ဒီလိုနဲ့ ခဏအကြာမှာ ဂျော့လည်း တကယ်အိပ်ပျော်သွားတယ်။ အပူချိန်မြင့်နေတဲ့အခန်းထဲ ခေါင်းကို အနေအထားမမှန်မကန်နဲ့ အိပ်နေရင်း ဂျော့တစ်ယောက် ဂလော်ရီယာအကြောင်းကို အိပ်မက်မက်နေတယ်။
ပြန်နိုးလာတော့ ဆေးရုံအခန်းဟာလည်း သူ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်။ ဘယ်ဟာ အစစ်အမှန်လဲ၊ ဘယ်ဟာ အိပ်မက်လည်း ခွဲခြားဖို့ကြိုးစားရင်း သူ့ဘေးနားက စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျော့စစ်ဆေးကြည့်မိတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဂလော်ရီယာ သူ့အတွက်ယူလာတဲ့ ပန်းပင်နဲ့ မဂ္ဂဇင်းလည်းပါတယ်။ မဂ္ဂဇင်းရဲ့ အဖုံးကတော့ ဂျော့မက်နေတဲ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု သိပ်ကိုဖြစ်နိုင်တယ်။ ဒါနဲ့ သူလည်း ဘေးကို ပစ်ထားလိုက်တယ်။ တကယ် စစ်မှန်တာတစ်ခုကို ဖတ်နိုင်ဖို့အတွက် ပန်းပင်ရဲ့ ပင်စည်မှာ တွဲချည်ထားတဲ့ စာရွက်လေးကို ဖတ်လိုက်တယ်။ စာသားကတော့ အတော်လေးစစ်မှန်ပါတယ်။
ပန်းပင်ရဲ့ ရုက္ခဗေနာမည်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီစာသားလည်း ပြီးရော နောက်စာသားတွေက ရုတ်တရက် ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တယ်။
"သတိ။ မှတ်ပုံတင်ထားပြီး အပင်မျိုးစိတ်ဖြစ်သည်။ လိင်မဲ့မျိုးပွားခြင်းကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်" လို့ ရေးထားတယ်။
*****
ခပ်ဖိုင့်ဖိုင့်ရဲသားတစ်ယောက် အခန်းထဲကို ဆူညံသံပေးပြီး လျှောက်ဝင်လာတော့မှပဲ အိပ်မက်မဟုတ်တဲ့ အရှိတရားရဲ့အရသာကို ပြန်ရလိုက်လို့ ဂျော့ ဘုရားသခင်ကို ကျေးဇူးတင်လိုက်မိတယ်။ ရဲသားကြီးက အရိုက်ခံရတဲ့အကြောင်းကို သူ့ကို ပြောပြခိုင်းတယ်။
ဂျော့က သူ့ဇာတ်လမ်းကို မျက်နှာမှိုင်းပြပြနဲ့ အစကနေ ပြန်ပြောတယ်။ ပြောနေရင်းနဲ့ပဲ ဒီကိစ္စကို အမှုမဖွင့်ချင်မှန်း သူ့ဘာသူ သိလာတယ်။ ဖြစ်ခဲ့သမျှဟာ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်လာတယ်။ တကယ်တော့ သူ့ထက်လူကောင်အများကြီးသေးတဲ့ နာမည်ကျော်လူမိုက်ကို သူက စထိုးခဲ့တာပဲ။ ပြီးတော့ သူ့ကို တကယ်ရိုက်နှက်သွားတဲ့ လူတွေအကြောင်းလည်း တစ်ခုမှ မမှတ်မိတော့လောက်အောင် သူ့ဦးနှောက်က ရှုပ်ထွေးနောက်ကျိနေတယ်။
ရဲသားကလည်း အမှုဖွင့်ဖို့အတွက် ဂျော့ကို မတိုက်တွန်းဘူး။ အလုပ်ရှုပ်သက်သာလို့ ၀မ်းသာသွားပုံရတယ်။ ဒါပေမဲ့ ဂျော့ပြောသမျှမှာ သူစိတ်ဝင်စားတာ တစ်ခုတော့ရှိတယ်။
"ဂလော်ရီယာစိန့်ပရဲယားဆိုတဲ့ ကောင်မလေးကို သိတယ်လို့ မင်းပြောလိုက်တယ်နော်" လို့ သူက ပြောတယ်။
"အခုပဲ ပြောလိုက်တယ်လေ" ဂျော့က ပြောတယ်။
"ဒီက တံခါးနှစ်ချပ်အကျော်မှာ အဲဒီကောင်မလေးရှိတယ်" လို့ ရဲသားက ပြောတယ်။
"ဗျာ" လို့ ဂျော့က ရေရွတ်မိသွားတယ်။
"တကယ်ပြောတာ။ သူလည်း အရိုက်ခံရတယ်။ ဆေးရုံမျက်နှာချင်းဆိုင်က ပန်းခြံထဲမှာပဲ"
"ဘယ်လောက် အခြေအနေဆိုးသွားလဲ" လို့ ဂျော့က မေးတယ်။
"အရေးကြီးလူနာ စာရင်းထဲမှာပဲ။ အခြေအနေကတော့ မင်းနဲ့ အတူတူလောက်ပဲ။ ခြေချင်းဝတ်နှစ်ဖက် ကျိုးတယ်၊ နံရိုးနှစ်ချောင်းကြိုးတယ်၊ ညိုသကျည်းရိုးနှစ်ချောင်းကြိုးတယ်။ ဒါနဲ့ မင်းမှာက သွားတွေရှိသေးတယ်နော်"
"ဟုတ်ကဲ့"
"အော်။ သူကတော့ အပေါ်သွားတွေ အကုန်ကျွတ်သွားလေရဲ့" လို့ ရဲသားကြီးက ပြောလိုက်တယ်။
"ဘယ်သူ လုပ်လိုက်တာတုန်းဗျ" လို့ ဂျော့က မေးတယ်။
"သူ့ယောက်ျားပေါ့။ ဂရပ်ဇ်"
"သူ့ကို ဖမ်းမိပြီလား"
"ရေခဲတိုက်ထဲမှာ။ သူ ကောင်မလေးကို ရိုက်နေတုန်း စုံထောက်တစ်ယောက်က ဖမ်းတယ်။ ဂရပ်ဇ်က ထွက်ပြေးတယ်။ ဖမ်းလို့ မမိတာနဲ့ စုံထောက်က သူ့ကို ပစ်လိုက်တယ်။ အခုတော့ ကောင်မလေး မုဆိုးမဖြစ်သွားပြီပေါ့"
****
အဲဒီနေ့ နေ့လယ်စာအပြီးမှာ ဂျော့ရဲ့ ခြေကျင်းဝတ်တွေကို ကျောက်ပတ်တီး စီးလိုက်တယ်။ ပြီးတော့ သူ့ကို ၀ှီးချဲတစ်စင်းနဲ့ ချိုင်းထောက်တစ်စုံ လာပေးတယ်။
မုဆိုးမလေး ဂရပ်ဇ်ကို အခြေအနေသွားကြည့်ဖို့ သူ့ကိုယ်သူ အားတင်းရတာ အချိန်နည်းနည်းကြာသွားတယ်။ နောက်ဆုံးတော့ သူမရှိတဲ့အခန်းထဲကို သူ ၀ှီးချဲနဲ့တွန်းဝင်သွားပြီး သူမဘေးမှာ ရပ်လိုက်တယ်။
ဂလော်ရီယာက အမျိုးသမီးဂေဟာဂျာနယ်ကို ဖတ်နေတယ်။ ဂျော့ဝင်လာတာ မြင်တဲ့အချိန်မှာပဲ သူ့မျက်နှာအောက်ဖက်ခြမ်းကို မဂ္ဂဇင်းနဲ့ ကွယ်လိုက်တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ တွန့်လိမ်ကောက်ကွေးပြီး ဖူးယောင်နေတဲ့ သူမနှုတ်ခမ်းကို ဂျော့မြင်သွားပြီးပြီ။
မျက်လုံးတစ်လုံးက အညိုစွဲပြီး တစ်လုံးက အပြာစွဲနေတယ်။ ဒါပေမဲ့ ဆံပင်တွေကိုတော့ အသပ်ရပ်ဆုံးဖြစ်အောင် ဖြီးသင်ထားတယ်။ ပြီးတော့ နားကွင်းကြီးတစ်ခု ဆွဲထားတယ်။
"ကျွန်တော်..ကျွန်တော် တောင်းပန်ပါတယ်" လို့ ဂျော့က ပြောတယ်။
သူမက ပြန်မဖြေဘူး။ သူ့ကိုပဲ ငေးကြည့်နေတယ်။
"ခင်ဗျား ကျွန်တော့်ကို လာကြည့်တယ်။ ကျွန်တော့်ကို စိတ်သက်သာရာရဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်လည်း ခင်ဗျားကို နှစ်သိမ့်ပေးနိုင်မလား မသိဘူး" လို့ သူက ပြောတယ်။
သူမက ခေါင်းကိုပဲ ယမ်းပြတယ်။
"ခင်ဗျား စကားပြောလို့မရဘူးလား" လို့ ဂျော့က မေးလိုက်တယ်။
သူမက ခေါင်းကို ထပ်ယမ်းပြတယ်။ ပြီးတော့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
"စိတ်မကောင်းလိုက်တာဗျာ..." လို့ ဂျော့က ဂရုဏာအပြည့်နဲ့ ပြောလိုက်တယ်။
"သေးဇူးပြုပြီး သျှင် သွားပါတော့။ သျွန်မကို မကြည့်နဲ့။ သျွန်မ အခု အရမ်းရုပ်ဆိုးနေပြီ။ သွက်သွားပါ" သူမ စကားသံတွေက မပီတော့ဘူး။
"ခင်ဗျားကို ကြည့်ရတာ ရုပ်မဆိုးပါဘူး။ ကျွန်တော် တကယ်ပြောတာ" လို့ ဂျော့က စိတ်အားထက်သန်စွာ ပြောလိုက်တယ်။
"သွန်မ မျက်နှာကို သူ ဖျက်ဆီးလိုက်ပြီ" လို့ ပြောပြီး မျက်ရည်တွေ ပိုပြီးကျလာတယ်။
"သျွန်မ မျက်နှာကို သူ ဖျက်ဆီးလိုက်ဘယ်။ ဘယ် သောက်ျားမှ သွန်မကို လိုချင်တော့မှာ မဟုတ်ဘူး"
"ဒါများကွယ်။ ရောင်နေတာတွေ ကျသွားတာနဲ့ မင်း အရင်အတိုင်း ပြန်လှလာမှာပါ" လို့ ဂျော့က ညင်ညင်သာသာ ပြောလိုက်တယ်။
"သျွန်မ သွားတုကြီးတွေ သပ်ရမှာ။ သျွန်မ အသက်က ၂၁ နှစ်တောင် မပြည့်သေးဘူး သွားတုကြီး သပ်ရတော့မှာ။ အမှိုက်ပုံးအောက်သေက အမှိုက်သစလို ဖြစ်သွားပြီ။ သျွန်မ သီလရှင် ၀တ်တော့မယ်"
