကလေးတွေ ဆော့နေကြတဲ့ဟာ.......

    ReplyDelete
  2. Ig Nobel Prize ကိုပြောတာလား...။ (ကျွန်တော့်အထင်) ကလေးဆော့တာလောက်တော့ မသေးသိမ်ဘူးဗျ...။ သူ့အဆင့်နဲ့သူတော့ ရှိပါတယ်။ ဆုရသူတွေဟာ တကယ့်သိပ္ပံပညာရှင်တွေ၊ တီထွင်တွေ့ရှိမှုတွေကလည်း ကပ်သီးကပ်ဖဲ့နိုင်ပေမဲ့ တကယ်တမ်း အလုပ်ဖြစ်တဲ့ ဟာတွေချည်းပါပဲ...။ Ig နိုဘယ်ဆုရဲ့ အဆင့် ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျလေး သိရင် ကျွန်တော့်ကို ညွှန်းပေးပါ အစ်ကို...။ ကျွန်တော် လေ့လာကြည့်ချင်ပါတယ်။

    ReplyDelete
  3. အရင်ဆုံး မေတ္တာရပ်ခံချင်တာက နောက်ခံအရောင်ပြောင်းစေချင်တာပါ ။
    ဖတ်ရခက်နေတယ်လေ ။
    ဥပမာ မီးခိုးရောင်လို ၊ မိုပြာရောင် ဖျော့ဖျော့လို ...................

    ReplyDelete

Post a Comment