Skip to main content

နပိုလီယံစိတ္တဇ

အရပ်ပုသူများသည် မကြာခဏဆိုသလို ဟာသလုပ်ခံရလေ့ရှိသဖြင့် “နပိုလီယံစိတ္တဇ” (Napoleon Complex) ဟု အမည်ရသည့် လူပုခြင်းနှင့် စိတ်တိုခြင်းကြား ဆက်နွယ်မှုအကြောင်း ပြောလေ့ရှိကြသည်မှာ ဆန်းတော့ မဆန်းလှပါ။

နပိုလီယံစိတ္တသည် သိမ်ငယ်စိတ်ဝင်ခြင်းတစ်မျိုးကို ခေါ်ညွှန်းသည့် စကားလုံးဖြစ်ပါသည်။ လူဖလံများတွင် ဖြစ်ပွားလေ့ရှိသည့် မိမိတို့၏ အရပ်အမောင်းအားနည်းချက်ကို ကာကွယ်ရန်အစွမ်းကုန်ကြိုးစားမိရင်း လွန်လွန်ကျူးကျူး ရန်လိုဒေါသထွက်တတ်သော အမူအကျင့် ဖြစ်ပါသည်။ “လူဖလံ လက္ခဏာစု” (Little man syndrome) သို့မဟုတ် မြန်မာအခေါ်အားဖြင့် “လူပုစိတ်တို” စသည်ဖြင့် ခေါ်ဆိုနိုင်ပါလိမ့်မည်။


ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၏ အကျိုးဆက်…၊ ရန်လိုစိတ်နှင့် မနာလိုစိတ်


ဟက်စတင်စင်တာ (Hastings Centre) မှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် အဆိုပါအခြေအနေမှာ ငယ်စဉ်ဘ၀ ကာလများမှစတင်၍ ဖွံ့ဖြိုးလာခဲ့သော အကျိုးဆက်တစ်ခုဖြစ်သည်ဟု ဆိုသည်။ လူကောင်ညှက်သော ကလေးငယ်များသည် အတန်းဖော်များ၏ အနိုင်ကျင့်ခြင်း လှောင်ပြောင် စနောက်ခြင်းများ ပြုလုပ်စရာ ပစ်မှတ်များ ဖြစ်ခဲ့နိုင်သည်။ အကျိုးဆက်အားဖြင့် သူတို့သည် အများထက် နိမ့်ကျမှုနှင့် လွှမ်းမိုးခံရမှုတို့၏ နက်ရှိုင်းသောခံစားချက်တစ်ခု ဖွံ့ဖြိုးလာခဲ့သည်။ ထိုမှတစ်ဆင့် စွမ်းအားနှင့် သူတစ်ပါးအပေါ် ချုပ်ကိုင်လိုမှုကို အသည်းအသန် လိုလားရှာဖွေလာကြခြင်းဖြစ်လေသည်။

အရပ်အမောင်းကောင်းသည့် လူများမှာ လူများစုနှင့်ဆက်ဆံလုပ်ကိုင်ရသော နယ်ပယ်များဖြစ်သည့် ခေါင်းဆောင်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်း စွမ်းရည်တို့ကဲ့သို့ ရုံးလုပ်ငန်း၊ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ အလုပ်အကိုင် များတွင် ပိုမိုအောင်မြင်နိုင်ကြောင်း လေ့လာမှုများအရ ပြသနေပေရာ အထက်ပါခံစားချက်သည် အရွယ်ရောက်သည့်တိုင်အောင် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေဆဲ ဖြစ်ပေသည်။

သေးသွယ်သည့်လူများနှင့် ဆက်နွယ်နေသော အခြား မလိုလားအပ်သည့် စရိုက်တစ်ခုမှာ ၎င်းတို့တွင် မနာလိုမစ္ဆရိယစိတ် ပိုမိုများပြားခြင်းဖြစ်သည်ဟု ဂရိုနီဂန် တက္ကသိုလ်မှ ပါမောက္ခ အေဘရာဟန် ဘန့်ခ်၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

သုတေသနပြုသူများ၏ ကွင်းဆင်းလေ့လာမှုတွင် ပါဝင်ကူညီသူ ယောက်ျားမိန်းမ ၁၀၀ ကို စမ်းသပ်ကြည့် သည်။ ယောက်ျားလေးများနှင့် မိန်းကလေးများသည် ချစ်သူစုံတွဲများဖြစ်ပြီး သူတို့၏ သ၀န်တိုသည့် ခံစားချက်နှင့် ဆန့်ကျင့်ဘက်လိင်အုပ်စုထဲတွင် ရောက်ရှိနေချိန်တွင် မိမိတို့၏အဖော်များကို ယုံကြည်မှု မည်မျှ ရှိမရှိကိစ္စနှင့်ပတ်သက်၍ စမ်းသပ်ကြည့်ခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ငါးပေလေးလက်မခန့် အရပ်မြင့်သော ယောက်ျားများသည် ခြောက်ပေခွဲရှိသော ယောက်ျားများထက် မနာလိုဝန်တိုဖြစ်ရန်ဖြစ်နှုန်း ၅၀ ရာခိုင်နှုန်းခန့် ပိုနေသည်ကို တွေ့ရှိရပေသည်။

အငယ်ကောင်မှ ရန်စောင်ခြင်း

ဤနပိုလီယံစိတ္တဇကို တိရိစ္ဆာန်လောက၏ ရန်လိုစိတ်ကို ဖြေရှင်းရာတွင်လည်း အသုံးပြုခဲ့ဖူးသည်။ လက်စလေဆိုသူ ထုတ်ဖော်တင်ပြသကဲ့သို့ အကောင်ကြီးသော ရန်ဘက်သည် အနိုင်ရဖို့အခွင့်အလမ်း ပိုများသော်လည်း သဘာဝစိတ်အားဖြင့်မူ အနိုင်ရရန် အခွင့်အလမ်းနည်းပါးသည့် သေးငယ်သည့်အကောင်က ရန်ပွဲကို စတင်လေ့ ရှိတတ်လေသည်။

“ဒတ်စပီရာဒို အကျိုးဆက်” (Desperado Effect) အပါအ၀င် အခြားသော ခြုံငုံသုံးသပ်ချက် အများအပြားက “ရှုံးနိုင်ခြေပိုများသူက ရန်ပွဲကို စတင်ခြင်းကိစ္စ” နှင့်ပတ်သက်၍ ရွေးချယ်စရာလမ်း မရှိမှုကြောင့်ဟူ၍ ဖြေရှင်းပြသည်။ ချောင်ပိတ်အကိုက်ခံရသော ခွေးပိန်ကလေးက ခွေးကြီးကို စကိုက်သည်ကို နမူနာကြည့်နိုင်သည်။ အခြားသောဖြေရှင်းချက်တစ်ခုတွင် ရှုံးနိမ့်နိုင်ခြေပိုများသူက ရန်စခြင်းသည် မိမိ၏ ပင်ကိုယ်အရည်အသွေးထက် ကြီးကျယ်လိုမှုဖြင့် အောင်ပွဲရရှိရန် အခွင့်အလမ်းကို လွဲမှားစွာ ကံစမ်းမဲဖောက်ကြည့်ခြင်းဖြစ်သည်ဟု ဆိုသည်။

နပိုလီယံနှင့် အခြားသော ခေါင်းဆောင်များ

“နပိုလီယံစိတ္တဇ” ဟူသော အမည်နာမမှာ ၁၉ ရာစုအစောပိုင်းက ပြင်သစ်အင်ပါယာ၏ အရှင်သခင် နပိုလီယံဘိုနာပတ် ဟူသော ဇစ်မြစ်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သိသာပါသည်။ ဤပြင်သစ်အရှင်သခင်ကို သမိုင်းနှင့် လူကြိုက်များသော ယဉ်ကျေးမှုလက်ရာများတွင် ပုံဖော်ရာတွင် ခန့်မှန်းခြေ ငါးပေနှစ်လက်မခန့်သာ အရပ်အမောင်းရှိသည်ဟု အမြဲတမ်းပြသခဲ့ကြသည်။

သို့သော်လည်း အခြားသော သမိုင်းပညာရှင်များကမူ ဤသည်မှာ ယုံတမ်းစကားသာဖြစ်သည်ဟု ထောက်ပြကြသည်။ နပိုလီယံ၏ တကယ့်အရပ်မှာ ငါးပေခြောက်လက်မရှိပြီး ရုပ်ပုံများတွင် အများကြီးပိုပုသွားအောင်ဆွဲထားခြင်းမှာ သူ့ကိုမလိုလားသူများ၏ ၀ါဒဖြန့်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။ တကယ်တော့ နပိုလီယံသည် သူ့ခေတ်သူ့အခါက လူများ၏ ပုံမှန်အရပ်အမောင်းတော့ ရှိခဲ့သည်ဟု ယုံကြည်ရပါသည်။ သူ၏ ကိုယ်ရံတော်များနှင့် နှိုင်းယှဉ်ကြည့်၍သာ သူက အရပ်ပုနေသယောင် ထင်ရခြင်း ဖြစ်သည်။

ဒေါင်ပြည့်ဆိုက်ပြည့်သမားများသည် ခေါင်းဆောင်ကောင်းများဖြစ်သည်ဟူသည့် အခြေခံယူဆချက်တစ်ခု ရှိနေသော်ငြား ကမ္ဘာအရပ်ရပ်ရှိ ခေါင်းဆောင်များတွင် အရပ်အမောင်းကြောင့် ပိုမိုထင်ပေါ်ခြင်းများ ရှိမနေပါ။ သာဓကအားဖြင့် ပြင်သစ်သမ္မတ နီကိုလပ် ဆာကိုဇီမှာ ၅ ပေ ၅ လက်မ၊ အီတလီဝန်ကြီးချုပ် ဘာလူစကိုနီသည် ၅ ပေ ၇ လက်မနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးမှာ ၅ ပေ ၃ လက်မသာ ရှိကြပါသည်။ ထို့ကြောင့်ပင် ထောက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ “နပိုလီယံစိတ္တဇ” မှာ ယနေ့တိုင်အောင် ငြင်းရန်ခုန်ရန်ကောင်းသော အယူအဆတစ်ရပ်အဖြစ် တည်ရှိနေပါသေးသည်။

◄ တေဇာ ► အောက်တိုဘာ (၁၃) ၂၀၀၉
Source: Suite101

Comments

  1. ကိုတေဇာ ရေအဲ့လို အငုံ့စိတ်တွေက
    ဝ တဲ့လူတွေမှာလဲတွေ့ရတယ်
    သူငယ်ချင်း အချို့ရှိတယ်
    တော်တယ်
    ဒါပေမယ့် ဝတယ်
    အဲ့တော့ သူတို့ ကို သူတို့
    အားငယ်သိမ်ငယ်တတ်တယ်
    အဲ့တာနဲ့ ဆက်စပ်ပြီးတော့ရော နည်းနည်းပြောပါအုံး

    ReplyDelete
  2. စာဖတ်သူOctober 13, 2009 at 5:58 PM

    စာတွေ လာလာဖတ်ပြ်ီး တစ်ခါမှ ကျေးဇူးတင်စကားမပြောဖြစ်ခဲဘုး ထင်ပါတယ်။
    ခုလို မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete

Post a Comment