ကျုပ် အချစ်မခံရဘူးဆိုတဲ့ အတွေးက ကျုပ်ကို အေးခဲမသွားစေဘူး။ အချစ်မပါဘဲ နေထိုင်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ ဘုရားသခင်ဟာ ရက်စက်တယ်ဆိုတဲ့ အတွေးကလည်း ကျုပ်ကို အေးခဲမသွားစေဘူး။ သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ အဲ ကျုပ်ကို အေးခဲသွားစေတာက ဘယ်အရပ်ဆီ ရွေ့လျားရမယ်ဆိုတာအတွက် ခိုင်လုံတဲ့ `အကြောင်းရင်း´ တစ်ခုမှ ကျုပ်ဆီမှာ ရှိမနေတဲ့အချက်ပဲ။ ဦးတည်ရာမဲ့ နှစ်လအသေတွေများများကို ဖြတ်ပြီး ကျုပ်ရှေ့ဆက်နိုင်ခဲ့တာဟာ စူးစမ်းလိုစိတ် တစ်ခုတည်းကြောင့်ပဲ။ အခုတော့ အဲဒီ စူးစမ်းလိုစိတ်ကလေးတောင် ဖျပ်ခနဲမှိတ်သွားခဲ့ပြီ။ ဒီနေရာမှာ ဘယ်လောက်ကြာကြာ အေးခဲရပ်တန့်နေမိမှန်း ကျုပ် မသိတော့ဘူး။ တကယ်လို့ ကျုပ် ပြန်လည်ရွေ့လျားတော့မယ်ဆိုရင် ရွေ့လျားရခြင်းအတွက် အကြောင်းရင်းကို တစ်စုံတယောက်က လျာစွမ်းပြ လာပြောနိုင်လို့ပဲ ဖြစ်လိမ့်မယ်။ အဲဒီလူ တကယ်ရှိခဲ့ပါတယ်။ ရဲတစ်ယောက်က ကျုပ်ကို ခဏလောက်ကြာအောင် ရှိုးနေတယ်။ ပြီးတော့ ကျုပ်ဆီလာပြီး သူပြောတယ်။ `အဆင်ပြေရဲ့လား´ `ဟုတ်ကဲ့´ ကျုပ် ပြန်ဖြေလိုက်တယ်။ `မင်း ဒီမှာ ရပ်နေတာ အတော်ကြာပြီနော်´ `ကျွန်တော် သိပါတယ်´ `မင်း တစ်ယောက်ယောက်ကို စောင့်နေတာလား