Skip to main content

ကမ္ဘာဖောက်ခြင်း

အံ့ဘနန်းခဏမှာ
အနာဂတ်ဟာ
အနက်နဲ့ကာထားတယ်။


ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ နည်းနည်းတော့ ကြီးမားတယ်လို့ ပြောချင်ပြောနိုင်တယ်။ အသေးအမွှားကိစ္စပါလို့ သတ်မှတ်မယ်ဆိုလည်း ဖြစ်တာပဲ။ သေချာတာက အဆုံးစွန် စိတ်လှုပ်ရှားဖို့ကောင်းမယ် ဆိုတာပါပဲ။ ဒီလို..။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာမြေကြီးထဲက ခိုးထုတ်ဖို့ ကြံစည်နေတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ ထိပ်တန်းလျှို့ဝှက် ကိစ္စကြီးတစ်ခုပဲ။ ကျွန်တော် အဲဒါကို ဘယ်သူ့ကိုမှ ထုတ်မပြောဘူး။ တစ်ယောက်တည်းကြိတ်ပြီး အကောင်းဆုံးနည်းလမ်းတစ်ခုကို အသေအချာ ပြင်ဆင်စဉ်းစားနေခဲ့တယ်။ ဘယ်လိုပြောမလဲ၊ ထောင်ဖောက်ပြေးဖို့ ကြံစည်နေတဲ့ အကျဉ်းသားလိုပေါ့။ ဘ၀တူ အကျဉ်းသား တစ်ယောက်ယောက်ကိုလည်း ထုတ်ဖော်မတိုင်ပင်ရဲဘူး။ မတော် သတင်းသွားပေးရင် မခက်ဘူးလား။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ကိုယ်ကောင်းခပ်ဆန်ဆန်လေ။ ဒါတွေအသာထား၊ ဒီကိစ္စမှာကျတော့ တိုင်ပင်လို့ကို မဖြစ်နိုင်သလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်ကလူအများစုက မိမိကိုယ်ကိုယ် အကျဉ်းကျနေတယ်လို့ မခံစားရလို့ပဲ။ ကျွန်တော် ကမ္ဘာကိုဖောက်ပြီးပြေးဖို့ ကြံစည်နေကြောင်း ဖွင့်ဟမိတာနဲ့ ကျွန်တော့်ကို အရူးထောင်ထဲ ထည့်ထားလိုက်နိုင်တယ်။ ဒါဆို အဆိုးဆုံးအခြေအနေ ရောက်သွားမယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် မရူးကြောင်းသေချာအောင်လို့ အရူးထောင်တွေကိုတီထွင်ခဲ့ကြတာလို့ ကျွန်တော်ဖတ်ဖူးတယ်၊ ထားပါတော့။ လိုရင်းကတော့ ကျွန်တော် ဒီက ထွက်သွားတော့မယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်နေတယ်လို့တော့ ခင်ဗျား မတွေးစေချင်ဘူး။ ဒီစကားလုံးက ရင့်သီးလွန်းတယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော် လူသတ်သမား မဟုတ်ပါဘူး။ ဒီနေရာက လွတ်မြောက်ဖို့ ဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတဲ့ ပုစ္ဆာကို ကျွန်တော် အဖြေရှာနေရုံလေးပါ။


ကျွန်တော်က သိပ်ပြီး ကြောက်တတ်သူတော့ မဟုတ်ဘူး။ တစ်ဖက်မှာ မကြောက်ချင်ဟန်ဆောင်တတ်သူလည်း မဟုတ်ပြန်ဘူး။ နာကျင်ခံစားရရင် သက်ရှိတွေမှာ ရင်ခုန်သံမြန်လာတာ၊ အသက်ရှူမြန်လာတာ၊ အကြောတွေ တွန့်လာတာ၊ အသားတွေ တဆတ်ဆတ်တုန်လာတာ၊ မျက်နှာအမူအရာ မဲ့ရွဲ့လာတာတွေဟာ ကိုယ်ထိန်းချုပ်လို့မရတဲ့ `အလိုအလျောက်တုံ့ပြန်မှု´ (Motor) တွေလို့ ကျွန်တော်နားလည်ထားတယ်။ ဆော့ခရိတ္တိ သစ်ဆိပ်ရည်သောက်ပြီး အကြောဆွဲခဲ့တာဟာ သူ့ရဲ့ သူရသတ္တိနဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ ဒီတော့လည်း ကျွန်တော်က ကြောက်လှလို့မဟုတ်ဘဲ နာကျင်မှုကို မလိုလားရုံပါလို့ ဆိုရမယ်။ သေပုံသေနည်းအမျိုးမျိုးကို အင်တာနက်ကနေအသေးစိတ် ကျွန်တော်လေ့လာခဲ့တယ်။ သက်တောင့်သက်သာဖြစ်မယ့်ဟာမျိုး၊ နာကျင်မှုမရှိတဲ့ သေနည်းမျိုးကို ကျွန်တော် ရှာဖွေခဲ့တယ်။ ဒါပေမဲ့လို့ ကျွန်တော်တွေ့ရသလောက်က သေခြင်းတရားဟာ မချိမဆန့်တွေပဲ များတယ်။ ကားကြိတ်လို့ အပြားလိုက်ဖြစ်သွားသူ၊ ကျောက်တုံးပိလို့ ကျေမွပျက်စီးသွားသူ၊ အမြင့်ကပြုတ်ကျလို့ ဦးနှောက်တွေ ပြန့်ကျဲသွားသူ၊ မီးသွေးခဲဖြစ်သွားသူ၊ ရထားကြိတ်လို့ အသားပုံကြီးအဖြစ် ကျန်ရစ်ခဲ့သူ၊ လျှာတစ်တောင်လောက်ထွက်၊ မျက်လုံးတွေ အပြင်ထွက်ကျလုမတတ်ပြူးပြီး ကြိုးမှာတွဲလောင်းဖြစ်နေသူ စသည်ဖြင့် သေပုံအမျိုးမျိုးကို ကျွန်တော် စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။

ကျွန်တော် မကြောက်ပါဘူး။ ဒါပေမဲ့ စောစောကပြောသလိုပေါ့၊ ချွေးစေးတွေ သူ့အလိုလို ထွက်လာတယ်။ ရင်ခုန်သံတွေ အလိုလို ကျယ်လာတယ်။ ကျွန်တော့်သူငယ်အိမ်တွေဟာ သူ့အလိုလို ပြူးကျယ်ဝိုင်းစက် နေလိမ့်မယ်ထင်တယ်။ ကျွန်တော် ဒီလွတ်မြောက်နည်းတွေကို မကြိုက်သေးဘူး။ ဟဲမင်းဝေးလို ပါးစပ်ထဲကို သူ့အချစ်တော်သေနတ်ပြောင်းလေးထည့်ပြီး မောင်းဖြုတ်ချလိုက်နိုင်ရင်လည်း ကောင်းသား။ ဦးနှောက်တွေ ပေပွသွားလို့ အမြင်တော့ဆိုးချင်ဆိုးမယ်၊ ကျည်ဆန်က ဦးနှောက်ကို တိုက်ရိုက်ဖျက်ဆီးလိုက်မှာဆိုတော့ နာကျင်မှုမရှိဘူး။ ဒါပေမဲ့ ဟဲမင်းဝေးလို သေနတ်တွေ အများကြီးရှိတဲ့အထဲက အကြိုက်ဆုံးအချစ်တော်သေနတ်လေးနဲ့ ရွေးပစ်ဖို့မပြောနဲ့ ကျွန်တော့်မှာက ယမ်းသေနတ်တောင်မှ မရှိဘဲ။ တကယ်တမ်းကျတော့ ကျွန်တော့်အကြံအစည်က ထင်သလောက်မလွယ်ဘူး ဖြစ်နေခဲ့တယ်။ ဒါတော့ ဒါပေါ့လေ၊ ထောင်ကိုတောင် အလွယ်တကူ ဖောက်ပြေးလို့မှ မရတာ၊ [လုံးဝမရနိုင်သလောက်ပါပဲ၊ ရုပ်ရှင်ထဲမှာသာ ဖောက်နေကြတာမဟုတ်လား] အခုဟာ ကမ္ဘာကြီးကိုတောင် ဖောက်ရမှာဆိုတော့ ဒီလောက်ဘယ်လွယ်ပါ့မလဲ။ ကျွန်တော်လည်း သေသေချာချာ အကွက်ချစီမံရတော့တယ်။