"ဘာရယ်.." လို့ ဂျော့က မေးတယ်။
"သီလရှင်လေ။ သောက်ျားတွေအားလုံး ၀က်သွေချည်းပဲ။ သျွန်မ သောက်ျားက ၀က်။ သျွန်မ အဖေလည်း ၀က်။ သျှင်လည်း ၀က်။ သောက်ျားအားလုံး ၀က်။ ထွက်သွားတော့"
ဂျော့က သက်ပြင်းချလိုက်ပြီး ပြန်လှည့်ထွက်လာခဲ့တယ်။
*****
ညလယ်စာမတိုင်မီ ဂျော့ မှေးခနဲ အိပ်ပျော်သွားတော့ ဂလော်ရီယာ့အကြောင်း အိပ်မက်မက်ပြန်တယ်။ သူနိုးနိုးချင်းပဲ သူ့ကုတင်ဘေးမှာ ၀ှီးချဲပေါ်ထိုင်ရင်း သူ့ကို ကြည့်နေတဲ့ ဂလော်ရီယာ့ကို တွေ့လိုက်ရတယ်။
သူမပုံက ရှုတည်တည်နဲ့။ နားကွင်းကြီးတွေ မပါတော့ဘူး။ ပုံပျက်နေတဲ့ သူမ မျက်နှာကိုလည်း ကာကွယ်ဖို့ မကြိုးစားတော့ဘူး။ ဂုဏ်ယူစရာလို့ ထင်သလားတောင်မသိ၊ ခပ်ရဲရဲပဲ အားလုံးမြင်သာအောင် ပြသထားတယ်။
"ဟဲလို" လို့ သူမက နှုတ်ဆက်တယ်။
"ဟဲလို" လို့ ဂျော့က ပြန်နှုတ်ဆက်တယ်။
"သျှင်က သမ္မဆရာဆိုတာ သျွန်မကို အစက ဘာလို့မပြောလဲ" လို့ ပြောတယ်။
"ကျွန်တော်က ဓမ္မဆရာမဟုတ်ပါဘူး" လို့ ဂျော့က ပြောတယ်။
"သမ္မဆရာဖြစ်ဖို့ သင်ယူနေတာ မဟုတ်လား" လို့ သူမက မေးတယ်။
"ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"
"သတင်းစာထဲမှာ သွေ့တာ" သူမလက်ထဲမှာ သတင်းစာပါလာတယ်။ ခေါင်းစည်းကို အသံထွက်ပြီး သူမက ဖတ်ပြတယ်။
"သျှင် ဘယ်သူဆိုတာ အစက ဘာလို့ သျွန်မကို မပြောတာလဲ။ သျွန်မ အစက သိရင် သျွန်မပြောခဲ့တာသွေ သျှင့်ကို မပြောပါဘူး"
"ဘာလို့လဲ" လို့ ဂျော့က မေးလိုက်တယ်။
"သျှင်က ၀က်မဟုတ်တဲ့ သစ်ဦးတည်းသော သောက်ျားမို့လို့ပေါ့။ သျွန်မက သျှင့်ကို သခြားသူတွေလိုပဲ ၀က်ဖြစ်မယ့် ကောလိပ်ကျောင်းသားလေးလို့ပဲ ထင်ခဲ့တာ။ သျှင်တစ်ယောက်တည်းပဲ ၀က်လို မသျင့်ကြံတာ"
"ဟမ်" လို့ပဲ ဂျော့ အသံထွက်နိုင်တော့တယ်။
"သျှင်က သမ္မဆရာဆိုရင်၊ သမ္မဆရာဖြစ်ဖို့ သင်နေတယ်ပဲထားပါ၊ သျွန်မကို ဘာလို့ မဆူတာလဲ"
"ဟင် ဘာလို့ ဆူရမှာလဲ" လို့ ဂျော့က မေးတယ်။
"သျွန်မလုပ်ခဲ့တဲ့ မကောင်းမှုတွေ အသွက်လေ" လို့ သူမက ပြောတယ်။ ပုံစံကြည့်ရတာ ဂျော့ကို အရူးလုပ်နေတဲ့ပုံတော့ မရဘူး။ သူမက ကိုယ့်ကိုယ်ကိုယ် ဆိုးကြောင်းသိတယ်၊ ပြီးတော့ သူမကို ကြောက်လန့်အောင်လုပ်ဖို့က ဂျော့ရဲ့ တာဝန်ကြီးတစ်ရပ်လို့ အခိုင်အမာ ယုံကြည်ထားပုံပဲ။
"ကောင်းပြီလေ။ တရားဝင်ဓမ္မဆရာဖြစ်တော့ ဆူရမှာပေါ့" လို့ ဂျော့က ပြောတယ်။
"ဘာလို့ သျှင် သရားဝင်ဖြစ်စရာလိုလဲ။ သျှင်ယုံကြည်တာကို သျှင်ယုံရမှာပေါ့။ သရားဝင်ရာထူး ဘယ်မှာ လိုလို့လဲ"
သူမက ၀ှီးချဲကို ဂျော့နဲ့နီးအောင် လှိမ့်လိုက်တယ်။
"သျွန်မ မပြောင်းလဲဘူးဆိုရင် ငရဲကို သွားရမှာလို့ သျွန်မကို ပြော"
ဂျော့က ကြိုးစားပြုံးလိုက်တယ်။ "မင်း ငရဲကိုသွားရမယ်ဆိုတာ မသေချာပါဘူး" လို့ ပြောလိုက်တယ်။
သူမက ဂျော့အနားကနေ ခွာလိုက်တယ်။
"သျှင်လည်း သျွန်မ အဖေလိုပဲ။ သျွန်မကို သွင့်လွှတ် သွင့်လွှတ် သွင့်လွှတ်၊ သကယ်တမ်းကျတော့ အဲသာ သွင့်လွှတ်သာ မဟုတ်ဘူး။ အဲသာ သရုမစိုက်တာ"
ဂလော်ရီယာက သူမခေါင်းကို သွင်သွင်ယမ်းလိုက်တယ်။
"သောင်လေး။ သျှင်ကတော့ ဘယ်လောက်စိတ်ပျက်သရာကောင်းတဲ့ သမ္မဆရာဖြစ်လာမလဲ မသိဘူး။ သျှင့်မှာ ယုံကြည်ချက် ဘာမှ မရှိဘူး။ သျွန်မ သျှင့်ကို သနားတယ်"
ပြောပြီး သူမ ထွက်ခွာသွားတယ်။
*****
အဲဒီညမှာပဲ ဂလော်ရီယာ့အကြောင်း နောက်ထပ်အိပ်မက်တစ်ခု ဂျော့ မက်ပြန်တယ်။ ဒီတစ်ခါတော့ စကားမပီတဲ့ ဂလော်ရီယာ။ သွားတွေမရှိပဲ၊ ခြေထောက်မှာ ကျောက်ပတ်တီးနဲ့ ဂလော်ရီယာ။ အိပ်မက်ကတော့ လိင်စိတ်ကြွတဲ့ အိပ်မက်မျိုးပဲ၊ ရယ်စရာလည်း နည်းနည်းကောင်းတယ်လို့ သူ ခံစားမိတယ်။ စိတ်ရယ်၊ ကိုယ်ခန္ဓာရယ်၊ ၀ိဉာဉ်တစ်ခုရယ် ပိုင်ဆိုင်ထားတဲ့အတွက် ရှက်ရွံ့မှုမျိုး သူ မခံစားရဘူး။ ဂလော်ရီယာကို သူ့ကိုယ်ခန္ဓာက လိုချင်နေတဲ့အတွက် သူ့ကိုယ်သူ အပြစ်မတင်နိုင်ဘူး။ တကယ်တော့ ကိုယ်ခန္ဓာတစ်ခုအတွက် ဒီကိစ္စဟာ သိပ်သဘာဝကျတာပဲလေ။
နံနက်စာစားပြီးမှာ သူမဆီကို ဂျော့သွားနှုတ်ဆက်တော့ သူ့စိတ်က နည်းနည်းလေးမှ မလှုပ်ရှားနေတော့ဘူးလို့ ထင်ရတယ်။
"မင်္ဂလာနံနက်ခင်း" လို့ သူမက သူ့ကို နှုတ်ဆက်တယ်။ ရောင်နေတာတွေ အတော်များများတော့ ကျသွားပြီး။ ရုပ်ရည်ကလည်း တိုးတက်လာပြီ။ ပြီးတော့ မြင်မြင်ချင်းပဲ ဂျော့ကို မေးခွန်းတစ်ခုနဲ့ ပစ်သွင်းလိုက်တယ်။
"သျွန်မသာ သလေးတွေအများကြီးရှိတဲ့ အိမ်သောင်ရှင်မသယောက်ဖြစ်လာရင်၊ သလေးတွေကလည်း လိမ္မာတယ်ဆိုရင်၊ သျှင်ပျော်မှာလား"
"ပျော်မှာပေါ့" လို့ ဂျော့က ပြန်ဖြေတယ်။
"ညက အဲဒီလို သျွန်မ အိပ်မက်မက်သယ်။ သျွန်မ ရှင့်ကို လက်ထပ်လိုက်သယ်တဲ့။ ပြီးတော့ သအိမ်လုံးအပြည့် သလေးတွေ မွေးထားကြတယ်"
သူမကြည့်ရတာ ဒီအိပ်မက်ကို သိပ်သဘောကျနေပုံ မပေါ်ပါဘူး။ ဂျော့အပေါ်မြင်တဲ့အမြင်ကလည်း တိုးတက်ပြောင်းလဲလာပုံ မရှိဘူး။
"ကျွန်တော့်ကို အိပ်မက်ထဲမက်တယ်ဆိုတော့ မြှောက်နေပြန်ပါပြီ" လို့ ဂျော့က ပြောတယ်။
"မြှောက်သာ မဟုတ်ဘူး။ သျွန်မက ဒီလိုပဲ ပေါက်သရအိပ်မက်တွေ အမြဲမက်တတ်သာပဲ။ တကယ်တော့ မနေ့ည အိပ်မက်က သျှင့်အကြောင်းဆိုတာထက် သွားတုအကြောင်းက ပိုတယ်"
"သွားတု..." လို့ ဂျော့က တအံ့တသြ မေးလိုက်တယ်။
"သျွန်မက သွားတုကြီးသစ်ခု သပ်ထားရတယ်။ သျှင်နဲ့ ကလေးတွေကို သခုခုပြောဖို့လုပ်တိုင်း သွားတုကြီးက ထွက်ကျတယ်"
"သွားတုတွေကို ထွက်မကျပဲ မြဲနေအောင် လုပ်လို့ရပါတယ်" လို့ ဂျော့က ပြောတယ်။
"သွားတုကြီးနဲ့ မိန်းမကို သျှင် ချစ်နိုင်လို့လား" လို့ သူမက မေးတယ်။
"ချစ်မှာပေါ့" ဂျော့က ဖြေတယ်။
"သွားတုကြီးနဲ့ မိန်းမကို သျှင် ချစ်နိုင်လို့လားလို့ သျွန်မ မေးတာက သျှင် သျွန်မကို လက်ထပ်ချင်လားလို့ မေးနေတာမဟုတ်ဘူးနော်။ သျွန်မ အဲဒီလို မသွေးဘူး"
"ဗျာ" လို့ ဂျော့ဆီက အသံထွက်သွားတယ်။
"သျွန်မတို့ လက်ထပ်ကြရင်၊ သာရှည်ခံမှာ မဟုတ်ဘူး။ သျွန်မ ဆိုးတဲ့အခါကျရင် သျှင်က ဒေါသထွက်မှာ မဟုတ်ဘူး" လို့ သူမက ပြောတယ်။
သူတို့နှစ်ဦးကြားမှာ အတော်ကြာအောင် အသံတိတ်သွားတယ်။ ဒီအတောအတွင်းမှာဟာ ဂျော့ဟာ သူမကို တစ်ခုခု နားလည်လိုက်သလိုပဲ။ သူမ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတဲ့လူလို ဆက်ဆံနေရတဲ့ အကြောင်းရင်းက သူမ ကောင်းကောင်းဆိုးဆိုး၊ သူမကို ဂရုပြုတဲ့အထိ ဘယ်သူကမှ ဘယ်တုန်းကမှ လုံလောက်အောင် မချစ်ခဲ့လို့ပဲ။
ဂရုပြုမယ့်သူ တစ်ယောက်မှ မရှိတဲ့အတွက် သူမဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခဲ့တယ်။ ဂျော့ သူ့ကိုယ်သူ နားလည်လာတာတစ်ခုလည်း ရှိတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးပြီး တန်ဖိုးမရှိသလို ဆက်ဆံနေတဲ့လူတွေကို သူက စိတ်ဆိုးဒေါသမထွက်ပဲ ဘာမှမဖြစ်သလို နေနေမယ်ဆိုရင် သူလည်း အသုံးမကျတဲ့ ဓမ္မဆရာတစ်ဦးပဲ ဖြစ်လာလိမ့်မယ်လို့ နားလည်လိုက်တယ်။ မသိကျိုးကျွံပြုမှု၊ ရှက်ရွံ့မှုနဲ့ ခွင့်လွှတ်ပေးမှုတို့နဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။
သူမ သူ့ဆီက တောင်းဆိုတာနေတာက စိတ်ဆိုးဒေါသထွက်ပြီး သူမကို ဂရုပြုပေးဖို့ပဲ။
ကမ္ဘာမြေက သူ့ကို စိတ်ဆိုးဒေါသထွက်ပြီး ဂရုစိုက်တဲ့ အပြုအမူကိုပြဖို့ ဂျော့ကို တာင်းဆိုနေတယ်။
"လက်ထပ်ထပ် မထပ်ထပ်၊ မင်း ကိုယ့်ကိုယ်ကိုယ် အမှိုက်တစ်စလို ဆက်ပြီး ပြုမူနေမယ်၊ ဘုရားသခင်ရဲ့ ကမ္ဘာမြေကို မြို့ပျက်ကြီးလို ဆက်ပြီးဆက်ဆံနေမယ်ဆိုရင်တော့ မင်း ငရဲကို ဇောက်ထိုးဆင်းဖို့သာ ပြင်ထားပေတော့" လို့ ဂျော့က ကြိမ်းဝါးလိုက်တယ်။
ဒီတစ်ကြိမ်တော့ ဂလော်ရီယာရဲ့ ပီတိအဟုန်က ပြင်းထန်ဝင်းပလွန်းတယ်။
မိန်းမတစ်ယောက်ကိုရော သူ့ကိုယ်သူပါ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပီတိမျိုး ဂျော့ မပေးစွမ်းခဲ့ဖူးဘူး။ နောက်ထပ်ခြေလှမ်းကတော့ လက်ထပ်ဖို့ပဲ ရှိတော့တယ်လို့ သူ ယူဆလိုက်တယ်။ သူမကို သူ့ကို လက်ထပ်ခွင့်ပေးပါလို့ တောင်းဆိုတော့ သူမက လက်ခံတယ်။ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပဲ။
ပြီးတော့ နှစ်ဦးစလုံးအတွက် အပေါက်ကျဉ်းမကြုံဖူးသေးတဲ့အခြေအနေရဲ့ အဆုံးသတ်ဆိုလည်း ဟုတ်ပါတယ်။
တေဇာ (လရောင်လမ်း)
Mr. Z by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment