Skip to main content

မနေ့က (၁)

ဘီတဲလ်စ်တွေရဲ့ "မနေ့က" ဆိုတဲ့ သီချင်းတေးသွားမှာ ဂျပန်စာသားတွေသွတ်သွင်းခဲ့တဲ့သူ (ပြီးတော့လည်း ဘယ်သူနဲ့မှမတူတဲ့ ခန်ဆိုင်းလေသံနဲ့) ဟာ ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ ကီတရုဆိုတဲ့ကောင်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ရေချိုးကန်ထဲမှာ ၀င်စိမ်နေတဲ့အချိန်တိုင်း သူက သူ့ကိုယ်ပိုင်ဟန်ဖြစ်သွားတဲ့ အဲဒီသီချင်းစာသားကို အော်ကြီးဟစ်ကျယ် ဆိုလေ့ရှိခဲ့တယ်။

"မနေ့ကဆိုတာ...
မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ
လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ..."

ကျွန်တော်မှတ်မိသလောက် သီချင်းအစက အဲဒီလိုပါ။ ဒါပေမဲ့ မကြားခဲ့ရတာလည်း အတော်ကြာပြီဆိုတော့ ဒီစာသားအတိုင်း အတိအကျလားဆိုတာ ကျွန်တော်မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကီတရုရဲ့ သီချင်းစာသားဟာ အစကနေအဆုံးထိ တစ်လုံးမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ မူရင်းစာသားတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ ပေါက်တတ်ကရတွေပဲ။ ဘီတဲလ်စ်တွေရဲ့ ရင်းနှီးပြီးသား ချစ်စရာအဆွေးသံစဉ်လေးဟာ အာပေါင်အာရင်းသန်တဲ့ ခန်ဆိုင်းလေသံ (အဆွေးဓာတ်နဲ့ လုံးလုံးဆန့်ကျင်ဘက်လို့ပဲ ပြောပါတော့) နဲ့ မိတ်ဖက်ဖြစ်သွားရတယ်။ ဒီတော့လည်း သီချင်းရဲ့အစပ်အဟပ်က ဆန်းနေတယ်၊ စနစ်တကျထုဆစ်ပုံဖေါ်မှုအပေါ် ပြတ်ပြတ်သားသား ငြင်းချက်ထုတ်လိုက်သလိုပဲ။ အနည်းဆုံးတော့ အဲဒီလိုပဲ ကျွန်တော့်တော့ ခံစားရတယ်။ အဲဒီအချိန်တုန်းကတော့ သူ့သီချင်းကို နားထောင်မိတိုင်း ကျွန်တော့်မှာ ခေါင်းတယမ်းယမ်းနဲ့။ ဟားပစ်လိုက်ရုံပဲဆိုပေမယ့် အဲဒီသီချင်းထဲမှာ ပုန်းကွယ်နေတဲ့ အသက်ဓာတ်တစ်ခုခုကိုလည်း ကျွန်တော်အနံ့ရခဲ့တယ်။
ဝါဆေးဒါးတက္ကသိုလ်မုခ်ဦးနားက ကော်ဖီဆိုင်လေးမှာ ကီတရုနဲ့ ကျွန်တော် စတွေ့ခဲ့တာ။ အဲဒီမှာ သူက စားပွဲထိုး၊ ကျွန်တော်က မီးဖိုချောင်ဝန်ထမ်းအဖြစ် အချိန်ပိုင်း အလုပ်လုပ်ကြတယ်။ ဆိုင်မှာ လူပါးတဲ့အချိန်တွေဆို သူနဲ့ ကျွန်တော် စကားတွေဖောင်အောင် ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး အသက်နှစ်ဆယ်၊ သူ့မွေးနေ့နဲ့ ကျွန်တော့်မွေးနေ့က တစ်ပတ်ပဲကွာတယ်။


"ကီတရုဆိုတဲ့ မျိုးရိုးနာမည်ကြီးက ပေးနေကျနာမည်မျိုး မဟုတ်ဘူး" လို့ တစ်နေ့တော့ ကျွန်တော်ပြောမိတယ်။
"သိပ်ဟုတ်တာပေါ့" လို့ ကီတရုက သူ့ရဲ့ ခန်ဆိုင်းလေသံ လေးလေးကြီးနဲ့ ပြန်ဖြေတယ်။
"လော်တဲဘေ့စ်ဘောအသင်းမှာ အဲဒီနာမည်နဲ့ ဘောပစ်သမားတစ်ယောက်ရှိတယ်။ ငါနဲ့တော့ အမျိုးမတော်ပါဘူး။ ပေးရိုးပေးစဉ်နာမည်မျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ၊ တစ်နေရာရာမှာတော့ ဆက်စပ်မှုရှိချင်ရှိနေမှာပဲ"
အဲဒီအချိန်တုန်းက ကျွန်တော်က ၀ါဆေးဒါးတက္ကသိုလ် စာပေဌာနမှာ ဒုတိယနှစ်ကျောင်းသား။ ကီတရုက ၀င်ခွင့်စာမေးပွဲကျလို့ ပြန်ဖြေဖို့အတွက် အတတ်သင်ကျောင်းမှာ ၀င်ခွင့်သင်ရိုးတွေသင်နေရတယ်။ သူက ၀င်ခွင့်ကျတာ နှစ်ခါတောင်မှပဲ၊ ဒါပေမဲ့ ဒီကောင့်အချိုးကိုမြင်ရင် ဘယ်သူမှတောင် ယုံမှာမဟုတ်ဘူး။ သူက စာသင်ဖို့ကိစ္စကို ဘယ်တော့မှ အားမစိုက်သလိုပဲ။ အားနေရင် စာတော့ အတော်ဖတ်တယ်၊ ဒါပေမဲ့ စာမေးပွဲနဲ့ ပတ်သက်တဲ့စာမျိုးတော့ တစ်ခုမှမပါဘူး။ ဂျီမီဟန်းဒြစ်ရဲ့အထုပ္ပတ္တိ၊ စစ်တုရင်ထိုးနည်းစာအုပ်တွေ၊ "စကြ၀ဠာကြီး၏ မူလအစ" ဒီလို စာအုပ်မျိုးတွေ။ သူပြောတာကတော့ သူ့မိဘတွေနေထိုင်ရာ တိုကျို၊ အိုတာရပ်ကွက်ကနေ အတတ်သင်ကျောင်းဆီကို လာတက်ရတာတဲ့။
"အိုတာရပ်ကွက်ကလား" လို့ ကျွန်တော်က အလန့်တကြားမေးလိုက်တယ်။
"မင်း ခန်ဆိုင်းကနေလာတာလို့ ငါက ထင်နေတာ"
"ဘယ်ကလာ။ တိုကျိုသားစစ်စစ်၊ ဇာတိချက်ကြွေကွ"
သူပြောတော့မှ ကျွန်တော်လည်း ကကျိုးကကြောင်ဖြစ်ရတော့တာပဲ။
"ဒါဆို မင်းစကားပြောတာက ဘယ်လိုလုပ် ခန်ဆိုင်းလေသံကြီးဖြစ်နေတာလဲ"
"ပြောယူရတာပေါ့။ ဒီလိုပဲ သင်မယ်လို့ ဆုံးဖြတ်ပြီးတော့"
"ပြောယူတယ်...."
"အင်းလေ။ ငါ တော်တော်လေး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရတာ။ ကြိယာတွေ၊ နာမ်တွေ၊ လေယူလေသိမ်းတွေနဲ့ ရှိသမျှအကုန်လုံးပဲ။ အင်္ဂလိပ်စာတို့ ပြင်သစ်စာတို့ သင်တာနဲ့ အတူတူပါပဲ။ ခန်ဆိုင်းအထိတောင် သွားလေ့လာခဲ့သေးတယ်"
ဒီတော့မှ ခန်ဆိုင်းလေသံကို နိုင်ငံခြားဘာသာစကားတစ်ခုလို သဘောထားပြီး တကူးတကလေ့ကျင့်သင်ယူတဲ့ လူမျိုးတွေ ရှိတယ်ဆိုတာ ကျွန်တော်လည်း သိရတော့တယ်။ ကျွန်တော့်အတွက်တော့ အဆန်းပဲ။ ဒီတော့မှပဲ တိုကျိုမြို့ကြီး ဘယ်လောက်ကြီးတယ်ဆိုတာကို ကျွန်တော် တစ်ခါပြန်ပြီး ရိပ်စားမိလာတယ်။ တိုကျိုမြို့ကြီးထဲမှာဖြစ်ပျက်နေတဲ့ ကျွန်တော်မသိတဲ့ကိစ္စတွေ အပုံကြီးလေ။ ဒီတော့မှပဲ "ဆန်ရှီယို" ဆိုတဲ့ ပုံစံကျ "တောသားမြို့တက်ဇာတ်လမ်းသွား" ၀တ္ထုတစ်ပုဒ်ကို ပြန်ပြီးအမှတ်ရမိတော့တယ်။
ကီတရုက ရှင်းပြတယ်။
"ငါငယ်ငယ်က ဟန်ရှင်းကျားအသင်းရဲ့ အမာခံပရိသတ်ပေါ့။ တိုကျိုက ဘယ်နေရာမှာသွားကစားကစား၊ အသင်းကို ငါလိုက်အားပေးတယ်။ ဒါပေမဲ့ ဟန်ရှင်းပရိသတ်တွေရဲ့ ထိုင်ခုံတန်းမှာ သွားထိုင်ပြီး တိုကျိုမြို့ကြီးသားလေသံနဲ့ စကားပြောတိုင်း ဘယ်သူမှ ငါ့ကို အဖက်မလုပ်ကြဘူး။ သူတို့အဖွဲ့ဝင်အဖြစ် ငါ ၀င်ရောလို့မရဘူးကွာ၊ မင်းနားလည်လား။ ဒီတော့လည်း ငါစဉ်းစားတယ်လေ၊ ခန်ဆိုင်းလေသံနဲ့ စကားပြောနိုင်အောင်သင်မယ်၊ ပြီးတာနဲ့ ခွေးတစ်ကောင်လိုပဲ တကုပ်ကုပ်လေ့ကျင့်ခဲ့တာပဲ"
"ဒါက မင်းအတွက် လှုံ့ဆော်မှုပေါ့၊ ဟုတ်လား" ကျွန်တော်ကတော့ ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဘူး။
"ဒါပေါ့။ ဒါက ကျားအသင်းဟာ ငါ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ပြတာပဲ။ အခုဆို ငါပြောသမျှက ခန်ဆိုင်းလေသံနဲ့ပဲ၊ ကျောင်းမှာ၊ အိမ်မှာ၊ အိပ်မက်ထဲစကားပြောရင်တောင်မှပဲ။ ငါ့လေသံက ခန်ဆိုင်းသားအစစ်နီးနီးပဲမဟုတ်လား"
"လုံးဝဟုတ်တယ်။ မင်းခန်ဆိုင်းကလာတာလို့ ပြောရင် ငါယုံရမှာပဲ"
"ခန်ဆိုင်းလေသံကို လေ့ကျင့်ခဲ့သလိုသာ ၀င်ခွင့်စာမေးပွဲတွေအတွက် ငါအားစိုက်ခဲ့ရင် အခုလိုမျိုး နှစ်ခါပြန်ကျတဲ့သူ ဖြစ်နေမှာမဟုတ်ဘူး"
အံမာ၊ ဒီကောင်ကလည်း သူ့အချက်နဲ့သူပဲ။ သူ့ရဲ့ ကိုယ့်ဒူးကိုယ်ချွန်ကျရှုံးမှုကတောင် ခန်ဆိုင်းသားဆန်နေသေးတယ်။
"မင်းကရော ဘယ်နယ်က လာတာလဲ" သူက မေးလိုက်တယ်။
"ငါကမှ ခန်ဆိုင်းက၊ ကိုဘေးမြို့ နားက" လို့ ကျွန်တော်ဖြေလိုက်တယ်။
"ကိုဘေးနားကလား၊ ဘယ်နေရာလဲ"
"အာရှိယ"
"အိုး သိပ်ကောင်းတဲ့နေရာပဲ။ အရင်ကပြောရောပေါ့ကွာ.."
ဒီတော့မှ ကျွန်တော်လည်း ရှင်းပြရတယ်။ ဘယ်ကလာသလဲမေးလို့ အာရှိယကလို့ ကျွန်တော်ဖြေလိုက်တိုင်း လူတွေက ကျွန်တော့်ကို ချမ်းသာတယ်လို့ ထင်သွားတတ်ကြတယ်။ တကယ်တော့ အာရှိယမှာလည်း လူတန်းစားပေါင်းစုံ ရှိနေတာ။ ကျွန်တော့်မိသားစုကိုပဲကြည့်၊ သိပ်ပြီး ကျိကျိတက်ထဲကတော့ မဟုတ်ဘူး။ ကျွန်တော့်အဖေက ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊ အမေက စာကြည့်တိုက်မှူး။ အိမ်ကလည်းသေးတယ်၊ ကျွန်တော်တို့မှာ နို့နှစ်ရောင်ကော်ရိုလာကားလေးတစ်စင်းရှိတယ်။ ဒီတော့လည်း လူတွေက ဘယ်ကလာသလဲလို့ ကျွန်တော့်ကိုမေးရင် "ကိုဘေးဘက်က" လို့ပဲ ကျွန်တော်အမြဲပြန်ဖြေလေ့ရှိတယ်။ ဒါမှပဲ ကျွန်တော်နဲ့ပတ်သက်ပြီး ယုန်ထင်ကြောင်ထင်မဖြစ်ကြမှာ။
"ငါတို့ကောင်တွေရဲ့အဖြစ်က အတူတူပါပဲကွာ။ ငါ့လိပ်စာက ဒီနန်ချိုဖူးဥယျာဉ်မြို့တော်- အတော်လေး လူကုန်တံကျတဲ့ အရပ်ပေါ့၊ ဒါပေမဲ့ ငါတို့အိမ်က မြို့ရဲ့ အချာဆုံးအပိုင်းမှာ၊ အိမ်ကလည်း အစုတ်ဆုံးပဲ။ တစ်ခါလောက်တော့ မင်း ငါတို့ဆီ လာစေ့ချင်တယ်။ အောင်မလေး၊ ဒါလားဒီနန်ချိုဖူးဥယျာဉ်မြို့တော်ဆိုတာ၊ သွားစမ်းပါဆိုပြီး ဖြစ်သွားမှာ။ ဒါပေမဲ့ ဒီလိုမျိုးတွေ လျှောက်ပူနေရတာ အဓိပ္ပာယ်တော့မရှိပါဘူးကွာ။ ဒါ လိပ်စာလေးတစ်ခုပဲလေ။ ငါကတော့ ပြောင်းပြန်တွေချည်းလျှောက်လုပ်တယ်။ ဒီနန်ချိုဖူးဥယျာဉ်မြို့တော်က လာတာဆိုတဲ့ အချက်နဲ့ လူတွေကို ဒဲ့ချဲတော့တာပဲ၊ ငါက မင်းတို့ သိပ်အထင်ကြီးတဲ့နေရာကလာတာဆိုတဲ့ အထာမျိုးနဲ့ပေါ့"
ကျွန်တော်လည်း ဒီကောင့်ကို ခိုက်သွားတယ်။ အဲဒါပြီးတော့ ကျွန်တော်တို့ ဘော်ဒါတွေဖြစ်သွားကြတယ်ပေါ့။

********
အထက်တန်းကျောင်း မပြီးခင်အထိ ကျွန်တော့်စကားပြောပုံက ခန်ဆိုင်းလေသံပဲ။ ဒါပေမဲ့ တိုကျိုသားအစစ်တွေရဲ့ စံကိုမီအောင် စကားပြောနိုင်ဖို့ တိုကျိုမြို့မှာ တစ်လလောက်ပဲ ကျွန်တော် အချိန်ယူလိုက်ရတယ်။ ဒီလောက်မြန်မြန် အလိုက်သင့်ပြောင်းလဲနိုင်လို့ အံ့သြမိရတယ်။ ကျွန်တော့်ကိုယ်ရည်ကိုယ်သွေးက ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်တာမျိုး ဖြစ်ချင်ဖြစ်မှာ။ ဒါမှမဟုတ်လည်း ကျွန်တော့်ရဲ့ ဘာသာစကားဆိုင်ရာ အာရုံခံစားမှုက သူများတွေထက်ပို ရှေ့ရောက်နေတာမျိုးဖြစ်ချင်ဖြစ်မှာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ ကျွန်တော်ခန်ဆိုင်းသားပါဗျာလို့ပြောရင် ယုံမယ့်လူတစ်ယောက်မှ မရှိတော့ဘူး။
ခန်ဆိုင်းလေသံဝဲနေတာကို ကျွန်တော်ရပ်ပစ်လိုက်ရတဲ့ တခြားအကြောင်းရင်းတစ်ခုကတော့ ကျွန်တော်က လုံးဝခြားနားတဲ့ လူတစ်ဦးဖြစ်ချင်တဲ့စိတ်ကြောင့်ပါပဲ။
