Skip to main content

လိပ်ပြာလွင့် အတွေးစဉ်တန်း

ဈင်ဝါဒီ ချွမ်ဇူးက သူသည် လိပ်ပြာလေးတစ်ကောင်ဖြစ်ပြီး ပန်းခြံတွင်း ပျံဝဲပျော်မြူးနေသည်ဟု အိပ်မက်မက်နေခဲ့သည်။ နိုးလာသောအခါ သူက ဤသို့စဉ်းစားမိ၏။ “ငါဟာ လိပ်ပြာလေးတစ်ကောင် ဖြစ်သွားတဲ့အကြောင်း အိပ်မက်မက်နေတဲ့ လူသားတစ်ယောက်လား၊ ဒါမှမဟုတ် အခုလောလောဆယ်မှာ လူသားတစ်ယောက်ဖြစ်ကြောင်း အိပ်မက်မက်နေတဲ့ တကယ့် လိပ်ပြာတစ်ကောင်ပဲလား” ဟု တွေးမိပါသတဲ့...။ ထိုအချိန်မှစ၍ ဒွိဟသံသရာ စတင်လည်ပတ်ခဲ့ပါသည်။

§ § § § § § §

တကယ်တော့ ဘ၀ဆိုသည်မှာ အိပ်မက်ဆန် လွန်းလှပြီး အိပ်မက်ဆိုသည်မှာလည်း ဘ၀ပေးအသိကို ပေးနိုင်စွမ်း ရှိပါသည်။ အိပ်မက်ထဲမှ ချစ်ခြင်းမုန်းခြင်း၊ လိပ်ပြာငယ်ခြင်းများ အားလုံးကို နှလုံးသားက လက်တွေ့ကျကျ ခံစားရသည်။ တစ်ခါတရံ အိပ်မက်ထဲမှ မနိုင်ဝန်များကို ပုန်းရှောင်ရင်း ကယောင်ကတမ်း နိုးထလာမိသည်အထိ ဖြစ်တတ်သည်ကို ကြုံဖူးကြ ပါလိမ့်မည်။ ဘ၀ဆိုသည်ကရော အိပ်မက်နှင့်ဘာများ ထူးခြားကွာဟမှု ရှိပါသလဲ။ မျက်စိတစ်ဆုံးသာ မြင်နိုင်ပြီး အသံလှိုင်း၏ တုန်ခါမှုများ ဆိတ်သုန်းမသွားခင်လေးသာ ကြားရ၏။ တဖြည်းဖြည်းတရိပ်ရိပ် ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသော အတိတ်များဆီသို့ ကြိုးစားပမ်းစား အလည်သွားရပြီး မမွေးဖွားသေးသည့် (တကယ်မရှိသည့်) အနာဂတ်ကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ရသည်။ ဘ၀ဆိုသည်မှာ လူ့ဦးနှောက်၏ Function ရှိသလောက်သာ သိမှတ်ခံစားနိုင်သည့် အရာ ဖြစ်ပါသည်။ ဤသို့လျှင် အိပ်ခြင်းနှင့် နိုးခြင်းကြား အလွှာပါးသလောက် အိပ်မက်နှင့် ဘ၀သည် ကျောချင်းကပ်လျှက်သားဖြစ်သည့်တိုင် ဒွန်တွဲမတည်ရှိနိုင်သော အရာနှစ်ခုသာဖြစ်၏။

အရှိတရားအကြောင်း တွေးမိတိုင်း မိမိကိုယ်ကို သစ်ပင်တစ်ပင်သဖွယ်သာ ထင်မှတ်လာရ၏။ အရှိတရား၏ သဘာဝကို “ခံစားသိမှတ်မှု” “နားလည်မှု” “တွေ့ကြုံမှု” “ဘာသာပြန်မှု” နှင့် အရှိတရားအပေါ် “တုန့်ပြန်ချက်” တို့ဖြင့်သာ ထင်ဟပ်ရသည်။ ထိုအရာအားလုံးတို့မှာ ဦးနှောက်၏ လုပ်ငန်းဆောင်တာများသာ ဖြစ်ပါသည်။ စင်စစ် ဦးနှောက်၏ အလိုအလျောက် ကျင့်သားရ လုပ်ဆောင်ချက်များသာ ဖြစ်သည်။ လမ်းပေါ်တွင် လျှောက်သွားသည့် ချောမောလှပသော မိန်းကလေးငယ်တစ်ယောက်၏ အရှိတရားကို ထင်ဟပ်သော ကျွန်တော်တို့၏ အသိတွင် အတိတ်က တွေ့ခဲ့ဖူးသည့် မိန်းမချောများအားလုံး၏ စုပေါင်းရုပ်ပုံလွှာတစ်ခု ပါမည်။ လိင်ပိုင်းဆိုင်ရာ ဆန္ဒတချို့ပါမည်။ ယောက်ျားတစ်ယောက်၏ အရည်အသွေးပါမည်။ စသည့် ဦးနှောက်၏ တဇွတ်ထိုး ဖြစ်စဉ်များအရသာ ၎င်းအရှိတရားကို ကျွန်တော်တို့ လက်ခံလိုက်ရခြင်း ဖြစ်ပါသည်။ အရှိတရားနှင့်ပတ်သက်၍ မိမိဦးနှောက်၏ ချုပ်ချယ်ကန့်သတ်ချက် ဘောင်အတွင်းမှသာ ကျွန်တော်တို့ သိနိုင်ခြင်းဖြစ်ပါသည်။ အရှိတရားတစ်ခုအပေါ် ရှုမြင်ရာတွင် လူတစ်ရာရှိသော် အမြင် (၁၀၀) ကွဲခဲ့ပါလျှင် အစစ်အမှန်အရှိတရားသည် အဘယ်နည်း။ လမ်းမပေါ်မှ ကောင်မလေးတစ်ယောက်၏ Identity အစစ်အမှန်ကို ကာလသားများအားလုံး အတိအကျမသိနိုင်ခြင်းသည် လွန်စွာဝမ်းနည်းဖွယ် ကောင်းလှသည်။ လွန်လွန်ကျွံကျွံဆိုရလျှင် လူနှင့်သက်မဲ့တို့အကြား အဓိကကွာခြားချက်ကြီးဖြစ်သော “သိမှု” ၏ ဂုဏ်ရည်ကို ပြောင်ပြောင်တင်းတင်း ထိခိုက်စေခြင်း ဖြစ်ပါသည်။

ချွမ်ဇူး၏ လိပ်ပြာငယ်နှင့် လိပ်ပြာငယ်၏ ချွမ်ဇူးတို့သည် တစ်လှည့်စီ ရှင်သန်နေကြ၏။ ချွမ်ဇူးအနေဖြင့် လိပ်ပြာကို လိုက်ဖမ်း၍ မမိနိုင်သလို လိပ်ပြာငယ်မှာလည်း ချွမ်ဇူး၏ ကိုယ်ပေါ်တွင် နားနေခွင့် မည်သည့်အခါမျှ ရှိနိုင်လိမ့်မည် မဟုတ်တော့။ အတူတကွ ဆုံတွေ့နိုင်ခွင့်မရှိသည့် အနီးကပ်တည်ရှိနေသော အရာနှစ်ခုမှာ အစဉ်ထာဝရ လက်တစ်လုံးခြား လှည့်စားခံနေရပေတော့မည်။ ချွမ်ဇူး၏ ဒွိဟသည် လိပ်ပြာတစ်ကောင်၏ ဒွိဟနှင့် တူညီပါလိမ့်မည်။ ဤသို့လျှင် အရှိတရားလိပ်ပြာငယ်ကို မည်သူမျှ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ကြ။ သို့မဟုတ် အရှိတရားလူသားကို မည်သည့်လိပ်ပြာမျှ မတွေ့ရှိခဲ့ကြ။ လိပ်ပြာတစ်ကောင်ကို လိုက်ဖမ်းရန်ကြိုးစားရင်း လူသားသည် ပျောက်ဆုံးလာရသည်။ လူသားကို ရှာဖွေရန်အားထုတ်သော လိပ်ပြာသည်လည်း ပျောက်ဆုံးရပေမည်။ အရှိတရား၏ မရေရာမှုကို ရုပ်လုံးဖော်ရန်ကြိုးစားမိသော သူသည် ၎င်းကိုယ်တိုင်၏ အရှိတရားကိုပါ ဒွိဟပွားမိခြင်းအားဖြင့် စတေးလိုက်ရပေတော့မည်။ ထို့ကြောင့် တည်ရှိခြင်းအကြောင်းကို စပ်စပ်စုစု မစူးစမ်းမိခဲ့ခြင်းသည် ပို၍ကောင်းပါလိမ့်မည်။

ယခုသော် ကျွန်တော် အဆုံးသတ်ပါတော့မည်။ မကြာခင် အိပ်ယာဝင်ရပါတော့မည်။ ကျွန်တော်ဆိုသည့် အရာတစ်ခု ဒီအချိန်၊ ဒီနေရာတွင် ရှိခဲ့ကြောင်း ယခုစာသားများက သက်သေအထင်အရှား ပြသနိုင်လိမ့်မည် မဟုတ်ပါ။ နောင်နှစ်ပေါင်းများစွာကြာသော် ဤသို့ရေးခဲ့သော လူတစ်ယောက် ရှိကောင်းရှိနိုင်ခဲ့သည်ဟု ကျွန်တော်၏ အရှိတရားအပေါ် လူတချို့သည် ဤစာလုံးများမှတဆင့် မှန်းဆတွေးခေါ်ရုံသာ အများဆုံးအားဖြင့် တတ်နိုင်ကြပါလိမ့်မည်။ သို့သော် သူတို့ မှန်းဆသည့် “ပုံရိပ်” သည် ကျွန်တော်၏ တည်ရှိမှုနှင့် ထပ်တူကျလိမ့်မည် မဟုတ်ပါ။ ဤနည်းအားဖြင့် ကျွန်တော်၏ နောက်ဆုံးမျှော်လင့်ချက် လက်ကျန်သည်လည်းေ၀၀ါးသွားခဲ့ပါပြီ။ တည်ရှိခြင်းအကြောင်း သွေးတိုးစမ်းခြင်းအားဖြင့် ကျွန်တော်သည် အရှင်လတ်လတ်ပျောက်ဆုံးခဲ့ပြီ ဖြစ်သည်။ ဤစာသားများသည် လိပ်ပြာတစ်ကောင်၏ အိပ်မက်ထဲမှ စကားလုံးများမျှသာ ဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ တည်ရှိခြင်းအကြောင်း တွေးခေါ်မှုမပြုရန် နောက်ဆုံးအားဖြင့် အလေးအနက် တိုက်တွန်းလိုပါသည်။ ယခု ကျွန်တော့်ကိုယ်ကျွန်တော် ထားခဲ့ရပါတော့မည်။

◄ တေဇာ ► ဇန်န၀ါရီ (၅) ၂၀၁၀

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