Skip to main content
ပျားရည်မုန့် (၁)
"ဒီလိုနဲ့ မာဆာခီချီမှာ လက်နဲ့အပြည့် ပျားရည်တွေရလာတယ်၊ သူ့ဘာသာ စားနိုင်တာထက်ကို အများကြီးပိုတယ်။ အဲလိုနဲ့ သူလည်း ပျားရည်တွေကို ပုံးတစ်ခုထဲထည့်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ မြို့အထိရောက်အောင်သွားပြီး ပျားရည်တွေကို ရောင်းဖို့ပေါ့။ မီဆာခီချီဟာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပျားရည်ဝက်ဝံကြီး ဖြစ်တယ်"
"၀က်ဝံတွေမှာ ပုံးရှိလို့လား" ဆာလာက မေးလိုက်တယ်။
"မာဆာခီချီမှာတော့ တစ်ပုံးရှိနေတယ်။ လမ်းဘေးနားမှာ ကျနေတာကိုတွေ့တော့ တစ်ခုခုဆိုရင် အသုံးဝင်နိုင်တယ်ဆိုပြီး သူက ကောက်ယူလာခဲ့တာ"
"အခုတော့ တကယ် အသုံးဝင်သွားတာပေါ့"
"ဒါပေါ့။ တကယ်အသုံးဝင်တာပေါ့။ ဒီလိုနဲ့ မီဆာခီချီလည်း မြို့ကိုတက်သွားပြီး လူတွေသွားလာနေတဲ့ ရင်ပြင်မှာ နေရာတစ်ခုယူလိုက်တယ်။ ပြီးတော့ သူက ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။ အရသာထူးတဲ့ပျားရည်။ သဘာဝစစ်စစ်။ တစ်ခွက်မှ ယန်း ၂၀၀၊ တဲ့"
"၀က်ဝံတွေက ပိုက်ဆံရေတတ်လို့လား"
"ရေတတ်ပါ့။ ၀က်ဝံလေးဘ၀တုန်းက မာဆာခီချီက လူတွေနဲ့အတူနေခဲ့တာ၊ စကားဘယ်လိုပြောရမယ်၊ ပိုက်ဆံဘယ်လိုရေရမယ်ဆိုတာ သင်ခဲ့ရတာပေါ့။ မာဆာခီချီက တော်တော်လေး ထူးခြားတဲ့ ၀က်ဝံပဲ။ ဒီတော့ သူ့လောက်မထူးခြားတဲ့ တခြားဝက်ဝံတွေက သူ့ကို ခပ်ခွာခွာဆက်ဆံတတ်ကြတယ်"
"ခပ်ခွာခွာဆက်ဆံတယ်..."
"အင်းပေါ့။ ဒီလိုလေ။ ဟေ့ ဒီကောင်က ဘာလို့ ဒီလောက်ထူးခြားနေရတာလဲလို့ ပြောပြီး ခပ်ဝေးဝေးနေကြတယ်။ အထူးသဖြင့် တွန်ခီချီပေါ့။ သူက ကြမ်းကြမ်းတမ်းတမ်းဝက်ဝံကြီး။ သူက မာဆာခီချီကို တကယ်မုန်းတာ"
"မာဆာခီချီကြီး သနားပါတယ်"
"ဒါပေါ့။ အဲဒီလိုဖြစ်နေတာ။ လူတွေက ပြောကြတယ်၊ အင်းလေ သူက ပိုက်ဆံရေတတ်တယ်၊ စကားလည်းပြောတတ်တယ်၊ အကုန်လုပ်တတ်တယ်။ ဒါပေမဲ့ တကယ်တမ်းအရင်းစစ်တော့ သူက ၀က်ဝံပဲလေတဲ့။ ဒီတော့ မာဆာခီချီဟာ လူတွေရဲ့လောကနဲ့ရော ၀က်ဝံတွေရဲ့ကမ္ဘာနဲ့ပါ မသက်ဆိုင်သူတစ်ယောက် ဖြစ်နေတော့တယ်"
"သူ့မှာ သူငယ်ချင်းမရှိဘူးလား"
"တစ်ယောက်တောင် မရှိဘူး။ ၀က်ဝံတွေက ကျောင်းမသွားကြဘူးလေကွယ်၊ ဒီတော့ သူငယ်ချင်းဖြစ်ဖို့အတွက် နေရာဘယ်ရှိမလဲ"
"ဂျန့်မှာရော သူငယ်ချင်းရှိလား" အန်ကယ်ဂျန်ပိုင်းလို့ ခေါ်ရမှာက အရမ်းရှည်လွန်းတယ်။ ဒီတော့ ဆာလာလေးက ဂျန်ပိုင်းကို ဂျန်လို့ပဲ ခေါ်တယ်။
"ဟိုးရှေးရှေးတုန်းကတည်းက သမီးအဖေနဲ့ ဦးက အကောင်းတကာ့အကောင်းဆုံး သူငယ်ချင်းတွေပေါ့။ သမီး မေမေရော အတူတူပဲ"
"ကောင်းတာပေါ့၊ သူငယ်ချင်းရှိတာ"
"ဟုတ်တယ်၊ ကောင်းတယ်။ သမီးပြောတာ မှန်တယ်"
ကောင်မလေးအိပ်ယာမ၀င်ခင်မှာ ဂျန်ပိုင်းက ပုံပြင်လေးတွေ စီစဉ်ပြောပြတတ်တယ်။ ဆာလာက သူနားမလည်တာ တစ်ခုခု ကြားတိုင်း သူ့ဆီက ဖြေရှင်းချက်တောင်းတတ်တယ်။ ကောင်မလေးရဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ဂျန်ပိုင်း တော်တော်ကလေး စဉ်းစားရတယ်။ ဆာလာရဲ့ မေးခွန်းတွေက အများအားဖြင့် ချက်ကျလက်ကျနဲ့ စိတ်ဝင်စားစရာကောင်းတယ်။ ကောင်မလေးမေးခွန်းကို အစီအစဉ်တကျဖြေနိုင်ဖို့ စဉ်းစားနေရင်းပဲ သူပြောနေတဲ့ဇာတ်လမ်းအတွက် အလှည့်အပြောင်းအသစ်လေးတွေကို ဂျန်ပိုင်း ခေါင်းထဲမှာ ပေါ်လာတတ်တယ်။
ဆာယိုခိုက ခပ်နွေးနွေး နို့တစ်ခွက်ယူလာတယ်။
"ဂျန်က သမီးကို မာဆာခီချီဝက်ဝံကြီးပုံပြင် ပြောပြနေတာ" လို့ ဆာလာက သူ့အမေကို ပြောလိုက်တယ်။ "သူက ပြိုင်ဘက်ကင်း နံပါတ်တစ် ပျားရည်ဝက်ဝံကြီး။ ဒါပေမဲ့ သူငယ်ချင်းတော့ မရှိဘူး"
"ဟင် တကယ်လား။ သူက ဘယ်လောက်များကြီးလဲ သမီးရဲ့" လို့ ဆာယိုကိုက မေးတယ်။
ဆာလာက ဂျန်ပိုင်းဘက်ကို ဇဝေဇ၀ါလှည့်ကြည့်ပြီး မေးလိုက်တယ်။ "မာဆာခီချီက အကြီးကြီးလား"
"အရမ်းကြီး မကြီးပါဘူး။ တကယ်တော့ သူက သေးတဲ့ဘက်ကိုတောင် ပါတယ်။ ၀က်ဝံတစ်ကောင်အနေနဲ့ ဆိုရင်ပေါ့။ ဆာလာ့ ကိုယ်လုံးလောက်ပဲ ရှိမယ်။ ပြီးတော့ သူက အရမ်းသဘောကောင်းတဲ့ ၀က်ဝံလေးပဲ။ သီချင်းနားထောင်ရင်တောင် ရော့ခ်တို့ ပန့်ခ်တို့လို အမျိုးအစားတွေကို နားမထောင်ဘူး။ Schubert ကိုပဲ သူ့ဘာသာ နားထောင်နေတတ်တာ"
"သူက သီချင်းနားထောင်တယ်။ သူ့မှာ စီဒီပလေယာလိုမျိုး တစ်ခုခုရှိလို့လား" ဆာလာက မေးလိုက်တယ်။