ကောလိပ်စတက်ဖို့ ခန်ဆိုင်းကနေ တိုကျိုပြောင်းလာပြီး ကျည်ဆန်ရထားစီးလာတဲ့အချိန်တစ်လျှောက်လုံး ကျွန်တော့်စိတ်ထဲမှာ ပြန်ပြောင်းသုံးသပ်နေမိတယ်၊ ကျွန်တော်ရှင်သန်လာခဲ့တဲ့ ဆယ့်ရှစ်နှစ်စာလုံးလုံး ကျွန်တော့်ဆီ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးနီးနီးဟာ ရှက်စရာတွေပဲလို့ ခံစားနေရတယ်။ အပိုပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အတိတ်ဖြစ်ရပ်တွေကို ပြန်ကို သတိရမနေချင်တော့ဘူး၊ ရေနည်းငါးလိုပဲ။ အဲဒီအချိန်ကအထိ ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းမိလာလေလေပဲ။ ဒီလိုပြောလို့ ကျွန်တော့်မှာ ပျော်ရွှင်စရာရှေးဟောင်းနှောင်းဖြစ် တစ်ခုမှမရှိခဲ့ဘူးတော့ မဟုတ်ဘူးပေါ့၊ ပျော်ရွှင်စရာတချို့တော့ ရှိခဲ့ပါတယ်။ ပျော်ရွှင်စရာအတွေ့အကြုံလေးတွေက လက်တစ်ဆုပ်စာပဲ။ ဒါပေမဲ့လည်း ရှက်စရာ၊ နာကျင်စရာအတွေ့အကြုံတွေနဲ့ ယှဉ်ရင်တော့ မိုးနဲ့မြေလိုကွာတယ်။ ကျွန်တော် ဘ၀မှာ နေထိုင်လာခဲ့ပုံနဲ့၊ ဘ၀အပေါ်ချဉ်းကပ်နည်းတွေအကြောင်း တွေးကြည့်ရင် ဒါတွေဟာ ခေါက်ရိုးကျိုးအဖြစ်တွေပဲ၊ စိတ်ပျက်စရာကောင်းလောက်အောင် ဦးတည်ချက်မဲ့နေခဲ့တာပဲ။ ဘာစိတ်ကူးစိတ်သန်းမှမရှိတဲ့ လူလတ်တန်းစားချေးထုပ်ပေါ့၊ ဒီတော့ ဒါတွေအကုန်လုံးကို စုပြုံသိမ်းပြီး အံဆွဲထဲထိုးထည့်ထားလိုက်ချင်ခဲ့တယ်။ ဒါမှမဟုတ်လည်း အဲဒါတွေကို စုပြုံမီးရှို့ပစ်ပြီး ထွက်လာတဲ့ မီးခိုးတွေ (ဘယ်လိုမီးခိုးမျိုးထွက်လာမလဲ ကျွန်တော်မသိပေမဲ့) ကို စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်ချင်တော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပဲ အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ သိမ်ငယ်စရာငယ်ဘ၀အစအနတွေအားလုံးကို ရှင်းလင်းပစ်ပြီး တိုကျိုမြို့ကြီးမှာ အသစ်စက်စက်လူတစ်ယောက်လို ဘ၀စချင်နေခဲ့တာ။ ဒီကိစ္စ အောင်မြင်ပြီးမြောက်ဖို့ကတော့ ခန်ဆိုင်းလေသံဟာ လက်တွေ့ကျတဲ့ (သင်္ကေတဆန်တယ်ဆိုလည်း ဟုတ်တယ်) နည်းနာတစ်ခုပဲ။ ဘာလို့ဆို၊ နောက်ဆုံးကောက်ချက်ချမိတာက ကျွန်တော်တို့ ပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားဆိုတာ လူသားတွေအဖြစ် ကျွန်တော်တို့ ရှိနေရခြင်းအထဲမှာ ပါဝင်နေလို့ပဲ။ အနည်းဆုံးတော့၊ ဒါဟာ ကျွန်တော် ဆယ့်ရှစ်နှစ်သားအရွယ်မှာ တွေးခဲ့မိတဲ့အတွေးပေါ့။
"ရှက်စရာကောင်းတယ် ဟုတ်လား။ ဘာတွေများ ဒီလောက်တောင် ရှက်စရာကောင်းလို့လဲ" ကီတရုက ကျွန်တော့်ကိုမေးတယ်။
"မင်း ပြောကြည့်လေ"
"မင်းတို့ နယ်ကလူတွေနဲ့ မင်းနဲ့ အဆင်မပြေဘူးလား"
"အဆင်ကပြေပါတယ်။ ဒါပေမဲ့ ငါကတော့ ရှက်နေတုန်းပဲ။ သူတို့နဲ့အတူ ရှိနေရတာကိုက ငါ့ကို ရှက်စိတ်ဝင်နေစေတာ"
"မင်းက တမျိုးပဲ။ မင်းအဲဒါကိုရောသိလား။ ကိုယ့်နယ်ကလူတွေနဲ့ အတူရှိနေရတာ ဘယ်မှာ ရှက်စရာရှိလို့လဲ။ ငါတို့ဘက်ကလူတွေနဲ့ ငါနဲ့တော့ အေးဆေးပါပဲ"
ကျွန်တော်လည်း သူ့ကို ရှင်းမပြတတ်ဘူး။ နို့နှစ်ရောင်ကော်ရိုလားကားလေးရှိနေရတာ ဘာမကောင်းလို့လဲ။ ကျွန်တော် ပြောမပြတတ်ဘူး။ ကျွန်တော့်မိဘတွေကတော့ ဟန်လုပ်ဖို့အတွက်ရည်ရွယ်ပြီး ပိုက်ဆံသုံးချင်တဲ့ လူမျိုးတွေမဟုတ်ဘူး၊ ဒါပါပဲ။
"ငါ့မိဘတွေကတော့ တစ်ချိန်လုံး ငါ့ကို မျက်လုံးဒေါက်ထောက်ပဲ၊ ငါမှ စာမသင်ချင်ပဲ။ စာသင်ရတာကို ငါမုန်းတယ်၊ ဒါပေမဲ့ ငါဘာသွားလုပ်ရမှာလဲ။ ဒါက သူတို့မိဘတွေရဲ့ အလုပ်ပဲ။ အဲဒါတွေကို ခေါက်ထားလိုက်ပါကွာ"
"မင်းကတော်တော် အေးအေးဆေးဆေးနေနိုင်တဲ့ကောင်ပဲ" ကျွန်တော်က ပြောလိုက်တယ်။
"မင်းမှာ စော်ရှိလား" လို့ ကီတရုက မေးတယ်။
"အခုလောလောဆယ်မှာ မရှိဘူး"
"ဒါပေမဲ့ အရင်တုန်းကတော့ ရှိခဲ့တယ်ပေါ့"
"သိပ်မကြာသေးခင်ကအထိပေါ့"
"မင်းတို့ ပြတ်သွားကြတာလား"
"အင်းပေါ့" ကျွန်တော်က ဖြေလိုက်တယ်။
"ဘာလို့ ပြတ်ကြတာတုံး"
"ပြောရမှာ ရှည်ပါတယ်ကွာ။ ငါ ရှေ့ဆက်ချင်စိတ်သိပ်မရှိတော့ဘူး"
"အဲဒီကောင်မလေးက မင်းကို အကုန်မပေးဘူးလား"
ကျွန်တော် ခေါင်းခါလိုက်တယ်။ "ဟင့်အင်း၊ အကုန်ထိမပေးဘူး"
"အဲဒါကြောင့် ပြတ်ကြတာလား"
"အဲဒါလည်း ပါတာပေါ့"
"ဒါပေမဲ့ ဟိုနှိုက်ဒီနှိုက်လောက်တော့ ရတယ်မဟုတ်ဘူးလား"
"ဟိုနှိုက်ဒီနှိုက်နား နီးနီးပေါ့"
"ဘယ်လောက်ထိရောက်သလဲကွာ၊ အတိအကျပြော"
"ဒါတွေ ငါမပြောချင်ပါဘူး" ကျွန်တော်ပြောလိုက်တယ်။
"ဒါ မင်းပြောခဲ့တဲ့ ရှက်စရာကိစ္စတွေထဲက တစ်ခုလား"
"အင်း"
"ဘဲ..၊ မင်းဇာတ်လမ်းကတော့ ခပ်ရှုပ်ရှုပ်ပဲ" လို့ ကီတရုက ပြောလိုက်တယ်။
********
အူကြောင်ကြောင်သီချင်းစာသားတွေနဲ့ "မနေ့က" သီချင်းကို ကီတရုဆိုတာ ပထမဆုံးကျွန်တော်ကြားခဲ့တဲ့အချိန်က ဒီနန်ချိုဖူးက သူ့အိမ်ရဲ့ ရေချိုးခန်းထဲမှာ။ သူပြောသလို အိမ်က ခပ်စုတ်စုတ်တော့မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်ကလည်း ကောင်းတယ်၊ ဒါပေမဲ့ သာမန်ရပ်ကွက်က သာမန်အိမ်ပုံစံမျိုးပဲ၊ အိမ်က နည်းနည်းတော့ အိုပြီ၊ ဒါပေမဲ့ အာရှိယမှာရှိတဲ့ ဘယ်အိမ်ထက်မဆို ပိုကြီးတယ်။ ဘာပဲဖြစ်ဖြစ် တခြားအိမ်တွေထက် ချွန်ထွက်နေတာမျိုးတော့ လုံးဝမဟုတ်ဘူး၊ ပြီးတော့ အိမ်အ၀င်လမ်းမှာ မော်ဒယ်မြင့် အပြာနုရောင်ကားတစ်စင်းကိုလည်း ကျွန်တော် အမှတ်တမဲ့ တွေ့လိုက်မိသေးတယ်။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကီတရုကတော့ ရှိသမျှပစ္စည်းအကုန်ပစ်ချပြီး ရေချိုးခန်းထဲ ခုန်ဝင်သွားတော့တာပဲ။ ရေဇလုံထဲရောက်ပြီဆိုတာနဲ့ အထဲကနေ တစ်သက်လုံးပြန်မထွက်လာတော့ဘူး။ ဒီလိုဆို ကျွန်တော်လည်း ခွေးခြေခုံလေးတစ်လုံးဆွဲယူပြီး ကပ်လျက်က အ၀တ်လဲခန်းထဲ ၀င်ပြီး သူ့ဆီ စကားလှမ်းပြောနေတော့တာပဲ၊ ဘေးဆွဲတံခါးက တစ်လက်မနှစ်လမလောက် ပွင့်နေတယ်။ ဒါကတော့ သူ့အမေကြီးရဲ့ ဗြစ်တောက်ဗြစ်တောက် စကားပြောသံတွေကို ရှောင်လွဲနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ၊ အများစုကတော့ သူတို့ ပေကပ်ကပ်သားတော်မောင် မကောင်းကြောင်း၊ စာကိုပဲ အာရုံစိုက်သင်ရမယ့်အကြောင်းတွေပေါ့။
