Skip to main content

Posts

ပုထုဇဉ်များ အိပ်စက်စဉ် (၂)

ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့နေ့မတိုင်မီ တစ်ပတ်အလိုကတည်းက ပြိုင်ပွဲမှာ အနိုင်ရမယ့်သူတစ်ဦးဦးကို ကြိုတင်ရှာဖွေနေဆိုတာက ကျွန်တော်တို့အတွက် အနားရနိုင်အောင်ပါ။ ဒီလိုဆိုရင် ဒိုင်လူကြီးတွေနဲ့ ကျွန်တော့်လို လက်ထောက်တွေပါ ခရစ္စမတ်အကြိုနေ့မှာ မိသားစုနဲ့အတူ ပျော်နေနိုင်တယ်လေ။ နာရီပေါင်းများစွာ တစ်မြို့လုံးကားပတ်စီးပြီး မတိမ်းမယိမ်းလှပတဲ့၊ အကောင်းဆုံးပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ကို အချိန်ကပ်ကာမှ ကြိုးစားရွေးထုတ်နေရမယ့် အစားပေါ့။ အခုတော့ ကျွန်တော်တို့လုပ်စရာဆိုလို့ ဆုပေးနေ့ကျရင် ဂရစ်ဘွန်ရဲ့ ခြံဝန်းဆီ မောင်းသွားရုံပဲ ရှိတော့တယ်၊ မီးရောင်တွေနဲ့ဆူညံသံတွေကြားမှာ မျက်လုံးကန်းနားကွဲခံမယ်၊ ၀မ်းသာအားရလက်ဆွဲနှုတ်ဆက်ပြီး ဆုရစာချွန်လွှာလေး သူ့လက်ထဲထည့်ပေးလိုက်မယ်၊ ပြီးတာနဲ့ ခရစ္စမတ်သစ်ပင်တိ၊ ပစ္စည်းလေးတွေချိတ်၊ ဘီယာသောက်ပြီးနှပ်နေဖို့ အိမ်ကို အချိန်မီပြန်ပြေးလာရုံပဲ။ ခရစ္စမတ်ဆိုတဲ့အတွေးလေးနဲ့ ဟက္ကမန်ရဲ့ ဂမူးရှူးထိုးဉာဉ်နည်းနည်းအနည်ထိုင်ပြီး စိတ်ကောင်းဝင်နေချိန်မှာ သူဟာ စိတ်နှလုံးကောင်းမွန်သူကြီးရယ်လို့ မဟုတ်မဟတ်ပါးစပ်သတင်းတွေလည်း တော်တော်လေး ပြန့်နှံ့နေတယ်။ ဟက္ကမန်ကတော့ အားလပ်ရက်ပီပီ နေပါတယ်။ ဘယ်သတင်းထောက်မှ သတိမထားမိ...

ပုထုဇဉ်များ အိပ်စက်စဉ် (၁)

တစ်ခုနဲ့တစ်ခုကြား ရှောင်လွှဲနိုင်ကြစတမ်းသာဆိုရင် ဖှရက်ဟက္ကမန်နဲ့ ခရစ္စမတ်နေ့ရက်တို့ဟာ ဆုံဖြစ်ခဲ့ကြမှာမဟုတ်ဘူး။ သူက လူပျိုသိုးကြီး၊ မြို့တော်စာတည်းမှူး၊ ပြီးတော့ သတင်းစာဂုရုကြီး။ ကျွန်တော်ကတော့ သတင်းထောက်လေးတစ်ယောက်အနေနဲ့ သူ့အတွက် သုံးနှစ်တာကြာအောင် ဆင်းရဲတကြီး အလုပ်လုပ်ပေးခဲ့ရသူပေါ့။ ကျွန်တော်တတ်နိုင်သလောက် နီးစပ်အောင် ပြောကြည့်ရရင်၊ သူနဲ့ ခရစ္စမတ်နေ့ရဲ့ ၀ိညဉ်အကြားမှာ တူညီတာဆိုလို့ ယာတောထဲကကြောင်စုန်းကြီးနဲ့ ငှက်ကြည့်ဗေဒအဖွဲ့အစည်းတို့ကြားက တူညီမှုလိုပဲ ဖြစ်လိမ့်မယ်။ တကယ်တော့ သူက ယာတောထဲက ကြောင်စုန်းကြီးနဲ့ နေရာအတော်များများမှာ တူပါတယ်။ သူက တကိုယ်တော်သမား၊ ကိုယ့်ဘ၀နဲ့ကိုယ် မှောက်မှားကျေနပ်နေသူ၊ ပြီးတော့ ငပျင်းကြီး။ နောက် သူ့သြဇာနဲ့ ဇ၀နဉာဏ်တို့ကလည်း ကြောင်လက်သည်းတွေလို လျှင်မြန်စူးရှလိုက်ပါဘိ။ ကျွန်တော် သူ့အတွက် အလုပ်လုပ်တုန်းကတော့ သူ့အသက်က လေးဆယ်တန်းထဲမှာပေါ့။ ခရစ္စမတ်အပေါ်မှာတင် ဘယ်ကလိမ့်မလဲ၊ အစိုးရ၊ အိမ်ထောင်သည်ဘ၀၊ စီးပွားရေး၊ မျိုးချစ်ဝါဒ စတာတွေနဲ့ ခင်ဗျား နာမည်တပ်နိုင်သမျှ အခြားအရေးပါတဲ့ ထုံးတမ်းဓလေ့တွေအပေါ်မှာပါ သူကတော့ လေးစားမှုပျောက်ဆုံးနေခဲ့ပုံပဲ။ ကျွန်တော်ကြားဖူးသမျှ သူတရေးတယူ ညွှန်းေ...

အတိုးဆုံးကဗျာများ (၄၇)

Current ငယ်ငယ်က ရေးဆွဲဖူးတဲ့ မိုးဖွဲလေးတွေတိုင်း ဆွေစောင်းနေတတ်မြဲ အဲဒီလို ကိုယ်ကလည်း မမြင်နိုင်တာတွေရဲ့ တည်ရှိမှုကိုမှ ထင်ရှားပြချင်ဆဲ Defense Mechanism II သူ့ ရှေ့မှာ လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ် ငါရှက်တယ် ငါ့လက်သည်းကြားက ချေးတွေအတွက် ငါရှက်တယ် Trap မီးပျက်သွားတယ် ပုပ်နေတဲ့ ကြက်ဥတွေ ကျကွဲသံ ကြားရတယ် ဓာတ်လှေကားကြီးတစ်ခုမှန်း ငါသိလိုက်ရတယ် Silence တစ်ခုခုပြောပါ ငါ့ခြေထောက်ပေါ် ပုရွက်ဆိတ်အနီတွေ အပြွတ်လိုက်တက်နေပြီလို့ပဲ ဖြစ်ဖြစ် တစ်ခုခုပြောတဲ့အခါ ငါအရမ်းကျေးဇူးတင်မှာ Trauma II ကလေးလေးတစ်ယောက် ဝါးခနဲ အော်ငိုသံ ကြားရပြီး လေရှူသွင်းဖို့ခဏ အသံတိတ်သွားတယ် ဒါပေမဲ့ မျှော်လင့်ထားတဲ့ ဒုတိယငိုသံ ဆက်လိုက်မလာတော့ဘူး ဘယ်လို ခြောက်ခြားဖွယ် တိတ်ဆိတ်မှုပါလဲ တေဇာ (လရောင်လမ်း) Image: unurthed.com

ပျက်စီးပြိုလဲ (The Fall)

ခပ်ရိုးရိုးပဲ ၀န်ခံရမယ်ဆိုရင်တော့၊ နောင်ကြီးရေ၊ ကျွန်တော်ဟာ ဂုဏ်သိက္ခာနဲ့ အမြဲတမ်းပြည့်လျှမ်းခဲ့တဲ့ သူပါပဲ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ငါ၊ ငါ၊ ငါ ဆိုတဲ့ စကားလုံးတွေ ပဲ့တင်ထပ်ပြီး အဲဒီအသံကို ကျွန်တော်ပြောသမျှစကားသံတိုင်းမှာ ကြားနိုင်ခဲ့တာပေါ့။ ၀င့်ဝါတာလေးတစ်ခုခုမပါဘဲ ကျွန်တော့်မှာ စကားမပြောတတ်ခဲ့သလိုပါပဲ၊ အထူးသဖြင့် ကျွန်တော် ပိုင်စိုးတဲ့ ကိုယ့်ကိုယ်ကိုယ်အစိုးရစိတ်နဲ့အတူဝင့်ဝါဖို့ဆို ကျွန်တော့်မှာ ဘယ်တုန်းကမှ မနောင့်နှေးခဲ့ဘူး။ အမြဲတမ်းပဲလွတ်လွတ်လပ်လပ်နဲ့ သြဇာအာဏာပြည့်ဝစွာ ကျွန်တော် ရှင်သန်ခဲ့တာပါ။ ကျွန်တော် လုံးလုံးလျားလျား ယုံကြည်လက်ခံထားတဲ့ ထူးခြားပေါ်လွင်တဲ့ အကြောင်းရင်းတစ်ခုကြောင့်ပဲ ကျွန်တော်ဟာ ကျွန်တော်မှတစ်ပါး တခြားသောလူတွေနဲ့ ဘယ်လိုမှ သက်ဆိုင်မှုမရှိဘူးလို့ ရိုးရိုးသားသား ခံစားခဲ့ရပါတယ်။ နောင်ကြီးကို ကျွန်တော်ပြောခဲ့သလိုပေါ့၊ ဘယ်သူ့ထက်မဆို ကိုယ်ကပိုပြီး ဉာဏ်ရည်ထက်မြက်တယ်လို့ ကျွန်တော် အမြဲယူဆခဲ့တာပဲ၊ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ပိုပြီး ကျွမ်းကျင်တဲ့၊ ပိုပြီးလက်ဖြောင့်တဲ့၊ ပြိုင်ဘက်ကင်း ကားမောင်းကျွမ်းတဲ့၊ ပျိုတိုင်းကြိုက်ရတဲ့ လူအဖြစ်ကို ကိုယ့်ကိုယ်ကိုယ် ယူဆခဲ့တာပါ။ ကိုယ်...

ကျောချင်းကပ်ရိုးရာပုံပြင် နှစ်ပုဒ်မှ

အ၀ါရောင်ရွှေဟာ အဓိပ္ပာယ်မဲ့ သင်ယူလေ့လာခြင်းကမှ ပုလဲရတနာထက် သာတယ် ထက်မြက်မှုမရှိတဲ့ မိန်းမ ခပ်တုံးတုံး ကလေးတွေကလွဲလို့ ဘာမှချန်မထားခဲ့ ရှင် ဆာလောင်တဲ့အခါ ရွှေကို ခေါင်းရွက်ဗျက်ထိုး လိုက်ရောင်းနိုင်သားပဲ ရှင် ချောင်ပိတ်မိတဲ့အခါ မြည်းကို ရောင်းစားပေါ့ ဒီလောက်ကဗျာတွေ အများကြီးနဲ့ ရှင်ဘာလုပ်နိုင်မလဲ သေနေတဲ့ ဆံပင်တွေ အခေါင်းလွတ်တစ်ခုထဲ ထိုးထိုးထောင်ထောင်နဲ့ ကြာပန်း။ ပန်းနုရောင်၊ ရေမွှားကလေးတွေသီးလို့ လှနေရဲ့ ကြာပန်း။ သေဆုံးသွားတဲ့ အမေ့ရဲ့ မိုးပေါ်ထောင်ထွက် လက်ဖ၀ါး ကြာပန်း။ ခြေခွက်ရိုးကျိုးနေတဲ့ ခြေဖ၀ါး ကြာပန်း။ ပလုံစီငြိမ်သက်သွားတဲ့ ရေပွက်လေးတစ်ခုမျှ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေဇာ (လရောင်လမ်း) Marilyn Chin ၏ from Two Inch Fables ကို ဆီလျော်သလို။

ပညာရေးဆိုင်ရာ အဆောက်အအုံသို့ အစီရင်ခံချက် [1] [မြင့်သန်း]

ပညာရေးအဆောက်အအုံရဲ့ လေးစားအပ်တဲ့ လူကြီးမင်းများခင်ဗျား။ ကျွန်တော့်ရဲ့ အတိတ်က မျောက်အဖြစ်နဲ့ ဖြစ်-ရှိခဲ့ရတဲ့ အနေအထားနဲ့ ပတ်သက်လို့ ပညာရေးဆိုင်ရာ အဆောက်အအုံမှာ ခုလို အစီရင်ခံစာတစ်စောင် တင်ခိုင်းတဲ့အတွက် ကျွန်တော့်ကို ဂုဏ်ပြုရာ ရောက်ပါတယ်။ လူကြီးမင်းတို့ စီမံထားတဲ့အတိုင်း တောင်းဆိုချက်တစ်ရပ်အပေါ် ကျွန်တော့်အနေနဲ့ အလုံးစုံမလိုက်လျောနိုင်တဲ့အတွက် ၀မ်းနည်းမိပါတယ်။ ခုဆို မျောက်ဘ၀နဲ့ ကင်းကွာလာတာ ငါးနှစ်ရှိခဲ့ပါပြီ။ ပြက္ခဒိန်အရတော့ သိပ်မကြာလှသေးပါဘူး။ သို့ပေတဲ့ ကျွန်တော်ဖြတ်သန်းလာခဲ့ရသလို ပုံမှန်ဖြတ်သန်းခဲ့ရမယ်ဆိုရင်ဖြင့် ရှည်ကြာလှပါတယ်။ ဖြတ်သန်းခဲ့ရတဲ့အတွင်းမှာဖြင့် လူတော်တွေလူကောင်းတွေ၊ အကြံဉာဏ်တွေ၊ ချီးကျူးသံ သြဘာသံတွေ၊ တီးဝိုင်းကြီးရဲ့ တီးမှုတ်သံတွေနဲ့ အတူပါ။ သို့ပေတဲ့ ပုံပေါ်အောင်ပြောရရင်ဖြင့် ကျွန်တော်က လှောင်အိမ်ထဲကဆိုတော့ တစ်ကိုယ်တော်ပေါ့။ တကယ်လို့ ကျွန်တော်ကသာ ကျွန်တော်ရဲ့ မျိုးရိုးဇာတိ၊ ငယ်စဉ်ဘ၀အဖြစ်အပျက် စတာတို့အပေါ်မှာသာ လိုလိုလားလားနဲ့ မှီတင်းနေခဲ့ရင် ဒီအောင်မြင်မှုတွေ ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို အလုံးစုံငြင်းဆိုလိုက်ခြင်းက အဓိကပါ။ လွတ်လပ်တဲ့မျောက်တစ်...

မက္ကဆီကို ကမ်းခြေတစ်နေရာတွင် ပျောက်ဆုံးသွားသော ဘာသာစကား

"ဟေ့ရောင် ရစ်ချက်ပါကာ ကုလားလေးကို လှည့်ကြည့်လိုက်လေကွာ ဘာလို့ အဲဒီတောအုပ်ကြီးကိုပဲ စိုက်ကြည့်နေရတာလဲ မင်း ပြန်လာခဲ့၊ အခု ခဏလောက် ပြန်လာခဲ့ ဒယီးဒယိုင် ဖြစ်နေလည်း ပြန်လာခဲ့၊ မရဘူး ပြန်လာခဲ့ ကုလားလေးရဲ့ မျက်နှာကို မင်းလျှာကြမ်းကြမ်းကြီးနဲ့ လျှက်ခဲ့ နားလည်မှုတစ်ခု ထားခဲ့လေကွာ ဘာလဲ မင်းက မင်းရေနစ်တုန်းက ဘယ်သူ ကယ်ခဲ့တာလဲ မင်းရေဆာတုန်းက ဘယ်သူ အသက်ဆက်ပေးခဲ့လဲ၊ သူပဲလေ သားရေချည်းပဲ ကျန်ပြီး သေမလိုဖြစ်ခဲ့တဲ့ကောင်က အခုမှ လတ်လတ်ဆတ်ဆတ် ငါးကြီးလည်း စားခဲ့ရရဲ့သားနဲ့ ဟိုမှာ ကုလားလေး အခု အားနည်းနေရှာပြီ လာကယ်သူ မရှိရင် ခဏနေ သူသေပြီ သွား အခု မင်း သူ့မျက်နှာကို လျှာနဲ့ သွားလျှက်စမ်း မင်း နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးနဲ့ ပွတ်သပ်ချော့မြှူစမ်း မင်းလမ်း မင်းမသွားခင် နားလည်မှု တစ်ခုခု ထားခဲ့စမ်း ဘာလဲကွ၊ မင်းက သူက မင်းကို သူ့ သူငယ်ချင်းကြီးလို့ ထင်နေတာ သူက မင်းကို ခင်နေတာ၊ သံယောဇဉ်ရှိတာ ပင်လယ်ပြင်အကျယ်ကြီးကို ဖြတ်ပြီး နီးသွားတာ သူ မင်းကို ကျွန်းပေါ်မှာ ချန်မထားခဲ့ဘူးလေကွာ ဘာလဲ သူက မင်းကို ဖမ်းထားမယ် ထင်လို့လား တိရစ္ဆာန်ရုံထဲ ထားမယ် ထင်လို့လား ဘာမှ မသိတဲ့ ရစ်ချက်ပါကာ သူက မင်း၊ သားရဲကြီ...