Skip to main content

ကိုယ့်ကိုယ်ကိုယ် ဖျက် (၂)

ဘိုကျခြင်း

မူလတန်း ကျောင်းရှိ ကလေးများ၏ တစ်ဝက်၊ သို့မဟုတ် တစ်ဝက်ကျော် ခန့်မှာ အနိုင်ကျင့် ဘိုကျခြင်းကို ကြုံတွေ့ရ ဖူးကြောင်း လေ့လာမှုများအရ တွေ့ရှိရသည်။ ၂၀၀၉ ခုနှစ်က ဥရောပ လေ့လာမှုတစ်ခုတွင် ကျောင်းတွင်း အနိုင်ကျင့် ဘိုကျလေ့ရှိသော ကလေးများသည် မိမိအိမ်တွင်လည်း ညီအစ်ကို မောင်နှမများအပေါ် ဘိုကျတတ်သည်ကို တွေ့ရှိခဲ့ရသည်။ ဤသည်က အဆိုပါလေ့လာမှုပါ သုတေသီတစ်ဦးအား ဘိုကျခြင်း အလေ့အကျင့်မှာ မိမိအိမ်မှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း တွက်ဆစရာ ဖြစ်စေခဲ့သည်။ ဤလေ့လာမှုမှ အိမ်နှင့်ကျောင်း မည်သည့်နေရာမှ အစပြုသနည်း ဟူသည်ကို အတိအကျပြောရန် မဖြစ်နိုင်သော်လည်း မိဘမောင်ဘွားများ အပေါ် အနိုင်ကျင့် ဘိုကျခြင်းကဲ့သို့ အပြုအမူ တစ်ခုခု အိမ်တွင်ပြုလုပ်လေ့ရှိသော ကလေးများမှာ အဆိုပါ အလေ့အကျင့်ကို ကျောင်းသို့ သယ်သွားလေ့ ရှိသည်မှာတော့ အမှန်ပင်ဖြစ်သည်ဟု အီတလီရှိ တက္ကသိုလ်တစ်ခုမှ Ersilia Menesini က ဆိုသည်။


သို့သော် ဘိုကျခြင်း အပြုအမူမှာ ကလေးကလား အပြုအမူတစ်ရပ်မျှ မဟုတ်ပါ။ အမေရိကန် ရုံးလုပ်သား ၃၀ ရာခိုင်နှုန်း နီးနီးမှာ အလုပ်ရှင်မှလည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းမှလည်းကောင်း အနိုင်ကျင့်ဘိုကျခြင်းကို ခံရလေ့ရှိသည်ဟု စစ်တမ်းတစ်ခုအရ တွေ့ရသည်။ သို့သော် လူကြီးပီပီ တိုက်ရိုက်ဘိုကျနည်းများ မဟုတ်ဘဲ အလုပ်ပြီးမြောက်စေရန် အရေးကြီး သတင်းအချက်အလက် ထိမ်ချန်ခြင်းမှ အမနာပ ပြောဆိုခြင်းအထိ ပါဝင်သော ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် လူသားချင်း မစာနာသော အပြုအမူများ ဖြစ်ပါသည်။ ထိုသို့တစ်ခါမျှ လုပ်မိသော် အကျင့်ပါသွားတတ်သည်။

ဘိုကျခြင်းမှာ အမှိုက်ကစသည့် ပြဿနာသာ ဖြစ်သည်။ ဤသည်မှာ ကာကွယ်ရန် ခက်ခဲရခြင်း၏ အကြောင်းရင်းပင် ဖြစ်ပြီး များသောအားဖြင့် သေးသေးမွှားမွှား ကိစ္စလေးများမှသာ အစပြုလေ့ ရှိသည်ဟု Arizona State University မှ Sarah Tracy က ဆိုသည်။ လုပ်ငန်းခွင် အနိုင်ကျင့်ဘိုကျမှုများကို ကာကွယ်ရာတွင် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပုံသေနည်းကျ ဇွဲရှိရှိ တုန့်ပြန်ရန် (မိမိ၏ ခံစားချက်ကို ဖော်ထုတ်ပြသရန်) ကျွမ်းကျင်သူများက အကြံပေးသည်။

ဘာကြောင့် ဘိုကျသနည်း ဟူသော မေးခွန်းကိုမူ လူရာဝင်လိုခြင်းနှင့် ဆရာကြီးဖြစ်လိုခြင်း (Gain Status) တို့ကြောင့်ဟု စိတ်ပညာရှင်တို့က ခပ်ရှင်းရှင်းပင် ဆိုသည်။ ထို့ပြင် အချို့လူများ အနေဖြင့် အဆိုပါအပြုအမူအား မကောင်းမှန်းသိသိနှင့် ရှောင်ကျဉ်ရန် ခက်နေခြင်းကြောင့်လည်း ဖြစ်သည်။ သုတေသီများအနေဖြင့် ဘိုကျခြင်းအမှုကို မျောက်များတွင်လည်း တွေ့ရှိရသည်ဖြစ်ရာ လူများ၏ ဘိုကျခြင်း အပြုအမူမှာ ဆင့်ကဲဖြစ်စဉ်တွင် နောက်ပြန်ဆွဲပြီး နေရာဟောင်း သစ်ပင်ပေါ်သို့ ပြန်တက်နေသည့် အပြုအမူဟု သုံးသပ်ရမလို ဖြစ်ပါသည်။

မုသား

လူသားများ အဘယ်ကြောင့် ပလီပလာ ပြောလွန်းသနည်း ဟူသည်ကို မည်သူမျှ အတိအကျ မသိပါ။ သို့သော် လေ့လာမှုများအရ ၎င်းမှာ သာမန် အလေ့အထ တစ်ခုသာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်များနှင့် နက်ရှိုင်းစွာ ငြိတွယ် နေကြောင်း သိရှိရသည်။ မိမိကိုယ်ကိုယ် လေးစားမှု (Self-esteem) နှင့် ဆက်နွယ်နေသည်ဟု Massachusetts တက္ကသိုလ်မှ စိတ်ပညာရှင် Robert Feldman က ဆိုသည်။ မိမိ၏ အတ္တ (Self-esteem) အား ခြိမ်းခြောက်ခံရသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက် လူတို့သည် ပိုမိုမြင့်မားသည့် အဆင့်တစ်ခု ရောက်အောင် လေကြီးမိုးကြီးပြောပြီး လိမ်ညာခြင်းကို စတင်တော့သည်ဟု တွေ့ရှိရကြောင်း သူက ဆို၏။

လူတို့သည် အဆက်မပြတ်နီးနီး မုသားပြောနေကြပြီး လူ ၆၀ ရာခိုင်နှုန်းမှာ ဆယ်မိနစ်စကားပြောလျှင် အနည်းဆုံး တစ်ကြိမ်မျှ မုသားပါကြောင်း Feldman က သူ၏ သုတေသနတွင် မိမိရရ ဖော်ထုတ်ခဲ့သည်။ တကယ်တော့ လိမ်ညာရခြင်းသည် လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်ပါ။ မုသားပြောခြင်းသည် အမှန်ကို ပြောခြင်းထက် ၃၀ ရာခိုင်နှုန်း ပိုမိုရှည်လျားကြောင်း လေ့လာချက်တစ်ရပ်တွင် သုံးသပ်ထားသည်။ ယခင်က စာပေးစာယူများထက် ယခု လုပ်ငန်းခွင်ပေးစာပြန်စာ Email များတွင် ပိုမိုလိမ်ညာလာ ကြကြောင်းလည်း လေ့လာချက် အသစ်တစ်ရပ်တွင် တွေ့ရှိရပြန်သည်။

လိမ်ညာနည်းအမျိုးမျိုး ရှိနေသည့်အတွက် လိမ်ညာရခြင်း၏ အဓိပ္ပာယ်ကို အတိအကျ ဖွင့်ဆိုရန် မဖြစ်နိုင်ပါ။ မုသားအကြောင်း သတ္တုချ ကြည့်ရန် ထွေပြားလှသော မုသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကို ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည် ဖြစ်သည်။ တစ်ခါတစ်ရံတွင် အဆိုလွှာတစ်ခုသည် မုသားပမာဏ ခပ်များများပါဝင်ရန် အကြောင်းဖန်နေ တတ်သည်။ ပထမအဆင့်တွင် လူတစ်ယောက်သည် အဆိုလွှာတစ်ခု ရေးသားပြီး ဤအဆိုလွှာမှာ မှားသည်ဟု ယုံကြည်ရမည်။ ဒုတိယအဆင့်တွင် ဤအဆိုလွှာအား နားထောင်မည့် ပရိသတ်က အမှန်ဟု ယုံကြည်လာစေရန် သူ့အနေဖြင့် ရည်ရွယ်ရပေမည်ဟု Washington and Lee တက္ကသိုလ်မှ ဒဿနိက ပါမောက္ခ James E. Mahon က ဆိုသည်။

တိရိစ္ဆာန်များသည်လည်း ကလိမ်ကကျစ် ကျတတ်ကြောင်း သိရှိရပြီး စက်ရုပ်များပင် လိမ်လည်ဖို့ သင်ယူနိုင်ကြောင်း စမ်းသက်ချက်တစ်ရပ်တွင် တွေ့ရှိရပေသည်။ (“ဖိုးတွမ်တီး စက်ရုပ်များ” တွင် ဤအကြောင်းကို ဖတ်ရှုနိုင်ပါသည်)

တစ်ပတ်ရိုက်

လူသားတို့၏ လှည့်ကွက်အချို့မှာ စိတ်လှုပ်ရှား အံ့အားသင့်စရာ ကောင်းလှသည်။ လူသားများအနေဖြင့် ရိုးသားမှုသာ ပဓာနဟု ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသော်လည်း အမေရိကန် ငါးယောက်လျှင် တစ်ယောက်က အခွန်ရှောင်ခြင်း ကိစ္စသည် ကျင့်ဝတ်ပိုင်းအရ လက်ခံနိုင်သော ကိစ္စတစ်ရပ်သာ ဖြစ်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ် မဟုတ်ဟု ယူဆကြောင်း Pew Research Center မှ ဆာဗေးတစ်ခုက ဆိုသည်။ ၁၀ ရာခိုင်နှုန်းမှာ မိမိ၏ အိမ်ထောင်ဘက်အား လှည့်စားခြင်းအပေါ် ပျော်သလိုလို ၀မ်းနည်းသလိုလို ခံစားရသည်ဟု ဆိုသည်။

အကျင့်စာရိတ္တ တိုးတက်မြင့်မားရေးအကြောင်း လူကြားသူကြား ပြောဆိုတတ် သူများတွင် အဆိုးဆုံး လှည့်စားမှုများ ပိုတွေ့ရသည်ဟု တွေ့ရှိချက်များက ဆိုသည်။ အဆိုးရွားဆုံး ကလိမ်ခြုံများမှာ အကျင့်စာရိတ္တအား တန်ဖိုးထားပါသည် ဆိုသော ဘုရားဒကာကျောင်းဒကာ ယောင်ယောင်များ ဖြစ်နေတတ်သည်ကို တွေ့ရလေ့ရှိသည်။ ဤသည်မှာ လှည့်စားခြင်းအမှုသည် အချို့ကိစ္စရပ်များတွင် လူမျိုးအလိုက် ချုံ့နိုင်ချဲ့နိုင်သော (ကလိမ်ကကျစ်ကျခြင်းလား၊ စေတနာအမှားလား ဝေခွဲရခက်စေသည့်) အရာတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ထင်ရှားကျော်ကြားများနှင့် နိုင်ငံရေးသမားများ၏ အိမ်ထောင်ဖက်အပေါ် လှည့်စားခြင်းများသည် ကျင့်ဝတ်ဆိုင်ရာ ဦးစီးဦးဆောင်များ တွင် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။ တကယ်တော့ ဤအပြုအမူ အတွက် ဖြေရှင်းချက်မှာ ရှင်းလင်းလှပါသည်။ အမျိုးသားများသည် လိင်ဆက်ဆံမှုအား (သဘာဝအရ) ရေဆာသလို ဆာနေရန် (Wired to) ပုံစံချထားခြင်း ခံရပြီး မိန်းကလေးများထက် ပို၍ လှည့်ဖျားရန် အားသန်ကြသည်။ ဤအပြုအမူမှာ အထူးသဖြင့် တန်ခိုးသြဇာရှိသော ယောက်ျားများနှင့် ပိုမိုနီးစပ်မှုရှိသည်။ လူတွေအား ၎င်းတို့ပြောသည့်အတိုင်း ကိုယ်တိုင်လည်း ကျင့်ကြံကြလိမ့်မယ်ဟု ယူဆရန် မဖြစ်နိုင်ပါဟု နယူးယောက်ရှိ Adelphi တက္ကသိုလ်မှ ကုခန်း စိတ်ပညာရှင် Lawrence Josephs က ဆိုသည်။ အမှန်တကယ် ဖြစ်ပေါ်နေသော လူတို့၏ ရှောင်ရန်ဆောင်ရန် ကျင့်ဝတ်တန်ဖိုးများ၏ အတိမ်အနက်မှာ ရှင်းလင်းမှု ရှိလှသည်တော့ မဟုတ်ပါ။

စောရ

ခိုးဝှက်ခြင်းအတွက် အဓိက လှုံ့ဆော်ချက်မှာ လိုအပ်မှု ဖြစ်သည်။ သို့ရာတွင် စောရနက္ခတ်ပါသူများ (Kleptomaniacs) အနေဖြင့်မူ ခိုးချင်စိတ် သန့်သန့်ဖြင့်သာ ကျူးလွန်မိခြင်း ဖြစ်ပါသည်။ လူပေါင်း ၄၃၀၀၀ ခန့်အား စစ်ဆေးသည့် လေ့လာမှုတစ်ခုတွင် ၁၁ ရာခိုင်နှုန်းမှာ အနည်းဆုံး တစ်ကြိမ်ခန့် ဆိုင်မှ အလစ်သုတ်ဖူးသည်ကို တွေ့ရှိရသည်။ ၀ယ်ယူရန် ငွေကြေးမလွယ်ကူသော အခါ၌ပင် ခိုးမှုကျူးလွန် တတ်သော လူများရှိသည်ဟု Minnesota School of Medicine ဆေးတက္ကသိုလ်မှ Jon E. Grant က ဆိုသည်။ ၂၀၀၉ ခုနှစ်ခု ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ပါဝင်ကူညီသူများအား အရက်၊ မူးယစ်ဆေး၊ လောင်းကစား စသည့် စွဲလမ်းမှုများအား ထိန်းချုပ်နိုင်မည်ဟု သိစေပြီး ဘုရားဆေး (Placebo) သို့မဟုတ် Naltrexone ဟူသည့် ဆေးဝါးတစ်မျိုးအား ကျွေးပြီး စမ်းသပ်ခဲ့သည်။ (ဘုရားဆေးဆိုသည်မှာ အာနိသင် မပါရှိသော်လည်း ဆေးစွမ်းထက်သည်ဟု သိစေခြင်းအားဖြင့် အမှန်တကယ် ရောဂါပျောက်ကင်းစေသော ဆေးဝါးမျိုး ဖြစ်ပါသည်) Naltrexone သည် စိတ်ကို စွဲလမ်းစေသော အရာများကို တားဆီးနိုင်သည်ဖြစ်ရာ ခိုးဝှက်နေစဉ် အတွင်းတွင်လည်း ဦးနှောက်မှ ထုတ်လွှတ်သည့် ပျော်ရွှင်မှုအာရုံ တစ်မျိုးကြောင့် သုတေသီတို့အနေဖြင့် ဤကိစ္စအပေါ် သင်္ကာမကင်း ဖြစ်လာခဲ့သည်။ ခိုးလိုသည့် စိတ်ဇောအား ဆေးဝါးများဖြင့် လျှော့ချနိုင်ကြောင်း Grant နှင့် အပေါင်းပါများက Biological Psychiatry ဂျာနယ်တွင် ရေးသားခဲ့သည်။ တကယ်တော့ ခိုးဝှက်တတ်သည့် စရိုက်မှာ ကျွန်တော်တို့၏ ရိုးတွင်းချင်ဆီထဲတွင်ပင် ကိန်းဝပ်နေနိုင်ပါသည်။ မျောက်များလည်း လက်ဆော့ခြေဆော့ ခိုးဝှက်တတ်သည်။ Capuchin မျောက်မျိုးများမှာ အန္တရာယ်တစ်ခုခု ကျရောက်နိုင်ခြေရှိလျှင် အပေါင်းပါ မျောက်များအား အချက်ပေး အုပ်စုကွဲစေလေ့ ရှိသည်။ သို့ရာတွင် အချို့က အန္တရာယ် အချက်ပေးချက် အတုများ ပြုလုပ်ပြီး အုပ်စုကွဲသွားချိန် ရောက်မှ အစားအစာကို ခိုးယူ စားသောက်လေ့ ရှိ၏။

ပေါက်ကွဲ အကြမ်းဖက်

မှတ်တမ်းဝင် လူ့သမိုင်း တစ်လျှောက်လုံးတွင် ဆူပူ အကြမ်းဖက်ခြင်း ကိစ္စအား တွေ့ရှိရသဖြင့် ဤသည်က လူသားဟူသည်မှာ သောင်းကျန်း တတ်သည့်ဗီဇ ပင်ကိုယ်ပါလာခဲ့ခြင်း ဖြစ်ပြီး ဦးနှောက်၏ လှုံဆော်မှုပါမည်ဟု သုတေသီအချို့မှ ကောက်ချက်ချ စေခဲ့လေသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်သန်းပေါင်း များစွာသို့ နောက်ပြန် ရစ်ကြည့်ပါလျှင် ရှေးဟောင်း ဘိုးဘေးလူသားများမှာ ယနေ့ ခေတ်သစ် လူသားများထက် ပိုမို၌ ငြိမ်းချမ်းရေး လိုလားသူများ ဖြစ်ကြောင်း အထောက်အထားအချို့က ပြဆိုနေသည်။ သမိုင်းမ၀င်မီ အစောဆုံးကာလများက ရှေးဦးလူသားများကြား အသားစားသော အလေ့အကျင့် အချို့အား ဘေးချိတ်ထားခဲ့ပါလျှင် ခေတ်သစ်လူသားက ပိုမိုသွေးဆူသည် ဟုပင် ဆိုရမည်။ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုတွင် လိင်၊ အစားအစာနှင့် မူးယစ်ဆေးတို့အား စွဲလန်းသကဲ့သို့ အကြမ်းဖက်ခြင်းအားလည်း တောင့်တပုံပေါ်သည်ဟု သုံးသပ်ဖူးသည်။ ဆေးဝါးစိတ်ပညာ (Psychopharmacology) ဂျာနယ်တွင် တင်ပြခဲ့သည့် လေ့လာမှုတစ်ခုတွင် ကြွက်များတွင် တွေ့ရသည့် အခြားသော ထက်သန်မှုများ (လိင်၊ အစားအစာ စသည်) နှင့် ဆက်စပ်သည့် ဦးနှောက်ဆဲလ်အစုအဖွဲ့မှာ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့်ဆဲလ်အစုအဖွဲ့၏ နောက်နားတွင် တည်ရှိနေသည်။ ဤတွေ့ရှိမှုကြောင့် သုတေသီတို့က လူတွင်လည်း အလားတူရှိလိမ့်မည်ဟု ယူဆကြသည်။

ရန်လိုဒေါသထွက်ခြင်းမှာ ကျောရိုးရှိသတ္တ၀ါများ အားလုံးလိုလိုတွင် ဖြစ်ပေါ်ပြီး မိတ်လိုက်ခြင်း၊ နယ်မြေလုခြင်း၊ အစားအစာ စသည့် အရေးကြီး ကိစ္စရပ်များအတွက် လိုအပ်သည့်အရာလည်း ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ အဆိုပါ တက်ကြွထက်သန်စိတ် လမ်းကြောင်းမှာ ရန်လိုသည့် ဖြစ်ရပ်များအား (ဦးနှောက်မှ) တုံ့ပြန်ရာတွင် ပါဝင်နေပြီး Dopamine ခေါ် စွဲလန်းစိတ်ကို ဖြစ်စေသော ဟော်မုန်းနှင့် ပတ်သက်မှုရှိ သည်ကိုလည်း တွေ့ရသည်။ သုတေသီအများအပြားက လူသား၏ အကြမ်းဖက်လိုစိတ်မှာ အသက် ရှင်ကျန်ရေးအတွက် ကူညီပေးသော ဆင့်ကဲပြောင်းလာသည့် တိမ်းညွတ်မှုတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သက်ရှိမျိုးစိတ်များ၏ ရန်လိုသည့် အပြုအမူမှာ တစ်ခုချင်းစီ၏ အသက်ရှင်ကျန်လိုစိတ်၊ သို့မဟုတ် မျိုးပွားခြင်း တို့ကို တိုးပွားစေပြီး ၎င်းသည်လည်း ပတ်ဝန်းကျင် အခြေအနေ၊ ဆက်ဆံရေး၊ မျိုးပွားမှုနှင့် မျိုးစိတ်တို့၏ သမိုင်းဆိုင်ရာ လက္ခဏာများအပေါ် မူတည်ပါသည်။ လူသားမျိုးစိတ်မှာ အကြမ်းအဖက်ဆုံး မျိုးစိတ်များစာရင်းတွင် ထိပ်တန်းကျကျတစ်နေရာမှ ပါဝင်နေသည်မှာ အသေအချာပင် ဖြစ်ပါသည်ဟု Utah တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် David Carrier က ဆိုသည်။

အကျင့်ဆိုး စွဲခြင်း

လူသားများသည် အကျင့်ပါတတ်သည့် သတ္တ၀ါများသာ မဟုတ်ခဲ့လျှင် ယခုထိ ဖော်ပြခဲ့သည့် စာရင်းပါ အရာများအားလုံးသည် အတော်လေး ပြဿနာ နည်းသွားနိုင်ပါသည်။ စင်စစ် လေ့လာတွေ့ရှိချက် အများအပြားတွင် အကျင့်ဆိုးတစ်ခုခု စွဲခြင်း (ဆေးလိပ်၊ အရက်) ၏ အန္တရာယ်အား ဖော်ထုတ်ပြီး ရှင်းရှင်းလင်းလင်း သိရှိကြသည့် တိုင်အောင် လူတို့အနေဖြင့် ဖြတ်ဖို့ခက်သည်ကို တွေ့ရပါသည်။ ဤသည်မှာ အကျင့်ဆိုးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်အား စုံစုံစေ့စေ့ မသိရှိခြင်းကြောင့်မဟုတ်ပါ။ လူဟူသည်မှာ ပစ္စုပ္ပန်နှင့် အနာဂတ် ကွက်ကွက်လေး တစ်ခုအတွက်သာ အသက်ရှင်နေခြင်းဖြစ်ပြီး ရေရှည်အတွက် မကြည့်ရှုလေ့ရှိသော သဘောထားကြောင့် ဖြစ်နိုင်သည်ဟု Alberta တက္ကသိုလ်မှ Cindy Jardine က ဆိုသည်။ အကျင့်ဆိုး စွဲကပ်နေသည့် လူများအား သုတေသနပြုလေ့လာနေသည့် Jardine က အကြောင်းရင်းများကို အောက်ပါအတိုင်း ထုတ်ပြသည်။

လူသား၏ အရိုးစွဲ ကလန်ကဆန်စိတ်
လူမှုရေး ၀င်ဆံ့ရန် လိုအပ်မှု
အန္တရာယ်၏ အတိမ်အနက်အား မှန်ကန်စွာ နားမလည်မှု
ကိုယ်ရေးလောကအမြင်နှင့် ရောဂါရအလေ့အကျင့်များအား ဖေးဖေးမမ တွေးနိုင်စွမ်း
ဗီဇဆိုင်ရာ စွဲလန်းနိုင်စွမ်း (Predisposition)

လူတို့အနေဖြင့် လက်ဆုပ်လက်ကိုင်ရှိသည့် သိသမျှ ခြွင်းချက်များအား လက်ညှိုးထိုးကာ “အခုထိတော့ ဘာမှ မဖြစ်သေးဘူး၊  ဆေးလိပ်သောက်တဲ့ ငါ့အဘွားတစ်ယောက် အသက် ၉၀ မှ သေတာ” စသည်ဖြင့် အဆိုပါအကျင့်ဆိုးများကို သာယာနာပျော်ဖွယ် ဖြစ်အောင် လုပ်ယူလေ့ရှိကြသည်ဟုလည်း  Jardine က ဆို၏။

◄ တေဇာ ► မတ်လ (၁)

Ref: Live Science

Comments

  1. ကိုတေဇာ
    မြန်မာအိုင်တီဝက်ဆိုဒ်မှတဆင့်ကိုတေဇာဘလော့ခ်ကိုဝင်ကြည့်ဖြစ်တာပါ.နောက်ကျွန်တော်အမြဲဖတ်ရမဲ့ဘလော့ခ်ထဲမှာကိုတေဇာဘလော့ခ်လည်းပါ
    လာပြီ။စိတ်နဲ့ဆိုင်တဲ့အကြောင်းအရာအားလုံးကိုစိတ်ဝင်စားပြီးအမြဲလည်းရှာ
    ဖွေဖတ်ရှု့နေသူပါ။စိတ်ပညာကျောင်းသားတော့မဟုတ်ရပါ။ဒီပရက်ရှင်း....
    ဖြစ်နေတာတွေကိုပွင့်လင်းရိုးသားစွာဆွေးနွေးချင်၊တိုင်ပင်ချင်၊အကြံညာဏ်နဲ့
    အကူအညီများတောင်းခံချင်လို့ပါ။Depressionနဲ့ပတ်သတ်ပီး မဂ္ဂဇင်း တွေမှာအမေးအဖြေလုပ်ပေးတာဖတ်ဖူးတယ်။ အရမ်းထိရောက် ပါတယ်။ဒီမှာ
    ကိုတေဇာနဲ့လည်းအမေးအဖြေလုပ်ချင်တယ်။(ကိုတေဇာကစာဖတ်အားတအား
    ကောင်းလို့ပါ)။ Depressionနဲ့ပတ်သတ်တဲ့ပို့စ်အသစ်တွေလည်းရေးပါ။ ပြီးတော့အင်တာနက်ကနေတဆင့်
ွ Depressionနဲ့ဆိုင်တာကို emailနဲ့ အမေးအဖြေလုပ်လို့ရတဲ့နေရာ(မြန်မာလို)
    ဘလော့ခ်များဝက်ဆိုဒ်များရှိရင်ညွှန်းပေးစေချင်ပါတယ်။ အရမ်းလိုအပ်နေလို့ပါ။Please give me your email adress.I will send letter to your mail.
    Please reply to me.Thanks.

    ReplyDelete
  2. စိတ်ပညာနဲ့ပတ်သက်တဲ့ မြန်မာဘလော့ဂ် ကောင်းကောင်းတော့ ကျွန်တော်လည်း မတွေ့ဖူးဘူးဗျာ။ http://www.mindtools.com ကတော့ Depression နဲ့ ပတ်သက်ပြီး စုံစုံလင်လင်လေးပါပြီး ဖတ်ကောင်းတာ တွေ့ရတယ်။ စိတ်ပညာ အမေးအဖြေတွေလုပ်ပြီး Counseling လုပ်ဖို့အထိတော့ ကျွန်တော့်မှာ အဆင့်မရှိပါဘူး။ စိတ်ပညာနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတချို့ ဘာသာပြန်ဖြစ်ဦးမယ် ထင်ပါတယ်။ ကျွန်တော့်အီးမေးလ် လိပ်စာက oo.tazar@gmail.com ပါ။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...