"မင်းစာသားတွေက ဘာအဓိပ္ပာယ်မှ မရှိပါဘူးကွာ။ မနေ့ကဆိုတဲ့သီချင်းကို မင်းဖျက်လိုက်သလိုပဲ" ကျွန်တော်က သူ့ကိုပြောတယ်။
"ဆရာကြီးလာမလုပ်စမ်းပါနဲ့ကွာ၊ ငါ သီချင်းကို ဖျက်တာမဟုတ်ဘူး။ ငါဖျက်တယ်ဆိုရင်တောင် မင်းသိထားဖို့က ဂျွန်က ဒီလိုပေါက်တတ်ကရတွေနဲ့ စကားလုံးကစားတာတွေကို ကြိုက်တယ်လေ။ ဟုတ်တယ်မဟုတ်လား"
"ဒါပေမဲ့ မနေ့ကကို စာသားရေးတဲ့လူက ပေါလ်လေကွာ"
"မင်း သေချာလို့လား"
"သိပ်သေချာတာပေါ့။ ပေါလ်က ဒီသီချင်းကိုရေးပြီး စတီရီယိုထဲမှာ ဂစ်တာလေးတစ်လုံးနဲ့ သူ့ဘာသာအသံသွင်းခဲ့တာ။ လေးယောက်တွဲက နောက်မှထပ်ပေါင်းလိုက်တာ၊ ဒါပေမဲ့ တခြားဘီတဲလ်စ်ဝိုင်းတော်သားတွေက ဒီသီချင်းမှာဘာမှဝင်မပါဘူး။ သူတို့က ဒီသီချင်းကို ဘီတဲလ်စ်သီချင်းစာရင်းထဲသွင်းဖို့အထိ အဆင့်မရှိဘူးတောင်ထင်တာ"
"တကယ်ပဲလား။ ဒီလိုမျိုး နီးစပ်တဲ့လူတွေပဲသိတဲ့ အချက်အလက်တွေက ငါနဲ့တော့ မဆိုင်ပါဘူး"
"ဘာမှ နီးစပ်တဲ့လူတွေပဲသိတဲ့ အချက်အလက်တွေမဟုတ်ဘူး၊ ဒါ လူတိုင်းသိတဲ့အချက်တွေကွ"
"အဲဒီတော့ ဘာဖြစ်လဲ။ ဒါတွေက အသေးစိတ်တွေပဲ" ရေနွေးငွေ့တွေဆီကနေ ကီတရုရဲ့ အသံက တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာတယ်။
"ငါ့အိမ်မှာငါ ရေချိုးခန်းထဲမှာ သီချင်းဆိုနေတယ်ကွာ။ အသံသွင်းနေတာဘာညာလည်း တစ်ခုမှမဟုတ်ဘူး။ ဘာမူပိုင်ခွင့်ကိုမှလည်း ချိုးဖောက်နေတာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း အနှောင့်အယှက်ပေးနေတာမဟုတ်ဘူး။ မင်းငါ့ကိုလာပြီး ဆင်ခြေတက်လို့မရပါဘူး"
အဲဒီနောက်တော့ သူက ခေါရပ်စ်ပိုဒ်ကို စဆိုလိုက်တယ်၊ သူ့အသံက ကျယ်ပြီး ကြည်လင်တယ်။ အမြင့်သံတွေကျရင် ပိုပြီး ထိထိမိမိဆိုနိုင်တယ်။ ရေတွေကို ပလပ်ပလပ်မြည်အောင် ခပ်ဖွဖွစည်းချက်လိုက်နေတာကိုပါ ကျွန်တော်ကြားရတယ်။ တကယ်ဆိုရင်တော့ သူ့ကို အားပေးတဲ့အနေနဲ့ ကျွန်တော်လည်း သူနဲ့အတူ သီချင်းကိုလိုက်ဆိုသင့်တာ၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဆွဲယူမရဘူးဖြစ်နေတယ်။ အဲဒီနေရာမှာ ထိုင်ရင်း မှန်တံခါးကိုဖြတ် စကားပြောရင်း ရေချိုးဇလုံထဲမှာ စိမ်နေတဲ့သူနဲ့ တစ်နာရီလောက်ကြာအောင် အဖော်လုပ်ပေးနေရတာ ပျော်စရာတော့ သိပ်မကောင်းဘူး။
"နေပါဦး၊ ရေချိုးဇလုံထဲမှာ ဒီလောက်ကြာအောင် မင်းဘယ်လိုလုပ်နေနိုင်သလဲ။ မင်းတစ်ကိုယ်လုံး ပဲကြီးရေခွံတွန့်မသွားဘူးလား"
"ရေချိုးဇလုံထဲမှာ ကြာကြာစိမ်ရင် အိုင်ဒီယာအလန်းစားအမျိုးမျိုး ငါ့ခေါင်းထဲ ရောက်လာတတ်တယ်" လို့ ကီတရုက ပြောတယ်။
"မနေ့ကသီချင်းရဲ့ စာသားတွေလိုမျိုးလား"
"အင်း၊ အဲဒါလည်း တစ်ခုအပါအ၀င်ပေါ့" လို့ ကီတရုက ပြောတယ်။
"ရေချိုးဇလုံထဲမှာ အိုင်ဒီယာအလန်းစားတွေ အကြာကြီးထိုင်စဉ်းစားနေတာထက် တက္ကသိုလ်ခွင့်စာမေးပွဲအတွက် စာကျက်သင့်တယ်လို့ မင်းမထင်ဘူးလား" လို့ ကျွန်တော်မေးမိတယ်။
"မင်းကတော့ တော်တော်စိတ်ကုန်စရာ ကောင်းတဲ့ကောင်ပဲကွာ။ ငါ့ဘွားတော်နဲ့မှ တစ်လေသံတည်းပဲ။ ဆင်ခြင်တုံတရားလိုလို စကားတွေပြောဖို့ မင်းအသက်က သိပ်ငယ်သေးတယ်လို့ မထင်ဘူးလား"
"ဒါပေမဲ့ စာတွေမနိုင်မနင်းဖြစ်နေတာ မင်း,နှစ်နှစ်လောက်ရှိပြီ။ ဒါကို မင်း မငြီးငွေ့သေးဘူးလား"
"သေချာတာပေါ့။ တတ်နိုင်သမျှ အမြန်ဆုံး ငါ ကောလိပ်တက်ချင်ပြီပေါ့"
"ဒါဆို ဘာလို့ စာကိုသေချာမလုပ်သလဲ"
စကားလုံးရှာပြီး သူက ပြန်ပြောတယ်
"အာာ...၊ လုပ်နိုင်တယ်ဆိုရင် ငါလုပ်ပြီးတာ ကြာပြီပေါ့ကွာ"
"ကောလိပ်ဆိုတာ အာပလာပါကွာ။ စတက်ရပြီဆိုတာနဲ့ ငါလည်းစိတ်ထဲ သိပ်ကြည်လှတာမဟုတ်ဘူး။ ဒါပေမဲ့ ကောလိပ်မတက်ရင်ကျတော့ ပိုပြီးတော့ကို ဖွတ်ဖြစ်ဦးမှာ"
"ဟုတ်ပါတယ်။ ငါ့မှာ မင်းကိုချေပစရာ မရှိဘူး"
"ဒါဆို မင်း ဘာလို့စာမကျက်လဲ"
"လှုံ့ဆော်မှုမှ မရှိဘဲ"
"လှုံ့ဆော်မှု။ မင်းကောင်မလေးနဲ့ အပြင်ထွက်လည်နိုင်ဖို့ ဆိုတဲ့အတွေးက အတော်လေးကောင်းတဲ့ လှုံ့ဆော်မှုမဟုတ်ဘူးလား"
ကီတရုမှာ မူလတန်းထဲက အတူတက်လာတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ငယ်ရည်းစားလို့ ဆိုပါတော့။ ကျောင်းတုန်းကတော့ သူတို့တွေ အတန်းထဲမှာ အဆင့်ချင်း အတူတူရခဲ့ကြတယ်၊ ဒါပေမဲ့ ဒီကောင့်လိုမဟုတ်ဘဲ ကောင်မလေးက အထက်တန်းပြီးတာနဲ့ ဆိုဖီယာတက္ကသိုလ်ကို တန်းရောက်သွားတယ်။ အခုတော့ ပြင်သစ်ဘာသာအဓိကနဲ့ ကျောင်းတင်းနစ်အသင်းမှာလည်း အဖွဲ့ဝင်။ ကောင်မလေးဓာတ်ပုံကို သူ ကျွန်တော့်ကို ပြဖူးတယ်၊ စော်လေးက လန်ထွက်နေတယ်။ လှတယ်၊ ပြီးတော့ သက်ဝင်လှုပ်ရှားတဲ့ မျက်နှာပေးလေးနဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းတွေမှာ သူနဲ့ ကောင်မလေး သိပ်မတွေ့ဖြစ်ကြတော့ဘူး။ ဒီအကြောင်းကို သူတို့အချင်းချင်းလည်း စကားပြောခဲ့ကြပြီးပြီ၊ ၀င်ခွင့်စာမေးပွဲကို ကီတရုတစ်ယောက် မအောင်ခင်အထိ သူတို့တွေ ချိန်းမတွေ့ကြဖို့ သဘောတူထားကြတယ်တဲ့။ ဒါကတော့ ကီတရု စာကိုပဲ အာရုံစိုက်နိုင်အောင်လို့ပဲ။ ဒီအစီအစဉ်ကိုလည်း ကီတရုကပဲ စပြီး အဆိုပြုခဲ့တာ။
"အိုကလေ။ နင်အဲဒီလိုလုပ်ချင်တယ်ဆိုရင်လည်း နင့်သဘောပဲ" လို့ ကောင်မလေးက ပြောခဲ့တယ်။ ဖုန်းနဲ့တော့ သူတို့ အတော်လေး စကားပြောဖြစ်ကြတယ်၊ ဒါပေမဲ့ လူချင်းကတော့ အများဆုံး တစ်ပတ်တစ်ကြိမ်လောက်ပဲ ဆုံဖြစ်ကြတယ်၊ အဲဒီလိုတွေ့တိုင်းလည်း သမီးရည်းစားချိန်းတွေ့ကြတာနဲ့ မတူဘဲ အင်တာဗျူးဆန်ဆန် စကားတွေပဲပြောဖြစ်ကြတယ်။ လက်ဖက်ရည်သောက်ကြမယ်၊ ပြီးတော့ အခုနောက်ဆုံး သူတို့ဘာတွေလုပ်နေသလဲဆိုတာ ဖလှယ်ကြမယ်။ လက်ချင်းကိုင်ထားကြမယ်၊ ခပ်သွက်သွက်နမ်းမယ်၊ ဒီလောက်က အလွန်ဆုံးပဲ။
ကီတရုရဲ့ ပုံစံကတော့ ချောတယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ မွန်မွန်ရည်ရည်လို့ ခေါ်ရလောက်အောင်တော့ရှိတယ်။ ပိန်ပိန်၊ သူ့ဆံပင်နဲ့ အ၀တ်အစားတွေက ရှင်းရှင်းသန့်သန့်၊ စတိုင်လ်ကျကျ။ သူ စကားတစ်လုံးမှ မပြောခင်အထိ သူ့ကိုကြည့်လိုက်ရင် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တဲ့ မွန်ရည်တဲ့ မြို့သားလေးတစ်ယောက်လို့ ထင်ကြမှာပဲ။ သူ့ဆီမှာရှာတွေ့ရမယ့် ချို့ယွင်းချက်က တစ်ခုပဲရှိတယ်။ သူ့မျက်နှာက နည်းနည်းလေးရှည်လွန်းပြီး နူးညံ့နေတာပဲ၊ ကိုယ်ရည်ကိုယ်သွေးခေါင်းပါးပြီး၊ ယုံကြည်ချက်ရည်ရွယ်ချက်မရှိဘူးလို့ အများထင်ချင်စရာ ရုပ်ရည်မျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ခြုံကြည့်ရင်အကောင်းဘက်ဆောင်နေတဲ့ သူ့ရဲ့သွင်ပြင်ဟာ သူ့ပါးစပ်ဟလိုက်တာနဲ့တစ်ပြိုင်နက် ပျောက်ဆုံးသွားတော့တာပဲ၊ အမဲလိုက်ခွေးကြီးတစ်ကောင် တက်ဖိလို့ ပြိုသွားတဲ့ သဲပုံမှာတည်ထားတဲ့ ရဲတိုက်လေးတစ်ခုလိုပေါ့။ သူ့ ခန်ဆိုင်းလေသံကြောင့် လူတွေက စိတ်အနှောင့်အယှက်ဖြစ်ကြတယ်၊ တမင်တကာလုပ်ထားသလားထင်ရအောင် လိုတာထက်နည်းနည်းပိုပြီး စူးရှနေတဲ့ လေသံမျိုး။ စကားပြောတဲ့လေနဲ့ ရုပ်ရည်တို့ လိုက်ဖက်မညီဖြစ်နေပုံက နည်းနည်းလေးတော့ များတယ်။ ကျွန်တော်တောင် သူနဲ့တွေ့စတုန်းက အဲဒီအချက်ကြောင့် တော်တော်လေး ကသိကအောက်ဖြစ်ခဲ့ရတယ်။
"စော်မရှိတော့ မင်း မပျင်းဘူးလား တာနိမူရ" လို့ နောက်တစ်နေ့မှာ ကီတရုက ကျွန်တော့်ကိုမေးတယ်။
"အင်း ဆိုပါတော့" လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
"ဒါဆို ငါ့ကောင်မလေးကို တွဲပါလား"
သူဘာပြောသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်သွားတယ်။
"ဘယ်လို၊ မင်းကောင်မလေးကို တွဲရမယ်ဆိုတာက ဘာတုံး"
"ကောင်မလေးက မိုက်တယ်ကွာ။ လှတယ်၊ ရိုးတယ်၊ တွဲရလောက်အောင်လည်း သွက်တယ်ကွာ။ မင်း သူ့ကို တွဲလို့တော့ နောင်တမရစေရပါဘူး။ ငါအာမခံတယ်"
"နောင်တမရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါက ဘာလို့ မင်းကောင်မလေးကို တွဲရမှာလဲ။ အဓိပ္ပာယ်မှ မရှိပဲ"
ကီတရုက ပြောတယ်။
"ဘာဖြစ်လို့လဲဆိုတော့ မင်းက လူကောင်းမို့လို့ပေါ့ကွ။ ဒီလိုမှမဟုတ်ရင် မင်းကို ငါ အခုလိုပြောမလား။ အီရီကာနဲ့ ငါ အခုချိန်ထိ ဘ၀တစ်လျှောက်လုံးနီးပါး အတူတူရှိလာခဲ့တာ။ ဒီလိုနဲ့ပဲ အလိုလို အတွဲလိုဖြစ်သွားခဲ့တာလို့ ပြောရမှာပဲ၊ ငါတို့နဲ့ပတ်သက်တဲ့ လူတွေအားလုံးကလည်း ဒီလိုပဲ လက်ခံထားကြတယ်။ ဘော်ဒါတွေ၊ မိဘတွေ၊ ဆရာတွေ အကုန်ပေါ့။ အမြဲတပူးတွဲတွဲနဲ့ အရမ်းချစ်ကြတဲ့ စုံတွဲလေးပေါ့" ကီတရုက သူ့လက်နှစ်ဖက်ကို ပူးပြီးဆုပ်ပြတယ်။
"ငါတို့နှစ်ယောက်လုံး ကောလိပ်ကို တန်းတက်ခဲ့မယ်ဆိုရင်တော့ ငါတို့ဘ၀တွေဟာ နွေးထွေးလုံခြုံနေမှာပဲ။ ဒါပေမဲ့ ကျောင်းဝင်ခွင့်ကို အောင်အောင်မဖြေဘဲ ဖြုန်းပစ်ခဲ့တော့ ငါအခု ဒီလိုဖြစ်နေတာပေါ့။ ဘာကြောင့်မှန်းတော့ သေချာမသိဘူး၊ ဒါပေမဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း ပိုပိုဆိုးလာနေတယ်။ ဒီအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး၊ အားလုံးက ငါ့အပြစ်တွေပဲပေါ့"
သူပြောသမျှကို ကျွန်တော် ငြိမ်ပြီးနားထောင်နေလိုက်တယ်။
"ဒါကြောင့်၊ ..ဆိုပါတော့ ငါ့ကိုယ်ငါ နှစ်ကိုယ်ခွဲလိုက်တယ်" ပြောရင်းဆိုရင်း ကီတရုက ပူးဆုပ်ထားတဲ့ သူ့လက်နှစ်ဖက်ကို ပြန်ခွဲလိုက်တယ်။
"ဘယ်လိုမျိုးလဲ" လို့ ကျွန်တော်က မေးလိုက်တယ်။
သူ့လက်ဖ၀ါးတွေကို ခဏလောက် ငေးကြည့်နေပြီးတော့မှ သူက စကားဆက်တယ်။
"ငါဆိုလိုချင်တာက၊ ငါ့အစိတ်အပိုင်းတစ်ခုက ထားပါတော့၊ အပူကွာ။ အီရီကာက ကောလိပ်မှာ တင်းနစ်လေးရိုက်၊ ဒါမှမဟုတ် တစ်ခုခု သူလုပ်ချင်ရာလုပ်ပြီး ဟန်ကျပန်ကျဖြစ်နေချိန်မှာ ငါက စောက်တလွဲကျောင်းဝင်ခွင့်ရဖို့အတွက် စောက်တလွဲ အတတ်သင်ကျောင်းတွေ တက်နေရတယ်။ သူက သူငယ်ချင်းအသစ်တွေ ရမယ်ကွာ၊ ငါသိသလောက်ဆို၊ ဘဲအသစ်တွေနဲ့တောင် တွဲချင်တွဲနေမှာ။ ဒါတွေအားလုံးကို စဉ်းစားကြည့်လိုက်တော့ နောက်မှာကျန်ရစ်ခဲ့သလို ငါခံစားရတယ်။ ဘာလုပ်ရမယ်မှန်းကို မသိတော့ဘူး။ ငါဆိုလိုချင်တာကို မင်းနားလည်လား"
"နားလည်တယ် ထင်တာပဲ" လို့ ကျွန်တော်က ပြောလိုက်တယ်။
"ဒါပေမဲ့ ငါ့ရဲ့အခြားအစိတ်အပိုင်းတစ်ခုကတော့၊ အအေးလို့ပဲ ပြောပါတော့။ အရင်တုန်းကလိုပဲ ငါတို့ ဆက်နေသွားကြမယ်ဆိုရင်၊ တခြားပြဿနာတွေလည်း မရှိခဲ့ဘူးဆိုရင်၊ အများအမြင်မှာတော့ ဘ၀ခရီးကို ပန်းခင်းလမ်းအတိုင်း လျှောက်နေတဲ့ ချစ်စရာစုံတွဲလေးပဲ။ ဆိုပါတော့ကွာ... ငါတို့ ကောလိပ်ကနေ ဘွဲ့ရကြမယ်၊ လက်ထပ်ကြမယ်၊ လူတိုင်းက လေးစားအားကျလောက်တဲ့ စိတ်ကူးယဉ်ချင်စရာ အိမ်ထောင်သည်ဘ၀၊ ငါတို့မှာ စက်ရုံထဲက ထုတ်ထားသလို ကလေးလေးနှစ်ယောက်ရှိမယ်၊ သူတို့ကို နာမည်ကြီး မူလတန်းကျောင်းမှာ ထားမယ်၊ တနင်္ဂနွေနေ့တွေမှာ မြစ်ကမ်းနားဘေးသွားထိုင်ပြီး အပန်းဖြေမယ်၊ အိုဘလာဒီး အိုဘလာဒါးသီချင်းဆိုမယ်... ဒီလို ဘ၀မျိုးကို အဂွမ်းစားကြီးလို့ ငါပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါပြောချင်တာကကွာ၊ ဘ၀ဆိုတာ ဒီလိုမျိုး သိပ်လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာဖြစ်နေသင့်သလား ဆိုတာပဲ။ ခဏတဖြုတ်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွားတာက ပိုကောင်းချင်ကောင်းနေမှာ။ ဒီလိုနေကြည့်ပြီးတော့မှ တစ်ယောက်အတွက်တစ်ယောက်က မရှိမဖြစ်လို့ သိလာတယ်ဆိုရင်တော့လည်း ငါတို့ ပြန်တွဲကြရုံပေါ့"
"...ဆိုတော့ မင်းပြောနေတာက အရာရာ လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာဖြစ်နေတာက ပြဿနာတစ်ခုပေါ့။ ဒီလိုလား"
"အေးပေါ့။ ဘယ်အတိုင်းအတာထိ လွယ်ကူနေသလဲဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့"
"ဒါပေမဲ့ ဘာလို့ငါက မင်းကောင်မလေးနဲ့ တွဲရမှာလဲ" ကျွန်တော် မေးလိုက်တယ်။
"ငါတွေးကြည့်တာ၊ သူသာ တခြားကောင်တစ်ကောင်နဲ့ တွဲတော့မယ်ဆိုရင် အဲဒီကောင်ဟာ မင်းဖြစ်တာပဲ ပိုကောင်းမှာ။ မင်းကိုက ငါ ကောင်းကောင်းသိတယ်လေကွာ။ ပြီးတော့ မင်းဆိုတော့ နောက်ဆုံးဖြစ်နေတဲ့ မင်းတို့နှစ်ယောက်ကြားက ဟိုကိစ္စဒီကိစ္စလေးတွေ ငါ့ကို လာပြန်အသိပေးနိုင်တာပေါ့"
သူကသာ ပြောနေပေမယ့် ကျွန်တော့်အတွက်တော့ ဒီကိစ္စဟာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါပေမဲ့ အီရီကာနဲ့တွေ့ဖို့ဆိုတဲ့ စိတ်ကူးကို ကျွန်တော်လည်း စိတ်ဝင်စားနေမိတယ်ဆိုတာ ၀န်ခံပါတယ်။ သူ့လို အမိုက်စားကောင်မလေးတစ်ယောက်က ကီတရုလို ဂကြောင်ကောင်နဲ့ ဘာကြောင့်တွဲချင်ရတာလဲဆိုတာကို သိချင်တာလည်းပါတယ်။ လူရှေ့သူရှေ့မှာ ကျွန်တော် နည်းနည်းတော့ ရှက်တတ်တယ်၊ ဒါပေမဲ့ သိလိုစိတ်ကတော့ ကျွန်တော့်ဆီမှာ ဘယ်တုန်းကမှ မခေါင်းပါးခဲ့ဘူး။
"သူနဲ့ မင်းနဲ့က ဘယ်အခြေအနေထိ ရောက်ပြီးပြီလဲ" လို့ ကျွန်တော်က မေးလိုက်တယ်။
"ဘာညာကိစ္စကို ပြောတာလား" ကီတရုက မေးတယ်။
"အင်း။ ကိစ္စအကုန်ပြတ်ပြီးသွားပြီလား"
ကီတရုက ခေါင်းခါတယ်။
"မင်းနားလည်မလားမသိဘူး၊ ငါလုပ်လို့မရဘူးကွာ။ သူ ကလေးလေးကတည်းက သူ့ကို ငါသိခဲ့တာ၊ ငုတ်တယ်လို့ ပြောမလား၊ သူ့အ၀တ်တွေကိုချွတ်၊ ဟိုပွတ်ဒီပွတ်လုပ်၊ အကုန်လျှောက်လုပ်ကွာ၊ ဘယ်လိုမှ ငါခံစားလို့မရဘူးဖြစ်နေတယ်။ တခြားကောင်မလေးတစ်ယောက်ယောက်သာ သူ့နေရာမှာဆို ပြဿနာရှိမယ်မထင်ဘူး၊ သူ့အတွင်းခံထဲ ငါ့လက်တွေထည့်ထားတယ်လို့ တွေးကြည့်ရုံနဲ့တင်၊ အဲဒီအတွေးနဲ့တင်...၊ ဘယ်လိုပြောရမလဲ ငါမသိဘူး...၊ အဲဒီလိုလုပ်တာ မှားနေတယ်လို့ ငါခံစားနေရတယ်၊ မင်းသိလား"
သူပြောတာကို ကျွန်တော်တစ်လုံးမှ မသိပါဘူး။
"ငါ သေချာတော့ ရှင်းမပြတတ်ဘူး" ကီတရုက ပြောတယ်။
"မင်းဘာသာတစ်ယောက်တည်းလုပ်ရင် မင်း တခြားကောင်မလေးတွေကို မှန်းလုပ်တယ်မဟုတ်လား၊ အဲဒီလိုမျိုးပေါ့"
"ဟုတ်မယ်ထင်တယ်" လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ ငါ အီရီကာကို မှန်းလို့မရဘူး။ အဲဒီလိုလုပ်တာဟာ မှားနေသလို ခံစားရတယ်။ ဒီတော့ ငါတစ်ယောက်တည်းလုပ်တဲ့အခါ တခြားကောင်မလေးတွေကိုပဲ မှန်းရတယ်။ ငါ သိပ်မကြိုက်လှတဲ့ ကောင်မလေးတစ်ယောက်ယောက်ပေါ့။ အဲဒါကို မင်းဘယ်လိုထင်လဲ"
သူပြောတဲ့အကြောင်းကို ကျွန်တော်လည်း ဖင်ပြန်ခေါင်းပြန် စဉ်းစားကြည့်ပေမဲ့ အဖြေမထွက်ပါဘူး။ တခြားလူတွေရဲ့ တစ်ကိုယ်ရည်အာသာဖြေပုံ အလေ့အကျင့်တွေအကြောင်း ကျွန်တော် ဉာဏ်မမီပါဘူး။ ကိုယ့်အကြောင်းကိုယ်တောင် ဂဃနဏမသိသေးတဲ့ ကိစ္စတွေ အပုံကြီးလေ။
ကီတရုက ပြောလိုက်တယ်။
"ဘာပဲဖြစ်ဖြစ်လေ တစ်ခါလောက်တော့ ငါတို့သုံးယောက် ဆုံကြည့်ကြတာပေါ့။ အဲဒီအခါကျမှ မင်းထပ်ပြီး စဉ်းစားကြည့်လို့ရတာပေါ့"
**********
တစ်ခုသော တနင်္ဂနွေနေ့ရဲ့ နေ့လယ်ခင်းမှာ ကီတရု၊ သူ့ကောင်မလေး (သူ့နာမည်အပြည့်အစုံက အီရီကာကူရိတနိ)နဲ့ ကျွန်တော်တို့သုံးယောက်သား ဒီနန်ချိုဖူးဘူတာနားက ကော်ဖီဆိုင်လေးတစ်ခုမှာ ဆုံဖြစ်ကြတယ်။ ကောင်မလေးက ကီတရုလောက်နီးနီး အရပ်မြင့်တယ်၊ အသားလေးကညိုပြီးချောမွတ်နေတယ်၊ မီနီစကပ်အပြာနုနုနဲ့ သပ်သပ်ရပ်ရပ်မီးပူထိုးထားတဲ့ အဖြူရောင်ဘလောက်စ်လက်တိုအင်္ကျီနဲ့ သူ့ကိုယ်သူဆင်ထားတယ်။ လေးစားလောက်တဲ့ ကောလိပ်ကျောင်းသူတစ်ဦးအတွက် ပြီးပြည့်စုံတဲ့နမူနာပုံစံပဲ။ ဓာတ်ပုံထဲကလိုပဲ အပြင်မှာလည်း ဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော့်ကို ယိုင်သွားစေတာက သူ့ရုပ်ရည်ကြောင့်ဆိုတာထက်၊ သူ့အနီးအနားမှာ ရစ်ဝဲနေသယောင်ထင်ရတဲ့ တမင်လုပ်ယူထားတားမဟုတ်တဲ့ အသက်ဓာတ်တစ်မျိုးကြောင့်ပဲ။ ကောင်မလေးဟာ ကီတရုနဲ့တော့ ဆန့်ကျင်ဘက်ပဲ၊ ဒီကောင်ကတော့ ကောင်မလေးနဲ့ယှဉ်ရင် နည်းနည်းဖြူဖတ်ဖြူရော်ဖြစ်နေတယ်။
"အာကီဆီမှာ သူငယ်ချင်းတစ်ယောက်ရှိမှန်းသိရတာ ကျွန်မတကယ်ပဲဝမ်းသာပါတယ်" အီရီကာက ကျွန်တော့်ကိုပြောတယ်။ ကီတာရုရဲ့ ပထမနာမည်က အာကီယိုရှိ ကိုး။ ဒီကောင့်ကို အာကီလို့ ခေါ်တဲ့လူကတော့ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းပဲ ရှိမယ်။
"လျှောက်ပြောမနေပါနဲ့ဟာ ငါ့မှာ ဘော်ဒါတွေတစ်ပုံကြီး" လို့ ကီတရုကပြောတယ်။
"ဟင့်အင်း မရှိပါဘူး။ နင့်လိုလူက အပေါင်းအသင်းဆံ့တာမှမဟုတ်တာ။ တိုကျိုမှာမွေးပြီး ခန်ဆိုင်းလေသံနဲ့ စကားပြောသေး။ ပြီးတော့ ပါးစပ်ဟလိုက်တာနဲ့ စိတ်ပျက်စရာ ဟန်ရှင်းကျားအသင်းအကြောင်းနဲ့ စစ်တုရင်ထိုးကွက်တွေအကြောင်းကလွဲလို့ တခြားဘာများပြောတတ်လို့လဲ။ နင့်လို ဂကြောင်ကတော့ သာမန်လူတွေနဲ့ အဆင်ပြေနိုင်စရာမရှိပါဘူး"
"အေး နင်အဲဒီလိုပြောကြေးသာဆို ဒီကောင်လည်း ဂကြောင်ပဲ။ သူကျတော့ အာရှိယကလာပြီး တိုကျိုလေနဲ့ ပြောတယ်လေ" ကီတရုက ကျွန်တော့်ကိုလက်ညှိုးထိုးပြီး ဖွတယ်။
"ဒါက အများကြီးပိုပြီး ဖြစ်လေ့ဖြစ်ထရှိတယ်။ အနည်းဆုံး အဲဒါနဲ့ ပြောင်းပြန်လုပ်နေတာထက်စာရင်ပေါ့"
"နေဦးနေဦး..၊ အခု နင်ပြောနေတာက ယဉ်ကျေးမှုဆိုင်ရာခွဲခြားဆက်ဆံတာ ဖြစ်နေပြီ။ ယဉ်ကျေးမှုတွေအားလုံးဟာ တန်းတူပဲဆိုတာ နင်သိတယ်မဟုတ်လား။ တိုကျိုလေဟာ ခန်ဆိုင်းလေထက် ပိုသာတယ်လို့ ယူဆလို့မှမဖြစ်တာ"
"အင်း တန်းတူတော့ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မဲဂျိပြန်လည်ပြင်ဆင်ရေးကာလပြီးကတည်းက တိုကျိုကလူတွေရဲ့ ပြောဆိုပုံဟာ ဂျပန်စကားပြောရဲ့ စံတစ်ခုဖြစ်လာခဲ့တာ။ ငါပြောချင်တာက ဂျေဒီဆလင်ဂျာရဲ့ "Franny and Zooey" ကို ခန်ဆိုင်းလေနဲ့ ဘာသာပြန်ဖူးတာရှိလို့လား"
"အဲဒီလိုသာရှိရင် ငါကတော့ ၀ယ်ပြီးသားပဲ" ကီတရုက ပြောတယ်။
ကျွန်တော်ဆိုရင်လည်း ၀ယ်ချင်ဝယ်မိမှာလို့ စိတ်ထဲက တွေးလိုက်မိတယ်၊ ဒါပေမဲ့ အသာလေးပဲ ငြိမ်နေလိုက်တယ်။
ဒီအငြင်းအခုန်ကို ရှေ့ဆက်မယ့်အစား အီရီကာက ပါးပါးနပ်နပ် စကားလမ်းကြောင်းကို ပြောင်းလိုက်တယ်။
"ကျွန်မတို့ တင်းနစ်ကလပ်မှာ ရှင်တို့ အာရှိယကလာတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်" လို့ ကျွန်တော့်ဘက်လှည့်ပြီး ပြောတယ်။
"အီကိုဆာကူရိုင်းတဲ့၊ ရှင်းများသိနေမလားလို့.."
"သိပါ့" လို့ ကျွန်တော်က ပြောလိုက်တယ်။ အီကိုဆာကူရိုင်းဆိုတာက ပိန်ပိန်ကလန်ကလားကြီး၊ သူ့မိဘတွေက ဂေါက်ကွင်းဖွင့်ထားတယ်။ မာန်နည်းနည်းတက်တယ်၊ ရင်သားပြားပြား၊ ရယ်ချင်စရာနှာခေါင်းနဲ့ သိပ်ခံစားကြည့်စရာမရှိတဲ့ ရုပ်ရည်မျိုး။ သူအမြဲတမ်းကောင်းခဲ့တာတစ်ခုကတော့ တင်းနစ်ပဲ။ သူ့ကို နောက်တစ်ကြိမ်ပြန်မတွေ့ရဘူးသာဆိုရင်လည်း ကျွန်တော့်ဘက်ကတော့ ကြာသလားလို့။
"ဒီကောင်က မိုက်တယ်ဟ၊ ပြီးတော့ အခုလောလောဆယ် သူ့မှာစော်လည်းမရှိဘူး" လို့ ကီတရုက အီရီကာကို လှမ်းပြောတယ်။ "ကြည့်လိုက်ရင်လည်း အိုကေပဲ၊ အမူအရာကလည်း ကောင်းတယ်၊ ပြီးတော့ ဟိုစပ်စပ်ဒီစပ်စပ်လည်း အကုန်သိ။ နင်မြင်တဲ့အတိုင်း သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း၊ ဆိုးဆိုးရွားရွားရောဂါလည်းမရှိဘူး။ အလားအလာကောင်းတဲ့ လူငယ်လေးတစ်ယောက်လို့ပဲ ပြောပါတော့"
"ဟုတ်ပါပြီ။ ငါတို့ကလပ်မှာ အမိုက်စားအသင်းဝင်ကောင်မလေးတွေ ရောက်လာတာရှိပါတယ်။ ငါ သူနဲ့ မိတ်ဆက်ပေးမှာပေါ့" လို့ အီရီကာက ပြောလိုက်တယ်။
"အာ.. ငါက အဲဒီလို ပြောချင်တာမဟုတ်ဘူး။ နင်ကိုယ်တိုင် သူနဲ့ မတွဲနိုင်ဘူးလား။ ငါက ကောလိပ်လည်းမတက်ရသေး၊ နင်နဲ့လည်း တွဲချင်သလို တွဲလို့မရသေး။ ငါ့အစား နင် သူနဲ့တွဲလို့ရတာပဲ။ ဒီတော့ ငါလည်း စိတ်မပူရတော့ဘူးပေါ့"
"နင်စိတ်မပူရတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ" အီရီကာက မေးလိုက်တယ်။
"ငါဆိုလိုချင်တာကဟာ၊ ငါက နင်တို့နှစ်ယောက်စလုံးကို သိတယ်၊ ဒီတော့ ငါတစ်ခါမှမမြင်ဖူးတဲ့ တခြားကောင်တွေထက် နင်သူ့ကို တွဲမယ်ဆိုရင် ငါ့စိတ်ထဲမှာ ပိုပြီးများအဆင်ပြေမလားလို့"
သူ့မျက်စိရှေ့မှာ တွေ့နေရတဲ့ သတ္တ၀ါကို ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေသလို အီရီကာက ကီတရုကို ငေးကြည့်နေတယ်။ နောက်ဆုံးတော့ သူက ပြောလိုက်တယ်။
"ဒီတော့ နင်ပြောနေတာက ဒီမှာရှိနေတဲ့ တာနိမူရသာဖြစ်မယ်ဆိုရင် ငါက နင်မဟုတ်တဲ့တခြားတစ်ယောက်ကို တွဲလို့လည်း ရတယ်ဆိုတဲ့သဘောလား။ ငါ့ကို အတွဲခုတ်ပြီး အချိန်းအချက်လုပ်ဖို့ နင်တကယ်ကြီး တိုက်တွန်းနေတာလား"
"ဟဲ့ အခုဟာက အဲဒီလောက်ဆိုးရွားတဲ့ကိစ္စကြီးတော့ မဟုတ်ပါဘူးဟာ။ ဒါမှမဟုတ် နင် တခြားတစ်ယောက်ယောက်နဲ့ရော တွဲပြီးသားဖြစ်နေပြီလား"
"ဟင့်အင်း၊ တခြားတစ်ယောက်မရှိပါဘူး" လို့ အီရီကာက ခပ်တိုးတိုးပြောတယ်။
"ဒါဆို ဘာလို့နင် သူနဲ့ မတွဲရမှာလဲ။ ဒါ ယဉ်ကျေးမှုဖလှယ်တာမျိုး ဖြစ်နိုင်တာပဲ"
"ယဉ်ကျေးမှုဖလှယ်တယ်.." အီရီကာ သံယောင်လိုက်တယ်၊ ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။
ကျွန်တော် တစ်ခုခုဝင်ပြောလည်း ဘာမှအကြောင်းထူးမယ်မထင်လို့ ခပ်ဆိတ်ဆိတ်ပဲ နေလိုက်တယ်။ ကော်ဖီဇွန်းကလေးကို ကိုင်ပြီး အပေါ်က ဒီဇိုင်းကွက်လေးတွေကို ကြည့်နေလိုက်တယ်၊ အီဂျစ်ပြည်က သမိုင်းဝင်လက်ရွာမွန်အုတ်ဂူတစ်လုံးကို စေ့စေ့စပ်စပ်လေ့လာနေတဲ့ ပြတိုက်မှူးတစ်ဦးရဲ့ ဂိုက်မျိုးနဲ့။
"ယဉ်ကျေးမှုဖလှယ်တယ်။ ဒါက ဘာကိုများဆိုလိုချင်တာတုံး" သူက ကီတရုကို မေးလိုက်တယ်။
"ဘယ်လိုပြောမလဲဟာ၊ ရှုထောင့်နောက်တစ်မျိုးဆီ ၀င်ကြည့်တာက ငါတို့တွက် သိပ်ဆိုးလှမှာမဟုတ်ပါဘူး"
"အဲဒါက ယဉ်ကျေးဖလှယ်တာကို နင်ထင်တဲ့အထင်ပေါ့၊ ဟုတ်လား"
"အေး..ငါဆိုလိုချင်တာက....."
"ကောင်းပြီလေ" လို့ အီရီကာက ခပ်တင်းတင်းပြောတယ်။ အနားမှာသာ ခဲတံတစ်ချောင်းရှိနေရင် ကောက်ယူပြီး ကျွန်တော်ထက်ပိုင်းချိုးလိုက်မိမလားမသိဘူး။ "အာကိ၊ နင်က ငါတို့ ဒီလိုလုပ်သင့်တယ်ထင်တယ်ဆိုရင်လည်း ပြီးတာပဲ။ ကဲ ယဉ်ကျေးမှုဖလှယ်ကြတာပေါ့"
သူက လက်ဖက်ရည်တစ်ငုံစုပ်တယ်၊ ပြီးတော့ အောက်ခံပန်းကန်ပြားထဲ ပြန်ချပြီး ကျွန်တော့်ဘက်လှည့် ပြုံးပြတယ်။
"အာကီက ထောက်ခံချက်ပေးနေမှတော့ ကျွန်မတို့ ချိန်းတွေ့ကြစို့နော် တာနီမူရ။ ပျော်စရာတော့ ကောင်းမှာ။ ရှင်ဘယ်နေ့ အားမလဲ"
ကျွန်တော် ဘာမှပြန်မပြောနိုင်ဘူး။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မှန်ကန်တဲ့စကားလုံးကို မရှာနိုင်တာ ကျွန်တော့်ရဲ့ များစွာသောပြဿနာတွေထဲက တစ်ခုပဲ။ အီရီကာကတော့ သူ့အိတ်ထဲကနေ သားရေနဲ့လုပ်ထားတဲ့ အချိန်ဇယားအနီရောင်လေး ဆွဲထုတ်လိုက်တယ်၊ ဖွင့်ပြီးတော့ သူ့ရဲ့ အစီအစဉ်တွေကို စစ်ဆေးကြည့်နေတယ်။ "စနေနေ့ဆိုရင် ဘယ်လိုလဲ" လို့ မေးတယ်။
"စနေနေ့မှာ ကျွန်တော် သွားစရာမရှိပါဘူး" လို့ ကျွန်တော်က ပြောလိုက်တယ်။
"ကဲ ဒါဆိုလည်း စနေနေ့ပေါ့။ ကျွန်မတို့ ဘယ်သွားကြမလဲ"
"ဒီကောင်က ရုပ်ရှင်ကြိုက်တယ်။ သူ့ အိပ်မက်က တစ်နေ့မှာ ဇာတ်ညွှန်းရေးဆရာဖြစ်ဖို့ပေါ့" ကီတာရုကို သူ့ကိုပြောတယ်။
"ဒါဆို ရုပ်ရှင်ပဲသွားကြည့်ကြစို့။ ကျွန်မတို့ ဘာကားကြည့်ကြမလဲ။ ဒါကိုတော့ ရှင်ပဲဆုံးဖြတ်ပါ တာနိမူရ။ သဲထိတ်ရင်ဖိုတွေတော့ ကျွန်မ မကြိုက်ဘူး။ အဲဒါမဟုတ်ရင် တခြား ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"
"သူက ငယ်ငယ်ကတည်းက လိပ်ပြာငယ်တာ။ ငါတို့ ကလေးတုန်းက သရဲခြောက်တဲ့ အိမ်ကြီးဆီသွားကြတယ်လေ၊ သူ ငါ့လက်ကို အတင်းကိုင်ပြီး...."
"ရုပ်ရှင်ပြီးတော့ ကျွန်မတို့ ထမင်းအတူတူစားကြတာပေါ့" အီရီကာက စကားဖြတ်ပြီး ပြောလိုက်တယ်။ သူ့မှတ်စုစာအုပ်ထဲက စာရွက်တစ်ရွက်ဆုတ်၊ ဖုန်းနံပါတ်ရေးပြီး ကျွန်တော့်ဆီလှမ်းပေးတယ်။ အချိန်နဲ့နေရာ စဉ်းစားပြီးရင် ရှင်ကျွန်မဆီ ဖုန်းဆက်လိုက်ပေါ့"
အဲဒီအချိန်တုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးဘူး။ (ဆဲလ်ဖုန်းတွေ အရိပ်အယောင်တောင်မပေါ်ခင် အချိန်အတော်အကြာကပေါ့) ဒါနဲ့ ကီတရုနဲ့ကျွန်တော် အလုပ်လုပ်နေတဲ့ ဆိုင်ရဲ့ ဖုန်းနံပါတ်ကို သူ့ကိုပေးလိုက်တယ်။ ပြီး ကျွန်တော်လည်း နာရီကို ဖျပ်ခနဲကြည့်လိုက်တယ်။
"အားတော့ နာပါတယ်။ ကျွန်တော် သွားမှဖြစ်တော့မယ်။ ဒီမှာ မနက်ဖြန်အပြီးသတ်ရမယ့် စာတစ်ခုရှိသေးလို့" ကျွန်တော်တတ်နိုင်သလောက် ခပ်မြူးမြူးဖြစ်အောင်ကြိုးစားပြီး ပြောလိုက်တယ်။
"နောက်မှလုပ်လို့မရဘူးလားကွာ။ အခုပဲ ရောက်တဲ့ဥစ္စာ။ တို့အတူ စကားလေးဘာလေးဆက်ပြောရအောင် နေပါဦးလား။ ဟိုဘက်ထောင့်နားမှာတင် ခေါက်ဆွဲဆိုင်ကောင်းကောင်းတစ်ခု ရှိတယ်"
အီရီကာကတော့ ဘာထင်မြင်ချက်မှမပေးဘူး။ ကျွန်တော့်ကော်ဖီဖိုးကို စားပွဲပေါ်တင်လိုက်ပြီး ကျွန်တော်လည်း မတ်တပ်ရပ်လိုက်တယ်။ "စာကအရေးကြီးတယ်ကွ။ ငါတကယ်ပစ်ထားလို့မရလို့ပါ" လို့ ပြောလိုက်တယ်။ တကယ်တော့ အဲဒီစာက ဒီလောက်ကြီးအရေးကြီးလှတာ မဟုတ်ဘူး။
"မနက်ဖြန်၊ ဒါမှမဟုတ်သန်ဖက်ခါ ကျွန်တော် ဖုန်းခေါ်လိုက်မယ်နော်" လို့ ကျွန်တော်က အီရီကာကို ပြောလိုက်တယ်။
"အင်း ကျွန်မမျှော်နေမယ်" လို့ သူကပြောတယ်။ ချစ်စရာအပြုံးလေးတစ်ပွင့် သူ့နှုတ်ခမ်းလွှာတွေမှာ ပွင့်လာတယ်။ အပြုံးက၊ အနည်းဆုံး ကျွန်တော့်အတွက်၊ အိပ်မက်လားလက်တွေ့အဖြစ်လား ဝေခွဲရခက်စရာ အပြုံးလေးပဲ။
ကော်ဖီဆိုင်က ထွက်လာပြီး ဘူတာရုံကို ကျွန်တော်လျှောက်လာတုန်း ငါဘာတွေများလျှောက်လုပ်နေတာလဲလို့ ကျွန်တော်တွေးမိတယ်။ အရာအားလုံး နေသားတကျဖြစ်ပြီးကာမှ ဘယ်လိုတွေဖြစ်ကုန်တာလဲဟလို့ ပြန်စဉ်းစားပြီးအာရုံနောက်တတ်တာကလည်း ကျွန်တော့်ရဲ့ အမြစ်တွယ်နေတဲ့ ပြဿနာများစွာထဲက နောက်ထပ်တစ်ခုပဲ။

>>>ဆက်ရန်>>>

တေဇာ (လရောင်လမ်း)
Yesterday by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Source: The New Yorker

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