ရေနစ်တဲ့ ဖြစ်စဉ်ကို ကျွန်တော်ပထမဆုံး လေ့လာကြည့်မိတယ်။ စစချင်း ရေနစ်တဲ့သူဟာ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားတယ်လို့ ဆိုတယ်။ ယေဘုယျကြာချိန် စက္ကန့် (၃) ကနေ စက္ကန့် (၉၀)။ တစ်မိနစ်ခွဲဆိုတာ သိပ်တော့မတိုလှဘူး ထင်တယ်။ ဒါတောင် တကယ်နစ်တဲ့အချိန်ကျမှ စမှာ။ မနစ်ခင်ကို ရေကိုလက်ပမ်းကျအောင် ကူးနေရဦးမှာ။ ဟုတ်တယ်လေ၊ ဇနက္ကမှမဟုတ်ဘူး၊ ကျွန်တော်ဆိုလည်း ကူးမိမှာပဲ။ ကိုယ်က ရည်ရွယ်ချက်ရှိရှိ ရေထဲရောက်နေတာဆိုပေမဲ့ ရေကို အသာတကြည်နစ်သွားလို့ ရတာမျိုးမှမဟုတ်တာ။ အသက်ရှင်ကျန်လိုစိတ်ဟာ ဗီဇစိတ်ဖြစ်လို့ ကျွန်တော်ကူးရမယ်။ အမောဆို့ချိန်ကျမှ စက္ကန့် (၉၀) က ထပ်စောင့်ရဦးမယ်။ ရေနစ်ပြီး မသေဘဲကျန်သူတွေရဲ့ ပြောပြချက်အရ တစ်စစီကွဲပျက်လောင်ကျွမ်းသွားတဲ့ ခံစားမှုမျိုး ခံစားရတယ်လို့ သိရတယ်။ ဘာကိုဆိုလိုမှန်း အတိအကျ မသိပေမဲ့ နားဝင်မချိုတာတော့ အမှန်ပဲ။ အဲဒါပြီးရင် ငြိမ်သက်တည်ငြိမ်သွားတဲ့ ခံစားချက် ကပ်လိုက်လာမယ်။ အောက်ဆီဂျင်ငတ်မွတ်မှုက အသိစိတ်ကို ပျောက်ဆုံးစေပြီး နှလုံးရောဦးနှောက်ပါ ရပ်တန့်သွားလိမ့်မယ်။ ဒါဟာ ကျွန်တော်လိုချင်တဲ့ နည်းလမ်းမျိုး မဟုတ်သေးဘူး။ ပြီးတော့ ရေနစ်တဲ့လူတွေရဲ့ ပုံတွေကိုကြည့်ရတာ ကိုယ့်လျှာကိုယ် ပြတ်ထွက်လုမတတ် ပြန်ကိုက်ဖြတ်ထားတာ၊ ရေနေသတ္တ၀ါတွေက ပွဲတော်တည်ထားတာ စသည်ဖြင့် တည်ငြိမ်သပ်ရပ်တဲ့အလောင်းမျိုး ဖြစ်ခဲတာတွေ့ရတယ်။ ဒီတော့လည်း တခြားတစ်နည်း စဉ်းစားရတော့တယ်။

လူသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်တဲ့ ကြိုးဆွဲချတာကို ဆက်လေ့လာမိတယ်။ သူက အစဉ်အလာ သေဒဏ်ပေးနည်းစနစ်ဆိုတော့ သိပ်တော့ ရက်စက်မယ့်ပုံမရဘူးလို့ ထင်မိတယ်။ လည်ပင်းအစ်လို့ သေရတာဖြစ်ပြီး ဆယ်စက္ကန့်လောက် အချိန်ယူရတယ်လို့ ဆိုထားတယ်။ မဆိုးဘူး၊ ရေနစ်ရတာထက်စာရင် အများကြီးသက်သာတယ်။ ဒါပေမဲ့ ကြိုးကွင်းက လျော့ရဲရဲဖြစ်နေရင် မိနစ်ပိုင်းအထိ ကြာသွားနိုင်တယ်လို့ဆိုတယ်။ ဒါတော့ ပြဿနာရှိတယ်။ မတော် ငါးမိနစ်လောက် ဆန့်ငင်ဆန့်ငင်ဖြစ်နေမှ ရေနစ်တာထက် အများကြီးပိုဆိုးသွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်ဆိုတော့ တင်းတင်းကြပ်ကြပ်ကြီး စီရင်ရမှာလည်း ခက်တယ်။ လည်ပင်းရိုးကျိုးသွားအောင် ရည်ရွယ်ပြီး ကြိုးရှည်ရှည်သုံးပြီး ဆွဲချကွပ်မျက်ခဲ့တဲ့ တရားခံတွေကို လေ့လာကြည့်တော့ ငါးယောက်မှာလေးယောက်က အသက်ရှူကြပ်ပြီးပဲ သေတာလို့ ဖော်ပြထားတယ်။ ဒီနည်းကိုသုံးရမှာက အန္တရာယ်များလွန်းသလို ဖြစ်နေတယ်။ ပြီးတော့ လျှာကြီးတန်းလန်းထွက်ကျပြီး ကျန်ရစ်သူတွေကို  လှောင်ပြောင်သလိုဖြစ်နေမှာလည်း အားနာတယ်။ ဘရိတ်ဓားလေးသုံးပြီး သွေးလွန်အောင်လုပ်ဖို့ကလည်း ထင်သလောက် မလွယ်ပြန်ဘူး။ စုစုပေါင်း ကိုယ်တွင်းကသွေး အနည်းဆုံးနှစ်လီတာလောက် အပြင်ရောက်ဖို့ လိုနေတယ်။ အဲဒီသွေးနှစ်လီတာက ဘယ်လောက်မြန်မြန်ထွက်မှာလဲ။ အဲဒီအတောအတွင်း အကူအညီမတောင်းမိအောင် နေနိုင်ဖို့က မလွယ်ပြန်ဘူး။ အားနည်းမယ်၊ ရေငတ်မယ်၊ စိုးရိမ်ပူပန်မှုတွေကို ခံစားရမယ်လို့ ဆိုထားသေးတယ်။ နောက်ဆုံး အိပ်ချင်မူးတူးနဲ့ ရှုပ်ထွေးနောက်ကျပြီး သတိလစ်သွားမယ်။ သွေးတွေအိုင်ထွန်းနေရင်လည်း ကောင်းပါ့မလားပဲ။
ကျွန်တော် စိတ်ဝင်စားမိတဲ့ နောက်နည်းလမ်းတစ်ခုကတော့ ဓာတ်လိုက်တာပဲ။ အိမ်တွင်းမှာ ဓာတ်လိုက်ခံရရင် နှလုံးသွေးရပ်သွားမယ်၊ (၁၀) စက္ကန့်အတွင်း သတိလစ်သွားမယ်လို့ ဆိုတယ်။ နှလုံးနဲ့ဦးနှောက်ဆီကို တိုက်ရိုက်ဗို့အားပြင်းပြင်းဖြတ်မှ ချက်ချင်းနီးနီး သတိမေ့မယ်။ အသေအချာ စီမံထားတဲ့ လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးတဲ့လူတွေကိုကြည့်တော့ အသက်ရှူကြပ်မှုနဲ့ ဦးနှောက်အပူလောင်မှုတို့ကြောင့်ပဲ တကယ်တမ်းအားဖြင့် သေရတာဖြစ်နေတယ်။ အစစ်အမှန်လို့ယူဆရတဲ့ ဗီဒီယိုတစ်ခုမှာ ခံရတဲ့အကျဉ်းသားဟာ မျက်လုံးထဲက သွေးတွေထွက်လာတာ တွေ့ရတယ်။ တစ်ကိုယ်လုံးကိုလည်း လှုပ်မရအောင် တုပ်ထားရတယ်။ အိမ်သုံးလျှပ်စစ်နဲ့သာ အလိုက်ခံမယ်ဆို ချက်ချင်းသေဖို့ အတော်လေးခဲယဉ်းနေတာ တွေ့ရတယ်။ မိုးကြိုးအပစ်ခံဖို့ကျတော့လည်း ကံအတော်လေးကောင်းမှ ဖြစ်မယ်။ ထောင်ဖောက်ဖို့ ကြိုးစားရတာကမှ လွယ်ချင်လွယ်နေမလား မသိဘူး။ ကမ္ဘာကြီးထဲက ခန့်ခန့်ညားညားနဲ့ သက်တောင့်သက်သာ လွတ်မြောက်ဖို့အရေးက ထင်သလောက်တော့ မလွယ်ဘူးဆိုတာ ကျွန်တော် သိလာရတယ်။

မီးလောင်တဲ့ဖြစ်စဉ်ကိုလည်း ကျွန်တော် အလွတ်မပေးခဲ့ပါဘူး။ အကွက်စေ့အောင်လို့တော့ တီးခေါက်ကြည့် သေးတယ်။ တကယ်တော့ မီးလောင်ပြီးသေရတာက ဝေဒနာအခံစားရဆုံး အသက်ထွက်နည်းပဲ။ ထွန့်ထွန့်လူးနေရမယ့် ကိစ္စပဲ။ မီးက အရည်ပြားကိုပဲ အဓိကလောင်တာဆိုတော့ အသက်နဲ့အဝေးကြီးလို ဖြစ်နေတယ်။ သေနိုင်တဲ့ အဓိကကိုယ်အင်္ဂါတွေကို တိုက်ရိုက်မထိခိုက်ဘူး။ မီးလောင်ခံလိုက်ရတဲ့ အရည်ပြားကလည်း နာကျင်မှုကိုအာရုံခံဖို့ အရမ်းလွယ်ကူသွားတယ်လို့ ဆိုတယ်။ အပြင်းအထန် ဝေဒနာခံစားရမယ်။ နောက်ဆုံး သေရတဲ့အကြောင်းရင်းကျတော့ အဆိပ်သင့်ဓာတ်ငွေ့တွေ ရှူမိလို့ အသက်ရှူကြပ်ပြီးသာ သေရတာတဲ့။ ဒီလို မဖွယ်မရာသေနည်းမျိုးနဲ့တော့ ယောင်လို့တောင် မသေမိဖို့အရေးကြီးတယ်။ နောက်တစ်ခုကတော့ ပြင်သစ်က ခေါင်းဖြတ်စက်တွေအကြောင်းပဲ။ လူဟာ ခေါင်းပြတ်သွားတာတောင် ချက်ချင်းမသေတာ သိရတော့ ကျွန်တော်လည်း မအီမလည်ဖြစ်မိတယ်။ ဇတ်ကြောပြတ်ပြီး ခဏအကြာအထိ  သတိမလစ်သေးဘူးလို့ ဆိုတယ်။ ဦးနှောက်ဟာ (၇) စက္ကန့်အကြာထိ အလုပ်လုပ်နေဆဲလို့ ကျွမ်းကျင်သူတွေက တွက်ချက်တယ်။ မျက်လုံးနဲ့ပါးစပ်လှုပ်ရှားမှုတွေကို စက္ကန့် (၃၀) အထိ မြင်ရတဲ့ သာဓကတွေ ရှိတယ်။ ခေါင်းဖြတ်စက်နဲ့ စနစ်တကျ ဖြတ်ပေးတာတောင် ဒီလောက်ကြာနေရင် ကိုယ့်ဘာသာကြိုးစားရင်တော့ အတော် ဆိုးဆိုးရွားရွားတွေ ဖြစ်သွားနိုင်တယ်။ ကျွန်တော်က ကြောက်တတ်တဲ့လူ မဟုတ်ပေမဲ့ မလိုအပ်ဘဲလည်း မစွန့်စားချင်ဘူး။ ရှင်းရှင်းပြောရရင်တော့ မနာချင်တာ အဓိကပဲပေါ့။ ဒါပေမဲ့ နောက်ဆုံးတော့ အသင့်တော်ဆုံးဖြစ်မယ့် အဖြေတစ်ခုကို ကျွန်တော်ရခဲ့ပါတယ်။ အမြင့်တစ်နေရာက ပြုတ်ကျရင် ချက်ချင်းသေတယ်ဆိုတဲ့အချက်ကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ဒီတံတားကြီးပေါ်ကို ကျွန်တော်ရောက်လာခဲ့တယ် ဆိုပါတော့။ ဒီနေရာက တစ်ကမ္ဘာလုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အများဆုံးလို့ အလွန်နာမည်ကြီးတဲ့ နေရာပေါ့။ ကျွန်တော်ကတော့ သတ်သေဖို့ မဟုတ်ပါဘူး။  အဆုံးစီရင်တယ်လို့ ပြောချင်ပြော၊ ခရီးသွားတစ်ဦးလို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်။ အချက်အလက်တွေကို အသေအချာပြန်လည်စိစစ်ပြီး ကျွန်တော်စဉ်းစားနေလိုက်တယ်။ တံတားပေါ်ကနေ ရေမျက်နှာပြင်ကိုထိဖို့ အကွာအဝေး ၂၄၅ ပေကို တစ်နာရီ ၇၄ မိုင် အလျင်နှုန်းနဲ့ ကျမှာဆိုတော့ ပျမ်းမျှ လေးစက္ကန့်ကြာမယ်။ ဒီအလျင်နှုန်းနဲ့သာ ကျရင် ရေပြင်ဟာလည်း သမံတလင်းပေါ်ကျတာနဲ့ မခြားဆိုပဲ။ မပြောကောင်းမဆိုကောင်း အဲဒါနဲ့မသေခဲ့ရင်တောင် အောက်က ရေက မခံနိုင်လောက်အောင် အေးနေလို့ မကြာခင်သေသွားလိမ့်မယ်လို့ ဆိုတယ်။ သေရန်သေနှုန်းက ၉၈% ဆိုတော့ အားရစရာကြီးပဲ။ ဒီလောက်အဆင်ပြေတဲ့ အခွင့်အရေးမရှိနိုင်တော့ဘူး။ အချက်အလက်တွေအတိုင်း ချက်ချင်းသေမယ်ဆို သွေးရူးသွေးတန်းဖြစ်ချိန် ၄ စက္ကန့်ပဲ တောင့်ခံရလိမ့်မယ်။ ကျွန်တော် အစွန်းမှာ ရပ်လိုက်တယ်။ အချိန်သိပ်ဆွဲနေလို့ မဖြစ်ဘူး၊ မတော် တစ်ယောက်ယောက်တွေ့သွားရင် ခက်မယ်။ ဒီကမ္ဘာကြီးက လွတ်မြောက်ဖို့ လက်တစ်ကမ်းအကွာကိုရောက်နေပြီလို့ ကျွန်တော်ခံစားရတယ်။ လေက အေးခဲနေပေမယ့် ကျွန်တော် ချွေးစေးတွေထွက်နေတယ်။  ကြောက်လို့တော့ မဟုတ်ပါဘူး။ ချွေးက သူ့အလိုလိုထွက်တာပဲ၊ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှုပဲ၊ ကျွန်တော်ဘာတတ်နိုင်မှာလဲ။ ဒူးတွေလည်း အလိုလိုတုန်နေလို့ မခုန်ခင် ပြုတ်ကျသွားမှာလည်း စိုးရိမ်ရသေးတယ်။ အောက်မှာ မှောင်မဲနေတယ်။ လက်ရန်းကို ဆွဲလိုက်တယ်။ ကဲ..ကြာတယ်ကွာ ခုန်မယ်။ ခုန်တယ်ကွာ ဘာဖြစ်လဲ။