တစ်နေ့မှာ ခရီးဆောင်ကက်ဆက်ကြီးတစ်လုံး ကျနေတာကို သူ တွေ့ခဲ့တယ်လေ။ အဲဒါနဲ့ ကောက်ပြီး အိမ်ကိုယူလာခဲ့တယ်။
"အာ...တောင်တန်းတွေတစ်ဝိုက်မှာ ဘယ်လိုလုပ် ဒီလိုပစ္စည်းတွေက အမြဲတမ်းပဲ ကျကျနေရတာလဲ" လို့ ဆာလာက မယုံသင်္ကာဟန်နဲ့ မေးလိုက်တယ်။
"ဒီလို။ တောင်ကြီးက အရမ်းအရမ်း မတ်တယ်။ ဒီတော့ တောင်တက်သမားတွေက အပေါ်တက်ရင်း မူးမေ့ရီဝေလာတတ်ကြတယ်။ ဒါနဲ့ မလိုတော့တဲ့ ပစ္စည်းတွေ အများအပြားကို လွှင့်ပစ်ကြရတယ်။ အဲဒီနားက လမ်းမဘေးဆီမှာပဲ။ အောင်မလေး အထုပ်တွေက လေးလိုက်တာ။ သေချင်စော်နံလာပြီ။ ဒီပုံးကိုလည်း မလိုတော့ပါဘူး။ ဒီကက်ဆက်ကြီးကိုလည်း မလိုတော့ပါဘူးလို့ပြောပြီး လွှင့်ပစ်ကြတာပေါ့"
"သူတို့လို မေမေလည်း ဖြစ်ဖူးသားပဲ။ တစ်ခါတလေကျရင် ကိုယ့်ဆီမှာရှိသမျှအားလုံးကို လွှင့်ပစ်ချင်စိတ်ပေါက်မိတာပဲ" လို့ ဆာယိုကိုက ၀င်ပြောတယ်။
"သမီးတော့ မပါဘူး" လို့ ဆာလာက ပြောတယ်။
"ဒါကတော့ သမီးက ငယ်ပြီး၊ အားအင်တွေပြည့်နေတာကိုး။ ကဲ.. နွားနို့ မြန်မြန်သောက်လိုက်၊ ဒါမှ ပုံပြင်ဆက်ပြောလို့ရမှာ" လို့ ဂျန်ပိုင်းက ပြောလိုက်တယ်။
"ဟုတ်ကဲ့" လို့ ကောင်မလေးကို ပြောပြီး၊ ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ မိမိရရဆုပ်ကိုင်ပြီး၊ နွားနို့နွေးနွေးကို ဂရုတစိုက်သောက်နေတယ်။ ပြီးတော့ သူက မေးလိုက်တယ်။
"မီဆာခီချီက ပျားရည်မုန့်တွေလုပ်ပြီး ရောင်းရင်ရော ဘယ်လိုနေမလဲ။ ဒီအတိုင်း ပျားရည်သက်သက်ရောင်းတာထက် ပျားရည်မုန့်ဆိုရင် မြို့ကလူတွေ ပိုကြိုက်ကြလိမ့်မယ်လို့ သမီးတော့ ထင်တယ်"
"သိပ်ကောင်းတဲ့ အချက်ပဲ" ဆာယိုကိုက ပြုံးပြီး ပြောလိုက်တယ်။ "ဒီလိုဆို အမြတ်အများကြီး ပိုရမှာပဲ"
"တန်ဖိုးဖြည့်စွက်ပြီး ဈေးကွက်အသစ်ဖန်တီးတာ။ တစ်နေ့တော့ ဒီကောင်မလေး စီးပွားရေးသမားစစ်စစ် ဖြစ်လာမှာပဲ" လို့ ဂျန်ပိုင်းက မှတ်ချက်ချလိုက်တယ်။
****
ဆာလာအိပ်ယာပြန်ဝင်သွားတော့ ည ၂ ချက်တီးလုပြီ။ ကောင်မလေးအိပ်ပျော်သွားတာကိုစောင့်ပြီးတော့၊ ဂျန်ပိုင်းနဲ့ ဆာယိုခို မီးဖိုချောင်စားပွဲပေါ်က ဘီယာဗူးကို ဖောက်လိုက်ကြတယ်။ ဆာယိုကိုက သိပ်သောက်တတ်တာမဟုတ်ဘူး၊ ဂျန်ပိုင်းကလည်း အိမ်ကို ကားမောင်းပြန်ရဦးမယ်။
"ညကြီးအချိန်မတော် နင့်ကို လှမ်းခေါ်ရတာတော့ အားနာပါတယ်။ ဒါပေမဲ့ ငါ့ဘာငါဆို ဘာလုပ်ရမှန်းကို မသိဘူး။ အရမ်းကို ပင်ပန်းနေပြီ၊ သူ့ကို ငြိမ်သွားအောင်လုပ်နိုင်တာလည်း နင်တစ်ယောက်ပဲ ရှိတယ်။ တာကာသျှူကီကို ခေါ်ဖို့ဆိုတာက ဝေးရော"
ဂျန်ပိုင်းက ခေါင်းညိတ်လိုက်ပြီး ဘီယာတစ်ကြိုက်သောက်လိုက်တယ်။ "ငါ့အတွက်တော့ မပူပါနဲ့၊ မနက်နေမထွက်မချင်း၊ လမ်းပေါ်လူတွေ မရောက်မချင်း အိပ်သေးတာမဟုတ်ဘူး။ ကိစ္စမရှိပါဘူး"
"နင်က ၀တ္ထုတစ်ပုဒ် ရေးနေတာလား"
ဂျန်ပိုင်းက ခေါင်းညိတ်လိုက်တယ်။
"အခြေအနေ ဘယ်လိုလဲ"
"ထုံးစံအတိုင်းပဲပေါ့။ ငါက ရေးတယ်။ သူတို့က ပုံနှိပ်တယ်။ ဘယ်သူမှ မဖတ်ဘူး"
"ငါတော့ ဖတ်တာပဲ။ အားလုံးပဲလေ"
"အေးပါ ကျေးဇူးတင်ပါတယ်။ နင်က သဘောကောင်းတာကိုး။ ဒါပေမဲ့ ၀တ္ထုကတော့ တစ်နည်းနည်းနဲ့ ဇာတ်သိမ်းပိုင်းရောက်သွားမှာပါ။ လော်ဂရစ်သမ်စာအုပ်လိုပေါ့။ ဆာလာအကြောင်းပဲ ပြောပါဦး။ ဒါမျိုး အရင်က ဖြစ်ဖူးလား"
ဆာယိုခိုက ခေါင်းညိတ်တယ်။
"ခဏခဏလား"
"ညတိုင်းနီးပါးပဲ။ တစ်ခါတလေ သန်းခေါင်ကျော်မှ အိပ်ယာထဲက ၀ရုန်းသုန်းကား ခုန်ထွက်တယ်။ ပြီးရင် အငိုမတိတ်တော့ဘူး။ ငါလည်း ပင်ပန်းလှပြီ"
"ဘာဖြစ်တာလဲရော စဉ်းစားမိလား"
ဆာယိုခိုက လက်ကျန်ဘီယာကို သောက်လိုက်ပြီး ဖန်ခွက်အလွတ်ကို ငေးကြည့်နေတယ်။
"ငါထင်တာတော့ ငလျင်အကြောင်းသတင်းတွေအများကြီး သူ ကြည့်မိတယ်ထင်တယ်။ လေးနှစ်သမီးလေးအတွက်တော့ သိပ်ကို ဆိုးတာပေါ့။ ငလျင်လှုပ်တဲ့အချိန်တုန်းက သူ နှိုးနေတာ။ သူပြောတာတော့ လူတစ်ယောက်က သူ့ကို နှိုးတယ်တဲ့၊ သူ မသိတဲ့လူတစ်ယောက်က။ ငလျင်လူသားပေါ့။ အဲဒီလူက သူ့ကို သေတ္တာသေးသေးလေးတစ်လုံးထဲ ထည့်ထားတယ်၊ ဘယ်သူမှ ၀င်မဆန့်နိုင်တဲ့ သေတ္တာလေးပေါ့။ သူက အဲဒီလူကို အထဲမ၀င်ချင်ကြောင်းပြောတော့၊ အဲဒီလူက အထဲကို အတင်းထိုးသွင်းတယ်၊ သူ့အရိုးအဆစ်တွေ ကွဲကြေသွားမတတ်ပဲတဲ့။ အဲဒီလို အထဲထည့်ထားတယ်။ သူ လန့်ပြီးထအော်တော့ လန့်နိုးလာတယ်တဲ့"
"ငလျင်လူသားတဲ့လား.."
"အရပ်ရှည်ရှည် ပိန်ပိန်နဲ့ အသက်ကြီးပြီ။ အဲဒီအိပ်မက် မက်ပြီးတာနဲ့၊ အိမ်ထဲက ရှိသမျှမီးတွေကို အကုန်လုံးလိုက်ဖွင့်ပြီး အဲဒီလူကို ရှာတော့တာပဲ။ ဘီရိုတွေထဲ၊ ဟောခန်းရှေ့က ဖိနပ်စင်ထဲ၊ အိပ်ယာအောက်တွေနဲ့ အ၀တ်အံဆွဲတွေ အကုန်လုံးပဲ။ အိပ်မက်ပါလို့ ငါ သူ့ကို ပြောတာလည်း နားမထောင်ဘူး။ အဲဒီလူ ပုန်းနေနိုင်တဲ့ နေရာအားလုံးကို ရှာလို့ပြီးမချင်း အိပ်ယာထဲ ပြန်မ၀င်တော့ဘူး။ အဲဒီလို ရှာတာက တစ်နာရီလောက်ကြာတော့ အဲဒီအချိန်မှာ ငါက မျက်လုံးကျယ်နေရော။ အိပ်ရေးပျက်တာများလွန်းလို့၊ အလုပ်လုပ်ဖို့မပြောနဲ့ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘူး"
ဆာယိုခိုအနေနဲ့ အခုလို ခံစားချက်တွေ ပွင့်ထွက်လာတာမျိုး မဖြစ်ဖူးသလောက်ပဲ။ "သတင်းတွေကို မကြည့်မိအောင်နေလေ။ အခုရက်ပိုင်းတော့ ပြသမျှက ငလျင်သတင်းတွေချည်းပဲ ဖြစ်နေမှာပဲ" လို့ ဂျန်ပိုင်းက ပြောလိုက်တယ်။
"ငါ တီဗီမကြည့်တော့သလောက်ပါပဲ။ ဒါပေမဲ့ အခုတော့ နောက်ကျသွားပြီ။ ငလျင်လူသားက လာမြဲလာနေတော့တာ"
ဂျန်ပိုင်းက ခဏလောက် စဉ်းစားနေတယ်။
"တနင်္ဂနွေနေ့ကျရင် တိရစ္ဆာန်ရုံသွားရင် နင်အဆင်ပြေမလား။ ဆာလာကလည်း ၀က်ဝံအစစ်ကို မြင်ဖူးချင်တယ်ပြောတယ်"
ဆာရိုခိုက မျက်လုံးမှေးသွားပြီး သူ့ကို ကြည့်နေတယ်။ "မဆိုးပါဘူး။ သူ့စိတ်ကို အပြောင်းအလဲဖြစ်ကောင်းပါရဲ့။ ဒါဆိုလည်း သွားကြစို့လေ၊ ငါတို့ လေးယောက်ပေါ့။ ဒီလို မထွက်ဖြစ်တာ နှစ်တွေအတော်ကြာလှပြီ။ တာကာသျှူကီကို နင်ပဲ ဖုန်းဆက်လိုက်ပေါ့"
*****
ဂျန်ပိုင်းက သုံးဆယ့်ခြောက်နှစ်၊ ကိုဘေးမြို့မှာပဲ မွေးပြီး ကြီးခဲ့တယ်။ အဲဒီမှာ သူ့အဖေရဲ့ လက်ဝတ်ရတာနာဆိုင်နှစ်ဆိုင် ရှိတယ်။ သူ့ထက် ခြောက်နှစ်ငယ်တဲ့ ညီမတစ်ယောက်ရှိတယ်။ ပုဂ္ဂလိကကျောင်းတစ်ခုမှာ တစ်နှစ်တက်ပြီးတော့၊ တိုကျိုက ၀ါဆဲဒါးတက္ကသိုလ်မှာ ၀င်ခွင့်လျှောက်တယ်။ ၀င်ခွင့်စာမေးပွဲကို စီးပွားရေးဌာနမှာရော၊ စာပေဌာနမှာပါ အောင်မြင်ခဲ့တယ်။ သူကတော့ နှစ်ခါပြန်မစဉ်းစားဘဲ စာပေဌာနကို တန်းရွေးချယ်ခဲ့တယ်၊ သူ့မိဘတွေကိုတော့ စီးပွားရေးဌာနမှာ တက်နေပြီလို့ ပြောထားလိုက်တယ်။ စာပေသင်ယူဖို့အတွက်တော့ သူ့မိဘတွေက ပိုက်ဆံထုတ်ပေးမှာမဟုတ်ဘူး၊ ဂျန်ပိုင်းအနေနဲ့လည်း စီးပွားရေးလုပ်ငန်းလည်ပတ်ပုံတွေ သင်ယူရင်း သူ့ဘ၀ရဲ့ အဖိုးတန်တဲ့နှစ်ကာလတွေကို ဖြုန်းတီးပစ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ သူလုပ်ချင်တာကတော့ စာပေပညာကို လေ့လာမယ်၊ ပြီးတော့ စာရေးဆရာလုပ်မယ်၊ ဒါပဲ။
တက္ကသိုလ်ရောက်တော့ ဂျန်ပိုင်း သူငယ်ချင်းနှစ်ယောက်ရတယ်၊ တာကာသျှူကီနဲ့ ဆာယိုခိုတို့ပဲ။ တာကာသျှူကီက နာဂါနိုတောင်တန်းတွေဆီက လာတာ။ အရပ်မြင့်မြင့်၊ ပုခုံးကျယ်ကျယ်၊ အထက်တန်းကျောင်းတုန်းက ဘောလုံးအသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်ဖို့ အချိန်နှစ်နှစ်လောက် ယူခဲ့ရတော့ ဂျန်ပိုင်းတို့ထက် တစ်နှစ်ကြီးတယ်။ လက်တွေ့ကျပြီး၊ ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ လူတွေ ချက်ချင်းသဘောကျသွားစေမယ့် ရုပ်ရည်မျိုးပဲ၊ ပြီးတော့ ဘယ်အစုအဖွဲ့မှာမဆို ခေါင်းဆောင်ဖြစ်မယ့်အရည်အသွေးမျိုး သဘာဝအတိုင်းကို ပါနေတယ်။ ဒါပေမဲ့ စာအုပ်စာပေဖတ်ရှုတဲ့အခါမှာတော့ သူ့အတွက် အခက်အခဲရှိတယ်၊ တကယ်တော့ သူ စာပေဌာနရောက်နေရတာက၊ ဒီဝင်ခွင့်စာမေးပွဲတစ်ခုကိုပဲ အောင်ခဲ့လို့။ သူကတော့ သူ့အကျင့်အတိုင်း အကောင်းမြင်ပြီး ပြောလေ့ရှိတယ်။
"အို ဘာဖြစ်လဲ။ ငါက သတင်းထောက် လုပ်မှာပဲ၊ အဲဒီအခါကျတော့ သူတို့က ငါ့ကို စာရေးနည်း သင်ပေးကြလိမ့်မယ်" တဲ့။
တာကာသျှူကီအနေနဲ့ သူနဲ့ သူငယ်ချင်းလုပ်ဖို့ ဘာကြောင့်စိတ်ဝင်စားခဲ့တာလဲ ဂျန်ပိုင်း နားမလည်ဘူး။ ဂျန်ပိုင်းက သူ့အခန်းထဲ တစ်ယောက်တည်းထိုင်ပြီး စာအုပ်ဖတ်၊ သီချင်းနားထောင် နေတတ်တဲ့လူစားမျိုး၊ ဘယ်အားကစားမှာမှ အဖြစ်မရှိဘူး။ လူစိမ်းမြင်ရင် ရှိုးတိုးရှန့်တန့်နဲ့ဆိုတော့ သူငယ်ချင်းလည်း ရှားတယ်။ ဒါပေမဲ့၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာ ဂျန်ပိုင်းကို သူ ပထမဆုံးစမြင်ကတည်းက သူငယ်ချင်းလုပ်ဖို့ တာကာသျှူကီက ဆုံးဖြတ်လိုက်ပုံပေါ်တယ်။ ဂျန်ပိုင်းပုခုံးကို ခပ်သောသော ပုတ်ပြီး၊ "တစ်ခုခုသွားစားရအောင်ကွာ" လို့ သူက ပြောခဲ့တယ်။ အဲဒီနေ့လည်း ကုန်ရော၊ သူတို့နှစ်ယောက် တစ်ယောက်ယောက်နဲ့တစ်ယောက် အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတယ်။
ဆာယိုခိုကိုလည်း တာကာသျှူကီက ဒီပုံစံအတိုင်း ချဉ်းကပ်ခဲ့တယ်။ တာကာသျှူကီက ဆာယိုခိုရဲ့ ပုခုံးကို ပုတ်ပြီး "ဟေ့.. ငါတို့သုံးယောက် တစ်ခုခုသွားစားရအောင်လား" လို့ ပြောတုန်းက ဂျန်ပိုင်းလည်း အတူရှိနေခဲ့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ လူနည်းပွဲစီတဲ့အုပ်စုလေး မွေးဖွားလာခဲ့တယ်။ ဂျန်ပိုင်း၊ တာကာသျှူကီနဲ့ ဆာယိုခိုတို့ဟာ အရာအားလုံးကို အတူလုပ်ခဲ့ကြတယ်။ အချင်းချင်း လက်ချာမှတ်စုတွေ ဝေမျှတယ်၊ ကျောင်းဝန်းထဲက ထမင်းစားဆောင်မှာ နေ့လည်စာအတူစားကြတယ်၊ ကော်ဖီသောက်ရင်း အနာဂတ်အကြောင်း ရင်ဖွင့်ကြတယ်၊ အချိန်ပိုင်းအလုပ်ကိုလည်း အတူတူပဲ လုပ်ကြတယ်၊ ညဥ့်နက်နက်မှာ ရုပ်ရှင်နဲ့ ဂီတဖျော်ဖြေပွဲတွေ အတူသွားကြည့်ကြတယ်၊ တိုကျိုမြို့အနှံ့ လမ်းလျှောက်ထွက်တယ်၊ ဘီယာတွေအများကြီး အတူတူသောက်ကြပြီး၊ နောက်နေ့မနက်ကျရင် အရက်နာအတူတူကျကြတယ်။ တနည်းအားဖြင့်တော့၊ တစ်ကမ္ဘာလုံးက ပထမနှစ်တက္ကသိုလ်ကျောင်းသားတွေလိုပဲ သူတို့ ပြုမူခဲ့တာပဲ။
ဆာရိုခိုက တိုကျိုသူစစ်စစ်။ ကုန်သည်လူတန်းစားတွေ ရာစုနှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ တိုကျိုမြို့ဟောင်းအရပ်က လာတာ။ သူမအဖေက ဂျပန်ရိုးရာဝတ်စုံတွေနဲ့ အတူတွဲဝတ်ရတဲ့ အနုစိတ်တိုလီမုတ်စပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ ဒီလုပ်ငန်းက မျိုးဆက်အတော်များများ မိသားစုစီးပွားရေးအနေနဲ့ ရှိခဲ့တာ၊ ကျော်ကြားတဲ့ရုပ်ရှင်သရုပ်ဆောင် အတော်များများပါဝင်တဲ့ ကိုယ်ပိုင်ဖောက်သည်တွေကိုလည်း ဆွဲဆောင်ထားနိုင်ခဲ့တယ်။ ဆာယိုခိုက အင်္ဂလိပ်စာပေနဲ့ ဘွဲ့ယူဖို့ အကြံအစည်ရှိတယ်၊ ပြီးရင်တော့ ပညာရပ်ဆိုင်ရာ အလုပ်တစ်ခုခု လုပ်မယ်ပေါ့။ သူမက စာတော့ အရမ်းဖတ်တယ်၊ သူမနဲ့ ဂျန်ပိုင်းဟာ ၀တ္ထုတွေကို အဆက်မပြတ် လဲလှယ်ဖတ်ရှုကြပြီး၊ အဲဒီဝတ္ထုတွေအကြောင်း လေးလေးနက်နက် ဆွေးနွေးခဲ့ကြတယ်။ ဆာယိုခိုမှာ လှပတဲ့ဆံပင်တွေနဲ့ ထက်မြက်တဲ့မျက်ဝန်းတွေ ရှိတယ်။ သူမအပြင်ပန်းကတော့ ရိုးရိုးသားသားနဲ့ ငြိမ်ငြိမ်သက်သက်ပဲ၊ ဒါပေမဲ့ အတွင်းထဲမှာတော့ အားကြီးတဲ့ စွမ်းအင်တွေ ကိန်းဝပ်နေတယ်။ အမြဲတမ်း မိတ်ကပ်မလိမ်းဘဲ၊ အဆင်ပြေသလိုပဲ ၀တ်ဆင်တယ်။ ဒါပေမဲ့ သူမမှာ ထူးခြားတဲ့ဟာသဉာဏ်ရှိတယ်၊ ရယ်စရာတစ်ခုခုပြောလိုက်တိုင်း သူမ မချိုမချဉ်မျက်နှာမှာ အရေးကြောင်းလေးတွေ ထင်သွားလေ့ရှိတယ်။ အဲဒီလိုဖြစ်နေတဲ့ သူမမျက်နှာလေးကို မြင်ရတာ ဂျန်ပိုင်းအတွက်တော့ မယုံနိုင်စရာပဲ။ ဆာယိုခိုနဲ့ မတွေ့ခင်က သူ တစ်ခါမှ မချစ်ခဲ့ဖူးဘူး။ ယောက်ျားလေးသီးသန့် အထက်ကျောင်းမှာ တက်ခဲ့တော့ ကောင်မလေးတွေနဲ့ တွေ့ဆုံရမယ့် အခွင့်အလမ်းလည်း မရှိခဲ့သလောက်ပဲ။
ဒါပေမဲ့ သူ့ခံစားချက်ကို ဆာယိုခိုကို ဖွင့်ဟ၀န်ခံဖို့ ဂျန်ပိုင်းမှာ အင်အားမရှိဘူး။ ဆာယိုခိုဟာ သူမကိုယ်သူမ ဂျန်ပိုင်း မလှမ်းသင့်တဲ့ ပန်းတစ်ပွင့်လို ယူဆကောင်းယူဆလိမ့်မယ်၊ ပြီးတော့ ပြောပြီးသားစကားတစ်ခွန်းဟာ ပြန်ရုတ်သိမ်းလို့ မရေတော့မှန်း ဂျန်ပိုင်း သိထားတယ်။ အနည်းဆုံးတော့၊ ဂျန်ပိုင်း၊ တာကာသျှူကီနဲ့ ဆာယိုခိုတို့အကြားက ပျော်စရာကောင်းပြီး ဟန်ချက်ညီတဲ့ ဆက်ဆံရေးလေးဟာ ဒီကိစ္စကြောင့် လှုပ်ရမ်းသွားနိုင်တယ်။ ဒီတော့လည်း ဂျန်ပိုင်းအနေနဲ့ လက်ရှိအခြေအနေအတိုင်း ထားလိုက်ပြီး၊ စောင့်ကြည့်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။
အဆုံးမှာတော့ စတင်လှုပ်ရှားလိုက်တဲ့သူက တာကာသျှူကီဖြစ်နေခဲ့တယ်။ "ရုတ်တရက်ကြီး ပြောရမှာတော့ မကောင်းဘူး၊ ဒါပေမဲ့ ငါ ဆာယိုခိုကို ချစ်မိနေပြီ။ မင်း စိတ်မဆိုးဘူး ထင်တာပဲ" လို့ သူက ဂျန်ပိုင်းကို ပြောတယ်။ ဒါကတော့ သူတို့ဒုတိယနှစ်တက်နေတဲ့ စက်တင်ဘာလထဲမှာ ဖြစ်ခဲ့တာပဲ။ သူနဲ့ ဆာယိုခိုတို့၊ မတော်တဆဆိုသလိုပဲ ပတ်သက်သွားမိကြပြီလို့ တာကာသျှူကီ ရှင်းပြတယ်၊ ဂျန်ပိုင်း နွေကျောင်းပိတ်ရက် အိမ်ပြန်သွားတဲ့ အချိန်အတွင်းမှာပဲ။
ဂျန်ပိုင်းက တာကာသျှူကီကို ကြက်သေသေရင်း ကြည့်နေတယ်။ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို နားလည်ဖို့ သူ အချိန်အတော်လေး ယူလိုက်ရတယ်၊ ဒါပေမဲ့ နားလည်တဲ့အချိန်မှာတော့ အဲဒီအချက်က ၀န်ထုပ်ကြီးတစ်ခုလို သူ့အပေါ် ပြုတ်ကျလာတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မှာ ဘာမှ ရွေးချယ်စရာ မရှိတော့ဘူး။ "ဟင့်အင်း။ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ" လို့ပဲ သူ ပြောလိုက်ရတယ်။
"ကြားရတာ အရမ်းဝမ်းသာတယ်ကွာ" လို့ တာကာသျှူကီက အားရပါးရပြုံးပြီး ပြောလိုက်တယ်။ "မင်းကိုပဲ ငါစိုးရိမ်တာ။ ငါ ဆိုလိုတာက၊ ငါတို့သုံးယောက်သား ဒီလောက်အဆင်ပြေခဲ့ကြတာ၊ ငါက မင်းကို ပထုတ်လိုက်သလို ဖြစ်သွားမှာ စိုးရိမ်တာ။ ဒါပေမဲ့ ဂျန်ပိုင်းရယ်၊ ဘာပဲဖြစ်ဖြစ် ဒါက တစ်ချိန်ချိန်မှာတော့ ဖြစ်လာမှာပဲလေ။ အခုမဖြစ်ရင်လည်း၊ အနှေးနဲ့အမြန် ဖြစ်လာဖို့ အခြေအနေရှိနေတာပဲလေ။ အဓိကအချက်က ငါတို့သုံးယောက် သူငယ်ချင်းတွေအဖြစ် ရှေ့ဆက်ကြဖို့ပဲ။ အိုကေလား"
အဲဒါပြီး လေးငါးရက်အတွင်း ဂျန်ပိုင်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး။ အလုပ်နဲ့ အတန်းတွေ ပျက်တယ်။ အခန်းမဖွဲ့ထားတဲ့ သူ့တိုက်ခန်းကြမ်းပြင်ပေါ်မှာလဲလျောင်းရင်း ရေခဲသေတ္တာထဲက အတိုအစတချို့ကလွဲပြီး ဘာမှမစားတော့ဘူး၊ စိတ်ရှိတိုင်း ၀ီစကီကိုချည်း လှိမ့်သောက်နေတော့တယ်။ ကျောင်းကထွက်ပြီး၊ သူ သိတဲ့လူမရှိတဲ့ ဝေးလံတဲ့ နယ်မြို့လေးတစ်ခုခုမှာ အလုပ်ကြမ်းအလုပ်တစ်ခုလုပ်ပြီး သူ့ဘ၀ကို ကုန်ဆုံးပြစ်လိုက်ဖို့ သူ တွေးတယ်။ ဒါကပဲ သူ့အတွက် အကောင်းဆုံး ဘ၀နေထိုင်မှုပုံစံ ဖြစ်လိမ့်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။
*****
ဒီလိုဖြစ်ပြီး ငါးရက်မြောက်နေ့မှာ ဂျန်ပိုင်းတိုက်ခန်းဆီ ဆာယိုခို ရောက်လာတယ်။ နက်ပြာရောင် အင်္ကျီနဲ့ အဖြူရောင်ဘောင်းဘီကိုဝတ်ပြီး ဆံပင်တွေကို နောက်မှာ ကလစ်နဲ့ချည်ထားတယ်။
"နင် ဘယ်ရောက်နေတာလဲ။ နင့်ကို အခန်းထဲမှာ သေနေပြီလားလို့ အားလုံး စိတ်ပူနေကြတယ်။ နင့်ကိုသွားကြည့်လို့ တာကာသျှူကီက ပြောလို့။ သူ့ဘာသာလာပြီး လူသေကောင်ကို မကြည့်ချင်လို့ ဖြစ်လိမ့်မယ်"
သူ နေမကောင်းဘူးလို့ ဂျန်ပိုင်းက ပြောလိုက်တယ်။
"အင်း။ နင် တော်တော်ပိန်သွားတာပဲ။ နင် စားဖို့ ငါ တစ်ခုခုလုပ်ပေးရမလား"
ဂျန်ပိုင်းက ခေါင်းခါလိုက်တယ်။ အစာမစားချင်ဘူးလို့ ပြောတယ်။
ဆာယိုခိုက ရေခဲသေတ္တာတံခါးကို ဖွင့်ပြီး အတွင်းကို မဲ့ရွဲ့ပြီး ကြည့်လိုက်တယ်။ ဘီယာနှစ်ဗူး၊ ရက်ကြာနေတဲ့ သခွားသီးတစ်လုံးနဲ့ ဆော်ဒါအနည်းငယ်ပဲ အထဲမှာ ရှိနေတယ်။ ဆာယိုခိုက ဂျန်ပိုင်းရှေ့မှာ ထိုင်ချပြီး ပြောတယ်။ "ဘယ်လိုမေးရမှန်းတောင် မသိတော့ဘူး ဂျန်ပိုင်း၊ ဒါပေမဲ့ ငါနဲ့ တာကာသျှူကီကိစ္စကြောင့် နင် စိတ်ဆိုးနေတာလား"
ဂျန်ပိုင်းက မဟုတ်ပါဘူးလို့ပြောတယ်။ ဒါလည်း မုသားတော့မဟုတ်ဘူး။ စိတ်ဆိုးတာ၊ စိတ်မကောင်းဖြစ်တာမျိုး မဟုတ်ဘူး။ တကယ်လို့ စိတ်ဆိုးတယ်ဆိုခဲ့ရင်တောင်၊ အဲဒါဟာ သူ့ကိုယ်သူ စိတ်ဆိုးတာပဲ ဖြစ်လိမ့်မယ်။ တာကာသျှူကီနဲ့ ဆာယိုခိုတို့ ရည်းစားဖြစ်သွားတဲ့ကိစ္စဟာ ကမ္ဘာပေါ်မှာ သဘာဝအကျဆုံးကိစ္စပဲ။ တာကာသျှူကီမှာ အရည်အချင်းတွေအားလုံးရှိတယ်။ ဂျန်ပိုင်းမှာ တစ်ခုမှမရှိဘူး။ ဒီလောက် ရိုးရှင်းတဲ့ကိစ္စပဲ။
"ဘီယာတစ်ယောက်တစ်ဝက်သောက်မလား" လို့ ဆာယိုခိုက မေးလိုက်တယ်။
"သောက်မယ်"
ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးကို သူမက ယူလိုက်ပြီး ဖန်ခွက်နှစ်ခွက်ထဲ အညီအမျှထည့်လို့ ဂျန်ပိုင်းကို တစ်ခွက်ပေးလိုက်တယ်။ တိတ်တဆိတ်နဲ့ပဲ သူတို့နှစ်ယောက် ကိုယ့်ဘီယာကိုယ် သောက်နေကြတယ်။
"စကားအဖြစ်ထုတ်ပြောရတာ ရှက်စရာတော့ ခပ်ကောင်းကောင်းပဲ။ ဒါပေမဲ့ ငါ နင်နဲ့ သူငယ်ချင်း ဆက်ဖြစ်နေချင်တယ် ဂျန်ပိုင်း။ အခုအတွက်မှမဟုတ်ဘူး၊ ငါတို့ အသက်ကြီးတဲ့အထိရောပဲ။ အရမ်းကြီးသွားတဲ့အထိ။ တာကာသျှူကီကို ငါချစ်တယ်၊ ဒါပေမဲ့ နင့်ကိုလည်း ငါလိုအပ်တယ်။ လုံးဝခြားနားနဲ့ ပုံစံတစ်မျိုးနဲ့ပေါ့။ အဲဒါ ငါ တစ်ကိုယ်ကောင်းဆန်နေတာလား"
ဘယ်လိုဖြေရမလဲ ဂျန်ပိုင်းမသိဘူး၊ ဒါပေမဲ့ သူက ခေါင်းကို ယမ်းပြလိုက်တယ်။
ဆာယိုခိုက ဆက်ပြောတယ်။ "တစ်စုံတခုကို နားလည်တာနဲ့၊ အဲဒီတစ်ခုကို နင့်မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်နိုင်တဲ့ ပုံစံတစ်မျိုးဖြစ်အောင် တည်ဆောက်တာဟာ လုံးဝခြားနားတဲ့ အရာနှစ်ခုပဲ။ အဲဒီနှစ်ခုစလုံးကို ညီမျှအောင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီဆိုရင်၊ ဘ၀မှာနေရတာ အတော်လေးပိုပြီး ရိုးရှင်းသွားလိမ့်မယ်"
ဂျန်ပိုင်းက ဆာယိုခိုရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ သူမဘာပြောချင်နေတာလဲဆိုတာ သူ မတွေးတတ်ဘူး။ ဘာလို့ ငါ့ဦးနှောက်က အမြဲတမ်း ဒီလောက်နှေးနေရတာလဲလို့ သူတွေးမိတယ်။ သူက အပေါ်ကိုမော့ကြည့်လိုက်ပြီး မျက်နှာကြက်ပေါ်က အစွန်းအကွက်တွေရဲ့ ပုံသဏ္ဍာန်ကို မျက်လုံးနဲ့ မပီမသလိုက်ကြည့်နေမိတယ်။ တာကာသျှူကီ မပြောခင်သာ သူ့အချစ်ကို ဆာယိုခိုကို ၀န်ခံခဲ့ရင် အခြေအနေက ဘယ်လိုဖြစ်လာမလဲ။ ဒါကိုလည်း ဂျန်ပိုင်း အဖြေရှာမတွေ့ဘူး။ သူသိတာကတော့ ဒီလိုအခြေအနေမျိုး ဘယ်တော့မှ ဖြစ်လိမ့်မှာမဟုတ်ဘူး ဆိုတာပဲ။
ဖျာပေါ် မျက်ရည်တွေ တတောက်တောက်ကျနေတဲ့ အသံကို သူကြားရတယ်၊ အသံက ထူးထူးခြားခြားကို ကျယ်တယ်။ သူကိုယ်တိုင်သတိမထားမိဘဲ ငိုနေမိတာလို့ သူ ခဏလောက် ထင်လိုက်သေးတယ်။ ဒါပေမဲ့ ငိုနေတဲ့သူက ဆာယိုခိုမှန်း နောက်တော့ သူသိလိုက်ရတယ်။ သူမရဲ့ခေါင်းကို ဒူးခေါင်းနှစ်လုံးကြားညှပ်ထားတယ်။ အသံမထွက်ပေမယ့်၊ သူမရဲ့ ပုခုံးတွေက လှုပ်ရမ်းနေတယ်။
သူ မသိလိုက်မိခင်မှာပဲ၊ အနားရောက်သွားပြီး သူ့လက်က သူမ ပုခုံးပေါ်ကို တင်ထားမိလျက်သားဖြစ်သွားတယ်။ ပြီးတော့ သူ့ဆီကို ညင်ညင်သာသာ ဆွဲယူလိုက်တယ်။ သူမက မရုန်းဘူး။ သူက လက်နဲ့ သိုင်းဖက်လိုက်ပြီး သူ့နှုတ်ခမ်းကို သူမဆီနှုတ်ခမ်းပေါ်မှာ ပူးကပ်လိုက်တယ်။ သူမက မျက်လုံးကိုမှိတ်ပြီး နှုတ်ခမ်းတွေကို ဟပေးလိုက်တယ်။ မျက်ရည်နံ့တွေ သူမ ပါးစပ်က ထွက်သက်ကို ဂျန်ပိုင်းရှူရှိုက်မိတယ်။ သူ့ကိုယ်ခန္ဓာမှာ ဖိကပ်နေတဲ့ သူမ ရင်သားတွေရဲ့ နူးညံ့မှုကို ခံစားရတယ်။ သူ့အတွင်းသားထဲမှာ တစ်စုံတခု နေရာအပြောင်းအလဲဖြစ်သွားသလို ခံစားမှုမျိုး သူရတယ်။ အရိုးအဆစ်တွေ မြည်သံလိုမျိုး၊ အသံတစ်ခုကိုတောင် သူ ကြားလိုက်ရသလိုပဲ။ ဒါပေမဲ့ ဒီမှာတင် ရပ်သွားတယ်။ အသိပြန်ဝင်လာသလို၊ ဆာယိုခိုက သူမမျက်နှာကို ခွာလိုက်ပြီး အောက်ငုံ့လို့ ဂျန်ပိုင်းကို တွန်းထုတ်လိုက်တယ်။
"ဟင့်အင်း။ ငါတို့ ဒီလို လုပ်လို့မရဘူး။ မှားလိမ့်မယ်" လို့ ခေါင်းခါရင်း သူမက ခပ်တိုးတိုးပြောတယ်။
ဂျန်ပိုင်းက တောင်းပန်လိုက်တယ်။ ဆာယိုခိုက ဘာမှမပြောဘူး။ အဲဒီပုံစံအတိုင်း၊ စကားမပြောဘဲ သူတို့နှစ်ယောက် အချိန်အတော်ကြာ ရှိနေကြတယ်။ ပွင့်နေတဲ့ ပြတင်းပေါက်ဆီကတဆင့် ရေဒီယိုသံတစ်ခု ၀င်ရောက်လာတယ်။ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ပဲ။ သေတဲ့နေ့အထိ ဂျန်ပိုင်း အဲဒီသီချင်းကို အမှတ်ရနေတော့မှာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့၊ အဲဒီအဖြစ်အပျက်အပြီးမှာ သူ ပြန်စဉ်းစားကြည့်တော့ အဲဒီသီချင်းရဲ့ နာမည်ကိုရော သံစဉ်ကိုပါ သူ လုံးဝ စဉ်းစားမရခဲ့ဘူး။
"နင် တောင်းပန်စရာ မလိုပါဘူး။ ဒါ နင့်အပြစ်မဟုတ်ပါဘူး" လို့ ဆာယိုခိုက ပြောတယ်။
"ငါ လွတ်သွားတာထင်တယ်" လို့ ဂျန်ပိုင်းက သူထင်တဲ့အတိုင်း ပြောလိုက်တယ်။
ဆာယိုခိုက အနားကပ်လိုက်ပြီး သူမလက်တွေကို ဂျန်ပိုင်းလက်အပေါ် တင်ထားလိုက်တယ်။ "ကျောင်းပြန်တက်နော် ဟုတ်လား။ မနက်ဖြန်တက်ပါလား။ နင့်လို သူငယ်ချင်းမျိုး ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နင် ငါ့ကို အများကြီးလုပ်ပေးခဲ့တယ်။ နင့်ကို အဲဒါ သိစေချင်တယ်"
"အများကြီးပဲ။ ဒါပေမဲ့ မလုံလောက်ခဲ့ဘူးပေါ့" လို့ သူက ပြောလိုက်တယ်။
"အဲဒီလို မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ပါဘူး" လို့ သူမက ပြောနေတယ်။
*****
နောက်တစ်နေ့ကျတော့ ဂျန်ပိုင်း အတန်းပြန်တက်တယ်။ ဒီလိုနဲ့ ဂျန်ပိုင်း၊ တာကာသျှူကီနဲ့ ဆာယိုခိုဆိုတဲ့ ခွဲမရတဲ့ သုံးယောက်တွဲဟာ ဘွဲ့ရတဲ့အထိ အတူတူရှေ့ဆက်ခဲ့ကြတယ်။ ကမ္ဘာမြေပေါ်က ကွယ်ပျောက်သွားချင်တဲ့ ဂျန်ပိုင်းရဲ့ ခဏတဖြုတ်ဖြစ်လိုက်တဲ့ ဆန္ဒဟာလည်း သူ့ဘာသူ ကွယ်ပျောက်သွားခဲ့တယ်။ သူ့တိုက်ခန်းထဲမှာ၊ သူမကို ဖက်ထားရင်း သူ့နှုတ်ခမ်းတွေကို သူမဆီ ဖိကပ်ခဲ့တဲ့ အပြုအမူဟာ ဂျန်ပိုင်းအတွင်းသားထဲက တစ်ခုခုကို တည်ငြိမ်သွားစေခဲ့တယ်။ အနည်းဆုံးတော့ သူ စိတ်လွတ်မသွားတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ကို ချပြီးနေပြီ၊ သူကိုယ်တိုင် ချခဲ့ရတာ မဟုတ်တောင်မှပေါ့။
အခါအားလျော်စွာ ဆာယိုခိုက သူမ အတန်းဖော် ကောင်မလေး တစ်ယောက်ယောက်နဲ့ ဂျန်ပိုင်းကိ မိတ်ဆက်ပေးလေ့ရှိတယ်၊ အဲဒီအခါမျိုးကျရင် သူတို့ စုံတွဲနှစ်တွဲ လျှောက်လည်ကြတယ်။ အဲဒီအထဲက တစ်ယောက်နဲ့ဆို သူ မကြာခဏတွေ့ဖြစ်တဲ့ အထိပဲ။ သူ့အသက်နှစ်ဆယ့်ပြည့်မွေးနေ့ ရောက်လုဆဲဆဲ၊ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လိင်ဆက်ဆံဖူးတာလည်း အဲဒီကောင်မလေးနဲ့ပဲ။ ဒါပေမဲ့ သူ့နှလုံးသားကတော့ အမြဲတမ်း အခြားနေရာတစ်ခုမှာ ဖြစ်နေတယ်။ ကောင်မလေးကို သူ လေးစားမှုပေးတယ်၊ ကြင်နာတယ်၊ ယုယုယယရှိပါတယ်၊ ဒါပေမဲ့ ဘယ်တုန်းကမှ အာသာပြင်းပြင်းနဲ့ မစွဲလမ်းဖူးဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ ကောင်မလေးလည်း စစ်မှန်တဲ့ နွေးထွေးမှုကို တခြားနေရာမှာရှာဖို့ ထွက်သွားခဲ့တယ်။ အဲဒီအခြေအနေအတိုင်း အကြိမ်အတော်များများ အထပ်ထပ်ဖြစ်ခဲ့တယ်။
သူ ဘွဲ့ရတဲ့အခါကျတော့၊ ဂျန်ပိုင်း အဓိကဘာသာအဖြစ်ယူထားတာက စီးပွားရေးမဟုတ်ဘဲ၊ စာပေဖြစ်နေတာကို မိဘတွေသိသွားပြီး အခြေအနေက အဆိုးဘက်ကို ပြောင်းသွားတယ်။ အဖေက သူ့ကို မိသားစုစီးပွားရေးလုပ်ငန်းကို လက်လွှဲပေးချင်ခဲ့တာ၊ ဒါပေမဲ့ ဂျန်ပိုင်းမှာ အဲဒီလို လက်လွှဲယူဖို့ ရည်ရွယ်ချက်မရှိဘူး။ တိုကျိုမှာပဲနေပြီး ၀တ္ထုတွေပဲ ဆက်ရေးချင်တယ်။ တစ်ဖက်ဖက်ကမှ အလျှော့အတင်းလုပ်ဖို့ မရှိတဲ့အဆုံးမှာ၊ ပြင်းပြင်းထန်ထန် အငြင်းပွားဖို့ပဲ ဖြစ်လာတယ်။ မပြောသင့်တဲ့စကားတွေဟာ ပါးစပ်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်သွားခဲ့တယ်။ ဂျန်ပိုင်းအနေနဲ့ သူ့မိဘတွေကို နောက်တစ်ခါ မတွေ့ရတော့ဘူး၊ ပြီး အရာအားလုံး ဒီပုံစံအတိုင်းဖြစ်ဖို့ ဖန်နေခဲ့တာလို့ပဲ သူ့ယုံကြည်လာခဲ့တယ်။ အမြဲတမ်း အလျှော့အတင်းလုပ်တတ်ပြီး မိဘတွေနဲ့အဆင်ပြေတဲ့ သူ့ညီမလိုမဟုတ်ဘဲ၊ ဂျန်ပိုင်းကတော့ ကလေးဘ၀ကတည်းက မိဘတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာချည်းပဲ၊ တခြားလမ်း သူ ဘာမှမလုပ်တတ်ဘူး။
အချိန်ပိုင်းအလုပ်တွေ တသီးချည်းလုပ်ပြီး သူ့ဘာသာ အသက်ဆက်နိုင်ဖို့ ဂျန်ပိုင်းကြိုးစားရတယ်၊ တခြားတစ်ဖက်မှာတော့ ၀တ္ထုတွေ ဆက်ရေးတယ်။ ဇာတ်လမ်းတစ်ပုဒ်ပြီးတိုင်း သူက ဆာယိုခိုကို ပြလေ့ရှိတယ်။ သူမက သူမအမြင်ကို ပွင့်ပွင့်လင်းလင်းပြောတယ်၊ အဲဒီအခါကျရင် သူက သူမအကြံပြုချက်တွေအတိုင်း ဇာတ်လမ်းကို ပြန်ပြင်တယ်။ သူမ ပါးစပ်က ကောင်းတယ်လို့ အသံမထွက်မချင်း၊ သူကတော့ ဇာတ်လမ်းကို စိတ်ရှည်ရှည်၊ ဂရုတစိုက်နဲ့ အထပ်ထပ် ပြန်ပြင်ရေးတယ်။ သူ့မှာ တခြားလမ်းညွှန်ပြသမယ့်သူလည်း မရှိဘူး၊ ဘာစာရေးဆရာအုပ်စုနဲ့မှလည်း မပတ်သက်ဘူး။
အသက်နှစ်ဆယ့်လေးနှစ်မှာ၊ သူ့ဇာတ်လမ်းတစ်ပုဒ်အတွက် စာပေမဂ္ဂဇင်းတစ်စောင်က ပေးတဲ့ ဆုတစ်ခု ချီးမြှင့်ခံရတယ်။ နောက်ထပ် ငါးနှစ်အတွင်း၊ အများမျက်စိကျတဲ့ အာကူတာဂါဝါဆုအတွက် လေးကြိမ်တိတိဆန်ကာတင်စာရင်းထဲ ဂျန်ပိုင်း ပါဝင်ခဲ့တယ်။ ဒါပေမဲ့ တစ်ခါမှတော့ တကယ်မရခဲ့ဘူး။ အလားအလာကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်ပဲ အမြဲတမ်းတင်ကျန်ရစ်တယ်။ ဆုရွေးချယ်ရေးအဖွဲ့က ဒိုင်လူကြီးတစ်ဦးရဲ့ ပေးနေကျ အမြင်ကတော့ "လူငယ်စာရေးဆရာတစ်ယောက်အနေနဲ့ အရည်အသွေးမြင့်မားတဲ့ စာမျိုးပါပဲ၊ ဇာတ်ကွက်ရရော လူ့သဘောဆိုင်ရာသုံးသပ်ချက်တွေအရပါ ထုတ်ပြလောက်စရာ ဥပမာတွေ ပါဝင်တယ်။ ဒါပေမဲ့ စာရေးဆရာဟာ စိတ်ခံစားချက်ရဲ့ စေစားရာနောက် ကိုယ့်ကိုယ်ကိုယ် လိုက်ပါခွင့်ပြုလိုက်တာမျိုး အကြိမ်ကြိမ် မြင်ရတယ်။ ပြီးတော့ သူ့လက်ရာတွေမှာ လတ်ဆတ်မှုရော၊ ၀တ္ထုတစ်ပုဒ်မှာပါဝင်သင့်တဲ့ အနိမ့်အမြင့် အစိတ်အပိုင်းတွေရော ပျောက်ဆုံးနေတယ်"
ဒီလိုမှတ်ချက်မျိုးဖတ်ရတယ်ဆိုရင် တာကာသျှူကီကတော့ ရယ်မောလေ့ရှိတယ်။ "အလကားလူတွေပါ။ "၀တ္ထုတစ်ပုဒ်မှာပါဝင်သင့်တဲ့ အနိမ့်အမြင့်အစိတ်အပိုင်း" ဆိုတာက ဘာတုံး။ နေ့စဉ်စကားမှာ ဒီလိုစကားလုံးမျိုး ဘယ်သူက သုံးလို့လဲ။ ဒီနေ့ဟင်းလျာမှာတော့ အမဲသားမှာပါဝင်သင့်တဲ့ အနိမ့်အမြင့်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေတယ်လို့ ဘယ်သူက ပြောဖူးလို့လဲ"
အသက်သုံးဆယ်မပြည့်ခင်မှာပဲ ၀တ္ထုတိုပေါင်းချုပ်နှစ်အုပ် ဂျန်ပိုင်း ပုံနှိပ်နိုင်ခဲ့တယ်။ "မိုးရေထဲက မြင်း" နဲ့ "စပျစ်သီးများ" တဲ့။ မိုးရေထဲကမြင်းက အုပ်ရေတစ်သောင်းလောက် ရောင်းရတယ်။ စပျစ်သီးက အုပ်ရေ သောင်းနှစ်ထောင်။ ၀တ္ထုတိုပေါင်းချုပ်အတွက်တော့ သိပ်မဆိုးလှတဲ့ ရောင်းအားပဲလို့ သူ့အယ်ဒီတာက ပြောတယ်။ စာအုပ်အညွှန်းတွေကလည်း များသောအားဖြင့် ဖေးဖေးမမ ပြောကြတယ်၊ ဒါပေမဲ့ သူ့စာအုပ်တွေကို စိတ်ရောကိုယ်ပါ စွတ်နှစ်ထောက်ခံသူတော့ တစ်ဦးမှမရှိဘူး။ ဂျန်ပိုင်းရဲ့ ဇာတ်လမ်းအများစုက တုံ့ပြန်မခံရတဲ့အချစ်နဲ့ ရင်ဆိုင်နေရတဲ့ လူငယ်တွေအကြောင်းပဲ။ စာသားတွေက ကဗျာဆန်တယ်၊ ဇာတ်ကွက်တွေက ရှေးရိုးဆန်တယ်။ သူတို့မျိုးဆက်စာဖတ်သူတွေက ပိုပြီးဆန်းသစ်တီထွင်မှုရှိတဲ့အရေးအသားနဲ့၊ ပိုမိုလက်တွေ့ကျပီပြင်တဲ့ ဇာတ်ကွက်မျိုးတွေကို မျှော်လင့်နေကြတာ။ ဗီဒီယိုဂိမ်းနဲ့ ရပ်ပ်သီချင်းတွေ ရေပန်းစားနေတဲ့ ခေတ်ပဲ။ အယ်ဒီတာက ဂျန်ပိုင်းကို ၀တ္ထုရှည်ရေးကြည့်ပါလားလို့ တိုက်တွန်းတယ်။ ၀တ္ထုတိုချည်းပဲရေးပြီး တခြားဘာမှ စမ်းမရေးကြည့်ဘူးဆိုရင်တော့ ဖန်တရာတေနေတာတွေကိုပဲ ထပ်ရေးနေသလိုဖြစ်လိမ့်မယ်။ ၀တ္ထုရှည်တစ်ပုဒ်ဟာ စာရေးဆရာတစ်ယောက်ကို ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်သလို စွမ်းအောင်နိုင်တယ်။ လက်တွေ့ကျကျပြောရရင်လည်း၊ ၀တ္ထုရှည်က ၀တ္ထုတိုထပ် လူတွေကို အများကြီးပို ဆွဲဆောင်နိုင်တယ်။ ၀တ္ထုတိုချည်းပဲရေးလို့တော့ အသက်ဆက်နိုင်ဖို့ အတော်ခက်လိမ့်မယ်။
ဒါပေမဲ့ ဂျန်ပိုင်းကတော့ မွေးရာပါ ၀တ္ထုတိုသမားပဲ။ အခန်းတံခါးပိတ်ထားမယ်၊ တခြားအရာတွေအားလုံးကို အဝေးဆီ မောင်းထုတ်မယ်၊ ပြီးရင် သုံးရက်လောက် ပြင်းပြင်ထန်ထန်ကြိုးစားပြီး ပထမဆုံးထွက်လာတဲ့ မူကြမ်းကို ရေးထုတ်မယ်။ နောက်ထပ်လေးရက်လောက် အထပ်ထပ်မွမ်းမံပြီးရင် ဆာယိုခိုနဲ့ အယ်ဒီတာဖတ်ဖို့ စာမူတစ်ခု ဖြစ်လာမယ်။ ပုံမှန်အားဖြင့်တော့ အဲဒီတစ်ပတ်ထဲမှာပဲ အစွမ်းကုန်အားထုတ်ပြီး ရေးတယ်။ အဲဒီအချိန်အတွင်းမှာ သူတည်ဆောက်နိုင်သမျှပဲ သူ့ဇာတ်လမ်းအတွက် အရေးပါတယ်။ သူ့ကိုယ်ရည်ကိုယ်သွေးကလည်း အဲဒီလိုလုပ်ဖို့အတွက်ပဲ အံဝင်တယ်။ ရက်တိုတိုအတွင်း အားစိုက်ရေးတဲ့ နည်းပဲ။ ၀တ္ထုရှည်ရေးဖို့ စဉ်းစားကြည့်တာနဲ့ ဂျန်ပိုင်း အားယုတ်သွားသလို ခံစားရတယ်။ လပေါင်းများစွာ သူဘယ်လို အာရုံစိုက်နိုင်မလဲ။ ဒီလိုရေးနည်းမျိုးကိုတော့ သူ လက်လှမ်းမမီဘူး။
***
ကရိကထနည်းတဲ့ လူပျိုဘ၀မှာနေရလို့ ဂျန်ပိုင်းအတွက် ပိုက်ဆံများများစားစားတော့ မလိုအပ်ဘူး။ အချိန်တစ်ခုလောက်အထိ လိုအပ်မယ့်အရာတွေ ရှိပြီးပြီဆိုရင် သူက အလုပ်အသစ်တွေ လက်မခံတော့ဘူး။ ခပ်ငြိမ်ငြိမ်နေတတ်တဲ့ ကြောင်လေးတစ်ကောင်ပဲ သူ့မှာ ကျွေးထားစရာ ရှိတယ်။ သူ့ကောင်မလေးတွေကလည်း နားပူနားဆာမလုပ်တတ်တဲ့ လူမျိုးတွေချည်းပဲ။ ကောင်မလေးတစ်ယောက်နဲ့ ညည်းငွေ့လာပြီဆိုရင်တော့ သူကတော့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ အကြောင်းပြချက်ကောင်းကောင်းတစ်ခု ဖန်တီးလိုက်တတ်တယ်။ တစ်လတစ်ကြိမ်လောက် ပြောရမလား၊ တစ်ခါတလေကျတော့လည်း ညကြီးအချိန်မတော် ကြောက်လန့်တကြားဖြစ်နေတဲ့ ခံစားချက်မျိုးနဲ့ သူ နိုးလာတတ်တယ်။ ငါတော့ ဘာမှ ဖြစ်မြောက်မယ့် လူမျိုးမဟုတ်ဘူးလို့ သူ့ကိုယ်သူ ပြောမိတယ်။ ငါ့ဘာသာ ဘယ်လောက်ရုန်းရုန်း ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီနောက်မှာတော့ သူ့ စာရေးစားပွဲကိုသွားပြီး စာရေးချင်ရေး၊ ဒါမှမဟုတ်လည်း အရက်သောက်ပြီးနေလိုက်တာ ဆက်ပြီးခေါင်းမထူနိုင်တော့တဲ့ အထိပဲ။
တာကာသျှူကီကတော့ သူ အမြဲတမ်းတောင့်တနေတဲ့ အလုပ်တစ်ခုရသွားတယ်၊ နာမည်ကြီးသတင်းစာတစ်စောင်ရဲ့ သတင်းထောက် အလုပ်ပဲ။ တက္ကသိုလ်တက်ချိန်က ဘယ်တုန်းကမှ စာကို စိတ်ဝင်တစားမလုပ်ခဲ့တော့ သူ့ အဆင့်တွေကတော့ လူကြားထဲချပြစရာမရှိဘူး။ ဒါပေမဲ့ အင်တာဗျူးတွေမှာ သူပြသခဲ့တဲ့ အရည်အသွေးကတော့ မယုံနိုင်စရာကောင်းလောက်အောင်ကို အကောင်းဘက်ရောက်နေတယ်၊ ဒီတော့လည်း သူ့ကို ကျောင်းတုန်းက ရမှတ်တွေ မေးစရာမလိုဘဲ လူတွေ့တာနဲ့တစ်ပြိုင်နက် အလုပ်ခန့်လိုက်တဲ့ သဘောပဲ။ ဆာယိုခိုကတော့ သူ့အစီအတိုင်း ဘွဲ့လွန်တန်းကို ဆက်တက်တယ်။ ဘွဲ့ရအပြီး ခြောက်လအကြာမှာ သူတို့ လက်ထပ်လိုက်ကြတယ်။ မင်္ဂလာအခမ်းအနားကတော့ တာကာသျှူကီကိုယ်တိုင်လိုပဲ ပျော်စရာကောင်းပြီး လူစည်တဲ့ ပွဲကလေးပဲ။ ပြီးတော့ ပြင်သစ်ကို ဟန်းနီးမွန်းထွက်ကြတယ်၊ မြို့ထဲနဲ့ သိပ်မဝေးတဲ့နေရာမှာ အခန်းနှစ်ခန်းပါ ကွန်ဒိုတစ်လုံး ၀ယ်လိုက်ကြတယ်။ ဂျန်းပိုင်းကတော့ တစ်ပတ်နှစ်ခါလောက် လာပြီး သူတို့ဆီမှာ ညစာစားလေ့ရှိတယ်။ ကြင်စဦးမောင်နှံကလည်း သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာချည်းပဲ။ သူတို့နှစ်ယောက်တည်းထက်စာရင် ဂျန်ပိုင်း သူတို့နားမှာ အတူရှိနေတာက သူတို့အတွက် ပိုပြီးသက်တောင့်သက်သာဖြစ်တယ်လို့ ထင်ရလောက်အောင်ပဲ။
တာကာသျှူကီကတော့ သူ့ သတင်းစာတိုက်အလုပ်မှာ ခပ်ပျော်ပျော်ပဲ။ သူ့ကို မြို့ထဲမှာ တာဝန်ချထားပေးတယ်၊ အမှုအခင်းတွေ တစ်ခုနဲ့တစ်ခုကြား ပြေးလွှားပြီး အလုပ်ရှုပ်နေလေရဲ့။ "အခုတော့ လူသေအလောင်းတစ်လောင်း မြင်တာတောင် ဘာမှ မခံစားရတော့ဘူး" လို့ သူက ပြောတတ်တယ်။ ရထားကြိတ်မိလို့ အပိုင်းပိုင်းပြတ်သွားတဲ့ ကိုယ်ခန္ဓာတွေ၊ မီးလောင်လို့ မီးသွေးခဲဖြစ်သွားတဲ့ ကိုယ်ခန္ဓာတွေ၊ အချိန်ကြာလို့ ပုံဖမ်းမရတော့တဲ့ ကိုယ်ခန္ဓာတွေ၊ ရေထဲမှာ ပေါလောမျောနေတဲ့ ကိုယ်ခန္ဓာတွေ၊ ဦးနှောက်တွေ ပွစာကြဲနေတဲ့ သေနတ်ပစ်ခံရတဲ့ တန်ဆာခံတွေ အစုံပဲ။ "အသက်ရှင်တုန်း အသားပုံတစ်ပုံနဲ့ တစ်ပုံကြား ဘယ်လောက်ပဲ ကွဲပြားခြားနားပါစေ၊ သေသွားပြီဆိုတာနဲ့ အားလုံးဟာ အတူတူပဲ။ အသုံးမကျတော့တဲ့ အခွံတွေပဲ" လို့ သူက ပြောလေ့ရှိတယ်။
တစ်ခါတလေကျတော့လည်း တာကာသျှူကီအနေနဲ့ မိုးမလင်းခင် အိမ်ပြန်မရောက်နိုင်အောင်ကို အလုပ်များတတ်တယ်။ အဲဒီအခါကတော့ ဆာယိုခိုက ဂျန်ပိုင်းကို လှမ်းခေါ်ရတယ်။ ဂျန်ပိုင်း ညဘက်တွေ မအိပ်တတ်ဘူးဆိုတာ သူမ သိနေတာကိုး။
"နင် အလုပ်လုပ်နေတာလား။ စကားပြောလို့ရလား"
"ပြောလို့ရပါတယ်။ ဘာမှ ထွေထွေထူးထူး လုပ်မနေဘူး" လို့ပဲ သူက ပြန်ဖြေတတ်တယ်။
အဲဒီလိုအချိန်ကျ၇င် သူတို့ဖတ်ထားတဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးကြတယ်၊ ဒါမှမဟုတ်လည်း တစ်နေ့တာကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောကြတယ်။ ပြီးရင်တော့ အချိန်လည်းရသေး၊ စိတ်ကူးလည်း ပေါက်လာရင် ဟိုးအရင်က အကြောင်းတွေ ပြန်ပြီးစားမြုံ့ပြန်တတ်ကြတယ်။ ဒီလိုမျိုးပြောမိတယ်ဆိုရင်တော့ စကားလမ်းကြောင်းက ဂျမ်ပိုင်း ဆာယိုခို့ကို ဖက်ထားတဲ့ အချိန်ဆီ မလွှဲမရှောင်သာ ပြန်ရောက်သွားတတ်တယ်။ သူမရဲ့ ချောမွတ်တဲ့ နှုတ်ခမ်းလွှာတွေရဲ့ အထိအတွေ့နဲ့ သူ့ဆီ ဖိကပ်ထားတဲ့ နူးညံ့တဲ့ ရင်သားတွေ၊ သူ့ အခန်းလေးရဲ့ ကြမ်းပြင်က ဖျာဆီ ထိုးစိုက်ကျနေတဲ့ တောက်ပတဲ့ ဆောင်းဦးနေခြည်၊ ဒီမြင်ကွင်းတွေဟာ သူ့အတွေးတွေရဲ့ အဝေးဆီ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး။
တေဇာ (လရောင်လမ်း)
Honey Pie by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: kevinwadaart.blogspot.com
Comments
  1. တအိအိနဲ့ ဖတ်ရတာ ​ေပပေ​ေျော်စရာ​ေကကောင်း
    ReplyDelete
  2. Kopy တင်​ပြီ ကို​တေဇာ
    ReplyDelete
  3. တင်ပါဗျာ။ ကျေးဇူးတင်ပါတယ် ကိုကေဒါရ။ :D
    ReplyDelete
Post a Comment
Popular posts from this blog
Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters
Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...
Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU
Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...
“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”
“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...