Skip to main content

Posts

ပါမင်းနိဒီးစ် (သို့) နိစ္စတရားတွင် တပ်စွဲထားခဲ့သူ

ဂရိတို့သည် စာတွေ့ လက်တွေ့ပိုင်းအရ မယုတ်မလွန်၊ အသင့်အတင့် တွေးခေါ်ပြုကျင့်ခြင်း အလေ့ မရှိကြ။ ဟီရာကလစ်တပ်စ် (Heraclitus) က အရာအားလုံးသည် ပြောင်းလဲနေသည်ဟု တင်းခံပြီး ပါမင်းနိဒီးစ် (Parmenides) ကမူ မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိဟု ကြွေးကြော်ပြန်၏။ ပါမင်းနိဒီးစ်သည် အီတလီတောင်ပိုင်းရှိ အယ်လီယာ (Elea) ဇာတိဖြစ်ပြီး ဘီစီငါးရာစု ဦးပိုင်းတွင် ပေါ်ထွန်းခဲ့သည်။ ပလေတို (Plato) ၏ အဆိုအရ ဆော့ခရိတ္တိ (Socrates) ငယ်ရွယ်စဉ် (ဘီစီ ၄၅၀ ခန့်) က အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ပါမင်းနိဒီးစ်ထံတွင် မေးမြန်းစူးစမ်းမှုများရှိခဲ့ပြီး ၎င်းထံမှ အတော် ဆည်းပူးလေ့လာခဲ့သည်ဟု ဆို၏။ ဤသည်မှာ သမိုင်းဆိုင်ရာအချက် တစ်ရပ်အနေဖြင့် မှန်ကန်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ဤနေရာတွင် အနည်းဆုံးအားဖြင့် ထည့်သွင်းရည်ညွှန်းခွင့် ရှိနိုင်ပါသည်။ ပလေတိုကိုယ်တိုင်ကမူ ပါမင်းနိဒီးစ်၏ အတွေးအခေါ်မှ သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အီတလီတောင်ပိုင်းနှင့် ဆစ္စလီကျွန်းသား ဒဿနပညာရှင်များမှာ ဘာသာရေးနှင့် ရိုးရာယုံကြည်မှု ကျင့်ဝတ်များ (Mysticism) အပေါ် အိုင်ဝိုးနီးယား (Ionia) များထက် ပင်ကိုယ်သဘောအရ ပိုမိုအလေးသာ သက်ဝင်မှုရှိသည်။ အိုင်ဝိုးနီးယားမ...

အတိုးဆုံး ကဗျာများ (၁၄)

“မောင်ပိုနဲ့ကျား” အရင်က ကျွန်တော် ဒီနေရာမှာဗျာ သူ့ကို ဒီလို တံခါးပိတ်ထားတယ် ဂျိပ်။ ဒါပဲ... ပြီးပြီပေါ့ အရင်က တို့ရဲ့နေရာဟာ။ “ည” တရေးနိုးချိန်တွေဆိုရင် ကျွန်တော့်မှာ ရုတ်တရက် အံ့သြ၀မ်းသာ သွားမိရတယ် တရေးနိုးလို့လေ။ လမင်းဟာ ဘွားကနဲသာနေတယ် အအိပ်ဆတ်သူတွေ အတွက်။ ညကို တရစပ် အိပ်မမက်လိုက်ပါနဲ့။ “မသိခြင်းများ” ရေသောက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ခဏ ရေဆာခြင်း ဝေဒနာ ရလာတယ် ချစ်မယ်လို့ ဆုံးဖြတ်မိခဲ့တာ မသိလိုက်ဖာသာပါပဲ ငါ့အတွက် ပါးလျလွန်းခဲ့တယ်။ “အလွဲ” ပွတ်ကာသီကာ လွဲရတယ်ဆိုတာ နှိပ်စက်ပြီးမှ သတ်တာနဲ့တူတယ် ဒါပေမဲ့ မလွဲမသွေ လွဲရတဲ့အခါကျတော့လည်း သွေးအေးအေး သေလိုက်ရသလိုပါပဲ ကဲ.. ကိုယ်တို့ လွယ်လွယ်နဲ့ လွဲလိုက်ကြရအောင်။ “ဘ၀တဏှာ” သေရမှာ မကြောက်သူ အသက်တော့ လုရှူနေသေးတယ် ဂုဏ်ယူစရာလားကွဲ့ ငါ့အတွက်ငါတောင် အသက်မပေးနိုင်ပါဘူး။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၃)

“အသံများ” ရောင်စုံမီးပန်းများ ၀င်းကနဲဖွာသွားတယ် “ဖောက်” သူနောက်ကျလေခြင်း။ ငါပေါက်ကွဲခဲ့တဲ့ အဓိပ္ပာယ်တွေ အနာဂတ်မှာ မြည်နေပါစေ။ “ဟာကွက်” နောက်ကျောဓားနဲ့အထိုး မခံချင်လို့ နံရံမှာ ကပ်ထားတယ် ဘာရမလဲ ဘာမှမရပါဘူး ဘယ်မှကို သွားလို့မရတာပဲ။ “ဆုလာဘ်” ဘ၀ဟာ မာရသွန်ပွဲပါ ၀င်မပြိုင်တာ ကောင်းပါတယ် ရောဂါသည်ပါ ပေါ့လေ မရတဲ့အဆုံး ပြုံးပြုံးကြီး ပြေးတယ် ပွဲပြီးရင် ဘာပေးမလဲကွယ်တဲ့။ “ ထုချေလွှာ” ကာယကံရှင် မသာကြီးက ထ, မကန့်ကွက်ပါဘူး အုတ်ဂူကို တံတွေးနဲ့ ထွေးလို့လေ။ ဆွေမျိုးရောင်းရင်းတွေကတော့ ကန့်ကွက်မှာပေါ့ ကာယကံရှင်မှ မဟုတ်သေးဘဲလေ။ “မာစတာပိ့စ်” ကျွန်တော်သေသွားတာ ပါဖောမန့် အနုပညာပါ တစ်ချို့များ ငိုလားရယ်လား ဖြစ်ရတဲ့အထိ ဂန္ဓ၀င်မြောက် ထွက်ခွာခဲ့တယ် မသိမ်ငယ်ကြပါနဲ့ကွဲ့။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၂)

  “လိပ်ပြာ” ကျန်းမာရေးဟာ အရေးကြီးလှပါတယ် ဒါထက်တောင် သေဖို့အရေးက ပိုကြီးနေသေးတယ် အံ့ဘနန်းခဏလေးမှာ အနာဂတ်ဟာ အနက်နဲ့ကာထားတယ်။ “ပိုင်နက်” မြေခွေးမက ရိသဲ့သဲ့မေးတယ် တစ်ကောင်တည်းလားတဲ့ ခြင်္သေ့မက ခပ်ငေါက်ငေါက်ဖြေတယ် ဒါပေမဲ့ ခြင်္သေ့။ တောထဲမှာ ဖြစ်နေတာပါ။ “အုံဖွ” ရေပြင်ညီမျဉ်းဟာ အားယူပြီး ထ, နေရှာတယ် မလွယ်ပါဘူးကွယ် ကိုယ်တို့ကပဲ (သူ့ကို) ကိုးဆယ်ဒီဂရီလှည့် ကြည့်ပေးလိုက်ကြရအောင်။ “ရွတ်ဖတ်သရဇယ်ခြင်း” အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်လို့ ကြိမ်ဖန်များစွာ ကြားခဲ့ရပါတယ် နားမ၀င်တာတော့လည်း  တစ်ပိုင်းပေါ့လေ။ “အစားထိုးခြင်း” ပန်းလေးတွ ၀တ်မှုန်ကူးဖို့ ပိုးမွှားအတုတွေ ဖန်တီးထားတယ် ပန်းလေးတွေ ကြွေဖို့ရော သင်္ခါရကို အနားပေးမလား။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၁)

“အင်တာဗျူး” အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့) ကျွန်တော် နားမရှင်းလိုက်ဘူး။ ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။ “အရွေ့” ကျွန်တော်ရောက်နေရာအရပ်သည် မဇ္ဈိမအရပ် ဖြစ်သည်လို့ လေယာဉ်စီးရင်း ကြွေးကြော်ရင် မှန်ပါ့မလား ဒါထက်... လည်နေတဲ့ ဘောလုံးကြီးပေါ်က ဆိုရင်ရော။ “အာရုံငါးပါးအကြောင်း” ခံစားချက်တွေ ပေါပေါလောလော ရှိကြပါပေတယ် ဒါပေမဲ့ ဘာအရေးလဲ။ ဘေးကအရာတွေအကြောင်း ရှူး ... တိုးတိုးလုပ်  ခံစားချက်မရှိသလို ခံစားနေရတာ ငါပေါ့။ “တိတ်ဆိတ်မှု” စကားတွေများရင်း အမှားတွေလည်းများလာပြီ ဒီလိုနဲ့ ဆွံ့အ,သူထံပါး အမှန်တရားရှိတယ်လို့ပဲ ကြေကွဲလိုက်ရတော့မလိုလို။ “ဇ” ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ဘေးထွက်နေကြတာလဲ လာ... တစ်ခါတည်းလိုက်ခဲ့ စံချိန်စံညွှန်းမမီတဲ့ ဒုက္ခတွေကြောင့် အရေပြား အပါးမခံပါနဲ့။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၀)

“စောင့်ကြည့်လေ့လာမှု” အဓိပ္ပာယ်တွေကို မြေလှန်ဖို့ ငါ အဘိဓာန်ကို ဖတ်နေတယ် ဘ၀ကို မြေလှန်ဖို့ ငါ အသက်ရှူသံကို ဖတ်နေတယ် အလိုလေး အလိုအလျောက်ကြီးပါလား။   “လေ့လာရေးခရီး” စရိတ်ငြိမ်းခရီးစဉ်မှာ လှည့်ပတ်ကြည့်ရှုနေရုံတင်ပါ စိတ်ဝင်စားလှလို့ရယ်တော့ မဟုတ်ဘူး ပြီးရင် ကျွန်တော့်ကို ဟိုကျောက်တုံးကြီးနား တစ်ပုံရိုက်ပေးပါဦး။ “ကျွန်တော်အိပ်နေတုန်း ဖြစ်ပျက်ခဲ့တာတွေ” အိပ်ယာက နိုးလာတော့ နှုတ်ခမ်းမွှေးဟာ စင်တီမီတာအနည်းငယ် ရှည်နေတယ် ဒီလိုပဲ တစ်နေ့တစ်နေ့ အိပ်မက်ထဲက မိုင်တိုင်တွေကို အရင်းက ရိတ်ဖြတ်သန့်စင်နေရတယ်။ “အလွမ်း” ခြေစွယ်ငုတ်နေတာကို တစိမ့်စိမ့်အရသာခံနေသလို ကျွန်တော် ထိုင်ငိုနေတယ် ချက်ချင်းကြီး သွေးထွက်သံယို ဖယ်ရှားပစ်လိုက်ရမှာကိုလည်း မလိုလားဘူးလေ ခြေမလေးရောင်နေခဲ့တာ ကြာပါပြီ။ “အနက်ရောင် စစ်တုရင်အရုပ်ကလေး” ကျွန်တော်က ခံစစ်ကိုကြိုက်လို့ အနက်ကိုကိုင်တယ် သူကတော့ ခေတ်ဆန်သူဆိုတော့ အဖြူပေါ့လေ ၆၄ ကွက်လုံးကို ချယ်လှယ်နိုင်ဖို့ဆိုတာ ဒီဘက်ခေတ်လူတွေရဲ့ အိပ်မက်ပဲ မဟုတ်လား ချောင်တစ်နေရာကနေ လောကဓံကို သရေခံထိုးဖို့ ရည်ရွယ်ခဲ့ပါတယ်။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၉)

`နောက်ဆုံးခဏမှာ´ ပုရွက်ဆိတ်လေးတစ်ကောင်ရဲ့ အစွမ်းကို အတွင်းခံထဲရောက်မှ သိရတာမျိုးကိုး တစ်စက္ကန့်လောက်ဖြစ်ဖြစ် ဆက်ရှိနေပါရစေလို့ အစောကြီးထဲက ကြိုပြောခဲ့ပါရဲ့။ `ဆော့ခရိတ္တိ ရေနှစ်သတ်လိုက်တဲ့ မသာ´ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ ပင်လယ်ကြီး ကြည့်ချင်ခဲ့တာ ငမ်းငမ်းတက်ကိုး နားထင်က ဆွဲမ,မှ မျက်ကလဲဆန်ပြာ မြင်လိုက်ရသလိုမျိုး ကိုယ့်ဂိုးကိုယ်သွင်းမိသွားတယ်ဆိုလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။ `ဒီဂျာဗှူး´ ဟား လာပြန်ပြီ ဒီအချိန်ဒီနေရာ ငါသိပါရဲ့ ဒီအရပ်ဒီဇာတ် ငါဖြတ်ဖူးပါရဲ့ ဒီအငွေ့အသက်တွေဟာ ရင်းရင်းနှီးနှီးပဲ အသစ်ဖြစ်ဖြစ်နေတာက လွဲလို့။ `သမထ ဟာသ´ ငါ့ခန္ဓာကိုယ်ကိုသာ ချုပ်နှောင်ထားလို့ရမယ် ငါ့စိတ်ကို ချုပ်နှောင်ထားလို့မရဘူး (တဲ့) သူ အာနာပါနရှု နေတယ်။ `ကျိန်စာ´ ကလောင်ကို ဇာတ်ကုန်ဖွင့်လိုက်ပါမှ ကကြီးမှအ အတွင်းသာ ပိတ်မိနေတာ တွေ့လိုက်ရတယ် ငါပစ်ပေါက်ခဲ့သော အဓိပ္ပာယ်တွေက အစိုးမရ ရမ္မက်မီးမငြိမ်းခင် ပုဒ်မတွေသာ ပြုတ်ကျလာခဲ့။ ◄ တေဇာ ►