တစ်စုံတစ်ရာ လစ်ဟာသွားသလို ကျွန်တော့်အသည်းထဲ အေးခနဲခံစားလိုက်ရတယ်။ ဘာတဲ့၊ အဆုတ်ကွဲကြေခြင်း၊ နှလုံးပေါက်ခြင်း၊ နံရိုးများကျိုးကာ ကိုယ်တွင်းကလီစာတစ်ခုခုကို စိုက်ဝင်...။ ချက်ချင်းသေမှာဆိုပေမဲ့ နာတော့နာဦးမယ် ထင်တယ်။ ထင်တာမဟုတ်ဘူး၊ သေချာပါတယ်၊ နာမှာပါပဲ။ ချက်ချင်းဆိုတာ အတိအကျဆိုရင် ဘယ်လောက်ကြာမှာလဲ။ တစ်စက္ကန့်ရဲ့ ဘယ်နှစ်ပုံလဲ၊ ဒါကို ကျွန်တော်မသိဘူး။ မျက်လုံးတွေ အလိုလိုပြာလာတယ်။ ကူကယ်ရာမဲ့ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်တယ်။ အတော်ကြီးနောက်ကျသွားပြီမှန်းသိပေမယ့် ကျွန်တော်လက်ကို ယောင်ယမ်းနောက်ပြန်စမ်းမိတယ်။ မရတော့ပါဘူး။ ကမ္ဘာမြေကြီးနဲ့ ကျွန်တော် တစ်စက္ကန့်လွဲသွားပြီ။ ကမ္ဘာဟာ နောက်မှာကျန်ခဲ့ပြီ။ ပြီးတော့ ကမ္ဘာပေါ်မှာအကျဉ်းကျနေတဲ့ ကျွန်တော်ကိုယ်တိုင် ကျန်ခဲ့ပြီ။ ကျွန်တော့်ရုပ်ပုံလွှာ လေးတွေဟာ ကျွန်တော့်အသိဉာဏ်ထဲမှာ ဖျပ်ခနဲ ဖျပ်ခနဲ။ ဒါလေးပဲလား၊ ဘာမှမဟုတ်တော့ဘူးလား။ ဒီလိုပဲ ပြီးသွားရတာပဲလား။ ၀မ်းနည်းသထက် ၀မ်းနည်း၊ ခြောက်ခြားသထက် ခြောက်ခြား။ ဟိုမှာ သိပ်အေးနေတယ်။ သိပ်ကြောက်ဖို့ ကောင်းတယ်။ ကျွန်တော့်ရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းဟာ ဘယ်သူမှမတွေ့နိုင်တဲ့ ပင်လယ်ထဲအထိ ချောချောမောမော မျောသွားနိုင်ပါ့မလား။ ဒါတွေက အရေးမကြီးတော့ပါဘူး။ အလောင်းပါဆိုမှ ပိုင်ဆိုင်မှုပြနာမ်စားနဲ့ တွဲသုံးဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကို ကျွန်တော် စောစောတုန်းက ဘာလို့မတွေးမိခဲ့တာလဲ။ ဒီက လွတ်မြောက်လည်း ဟိုဘက်ခြမ်းမှာ ဘာမှမရှိတော့ဘူး။ ခန္ဓာကိုယ်က အောက်ကိုကျနေပေမယ့် ကျွန်တော့်စိတ်က အပေါ်ကိုပဲ အပြင်းထန်ဆုံး လှည့်ပြန်နေတယ်။ တကယ်တော့ အကြောက်တရားကိုယ်တိုင်ဟာ `အလိုအလျောက် တုံ့ပြန်မှု´ တစ်ခုပဲ။ ဟုတ်တယ်၊ သေခြင်းတရားကို ကျွန်တော်တုံ့ပြန်နေတာ။ ကျွန်တော် ကြောက်ရမယ်။ သူရသတ္တိနဲ့ မဆိုင်လှပါဘူး။ ကျွန်တော် တံတားပေါ်ပြန်ရောက်မှ ဖြစ်မယ်။ ကျွန်တော် ကမ္ဘာပေါ်မှာ နေဦးမှ ဖြစ်မယ်။ ကျွန်တော့်အော်သံနဲ့ အမှောင်နဲ့ ဘယ်ဟာပိုနက်တယ်ဆိုတာ မသိတော့ဘူး။ တခြားတစ်နည်း ရွေးခဲ့မိရင်ကောင်းသား။ ဟုတ်တယ်၊ ကျွန်တော် တခြားနည်း ရွေးတာပဲ ကောင်းမယ်။

>>>>>>>>

အပြန်ကျတော့ ကျွန်တော် တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးလာခဲ့မိတယ်။ အမြင့်က ပြုတ်ကျသူတွေရဲ့ ပြောပြချက်အရ `အချိန်နှေးကွေးသွားတဲ့ အာရုံတစ်မျိုး´ ခံစားရတယ်ဆိုထားတော့၊ ကြာချိန် လေးစက္ကန့်ဟာ ဘာထူးတော့မှာလဲ။ ရေနဲ့ထိလို့ ချက်ချင်းသေတယ်ထားဦး လေထဲက ဧရာမလေးစက္ကန့်မှာ ဒီလိုတွေ တသီတတန်းကြီး လျှောက်တွေးနေ၊ ခံစားနေမိမှာပဲ။ အကြာကြီး ကြာမှာပဲ။ အံမာ.. သံဝေဂတွေတောင် ရချင်ရနေမိဦးမှာ။ လေးစက္ကန့်ကြီးများတောင် သွေးရူးသွေးတန်း နေရမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အရှုံးပေးဦးမှာ မဟုတ်ဘူး။ ကျွန်တော်က မကြောက်တတ်ပေမယ့် ကမ္ဘာကိုဖောက်ပြီး ပြေးဖို့ကိစ္စက တော်တော်စွန့်စားရမယ့်ပုံ ရှိတယ်။ ကျွန်တော့်လျှို့ဝှက်ချက်ကိုသိသွားတဲ့ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို အရူးထောင်ထဲထည့်ဖို့တော့ အစီအစဉ်မရှိလောက်ဘူးလို့ မျှော်လင့်ပါတယ်။

တေဇာ (လရောင်လမ်း)
Image: www.static-romance.org

Comments

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA