Skip to main content

ပြောင်းလဲတဲ့လူတွေ ပြောင်းလဲသွားတယ်၊ မပြောင်းလဲတဲ့လူတွေက မပြောင်းလဲဘူး (မြင့်သန်း)

ဖီးလစ် အခန်းထဲ ၀င်လာတယ်။ ဘီယာသောက်နေတဲ့ ငြိမ်းမောင်နဲ့ ကျွန်တော့်ကို တွေ့တာနဲ့ ထမင်းသွားစားမယ်လို့ပြောထားတာ၊ မင်းတို့က သောက်နှင့်နေပလားလို့ ပြောတယ်။ မင်းက ခြောက်နာရီ လာခေါ်မှာဆို။ ခု ဘယ်အချိန်ရှိပြီလဲ။ နာရီလေးဘာလေး ၀ယ်ပတ်။ ခြောက်နာရီဆယ့်ငါး ရှိနေပြီတဲ့။ ခြောက်နာရီ၊ ခြောက်နာရီဆယ့်ငါး၊ ခုနစ်နာရီ၊ ဘာဖြစ်တုံး။ နာရီဝက် တစ်နာရီ စောလို့ နောက်ကျလို့ ဘာဖြစ်တုံးလို့ ဖီးလစ်က ပြန်ပက်တယ်။ ဒီတော့ ငြိမ်းမောင်က ပြန်ပြောတယ်။ ငါ့အတွက်တော့ အကြောင်းမဟုတ်ဘူး။ ဒီကောင်က ဆယ်နာရီခွဲလောက်မှာ လူတစ်ယောက်နဲ့ ချိန်းထားတယ်။ စကားပြောစရာ ရှိလို့တဲ့။ ညကြီးမင်းကြီးလို့ အံ့အားသင့်တဲ့အသံ ဖီးလစ်ဆီက ထွက်လာတယ်။ ဒီတော့ ကျွန်တော်လည်း မနေနိုင်ဘူး။ ညကြီးမင်းကြီး စကားမပြောရဘူးလို့ မင့်ကို ဘယ်သူပြောလဲ။ သူလည်း ဒီအချိန်မှ အားတယ်။ ငါလည်း ဒီအချိန်ပဲ အားတယ်။ အားတဲ့အချိန်စကားပြောတာ နေ့ရယ်ညရယ် ရွေးလို့မရဘူးလို့ ၀င်ပြောလိုက်မိတယ်။ ဖီးလစ်က ဘာမှပြန်မပြောတော့ဘူး။ လာ သွားကြမယ်လို့ ပြောတယ်။

ဓာတ်လှေကားထဲမှာ ငါ တခြားသုံးလေးယောက်လည်း ခေါ်ထားတယ်လို့ ဖီးလစ်က ပြောတယ်။ တို့သုံးယောက်တည်း စားမှာမဟုတ်ဘူးလားလို့ ငြိမ်းမောင်က မေးတယ်။ ကျွန်တော်ကတော့ မနက်ဖြန်နံနက် လုပ်စရာရှိတာတွေစဉ်းစားရင်း ဓာတ်လှေကားထဲ ဘယ်အထပ်ရောက်ပြီလဲဆိုတာပြတဲ့ မီးကလေး ပြောင်းသွားတာ ကြည့်နေမိတယ်။ ဖီးလစ်က တို့သူငယ်ချင်းတွေချည်းပါပဲလို့ ပြန်ပြောသံ ကြားလိုက်ရတယ်။ ဓာတ်လှေကားထဲက ထွက်လာပြီး ကားဆီလျှောက်လာရင်း သူက ပြောတယ်။ စစ်စီးလျားက နည်းနည်းနောက်ကျမယ်ဆိုလို့ ငါက အချိန်နည်းနည်း နောက်ရွှေ့လိုက်ရတာပါ။ ငါလည်း တိုင်းကြီးပြည်ကြီးသားပဲ။ အချိန်တော့ လေးစားပါတယ်လို့ ပြောတယ်။ ကားပေါ်တက်တော့မယ်လုပ်ရင်း ကျွန်တော်က မေးလိုက်မိတယ်။ ဘယ်စစ်စီးလျားလဲလို့။ ကားမောင်တဲ့လူဘေးနား ၀င်ထိုင်လိုက်ရင်း ဖီးလစ်က ကားနောက်ခန်းက ငြိမ်းမောင်နဲ့ ကျွန်တော့်ကို တစ်လှည့်ချင်းစီ ကြည့်တယ်။ ပြီးမှ ငြိမ်းမောင်ကို မေးတယ်။ မင်း စစ်စီးလျား ဘယ်နှစ်ယောက်လောက် သိသလဲတဲ့။ ငြိမ်းမောင်က ဘာမှ မဖြေဘူး။ ကျွန်တော့်ကိုကြည့်ရင်း မင်းအဖေကြီးကြိုက်တဲ့ စစ်စီးလျားပေါ့။ ငါ သိတာတော့ ဒီတစ်ယောက်တည်းလို့ ဖီးလစ်ကပဲ ပြန်ဖြေတယ်။

ကျွန်တော်က ပြန်ပြောမယ်လုပ်တုန်း ဖီးလစ်ရဲ့ ကားမောင်းတဲ့လူက ဘယ်သွားမလဲလို့ မေးတယ်။  ဖီးလစ်က ၀က်စတင်ပတ်ဗျူးဆိုသလားပဲ၊ ပြန်ဖြေတယ်။ ဘယ်မှာမှန်းမသိတော့ ဘယ်အထိ သွားရမှာတုန်းလို့ ကျွန်တော်က မေးလိုက်တယ်။ ဖီးလစ်က ပြန်မဖြေခင် ငြိမ်းမောင်က မင်းမသိပါဘူး။ မသိရင် မသိသလိုနေလို့ ငါပြောဖူးတယ် မဟုတ်လား။ တစ်ခါပြောရင် မှတ်ထားမှပေါ့လို့ ၀င်ပြောတယ်။ ပြီးတော့ ဟဲဟဲလို့ ရယ်သေးတယ်။ ကားရှေ့ခန်းက ဖီးလစ်က လှမ်းပြောတယ်။ အဲဒီမှာ ပီကင်းဘဲကင် သိပ်ကောင်းတယ်တဲ့။ ဒီတော့ တိုင်ပင်မထားဘဲ ငြိမ်းမောင်နဲ့ကျွန်တော် ၀ါးခနဲ ရယ်လိုက်မိတယ်။ ကားမောင်းတဲ့လူတောင် လန့်သွားပုံရတယ်။ ဘာဖြစ်လို့တုန်းလို့ ဖီးလစ်က မေးတယ်။ ကျွန်တော်က မဖြေခင် ငြိမ်းမောင်က ဟဲ့ကောင် သေချင်းဆိုးရယ်၊ ဒီကောင်က ဘေဂျင်းက ပြန်လာတာဟဲ့။ ခေါင်းလေးဘာလေး သုံးဦးမှပေါ့လို့ ပြောလိုက်တယ်။ ဒီတော့ ဖီးလစ်က ငါရွေးတာ မဟုတ်ဘူး။ မာဂိုနဲ့ စစ်စီးလျား ရွေးတာတဲ့။ ဒီတော့မှပဲ ဟိုတယ်ကထွက်စက ဖီးလစ်ကို ပြောမယ့်စကား သတိရလိုက်မိတယ်။

ကားက သစ်ပင်အုပ်ထူထူအောက်က ဖြတ်မောင်းလာပြီး၊ မီးထိန်ထိန်လင်းနေတဲ့ ဆိုင်ကြီးတစ်ခုနားဆီ ရောက်လာတယ်။ ဖီးလစ်လို့ ကျွန်တော်က လှမ်းခေါ်လိုက်တယ်။ ကျွန်တော့်ကိုလှည့်မကြည့်ဘဲ ဘာလဲလို့ဖြေရင်း သူ့ကားမောင်းတဲ့လူကို တစ်ခုခု လက်ညှိုးထိုးပြတယ်။ ကားရပ်ဖို့နေရာထင်တယ်။ မင်းခုနပြောတဲ့ ငါ့အဖေကြီးကြိုက်တဲ့ စစ်စီးလျားလို့တော့ မပြောပါနဲ့ကွာ။ နေရင်းထိုင်ရင်း သေသွားတဲ့ငါ့အဖေ နာမည်ပျက်နေပါ့မယ်။ အဖေက ငါနဲ့စစ်စီးလျားကို ယူဖို့ သဘောတူတယ်လို့ ပြောစမ်းပါလို့ ပြောလိုက်တယ်။ ဖီးလစ်က ငါလည်း ဒါပဲပြောတာပဲ။ မင်းဘာသာ ချောတောငေါ့ တွေးနေတာလို့ ပြောတယ်။ ငြိမ်းမောင်က ၀င်မေးတယ်။ မင်းတို့ချင်း အဆက်အသွယ် မရှိဘူးလားတဲ့။ လူချင်းမတွေ့တာ အနှစ်နှစ်ဆယ်လောက် ရှိပြီ။ တယ်လီဖုန်းနဲ့တော့ တစ်ခါနှစ်ခါပြောဖူးတယ်။ နိုင်ငံခြားမှာ ကွန်ဖရင့်လာတုန်းက ထင်တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကားရပ်သွားလို့ အပြင်ဘက်က တစ်ယောက်ယောက်က တံခါးဖွင့်ပေးတယ်။ ကျွန်တော်တို့အားလုံး ဆိုင်ထဲ ၀င်လိုက်ကြတယ်။ ငြိမ်းမောင်ပြောတာ တစ်ခုတော့ မှန်တယ်။ ကျွန်တော် ဘယ်နေရာရောက်နေမှန်း မသိဘူး။

ဆိုင်ထဲက တစ်နေရာမှာတော့ ဆယ်ယောက်စာတစ်ဝိုင်း အသင့်လုပ်ထားတယ်။ နံရံဘက်နားဆီမှာ ခြောက်ယောက်က ရောက်နှင့်နေပြီ။ စစ်စီးလျားရယ်၊ မာဂိုရယ်၊ ညိုတို့လင်မယားရယ်တော့ ကျွန်တော် သိတယ်။ ကျန်တဲ့အမျိုးသမီးနှစ်ယောက်တော့ ကျွန်တော် မသိဘူး။ ညို့ယောက်ျားက ထပြီး လက်ဆွဲနှုတ်ဆက်တယ်။ သူတို့လင်မယားနှစ်ယောက်စလုံးက ဗိသုကာပညာရှင်တွေ။ အခု ကိုယ်ပိုင်လုပ်ငန်းနဲ့ သိပ်အောင်မြင်နေကြတာ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ညိုကို ကိုကျော်စွာမပါဘူးလားလို့ ပြောရင်း လှမ်းပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ကျွန်တော်တို့ အသိုင်းအ၀ိုင်းကြားက ရယ်စရာလေးတစ်ခု။ ညို့ကို စနေကျ ပျက်လုံးကလေး။ ကိုကျော်စွာက ချစ်ဦးညိုလို့ နာမည်ယူပြီး စာရေးကတည်းက ကျွန်တော်တို့တတွေ ညိုနဲ့တွေ့တိုင်း ကိုကျော်စွာမပါဘူးလားလို့ နောက်လေ့ရှိတယ်။ အယ်ဒီနဲ့ညိုနဲ့ လက်ထပ်တော့တောင် ကျွန်တော်တို့ အယ်ဒီကို နောက်ကြတယ်။ မင်းက လူသာရတာပါ။ နာမည်ကိုတော့ ကိုကျော်စွာယူသွားတာ ကြာပြီလို့။ အဲဒီတုန်းက အယ်ဒီကလည်း ဦးကျောက်လုံးလေမျိုးနဲ့ ပြန်ပြောတယ်။ အစ်ကိုကြီးကလည်း ဒါလေးပဲ လိုချင်တာပါတဲ့။

ညို့ယောက်ျားက ကျွန်တော်နဲ့မသိတဲ့ အမျိုးသမီးနှစ်ယောက်နဲ့ မိတ်ဆက်ပေးပြီးတော့ စစ်စီးလျားနဲ့ မာဂိုကို လှမ်းကြည့်ရင်း ငါ မိတ်ဆက်ပေးရဦးမှာလားလို့ မေးရင်း ရယ်တယ်။ ကျွန်တော့်အမြင်ထဲမှာ အမျိုးသမီးတွေအားလုံးဟာ ဆန်းနေသလိုပဲ။ ခေတ်မီမီ ဆံထုံး ထုံးထားကြတယ်။ မြန်မာမဂ္ဂဇင်းအဖုံးတွေမှာ တွေ့ရတတ်တဲ့ ဆံပင်ဖားလျား၊ ဗြဲလျှမ်းကြီးတွေနဲ့မျိုး မဟုတ်ဘူး။ ဆံပင်အတုကြီးတို့၊ တိုစိစိတို့လည်း မဟုတ်ဘူး။ တစ်ခုတော့ ရှိတယ်။ အားလုံးက လူလတ်ပိုင်းလို့ ခေါ်ရမယ့်အရွယ်မှာ။ အားလုံးက ပညာတတ်တွေချည်းပဲ။ ရုတ်တရက် ကျွန်တော့်စိတ်ထဲမှာ အတိတ်က ကာလတစ်ခုကို ရောက်သွားသလိုပဲ။ မာဂိုကို လက်ဆွဲနှုတ်ဆက်ရင်း စစ်စီးလျားကို ပြုံးပြလိုက်မိတယ်။ ငါ့လည်း ပြုံးပြလို့ရပါတယ်ဟာလို့ မာဂိုက နောက်တယ်။ စစ်စီးလျားဘေးက လွတ်နေတဲ့ခုံမှာ ငြိမ်းမောင် ၀င်ထိုင်တော့မယ်လို့ လုပ်နေတယ်။ ညိုက ဟဲ့ငြိမ်းမောင် ဒီဘက်မှာ ထိုင်ပါလား။ နင် ဘယ်တော့မှ ကိုယ့်နေရာကိုယ်မသိဘူးလို့ လှမ်းနောက်လိုက်တယ်။ ငြိမ်းမောင်တို့များ အချိန်တွေ ပြောင်းသွားပေမယ့် ထိုင်စရာ ရှာမရသေးဘူးလို့ မာဂိုက ၀င်ပြောတယ်။

စစ်စီးလျားက တရုတ်ဖဲလိုမျိုး ကျောက်စိမ်းရင့်ရင့်အရောင်၊ ကော်လံအတိုနဲ့ အင်္ကျီဝတ်ထားတယ်။ ကျွန်တော်က ဟေး စစ် လို့ ခေါ်ရင်း ဘယ်လက်ကို ကမ်းလိုက်တယ်။ သူက ဟေးလို့ ပြန်ခေါ်ရင်း ဘယ်ဘက်လက်နဲ့ လှမ်းနှုတ်ဆက်တယ်။ အယ်ဒီနဲ့ငြိမ်းမောင်ကြားမှာ ထိုင်နေတဲ့ ဖီးလစ်က ငြိမ်းမောင် မင်းလွတ်လွတ်ကင်းကင်းနေ။ ဓားသမားတွေ သတ်ကြတော့မှာလို့ ပြောတယ်။ မာဂိုက ရယ်တယ်။ ကျွန်တော်နဲ့ စစ်စီးလျားက ဓားသမားတွေနှုတ်ဆက်သလို ဘယ်လက်နဲ့ နှုတ်ဆက်လေ့ရှိတာ ဖီးလစ်တို့အားလုံး သိကြတယ်။ ဓားသမားတွေဟာ ညာလက်က ဓားကိုင်ထားတော့ ဘယ်လက်နဲ့ နှုတ်ဆက်တတ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အနိုင်ပြိုင်ကြမှာ ဆိုပေတဲ့ ရိုသေသမှု၊ လေးစားသမှု ပြလေ့ရှိတယ်။ စစ်စီးလျားနဲ့ ကျွန်တော်က ငယ်ငယ်ထဲက ဒီလိုနှုတ်ဆက်လေ့ရှိတယ်။ မာဂိုက ဒွန်ပဲရညော်တစ်လုံး ငါယူလာတယ်လို့ ပြောတယ်။ စစ်စီးလျားနဲ့ကျွန်တော် စကားမပြောဖြစ်သေးဘူး။ မာဂိုဘက်လှည့်ပြီး နင်ဘယ်က ရသလဲလို့ မေးလိုက်မိတယ်။ ဒီတော့ ငြိမ်းမောင်က မင်းဒီမှာ ဘာလိုချင်သလဲ။ အကုန်ရတယ်လို့ ပြောတယ်။ မာဂိုက စစ်စီးလျား ကျောဘက်ကနေ စစ်စီးလျားကို လက်ညှိုးထိုးရင်း ဒါတော့မပါဘူးလို့ ပြောပြီး ရယ်တယ်။

စစ်စီးလျားက ကျွန်တော့်လက်မောင်းကို ပုတ်လိုက်တယ်။ ပြီးတော့ စားပွဲအောက်ကို လက်လျှိုပြီး ပုလင်းတစ်လုံး ဆွဲထုတ်လိုက်တယ်။ နင် ရွှေလိမ္မော်တော့ သောက်သေးတယ်မဟုတ်လားလို့ မေးတယ်။ ပုလင်းကို ပြတယ်။ ကျွန်တော်လည်း မသောက်ရတာကြာပြီမို့ သောက်ချင်နေတယ်။ ညိုတို့က ထမင်းစားပြီးသောက်ဖို့ နပိုလီယွန်တစ်လုံး စားပွဲပေါ် တင်လိုက်တယ်။ ဒီတော့ ဖီးလစ်က တို့ကတော့ သောက်ရုံသက်သက်ပဲ။ ငါ ဒီမှာ ကာဗာနေ ဆာဗစ်ညော်သုံးလုံးနဲ့ ရှာဒနေသုံးလုံး ပေးထားတယ်။ သူတို့ ယူလာလိမ့်မယ်။ ငြိမ်းမောင်ကတော့ စားတာတွေ ငါပေးပါ့မယ်လို့ ပြောတယ်။ ဒီမှာတင် သူပေးမယ် ငါပေးမယ် ဖြစ်ကုန်ရော။ ကျွန်တော်ကတော့ ပြုံးမိတယ်။ အခုမှ တွေ့ရ၊ သိရတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တက္ကသိုလ်က ပါမောက္ခဆိုတဲ့ အမျိုးသမီးကိုကြည့်ပြီး ပြောလိုက်မိတယ်။ ဒီတစ်သိုက်ဆုံရင် ဒီလိုပဲ။ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူးလို့။ ပြီးတော့ မင်းတို့ ဘယ်သူမှမပေးနဲ့၊ ငါ ပေးမယ်။ ငါက တစ်ခါတလေမှ မင်းတို့နဲ့ တွေ့ရတာလို့ ပြောလိုက်မိတယ်။ ဟယ် မဟုတ်ဘဲလို့ ညိုက ၀င်ပြောသေးတယ်။ နင် လျှာမရှည်နဲ့လို့ ကျွန်တော်က ၀င်ပြောလိုက်ရင်း နင်တို့တတွေ ပြောင်းကိုမပြောင်းဘူး။ ဟိုတုန်းကလိုပဲလို့ ထပ်ပြောလိုက်မိတယ်။

ပျော်ပွဲစားရုံက ကောင်ကလေး၊ ကောင်မလေးတွေက ရှန်ပိန်ထည့်ပေးတယ်။ ဒီလိုနဲ့ စကားဝိုင်း စိုပြေသွားတယ်။ နောက်တော့ ၀ိုင်ဆက်သောက်ကြတယ်။ စစ်စီးလျားကို ရွှေလိမ္မော်တော့ ငါယူသွားပါရစေလို့ ပြောလိုက်တယ်။ နင့်အတွက်ပဲ ငါယူလာတာလို့ ပြောတယ်။ `ဒီဟာနင့်အတွက်´ ဆိုတဲ့ ၀တ္ထုထဲကလိုပေါ့လို့ တက္ကသိုလ်က ပါမောက္ခဆိုတဲ့ အမျိုးသမီးက လှမ်းပြောတယ်။ အားလုံးရယ်တော့ စစ်စီးလျားက အေမီ၊ အဲဒီစာတွေ သိပ်မဖတ်နဲ့လို့ လှမ်းပြောလိုက်တယ်။ တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတာတော့ အစုံပဲ။ စားပွဲထိုး အကြီးအကဲနဲ့တူတဲ့ တရုတ်ကြီးက ဘဲကိုလှီးရင်း ပြင်ဆင်ပေးတယ်။ ဘဲကိုကြည့်ရတာ အတော့်ကို အရသာရှိမယ်လို့ တရုတ်ကြီးကို ကျွန်တော်က မန်ဒရင်လို ပြောလိုက်တယ်။ တရုတ်ကြီးက အရှည်ကြီး ပြန်ပြောတယ်။ ဘာမှန်းမသိဘူး။ ဒီတော့ ကျွန်တော် မန်ဒရင်းလို ဒီနှစ်ခွန်းပဲတတ်တယ်လို့ ပြန်ပြောလိုက်ရတယ်။ တရုတ်ကြီးက ရယ်တယ်။ အားလုံးက အံ့အားသင့်နေကြတယ်။ မာဂိုက ဘယ်လိုဖြစ်တာလဲ၊ အရင်က တရုတ်စာတောင် မစားတဲ့လူက အခု တရုတ်လိုပြောနေပါလားလို့ ပြောတယ်။ ဟဲ့ မာဂို၊ အနှစ်သုံးဆယ်လောက် ကြာသွားပြီိလို့ ပြောပြီး၊ စိတ်ပေါက်ပေါက်နဲ့ လူပျိုလူလွတ်သာဆိုရင် တရုတ်မတောင် လိုချင်သေးတယ်လို့ ပြောလိုက်မိတယ်။ ပသျှူးမ ချောချောကြီးရော မလိုချင်ဘူးလားလို့ သူက ပြန်ပက်တယ်။

စစ်စီးလျားကို နင်ကတော့ ပြောင်းလဲမသွားဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ နင်ကတော့ တအားပြောင်းလဲသွားတယ်လို့ သူက ပြောပြီး မတွေ့တာလည်း ကြာပြီကိုးလို့ ဆက်ပြောတယ်။ ငယ်ငယ်တုန်းကအကြောင်းတွေ ဆက်ပြောကြတယ်။ သူနဲ့ကျွန်တော်ကို သူ့ဖက်၊ ကျွန်တော့်ဖက်က မိဘတွေက ယူစေချင်ကြတယ်။ ကျွန်တော်တို့မှာကလည်း တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းထက်ပို ချစ်ကြည့်လို့ မရဘူး။ တစ်ခါတလေ နည်းနည်းပါးပါး ပိုကောင်းပိုတာ ရှိမယ်။ ပုံမှန်ကတော့ သူငယ်ချင်းလိုပဲ။ ဒီတော့လည်း အတော့်ကိုရှင်းရခက်တဲ့ ကိစ္စတစ်ခု။ ဒီအကြောင်းတွေကတော့ ကျွန်တော်တို့ အပေါင်းအသင်းတွေကြားမှာ ပြောလို့ပြီးမှာမဟုတ်တဲ့ အကြောင်းတွေပဲ။ ၀ိုင်ပုလင်းအလွတ်တွေ များလာတယ်။ ညိုက အားလုံးကို စကားဖြတ်ပြီး မေးတယ်။ စစ်စီးလျားအမေရှိတုန်းက ငါ့ကို တစ်ခုပြောဖူးတယ်။ တစ်ခါတလေ နင်တို့နှစ်ယောက်သား ညဖက်အပေါ်ထပ် ၀ရန်တာမှာ ထိုင်ပြီး မနက်နှစ်နာရီသုံးနာရီလောက်အထိ စကားပြောကြတယ်ဆို။ ဘာတွေပြောကြတာလဲ။ ကျွန်တော်နဲ့ စစ်စီးလျား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ စစ်စီးလျားကပဲ ဖြေလိုက်တယ်။ အစုံပဲတဲ့။ နင်တို့ တခြားကိစ္စမပြောကြဘူးလားလို့ ဖီးလစ်က ၀င်မေးတယ်။ ဘာကိစ္စလဲလို့ ကျွန်တော်က မေးလိုက်တယ်။ ဒီတော့ အယ်ဒီက သူပြောနေကျ ဦးကျောက်လုံးလေနဲ့ အစ်ကိုကြီးလိုချင်တာကလည်း ဒါလေးပါပဲကွယ်ဆိုတာမျိုးကွာလို့ ၀င်ပြောတယ်။

ကျွန်တော်နဲ့ စစ်စီးလျား တစ်ယောက်ကိုတစ်ယောက် ကြည့်မိပြန်တယ်။ ပြိုင်တူလို ခေါင်းခါဖြစ်သွားကြတယ်။ တို့ပြောတဲ့အထဲမှာ ညအကြောင်းပါတယ်။ သီချင်းအကြောင်းပါတယ်။ ၀တ္ထုတွေအကြောင်းပါတယ်။ သူငယ်ချင်းတွေအကြောင်း ပါတယ်။ အစုံတော့ အစုံပဲလို့ စစ်စီးလျားက ဖြေတယ်။ ဖီးလစ်က တောက်တစ်ချက်ခေါက်လိုက်ရင်း ဒါပဲလားလို့ မေးတယ်။ ဒါပဲတော့ မဟုတ်ဘူးလို့ ကျွန်တော်က ကြားဝင်လိုက်တယ်။ စစ်တစ်ယောက် ဆေးကျောင်းရောက်တော့ အသက်ရှင်တဲ့အကြောင်း၊ သေတဲ့အကြောင်းတွေ တို့ပြောကြတယ်။ ငါက သေတာရှင်တာဟာ ဆေးပညာနဲ့မဆိုင်ဘူးလို့ပြောတာကို သူက မခံနိုင်ဘူး။ သေသွားတာ၊ ရှင်နေတာဟာ လူရဲ့သိမှုက ကန့်သတ်တဲ့အပိုင်းပဲ။ လူဟာ စဉ်ဆက်မပြတ်ဖြစ်နေတာ တစ်ခုပဲ။ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်ဘူး။ အဲဒါကို သူနဲ့ငါ ထိုင်ထိုင်ပြီးငြင်းကြတယ်။ ကျွန်တော်က ၀ိုင်နည်းနည်းထပ်သောက်လိုက်တယ်။ ပြီးတော့ ဆက်ပြောလိုက်ပြန်တယ်။ သေတာဟာ ဖြစ်စဉ်တစ်ခု ရပ်သွားတာ၊ ပြတ်သွားတာပဲ။ လူတစ်ယောက်သေသွားလို့ ၀မ်းနည်းဖို့ကောင်းတာက နောင်ကို ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူးဆိုတာပဲ။ ကျွန်တော်ပြောနေတုန်း ငြိမ်းမောင်က ဒီနားလောက်မှာရပ်ရင် ကောင်းမယ်ကွာ။ မင်းတို့ဟာ သူငယ်ချင်းတွေပြန်ဆုံတုန်း သေတဲ့အကြောင်းကို မြိန်ရည်ရှက်ရည်ပြောနေကြတာ မဟုတ်သေးပါဘူးတဲ့။ ဖီးလစ်က death itself is part of romantic process ဆိုတာပေါ့လို့ ၀င်ပြောတယ်။

ငြိမ်းမောင်က ဖီးလစ်ဘက်ကိုလှည့်ပြီး မင်းဒီအထဲ ၀င်မပါနဲ့။ သောက်မှာသောက်လို့ ဟောက်လိုက်တယ်။ တစ်ခုတော့ ငါပြောရဦးမယ်။ အဲဒီတုန်းက မင်းတို့နှစ်ယောက်သား လေပစ်နေကြရင် တစ်အိမ်လုံး ကော်ဖီနံ့ကို မွှေးနေတာပဲလို့ စစ်စီးလျားအစ်မကြီး မဂ်ဒလင်ရှိတုန်းက ပြောဖူးတယ်။ ဟုတ်လားလို့ ငြိမ်းမောင်က ဆက်မေးတယ်။ ဟုတ်တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ပြင်ဦးလွင်က သူ့အဖေခြံထွက် ကော်ဖီစေ့တွေကို ကြိတ်တာ။ သိပ်ကောင်းတာပဲ။ တို့နှစ်ယောက်သောက်တာ တစ်ညကို နှစ်အိုးသုံးအိုးလောက် ကုန်တယ်။ ၀ရန်တာပေါ်မှာ လျှပ်စစ်မီးဖို အသေးလေးနဲ့ မီးမျှင်မျှင်ကလေးနဲ့ ထားတော့၊ နွေးလည်းနွေးတယ်။ မွှေးလည်းမွှေးတယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ အက်လို့ အယ်ဒီကို ဖီးလစ်က လှမ်းခေါ်လိုက်တယ်။ မင်းကလေးတွေ သူတို့နဲ့ မတွေ့စေနဲ့။ သူတို့ရဲ့ မဟုတ်ကဟုတ်ကအမြင်တွေ လွှမ်းမိုးသွားမယ်လို့ အင်္ဂလိပ်လို လှမ်းပြောလိုက်တယ်။ တက္ကသိုလ်က ပါမောက္ခဆိုတဲ့ အမျိုးသမီးက ရယ်တယ်။ ဟုတ်တယ်လို့ ဖီးလစ်က သူ့ဘာသာပြောလိုက်တယ်။ ပြီးတော့မှဆက်ပြီး မည်းမှောင်နေတဲ့ညမှာ ဘာမှ အရသာမရှိတဲ့ ကော်ဖီမည်းမည်းကိုသောက်ပြီး သေတဲ့အကြောင်း၊ ကဗျာအကြောင်းများ ဇိမ်ခံပြောရတယ်လို့လို့ ပြောတယ်။ သူ့ရှေက ၀ိုင်ခွက်ကို လှမ်းယူပြီး သောက်လိုက်တယ်။

စားရင်းသောက်ရင်း ပြောရင်းဆိုရင်း အချိန်ကုန်လို့ ကုန်မှန်းမသိဘူး။ အစာပိတ် ဒဇက်စားကြတယ်။ ငြိမ်းမောင်က နာရီကြည့်ပြီး ဆယ်နာရီထိုးတော့မယ်လို့ ကျွန်တော့်ကို သတိပေးလိုက်တယ်။ အယ်ဒီက အစောကြီးရှိသေးတယ်လို့ ပြောတယ်။ ဒီကောင် ဟိုတယ်ကို ဆယ်နာရီအရောက်ပြန်ရမယ်။ ချိန်းထားတာရှိသေးတယ်လို့ ငြိမ်းမောင်ကပဲ ၀င်ဖြေတယ်။ ဒီလိုဆို ကော့ညှက်သောက်ကြရအောင်လို့ အယ်ဒီက ပြောတယ်။ ဆိုင်က ကောင်ကလေးတွေက ကော့ညှက်ခွက်တွေ ချပေးတယ်။ ခွက်တွေထဲ ကော့ညှက်စတိဖြည့်လိုက်ပြီး၊ အယ်ဒီကပဲ `တို့အားလုံးအတွက်´ လို့ ခွက်မြှောက်ပြီး ဆုတောင်းလိုက်တယ်။ ကျွန်တော်လည်း ခွက်ထဲက ကော့ညှက်ကို တစ်ခါတည်းမော့သောက်လိုက်ပြီး ထိုင်ရာက ထလိုက်တယ်။ ငြိမ်းမောင်နဲ့ ဖီးလစ်လည်း ထတော့ အားလုံး မတ်တပ်ထလိုက်ကြတယ်။ အားလုံး အပြန်အလှန် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ စစ်စီးလျားကိုလည်း လက်ဆွဲနှုတ်ဆက်ရင်း ငါသွားဦးမယ်။ စကားပြောစရာရှိလို့ ချိန်းထားတာရှိတယ်လို့ ပြောလိုက်တယ်။ ဘယ်အချိန်လဲလို့ သူက မေးတယ်။ ဆယ်နာရီခွဲလောက်မှပါလို့ မရေမရာ ကျွန်တော် ဖြေလိုက်မိတယ်။ အားလုံးက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေကြတယ်။ ဖီးလစ်က ဒါပဲလား။ ရိုမဲင်တစ် ဂွတ်ဘိုင်လေး ဘာလေး မပါဘူးလားလို့ လှမ်းမေးလိုက်တယ်။ ငါတို့အကြားမှာရှိတဲ့ ရိုမဲတစ်က ပွင့်လင်းမှုပဲ၊ ဘာမှ စိတ်ကူးယဉ်စရာမပါဘူးလို့ စစ်စီးလျားက ဖြေလိုက်တယ်။ ဘ၀ဆိုတာ စိတ်ကူးယဉ်စရာမရှိဘူးလို့ ဒီနှစ်ကောင်ပြောတာ အကြိမ်ကြိမ်ပဲ။ နင် တစ်ခါမှ မကြားဖူးဘူးလား ဖီးလစ်လို့ မာဂိုက ၀င်ပြောလိုက်သေးတယ်။

ဟိုတယ်ပြန်ရောက်တော့ ဆယ်နာရီသာသာကလေးပဲ ရှိသေးတယ်။ ငြိမ်းမောင်ကတော့ ခေါင်းမထောင်နိုင်တော့ဘူး။ ကားပေါ်က ကျွန်တော်ဆင်းတော့ သူအိပ်ပျော်နေပြီ။ ကျွန်တော်က ဖီးလစ်ကိုနှုတ်ဆက်ရင်း ငြိမ်းမောင်ကို သူ့တိုက်ခန်းအထဲအထိ လိုက်ပို့ပေးဖို့ မှာလိုက်ရသေးတယ်။ ဟိုတယ်ရှေ့ ဧည့်ခံကောင်တာမှာ ညဘက်တာဝန်ကျတဲ့ မန်နေဂျာမလေးဆီက အခန်းသော့ယူရင်း မနက်က ကျွန်တော်မှာထားတာတွေ၊ ပြင်ဆင်ထားဖို့ သတိထပ်ပေးလိုက်တယ်။ ကျွန်တော်လည်း အခန်းထဲရောက်တော့ လန်းဆန်းသွားအောင် ရေချိုးလိုက်မိတယ်။ ရေချိုးပြီး အ၀တ်လဲနေတုန်း ဖုန်းမြည်လာတယ်။ ကောက်ကိုင်လိုက်တော့ ဟိုတယ်ဧည့်ခံကောင်တာက ညဘက်တာဝန်ကျတဲ့ မန်နေဂျာမလေးရဲ့အသံ ကြားရတယ်။

`အန်ကယ်၊ အန်ကယ့်မိတ်ဆွေ ဒေါက်တာ စစ်စီးလျား ရောက်လာပါပြီ။ မှာထားတဲ့ ရေကန်စောင်းက စားပွဲမှာ နေရာချထားပါတယ်။ အန်ကယ်မှာထားတဲ့အတိုင်း ကော်ဖီတစ်အိုးလည်း အခုပဲ ချထားလိုက်ပါတယ်။ ကော့(ဒ)လက်(စ)ဖုန်းတစ်လုံးလည်း ချထားပါတယ်။ လိုရမယ်ရပါ။ ရူး(မ)ဆားဗစ်က တစ်ညလုံးရှိပါတယ်။ လိုတာမှာပါ။ ကောင်းသောညနေခင်းပါ အန်ကယ်´

မြင့်သန်း
သြဂုတ် ၂၀၀၄၊ စတိုင်သစ်

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA