Skip to main content

အချစ်နှင့် ထိတွေ့ခြင်း [၁] (Samsa in Love)

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာ အဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။

အိပ်ယာပေါ်မှာ ကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ၊ နေရာတိုင်းမှာတွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။ အရင်သုတ်ထားခဲ့တာကတော့ အဖြူ၊ ဒါမှမဟုတ် နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖုံတွေ အညစ်အကြေးတွေ တင်နေခဲ့လို့ အခုတော့ နို့ညစ်ရောင်ပေါက်နေပြီ။ ဖွဲ့နွဲ့ပြောပလောက်စရာ အဆင်တန်ဆာလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယူဆစရာ၊ ငြင်းခုန်စရာ တစ်ခုမှ မရှိဘူး။ တည်ဆောက်ပုံအပိုင်းမှာ မျက်နှာကြက်တစ်ခုရဲ့ တာဝန်ကျေပေမယ့် ဒီထက်ပိုပြီး ဘာမှဆက်မျှော်လင့်လို့ မရတော့တဲ့ ပုံစံမျိုး။

သူ့ဘယ်ဘက်က အခန်းနံရံမှာတော့ ခပ်ရှည်ရှည် ပြတင်းပေါက်တစ်ခုရှိနေတယ်။ ဒါပေမဲ့ လိုက်ကာမရှိဘဲ သစ်သားပြားထူထူတွေကို ကန့်လန့်ဖြတ်ပြီး သံနဲ့ရိုက် ကာထားတယ်။ ကန့်လန့်ဖြတ် သစ်သားပြားတွေရဲ့ ကြားမှာ တစ်လက်မ၀န်းကျင်လောက် ဟနေတယ်၊ တမင်ဟထားတာ ဟုတ်မဟုတ်တော့ မသိရဘူး။ အဲဒီကြားကနေ နံနက်ခင်း ရောင်ခြည်တွေ ဖောက်ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ အလင်းလှိုင်းတွေ အပြိုင်တောက်ပနေတယ်။ ပြတင်းပေါက် ဇကာက ဘာလို့ ဒီလောက်တောင် ပုံပန်းကြမ်းတမ်းနေရတာလဲ။ မုန်တိုင်း၊ ဒါမှမဟုတ် လေဆင်နှာမောင်း ကြီးကြီးတစ်ခု မကြာခင်တိုက်တော့မှာမို့လို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက် ၀င်လာလို့မရအောင် တားဆီးထားတာမျိုးလား။ ဒီလိုမှမဟုတ်လည်း တစ်ယောက်ယောက် (သူကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်မယ်) ဒီအခန်းထဲက ထွက်မသွားနိုင်အောင် အတားအဆီးလုပ်ထားတာမျိုးလား။

ကျောခင်းလျက်သားပုံစံနဲ့ပဲ သူ့ခေါင်းတွေကို ဖြည်းဖြည်းလှည့်ပြီး ကျန်တဲ့ အခန်းနေရာတွေကို လေ့လာကြည့်လိုက်တယ်။ သူအိပ်နေတဲ့ ကုတင်ကလွဲလို့ တခြား ပရိဘောဂတစ်ခုမှ သူ, မမြင်ရဘူး။ ထိုင်ခုံ၊ စားပွဲ၊ အံဆွဲ ဘာတစ်ခုမှ မရှိဘူး။ နံရံပေါ်မှာလည်း ပန်းချီကား၊ နာရီ၊ မှန် ဘာတစ်ခုမှ မရှိဘူး။ မီးအိမ်၊ ဒါမှမဟုတ် မီးရောင်လည်း မရှိဘူး။  ကြမ်းပြင်ပေါ်မှာလည်း ကော်ဇော၊ ကြမ်းခင်း ဘာမှမရှိဘူး။သစ်သားကြမ်းပြင်ချည်းသက်သက်ပဲ။ နံရံတွေကိုတော့ ရှုပ်ရှုပ်ထွေးထွေးဒီဇိုင်းနံရံကပ်ပိုစတာတွေနဲ့ ကာထားတယ်။ ဒါပေမဲ့ ဟောင်းနွမ်းလှပြီဆိုတော့ မှိန်ပြပြအလင်းရောင်အောက်မှာ ဖျော့တော့နေတာ ဘာဒီဇိုင်းမှန်းတောင် မမြင်ရတော့ဘူး။

ဒီအခန်းက တစ်ချိန်ကတော့ သာမန်အိပ်ခန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။ အခုတော့ လူသားတစ်ယောက် အသုံးပြုခဲ့တယ်ဆိုတဲ့ အရိပ်အယောင် တစ်ခုမှ မရှိတော့ဘူး။ တစ်ခုတည်း ကျန်တဲ့အရာကတော့ အခန်းအလယ်က သူအိပ်နေတဲ့ ကုတင်ကြီးပဲ ထီးထီးရှိတယ်။ ကုတင်ဆိုပေမဲ့ အိပ်ယာခင်းထားတာ မရှိဘူး၊ အိပ်ယာခင်းမရှိ၊ စောင်မရှိ၊ ခေါင်းအုံးမရှိ။ ဖျာဟောင်းကြီးတစ်ချပ်ပဲ ရှိတယ်။

ဆမ်ဆာတစ်ယောက် သူဘယ်ရောက်နေလို့ ဘာလုပ်ရမယ်ဆိုတာကို မသိတော့ဘူး။ အခုသူ ဂရီဂေါ်ဆမ်ဆာဆိုတဲ့ လူတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ သိတယ်။ ဒါကို သူ ဘယ်လိုလုပ် သိတာလဲ၊ တစ်စုံတစ်ယောက်က သူအိပ်ပျော်နေချိန်မှာ သူ့နားနားကို တီးတိုးပြောခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဂရီဂေါ်ဆမ်ဆာ မဖြစ်ခင်က သူက ဘယ်သူလဲ၊ သူ ဘာဖြစ်ခဲ့တာလဲ။

ဒါပေမဲ့ ဒီမေးခွန်းကို စပြီး စဉ်းစားလိုက်တာနဲ့ ခြင်တွေ အုပ်လိုက်ကြီး သူ့ခေါင်းထဲမှာ လှည့်ပျံနေသလို ခံစားရတယ်။ တ၀ီဝီ အော်မြည်နေတဲ့ ခြင်အုပ်ကြီးဟာ သူ့ဦးနှောက်ရဲ့ ပိုမိုပျော့ပြောင်းတဲ့ အပိုင်းကို ရွေ့လာစဉ်မှာ ပိုပြီး ထူထပ်သိပ်သည်းလာတယ်။ ဆမ်ဆာလည်း စဉ်းစားတာကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခုအခြေအနေမှာတော့ တစ်ခုခုကို စဉ်းစားဖို့ ကြိုးစားတာဟာ မနိုင်ဝန်ထမ်းရသလို အရမ်းကို ခပ်ခဲပင်ပန်းလွန်းတယ်လေ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်ခန္ဓာကို ရွေ့လျားနိုင်ဖို့ ကြိုးစားရမှာပဲ။ ဒီနေရာမှာပဲ မျက်နှာကြက်ကို ကြောင်စီစီ ကြည့်ပြီး တစ်သက်လုံး နေသွားလို့မှ မဖြစ်တာ။ ဒီပုံစံနဲ့ နေရတာ သူ့အတွက်တော့ အရမ်းအကာအကွယ်မဲ့နေသလိုပဲ။ တိုက်ခိုက်မှုတစ်ခုခုရှိလာရင်၊ ဥပမာ အသားစားငှက်တွေပဲဆိုပါစို့၊ သူ့အတွက် အသက်ရှင်ဖို့လမ်း မမြင်ဘူး။ ပထမဆုံးအနေနဲ့ သူ့လက်ချောင်းလေးတွေကို လှုပ်ဖို့ ကြိုးစားကြည့်တယ်။ စုစုပေါင်း ဆယ်ချောင်း၊ သူ့လက်နှစ်ဖက်မှာ တွဲကပ်နေတဲ့ ခပ်ရှည်ရှည်အရာတွေ။ တစ်ခုစီမှာ အဆစ်ကလေးတွေအများအပြား တပ်ဆင်ထားလို့ လှုပ်ရှားမှုတွေကို ဟန်ချက်ညီအောင်လုပ်တာမှာ အရမ်းရှုပ်ထွေးလွန်းလှတယ်။ ပိုဆိုးတာက သူ့ကိုယ်ခန္ဓာကိုယ်က စေးပျစ်ပျစ်ကပ်စီးစီး အရည်တစ်ခုထဲ နစ်မြုပ်နေသလို ထုံထိုင်းနေတာပဲ၊ ဒီတော့လည်း သူ့ကိုယ်ခန္ဓာ အစွန်အဖျားပိုင်းတွေဆီ အားအင်ထုတ်လွှတ်ဖို့ ခက်ခဲလွန်းနေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အကြိမ်ကြိမ် အချည်းအနှီးကြိုးစားပြီးနောက်တော့ သူ့မျက်လုံးတွေကို မှတ်လိုက်ပြီး စိတ်ကို စုစည်းလိုက်တဲ့အခါမှာ သူ့လက်ချောင်းလေးတွေကို နည်းနည်းပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ဖြည်းဖြည်းချင်းပဲ လက်ချောင်းလေးတွေကို ဘယ်လိုလှုပ်ရမလဲဆိုတာကို သူလေ့လာတယ်။ လက်ချောင်းလေးတွေကို လှုပ်ရှားနိုင်လာစဉ်မှာပဲ၊ သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံထားတဲ့ ထုံထိုင်းမှုတွေဟာ ပျောက်ကွယ်သွားတယ်။ အဲဒီအချိန်မှာတော့ ဒီရေအကျမှာ ပေါ်ထွက်လာတဲ့ မကောင်းဆိုးရွားဆန်တဲ့ နက်မှောင်မှောင်သန္တာ ကျောက်တန်းတစ်ခုလို၊ မခံမရပ်နိုင်တဲ့ နာကျင်မှုတစ်ခု ရောက်ရှိလာတော့တယ်။

အချိန်နည်းနည်း ယူလိုက်တော့မှ အဲဒီ နာကျင်မှုဟာ ဆာလောင်မှုမှန်း ဆမ်ဆာသိလာတယ်။ အစားအသောက်ကို ဒီလောက်ဆာလောင်ပြင်းပြနေတဲ့ ဆန္ဒဟာ သူ့အတွက်တော့ အသစ်အဆန်းပဲ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အခုလိုမျိုး တစ်ခုခု သူခံစားခဲ့ဖူးတယ်လို့ သူ, မမှတ်မိတော့ဘူး။ တစ်ပတ်လောက် ဘာတစ်ခုမှ တစ်လုတ်တစ်ဆုပ် မစားခဲ့ရသလိုပဲ။ သူ့ကိုယ်ခန္ဓာအလယ်ခေါင်ဟာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသလိုပဲ။ သူ့အရိုးတွေက ဂေါင်ဂင်၊ သူ့ ကြွက်သားတွေက မာကျစ်ကျစ်၊ သူ့ကလီစာတွေက တဆတ်ဆတ်။
နာကျင်မှုကို ဒီထက်ပို မခံနိုင်တော့တဲ့အဆုံး ဆမ်ဆာလည်း သူ့တံတောင်ဆစ်တွေကို ဖျာပေါ်မှာ ထောက်ပြီး တဖြည်းဖြည်း တွန်းထဖို့ ကြိုးစားလိုက်တယ်။ ဒီလိုလုပ်နေတုန်း သူ့ကျောရိုးကတော့ တဂျွတ်ဂျွတ်အသံတွေ ခပ်တိုးတိုးထွက်နေတယ်။ ဘုရားရေ၊ ငါဒီမှာလှဲနေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလို့ ဆမ်ဆာ တွေးမိတယ်။ သူ့ကိုယ်ခန္ဓာကိုယ်ကတော့ လှုပ်ရှားမှုတစ်ခုချင်းစီကို တားဆီးထားတယ်။ ဒါပေမဲ့ သူကလည်း လုံးဝအလျှော့မပေးဘဲ အားအင်တွေကို စုစည်းတယ်၊ နောက်ဆုံးမှာ ထိုင်လျက်အနေအထား ရောက်လာတဲ့အထိပဲ။

သူ့ ၀တ်လစ်စလစ်ကိုယ်ခန္ဓာကို ဆမ်ဆာ စိတ်ပျက်လက်ပျက်နဲ့ ငုံ့ကြည့်မိတယ်။ ဖွဲ့စည်းပုံက ဘယ်လောက် ချိနဲ့လိုက်သလဲ။ ဖွဲ့စည်းပုံ ချိနဲ့တယ်ဆိုတာထက်ကို ပိုတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နည်းလမ်း တစ်ခုမှ ရှိမနေတဲ့ ကိုယ်ခန္ဓာမျိုး။ ချောမွေ့တဲ့ အဖြူရောင်အရည်ပြား (ဟိုတစ်စ ဒီတစ်စ အမွှေးအမျှင်လေးတွေ ရှိတယ်) ၊ ဖောက်ထွင်းပြီး မြင်နေရတဲ့ အပြာရောင် သွေးကြောတွေ၊ ပြီးတော့ နူးညံ့ပြီး အကာအကွယ်မရှိတဲ့ ၀မ်းဗိုက်၊ ရယ်ချင်စရာနဲ့ မဖြစ်နိုင်လောက်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ လိင်အင်္ဂါ၊ ပိန်တာရိုး လက်မောင်းနဲ့ ခြေထောက်တွေ (နှစ်ခုစီပဲပါတယ်) ၊ အချိန်မရွေး ကျိုးသွားနိုင်တဲ့ လည်ပင်းရိုး၊ ပြီးတော့ ထိပ်မှာ ထိုးထိုးထောင်ထောင် ရှုပ်ပွပွအမွှေးတွေပါတဲ့ ပုံပျက်ပန်းပျက် ဦးခေါင်း အကြီးကြီး၊ ကမာခွံနှစ်ခုလို ကိုးရို့ကားယား နားရွက်နှစ်ဖက် ထိုးထွက်နေတယ်။ ဒီဟာကြီးက တကယ်ကို သူပဲလား။ ဒီလောက်တောင် အဓိပ္ပာယ်ကင်းမဲ့ပြီး အလွယ်တကူဖျက်ဆီးခံရနိုင်တဲ့ ကိုယ်ခန္ဓာတစ်ခုဟာ (ကာကွယ်ဖို့အတွက် အခွံလည်း မပါ၊ တိုက်ခိုက်ဖို့အတွက် လက်နက်လည်းမရှိ) ဒီကမ္ဘာကြီးမှာ ဆက်အသက်ရှင်နိုင်ပါ့မလား။ ဘာလို့ သူ ငါးတစ်ကောင် မဖြစ်ခဲ့တာလဲ။ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့် မဖြစ်ခဲ့တာလဲ။ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်ဆိုရင် အဓိပ္ပာယ်ရှိဦးမှာ။ ဘာပဲဖြစ်ဖြစ် ဂရီဂေါ်ဆမ်ဆာဆိုတဲ့ လူတစ်ယောက်ထက်စာရင်တော့ ပိုပြီးအဓိပ္ပာယ်ရှိမှာ။
ဖြစ်ချင်ရာဖြစ်တော့ သဘောထားပြီး ခြေထောက်တွေကို ကြမ်းပြင်နဲ့ ခြေဖ၀ါးထိတဲ့အထိ ကုတင်အစွန်းကနေ သူ လျှောချလိုက်တယ်။ သစ်သားကြမ်းပြင်ရဲ့ မျှော်လင့်မထားတဲ့ အအေးဓာတ်ကြောင့် သူ့ အသက်ရှူမြန်သွားတယ်။ အကြိမ်ကြိမ် အချည်းအနှီးကြိုးစားပြီးတဲ့နောက်မှာတော့ သူ ကြမ်းပြင်ပေါ်ကို ခြေချနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူ ခြေထောက်နှစ်ဖက်ပေါ်မှာ ဟန်ချက်ညီညီ ရပ်နိုင်ခဲ့တယ်။ အဲဒီနေရာမှာ နာကျင်ရာဗရပွနဲ့ သူ ရပ်နေမိတယ်၊ လက်တစ်ဖက်ကတော့ အထိန်းရဖို့ ကုတင်ဘောင်ကို ဆုပ်ကိုင်ထားရတယ်။ သူ့ ဦးခေါင်းက လိုတာထက်ပိုပြီး လေးနေလို့ မတ်လို့မရဖြစ်နေတယ်။ ချိုင်းကြားဆီမှာ ချွေးတွေဆို့လာပြီး သူ့လိင်အင်္ဂါက စိတ်ဖိစီးမှုကြောင့် ပိုကျုံ့ဝင်သွားတယ်။ သူ့ရဲ့ တင်းကြပ်နေတဲ့ ကြွက်သားတွေကို ဖြေလျှော့နိုင်ဖို့ အသက်ကိုခပ်ပြင်းပြင်း အကြိမ်ကြိမ်ရှူသွင်းလိုက်မိတယ်။

မတ်တပ်ရပ်ရတာ ကျင့်သားရသွားတာနဲ့တစ်ပြိုင်နက် လမ်းလျှောက်ဖို့ သူ လေ့လာရတော့တယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ရတဲ့ကိစ္စက တကယ်တော့ နှိပ်စက်နည်းအမျိုးအစားတစ်ခုနဲ့ ပမာဏချင်းတူတယ်၊ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ နာကျင်ရတယ်။ ဘယ်လိုပဲကြည့်ကြည့် သူ့ ဘယ်ခြေညာခြေတွေကို တစ်လှမ်းပြီးတစ်လှမ်း ရွေ့လျားရတာဟာ သဘာဝနိယာမတွေအားလုံးကို ချိုးဖောက်နေတဲ့ အထူးအဆန်း အနေအထားတစ်ခုပဲ၊ ပြီးတော့ မျက်လုံးနဲ့မြေပြင်ကြားက ကြီးမားလှတဲ့တဲ့ အကွာအဝေးကြောင့်လည်း သူ အရမ်း ကြောက်ရွံ့နေမိတယ်။ သူ့တင်ပါးနဲ့ ဒူးခေါင်းတွေကို ဘယ်လို ဟန်ချက်ကျကျ ပူးပေါင်းအသုံးချရမယ်ဆိုတာကို သူ သင်ယူရဦးမယ်။ ခြေတစ်လှမ်းရှေ့တိုးလိုက်တိုင်း သူ့ဒူးခေါင်းက ခါယမ်းနေတယ်၊ ပြီးတာနဲ့ နံရံပေါ်မှာ လက်နှစ်ဖက်စလုံးထောက်ပြီး ဟန်ချက်မှန်အောင် ထိန်းထားရတယ်။

ဒါပေမဲ့ ဒီအခန်းထဲမှာပဲ တစ်သက်လုံး မနေနိုင်ဘူးဆိုတာလည်း သူသိနေတယ်။ သူ့အနေနဲ့ စားစရာတစ်ခုခုကို မြန်မြန်ရှာမတွေ့ဘူးဆိုရင် ငတ်နေတဲ့ သူ့ဗိုက်က သူ့အသားတွေကို ပြန်စားပစ်တော့မှာ၊ ဒီလိုဆိုရင် သူ့ အသက်ရှင်မှု ရပ်ဆိုင်းသွားလိမ့်မယ်လေ။
တစ်လျှောက်လုံးက နံရံတွေကို လက်ဖ၀ါးနဲ့ ထောက်ထားရင်းပဲ တံခါးပေါက်ဆီကို ဦးတည်ပြီး ဒယီးဒယိုင် သူလျှောက်လာခဲ့တယ်။ နာကျင်မှုကလွဲလို့ အချိန်အတိုင်းအတာ အတိအကျကို တိုင်းတာနိုင်စွမ်း သူ့မှာမရှိပေမဲ့ သူ့ခရီးက နာရီပေါင်းများစွာကြာသလို ခံစားရတယ်။ သူ ခက်ခက်ခဲခဲကို လှုပ်ရှားနေရပြီး ခရုတစ်ကောင်လောက်ပဲ ခြေလှမ်းနိုင်တယ်။ တစ်ခုခုကို အမှီအတွယ်အဖြစ် မှီမထားဘဲ ရှေ့မဆက်နိုင်ဘူး။ လမ်းပေါ်မှာသာဆိုရင် လူတွေက သူ့ကို ဒုက္ခိတတစ်ယောက်ဖြစ် မြင်ဖို့ပဲ သူ အများဆုံး မျှော်လင့်နိုင်မှာ။
တံခါးလက်ကိုင်ဘုကို သူဆွဲယူလိုက်တယ်။ မလှုပ်ဘူး။ တွန်းတော့လည်း ဒီအတိုင်းပဲ။ နောက်တော့ သူ လက်ကိုင်ဘုကို ညာဘက်ကိုလှည့်ပြီး ဆွဲယူလိုက်တယ်။ တံခါးက ကျီခနဲ ခပ်တိုးတိုးမြည်ပြီး အနည်းငယ် ဟသွားတယ်။ သူက ဟနေတဲ့ အပေါက်ထဲက ခေါင်းကိုထွက်ပြီး အပြင်ကို ကြည့်လိုက်တယ်။ စင်္ကြန်လမ်းက ဘယ်သူမှ မရှိဘူး။ သမုဒ္ဒရာအောက်ခြေလို တိတ်ဆိတ်နေတယ်။ သူက ဘယ်ဘက်ခြေထောက်ကို အပေါက်ဝကနေ အပြင်ထုတ်ပြီး အပေါ်ဘက်ကိုယ်တစ်ခြမ်းကို အပြင်ထုတ်လိုက်တယ်။ လက်တစ်ဖက်ကတော့ တံခါးဘောင်ကိုကိုင်ထားပြီး ညာဘက်ခြေထောက်ကို နောက်မှာကပ်ထားတယ်။ အဲဒီ စင်္ကြန်လမ်းအတိုင်းက ဖြေးညင်းစွာ ရွေ့လျားလာခဲ့တယ်၊ လက်တွေကတော့ နံရံကို အားပြုထားရတုန်းပဲ။

သူထွက်လာခဲ့တဲ့ တံခါးအပါအ၀င် စင်္ကြန်လမ်းပေါ်မှာ စုစုပေါင်း တံခါးလေးခု ရှိတယ်။ အရောင်ရင့်သစ်သားနဲ့ ပြုလုပ်ထားပြီး ဒီဇိုင်းက ချွတ်စွပ်တူနေတဲ့ တံခါးတွေပဲ။ အဲဒီတံခါးတွေနောက်မှာ ဘယ်သူ၊ ဒါမှမဟုတ် ဘာတွေ ရှိနေမလဲ။ တံခါးတွေကိုဖွင့်ပြီး သူ ကြည့်လိုက်ချင်တယ်။ အဲဒီလိုသာဆိုရင် အခု သူရောက်နေတဲ့ ပုစ္ဆာဆန်တဲ့ အခြေအနေကို နားလည်ချင် နားလည်လာမှာ။ ဒါမှမဟုတ်လည်း အနည်းဆုံးတော့ နားလည်ဖို့ သဲလွန်စတစ်ခုခုရမှာ။ ဒါပေမဲ့လည်း သူကတော့ တတ်နိုင်သမျှ အသံမထွက်အောင်ကြိုးစားရင်း တံခါးတွေကို တစ်ခုချင်းဖြတ်လျှောက်လာမိခဲ့တယ်။ သူ့ ဗိုက်ကိုဖြည့်ဖို့ လိုနေတဲ့အချက်က သူ့ သိချင်စိတ်ကို ဖုံးလွှမ်းထားတယ်။ စားစရာ ကြီးကြီးမားမားတစ်ခု ရှာတွေ့မှ ဖြစ်တော့မှာ။
အခုတော့ အဲဒါကို ဘယ်မှာရှာရမယ်ဆိုတာ သူသိလိုက်တယ်။

အနံ့ရဲ့ ခေါ်ဆောင်ရာနောက် လိုက်သွားရုံပဲလို့ သူ စဉ်းစားရင်း နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်နေမိတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေဆီက လေကတဆင့် သူ့ဆီ ပျံ့လွင့်လာနေတဲ့ ရနံ့ပဲ။  သူ့နှာခေါင်းရဲ့ အနံ့ခံအာရုံက စုဆောင်းရရှိတဲ့ အချက်အလက်တွေဟာ သူ့ ဦးနှောက်ဆီ ကူးစက်ရောက်ရှိသွားတယ်။ ဒီတော့လည်း စိတ်လှုပ်ရှားမှုက ပြင်းထန်ထင်ရှားလွန်းလိုက်တာ နှိပ်စက်ခံနေရတဲ့ လူတစ်ယောက်လို သူ့အတွင်းကလီစာတွေ လိမ်တွန့်သွားသလိုတောင် ခံစားလာရတယ်။ ပါးစပ်ထဲမှာလည်း သွားရည်တွေနဲ့ ပြည့်လာတယ်။
ဒါပေမဲ့ အနံ့ထွက်ပေါ်လာရာကို ရောက်ဖို့တော့ စုစုပေါင်း ၁၇ ထစ် ရှိတဲ့ မတ်စောက်စောက် လှေကားတစ်ခုကို ဆင်းဖို့ လိုနေတယ်။ ပြင်ညီမှာ လမ်းလျှောက်ရတာတောင် ခြေလှမ်းတွေဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ခက်ခဲလွန်းလှပြီ။ လှေကားလက်ရန်းကို လက်နှစ်ဖက်နဲ့ ဆွဲဆုပ်လိုက်ပြီး သူ စ,ဆင်းလာခဲ့တယ်။ ကိုယ်အလေးချိန်နဲ့ ပိနေတဲ့ အရိုးပေါ်အရေတင် သူ့ ခြေကျင်းဝတ်တွေက အချိန်မရွေး ပြိုလဲသွားနိုင်တယ်ဆိုတာ သူခံစားနေရတယ်၊ လှေကားအတိုင်း တလိမ့်ခေါက်ကွေး လိမ့်ကျသွားတော့ မတတ်ပဲ။
လှေကားအဆင်းလမ်းမှာ ဆမ်ဆာ့စိတ်ထဲ ရှိနေတဲ့ အရာကတော့ ငါးနဲ့ နေကြာပန်းတွေဆိုတာ အထူးပြောစရာမလိုဘူး။ သူဘာလို့ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်အဖြစ် အသွင်မပြောင်းခဲ့သလဲလို့ပဲ သူ တွေးနေမိတယ်။ အဲဒီလိုသာဆိုရင် အခုလို လှေကားထစ်တွေကို ခက်ခက်ခဲခဲ တက်ဆင်းနေရတာမျိုးမရှိတဲ့ အေးချမ်းတဲ့ဘ၀တစ်ခုကို သူပိုင်ဆိုင်ခဲ့မှာ မဟုတ်လား။

၁၇ နှစ်ထစ်ပါလှေကားရဲ့ အောက်ဆုံးအဆင့်ကို ရောက်ချိန်မှာတော့ သူ့ကိုယ်သူ တည့်မတ်လိုက်တယ်။ သူ့ရဲ့ လက်ကျန်အားအင်ကို စုစည်းပြီး သူ့ကို ဆွဲမြှူနေတဲ့ အနံ့ရှိရာဆီ ဒရွတ်ဆွဲပြီး လျှောက်လာခဲ့တယ်။ မျက်နှာကြက်မြင့်မြင့် ၀င်ပေါက်ခန်းမကျယ်ကို ဖြတ်ပြီး ထမင်းစားခန်းရဲ့ ပွင့်နေတဲ့ တံခါးပေါက်ဆီ လှမ်းလာခဲ့တော့တယ်။ အစားအသောက်တွေကို စားပွဲဝိုင်းကြီးတစ်ခုပေါ်မှာ ဖြန့်ခင်းထားတာ သူတွေ့လိုက်ရတယ်။ ထိုင်ခုံ ငါးခုရှိနေပေမယ့် လူသူ အရိပ်အယောင်တော့ မမြင်ရဘူး။ ပန်းကန်တွေဆီကနေ အငွေ့တလူလူ လွင့်ပျံနေတယ်။ စားပွဲရဲ့ အလယ်မှာ နှင်းပန်းတွေ ထိုးထားတဲ့ ပန်းအိုးက နေရာထားတယ်။ ထိုင်ခုံနေရာလေးခုမှာ လက်သုတ်ပုဝါ၊ ဇွန်းခရင်းတွေနဲ့ အကျအန ပြင်ဆင်ထားတယ်။ ကြည့်ရတာတော့ ဘယ်သူမှ တို့ထိရသေးပုံ မရဘူး။ ပုံစံအရပြောရရင် လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်ကမှ လူတွေဟာ ဒီနေရာမှာ နံနက်စာစားဖို့ ထိုင်နေခဲ့ပြီး ရုတ်တရက် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ထွက်ပြေးသွားခဲ့သလိုဖြစ်နေတယ်။ ဘာဖြစ်ခဲ့တာလဲ၊ သူတို့တွေ ဘယ်ရောက်သွားလဲ၊ ဒါမှမဟုတ် သူတို့ကို ဘယ်ကို ပို့လိုက်သလဲ၊ သူတို့ ပြန်လာပြီး နံနက်စာ စားကြဦးမှာလား။

ဒါပေမဲ့ ဆမ်ဆာ့မှာ ဒါတွေကို စဉ်းစားခန်းဝင်နေဖို့ အချိန်မရှိပါဘူး။ အနီးဆုံး ထိုင်ခုံမှာ ၀ုန်းခနဲထိုင်ချလိုက်ပြီး သူမီသမျှ စားစရာတွေကို ရွေးမနေပဲ လက်ချည်းသက်သက်နဲ့ ဆွဲယူပြီး အငမ်းမရ ပါးစပ်ထဲ ပစ်ထည့်နေမိတယ်။ လက်သုတ်ပုဝါ၊ ဇွန်း၊ ခက်ရင်း၊ ဓား ဒါတွေကို ဘယ်လို ဂရုစိုက်နေနိုင်မှာလဲ။ ပေါင်မုန့်ကို အစိတ်အစိတ်အမွှာမွှာ ဆွဲဖြဲပြီး ယိုတို့ ထောပတ်တို့မပါပဲ မျိုချတယ်။ အသားချောင်းတုတ်တုတ်ကို တပြပ်ပြပ်မြည်အောင် အချောင်းလိုက်စားတယ်၊ စားချင်လောအားကြီးလို့ ကြက်ဥပြုတ်ကိုတောင် အခွံခွာဖို့ မေ့မတတ်ပဲ။ အာလူးတွေကို လက်နဲ့ ဆတ်ခနဲဆွဲယူတယ်၊ အနှစ်တွေကိုတော့ လက်ချောင်းတွေနဲ့ ကလော်တယ်။ အားလုံးကို တစ်ပြိုင်တည်း ရောဝါးပြီးတော့ အကြွင်းအကျန်တွေကို ခရားက ရေနဲ့ မျှောချလိုက်တယ်။ အရသာက ဘာအရေးလဲ။ အရာသာကောင်းကောင်း မကောင်းကောင်း၊ ချဉ်ချဉ်စပ်စပ် သူ့အတွက်တော့ မထူးတော့ဘူး။ အရေးကြီးတာက သူ့ဗိုက်ထဲက လိုဏ်ဂူကြီးကို ဖြည့်ဆည်းဖို့ပဲ။ အစားပြိုင်ပွဲကျင်းပနေသလို အာရုံစူးစိုက်မှုအပြည့်နဲ့ သူ စားနေလိုက်တယ်။ အစားအသောက်မှာ နစ်မျှောနေလိုက်တာ သူ့လက်ချောင်းတွေကို လျှာနဲ့လျှက်ရင်းက ကိုက်မိသွားတဲ့အထိပဲ။ စားကြွင်းစားကျန်တွေ ပြန့်ကျဲပြီး ပန်းကန်တစ်ချပ် ကြမ်းပြင်ပေါ် ကျကွဲသွားတာကိုလည်း သူ ဂရုမစိုက်နိုင်ဘူး။

အာသာပြေတဲ့အထိ စားပြီးလို့ အသက်၀၀ရှူဖို့ ဆမ်ဆာ ကျောမှီလိုက်တဲ့ အချိန်မှာတော့ ဘာမှတောင် မကျန်တော့သလောက်ပဲ။ ထမင်းစားပွဲလည်း မြင်မကောင်းတော့ဘူး။ အချင်းများနေတဲ့ ကျီးကန်တစ်အုပ် ပွင့်နေတဲ့ပြတင်းပေါက်က ၀င်လာပြီး စိတ်တိုင်းကျမွှေနှောက်ပြီးမှ ပြန်ထွက်သွားသလို မြင်ကွင်းမျိုး။ အတို့အထိ မခံရတဲ့ တစ်ခုတည်းသောအရာကတော့ နှင်းပန်းအိုးပဲရှိတယ်၊ အဲဒါကိုတောင် အစားအသောက်တွေ ဒီလောက်ရှိမနေရင် သူ စားပစ်မိမလား မသိဘူး။


တေဇာ (လရောင်လမ်း)
Samsa in Love by Haruki Murakami ကို ဆီလျော်သလို
Image: The New Yorker

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA