
ပထမဆုံးအနေနဲ့ ဂယ်လီလီယိုအမှုမှာ သူရဲ့ နေဗဟိုပြုအယူအဆကို စွန့်လွှတ်ဖို့ လိုအပ်ပါတယ်။ သူ့အယူအဆတွေဟာ ဒဿနအစစ်အမှန်မှာ အခြေခံထားခြင်းမရှိဘဲ အမှားတွေသာဖြစ်ကြောင်း ၀န်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မာကျမ်းစာရဲ့ အလိုနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ ကမ္ဘာမြေအပေါ်မှာ ထားတဲ့ သူ့ရဲ့အမြင်ကိုလည်း စွန့်လွှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမြင်အရ ကမ္ဘာဟာ ကောင်းကင်ဘုံနဲ့ အလွန်ဝေးကွာနေပြီး အနည်းဆုံးအားဖြင့် မှားယွင်းစွာယုံကြည်နေမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဂယ်လီလီယိုဟာ ပထမ အကျဉ်းချခံခဲ့ရတယ်၊ နောက်တော့ သူ့ရဲ့ပြစ်ဒဏ်ကို တစ်စုံတစ်ခုသော အကြောင်းကြောင့် နေအိမ်အကျယ်ချုပ်အဖြစ် လျှော့ချခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့နောက်ပိုင်းဘ၀ တစ်လျှောက်လုံးပါပဲ။ ဂယ်လီလီယိုရဲ့ အမှုကြောင့် သူ့ရဲ့စာအုပ်တွေအားလုံးဟာ ပိတ်ပင်ခြင်းခံခဲ့ရပြီး ပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း လုံးဝတားမြစ် ခံခဲ့ရပါတယ်။
ဂယ်လီလီယိုရဲ့ အမှုဟာ ၁၉၉၀ ပြည့်မတိုင်မီအထိ ဘာသာရေးနဲ့ သိပ္ပံပညာတို့ရဲ့ တိုက်ပွဲအဖြစ် တည်ရှိနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာတော့ ကာဒီနယ် ရာဇင်ဂါ (Cardinal Ratzinger) က ဂယ်လီလီယို၏ တရားခွင်နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကို တစ်စွန်းတစ်စ ဖွင့်ဟခဲ့ပါတယ်။ မော်ဒန်ကာလက လူတွေဟာ ဘယ်လောက် သံသယ အတိုင်းအဆရှိတယ်ဆိုတာ ပြသတဲ့ ဖြစ်ရပ်တစ်ခုလို့ သူက ဆိုခဲ့ပါတယ်။
ရာဇင်ဂါရဲ့ အဆိုအရ ဂယ်လီလီယိုရဲ့ တရားခွင်ဟာ ထိုအချိန်ကာလအနေနဲ့ကြည့်ရင် ကျိုးကြောင်းဆီလျော်မှု ရှိပြီး ယုတ္တိကျတဲ့ စီရင်မှုတစ်ခုသာ ဖြစ်ပါတယ်။ ဘုရားကျောင်းတော်ဟာ ဂယ်လီလီယိုထက်စာရင်တောင်မှ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိခဲ့ပါတယ်။ ကျင့်ဝတ်ပိုင်းအရ၊ လူမှုရေးပိုင်းအရ ကောင်းကျိုးဆိုးပြစ်တွေကို အသေအချာ တွက်ဆခဲ့တာပါလို့ ဆိုတယ်။ ဒါဟာ ဘာသာရေးဆိုင်ရာ ပြစ်ဒဏ်တစ်ခုမျှသာ မဟုတ်ပါဘူးလို့ ရာဇင်ဂါက သူ့ရဲ့ ယုတ္တိအရ ဆိုပါတယ်။ ဤနည်းအားဖြင့် သူက ဘုရားကျောင်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ဖာထေးဖို့ ကြိုးစားခဲ့ပါတယ်။ ပုပ်ဂျွန်ပေါ (၂) (Pope John Paul II) ပုပ်ရဟန်းမင်းကြီးနေရာ ရလာတဲ့အချိန်မှာတော့ ဘုရားကျောင်းတော်ရဲ့ အနေအထားဟာ နူးညံ့ပျော့ပြောင်းလာခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ ကက်သလစ်ကျောင်းတော်က ဂယ်လီလီယိုရဲ့ အမှုကို တောင်းပန်ခြင်းအားဖြင့် ပယ်ဖျက်ခဲ့ပါတယ်။ သူဟာ မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ပြီး အပြစ်မရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ထောင်စုနှစ်တစ်စု အကျော်က ကျောင်းတော်က ကျူးလွန်ခဲ့တဲ့ ကြမ်းတမ်းရက်စက်မှုနဲ့ တရားမမျှတမှု အတွက် ၀န်ချတောင်းပန်ကြောင်း ပုပ်ဂျွန်ပေါ (၂) က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အမှန်တရားတစ်ခုကို လူသားများလက်ခံနိုင်ဖို့ အချိန် ဘယ်လောက်ယူရပါသလဲ။ အကယ်၍ နှစ်ပေါင်း ၁၀၀၀ ဟု ဆိုလျှင် အရမ်းကြာလွန်းမယ် ထင်ပါတယ်။ အဲဒီအမှန်တရားကရော သေချာမှုပမာဏ ဘယ်လောက်ရှိ ပါသလဲ။ ခေတ်သစ် ဂယ်လီလီယိုများ ထပ်ပေါ်လာလျှင် ပြောင်းရဦးမှာလား။ ဒီလိုတွေ တွေးမိရင်း ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတစ်ခုကို သွားသတိရမိပါတယ်။

တပည့် ။ အဲလိုမဟုတ်ဘူးဆရာ။ ကမ္ဘာကြီးက မိမိရဲ့ဝင်ရိုးပေါ်မှာ ၂၃ ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပတ်နှုန်းနဲ့ လည်ပတ် …
ဆရာ ။ တိတ်စမ်း။ မင်းပြောတာက စာအုပ်ထဲက ဟာတွေ၊ ဆရာအားလုံး သိတယ်။ ခု ဆရာပြောတာက စာတွေ့မဟုတ်ဘူး။ ကိုယ်တွေ့ကွ … ကိုယ်တွေ့ ။
ကိုယ်တွေ့အားဖြင့် ပြောကြေးဆိုရင် ကမ္ဘာကြီးလုံးတယ် ဆိုရာမှာတောင် လက်ခံနိုင်ဖို့ ခက်ပါလိမ့်မယ်။ လက်တွေ့ မြင်နေရတဲ့ ကမ္ဘာမြေပြင်ကတော့ ပြားပြားကြီးပဲ မဟုတ်လား။ ဒီလိုဆို ကမ္ဘာကြီးပြားတယ်လို့ပဲ (The World is Flat ကမ္ဘာပြားဖြစ်စဉ်နှင့် မသက်ဆိုင်ပါ) ကိုယ်တွေ့အားဖြင့် ဇွတ် ပြောနေရမှာလား။ ဒီလိုတော့ တော်မည်မထင်ပါ။ ယခုလောလောဆယ်အခြေအနေတွင် ကမ္ဘာက နေကို လှည့်ပတ်နေသည် ဟူသော သိပ္ပံပညာက ပေးသည့် အဖြေကိုသာ လက်ခံထားခြင်းဟာ အကျိုးအကြောင်းဆီလျော်ပါတယ်။
အိန်းစတိန်းက "Science without religion is lame, religion without science is blind." လို့ ဆိုခဲ့ပါတယ်။ သိပ္ပံမပါတဲ့ ဘာသာရေးဟာ အကျိုး၊ ဘာသာရေးမပါတဲ့ သိပ္ပံဟာ အကန်းပါတဲ့။ ဒါပေမဲ့ ခက်တာက အဲဒီအကျိုးနဲ့အကန်းကလည်း အစေးကပ်ကြတာမဟုတ်တော့… အကျိုးကလည်း ထော့ကျိုးထော့ကျိုးနဲ့ တရွေ့ရွေ့ ကိုယ့်ဘာကိုယ် ခရီးဆက်၊ အကန်းကလည်း စမ်းတ၀ါးဝါးနဲ့ ယောင်ကန်းကန်း ခရီးနှင် ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒီအဆိုကို သိပ်သဘောကျလှတယ်တော့ မဟုတ်ဘူး။ အထူးသဖြင့် ရီးလေးဂျင်းမပါတဲ့ သိပ္ပံပညာဟာ အကန်းဖြစ်တယ်ဆိုတာ သဘာဝမကျလှပါဘူး။ အိန်းစတိန်းကြီးက တင်စားပြီး ပြောခဲ့တယ်လို့ပဲ မှတ်ယူပါတယ်။
ယနေ့ခေတ်လူသားများအဖို့ သိပ္ပံပညာတွေ့ရှိချက်တွေကို ဇွတ်တင်းငြင်းဆန်ဖို့ရာ ခက်ပါတယ်။ ငြင်းချင်းငြင်းရင် ဘာသာရေးဆိုင်ရာ အမှန်တရားတွေကိုပဲ ငြင်းပယ်နိုင်မှာပါ။ သိပ္ပံပညာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဖွဲ့ အစည်းထဲမှာ အသက်ရှင်နေရတော့ ဘုရားသခင်က ဖန်ဆင်းထားတာပါဆိုပြီး ကျေးဇူးတင်နေရင်လည်း အရာရောက်လှမှာမဟုတ်ပါဘူး။ ဒါကို ငြင်းချင်တယ်ဆိုရင်ဖြင့်… ဂယ်လီလီယိုရဲ့ တရားခွင်ကို သက်သေအဖြစ် ကြည့်မြင်နိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာတောင် သိပ်အရေးမပါလှတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားလေးပါ။ နေမင်းကြီးကို ခခယယ ၀ိုင်းကြီးပတ်ပတ်လှည့်နေရတဲ့ဘ၀ပါ။ ဗဟိုမဟုတ်ပါဘူး။ အဲဒီ ပေစုတ်စုတ် ဂြိုဟ်ကလေးပေါ်က ဇနပုဒ်နိုင်ငံလေးတစ်နိုင်ငံမှာ အခြေခံလူတန်းစားဘ၀နဲ့ နေရတဲ့ လူတစ်ယောက်ရဲ့ အတ္တက ဘယ်လောက်များ အရေးပါပါသလဲ။ နှိုင်းယှဉ်သုံးသပ်နည်းနဲ့ စဉ်းစားကြည့်ရင် လူ့ဖြစ်တည်မှုရဲ့ သေးသိမ်မှုကို မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်း ခေါင်းမာခဲ့ကြတယ် မဟုတ်လား။ ဂယ်လီလီယိုကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြုထားခဲ့ကြတယ်မဟုတ်လား။ သူပြောခဲ့တဲ့ အမှန်တရားဆိုတာကို ကျွန်တော်တို့က ဘာသာရေးဆိုတဲ့ အမှားနံရံတွေနဲ့ ပိတ်ဆို့ထားခဲ့တယ်မဟုတ်လား။ အချုပ်အားဖြင့် ပြောရလျှင်… လူ့ဖြစ်တည်မှုဟာ သေးသိမ်ပါတယ်။ စကြ၀ဠာကြီးထဲမှာ လူသားများမှာ မြူမှုန် ငယ်ကလေးတွေမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အတ္တက အရွယ်အစားချင်းမမျှအောင် ကြီးမားပါတယ်။ အမှန်ကို လက်ခံနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင်ကို အားနည်းပါတယ်။ ကာဆီးထားတဲ့ အမှားနံရံတွေဟာ တဖြည်းဖြည်း ပြိုကျလာပြီလို့တော့ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ အဲဒီနံရံတွေ အားလုံး ပြိုကျပျက်စီးသွားပြီးတဲ့အခါမှာ လူသားဟာ လွင်တီးခေါင် လေကြမ်းကြမ်းကွင်းပြင်မှာ အကာအရံမရှိ အထီးကျန်ဖြစ်တည်မှုအဖြစ်သာ မိမိရဲ့အတ္တကို မြင်တွေ့ရပါလိမ့်မယ်…။
◄ တေဇာ ► အောက်တိုဘာ (၂၁) ၂၀၀၉
Ref: The Trial of Galileo
Comments
Post a Comment