Skip to main content

တံတား

(ဆရာမြင့်သန်း၏ ဒီဇင်ဘာ ၂၀၀၄၊ စတိုင်သစ် မဂ္ဂဇင်းပါ ၀တ္ထုတိုအား ပြန်လည်တင်ပြခြင်း)

“ကြုံတုန်း ခင်ဗျားလည်း လိုက်ခဲ့လေဗျာ” လို့ ကျွန်တော့် ဆရာကြီးက ပြောတယ်။ ဖိတ်စာ ထည့်ထားတဲ့ စာအိတ် ကျွန်တော့်ဆီ ကမ်းလိုက်တယ်။ စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲက ဖိတ်စာမှာ ဆရာကြီး နာမည် ရေးထားတယ်။ ဖိတ်စာရဲ့ အောက်ဆုံးမှာ “ဖိတ်စာနှင့်တကွ ကြွပါ” လို့ ပါတယ်။ ဖိတ်စာက “သိမှုဗေဒ အခြေခံ ပညာရပ်ဆိုင်ရာ နှီးနှောပွဲ” တဲ့။

“ဒါ၊ ဆရာကြီးကို ဖိတ်တာပဲ။ ဖိတ်စာနှင့်တကွ ကြွပါလို့ဆိုတော့ ဆရာကြီးပဲ သွားလို့ရမှာပေါ့” လို့ ကျွန်တော်က ပြောလိုက်သည်။

“ရပါတယ်ဗျာ၊ ဟိုကျ ကျွန်တော် ကြည့်ပြောပါ့မယ်။ ခင်ဗျားကို ဘာမှ လက်မခံစရာ မရှိဘူး။ ခင်ဗျား ဒီရောက်နေမှန်းသိရင် ခင်ဗျားကိုလည်း ဖိတ်မှာပဲ” လို့ ဆရာကြီးက ပြောရင်း ရေပုလင်းတစ်လုံးကို ထုတ်ပြီး သောက်တယ်။ ကျွန်တော့်ကိုလည်း တစ်လုံးလှမ်းပြီး ကမ်းလိုက်တယ်။ “လျှောက်သွားကြရမှာဆိုတော့ နေက ပူတယ်။ ရေပုလင်းလေးတော့ ဆောင်သွားတာ မမှားဘူးပေါ့ဗျာ” လို့လည်း ပြောတယ်။

အဲဒါသာကြည့်။ ကျွန်တော့်ဆရာကြီး တော်တယ်ဆိုတာ။ နေပူထဲ လမ်းလျှောက်သွားရင် ရေဆာမယ်ဆိုတာ ကြိုတွက်လို့ရတယ်။ ရေဆာရင်၊ ရေလိုတယ်။ ရေလိုရင် ရေပုလင်းရှိဖို့ လိုတယ်။ ရေပုလင်းရှိရင် ရေဆာတာကို ပူစရာ မလိုဘူး။ ကျွန်တော့်ဆရာကြီးဟာ တော်တယ်ဆိုတာကို ကျွန်တော် သံသယ မဖြစ်ခဲ့ဖူးဘူး။

လျှောက်လာကြရင်း တစ်ခုခု သတိရလိုက်ပုံပေါ်တယ်။ ဆရာကြီးက ခုလိုပြောတယ်။
“တစ်ခုတော့ ရှိတယ်ဗျ။ ဆွေးနွေးပွဲက ဟိုဘက်ကမ်းမှာ။ တံတားပေါ်က ဖြတ်သွားကြရမှာ။ အဲဒီ တံတားက ဟိုက်ဒဂါ ဆောက်သွားတဲ့တံတား။ ခင်ဗျားသိပါတယ်။ ... differently the bridge escorts the lingering and hastening ways of men to and fro, so that they may get to the other banks ဆိုတာလေ။ ဒါပေတဲ့ သူ့တံတား အစောင့်က တစ်ခါတစ်လေ အပြောရကြပ်တယ်။ ဒါပေတဲ့ ကြည့်ပြောရတာပေါ့ဗျာ။ သူနဲ့မှ မတွေ့ရသေးတော့ ဘယ်လိုဖြစ်မယ်ဆိုတာ ကြိုတွေးထားလို့ မရဘူး”

§ § § § § § §



ဒါလည်း ဟုတ်တာပဲ။ ဆရာကြီးက သဘာဝယုတ္တိတရားနဲ့ ပတ်သက်လို့၊ ခြုံယူနိဂုံး သုံးတတ်တယ်။ နေပူတာနဲ့ ရေပုလင်းနဲ့ ဆက်သွယ်မှုကို ကြိုတင်ပြောနိုင်တယ်။ လူနဲ့ကျတော့ ယုတ္တိဗေဒကို ဘေးဖယ်ထားတယ်။ လူနဲ့ ပတ်သက်တဲ့ အနာဂတ်မှန်သမျှဟာ ယုတ္တိစနစ်တွေနဲ့ ဆုံးဖြတ်လို့မှ မရဘဲကိုး။ ဆရာကြီးတို့များ တော်ပြီးရင်း၊ တော်ရင်းပဲလို့တောင် ပြောရမယ်။

ဆရာကြီးပြောတဲ့အတိုင်း တံတား အစောင့်နဲ့တွေ့တော့ ပြဿနာပေါ်တော့တာပဲ။ ပြဿနာဆိုတာက ဆက်လက်ဖြေရှင်းရမယ့် သဘောလေးက ရှိနေတော့ ဖြေရှင်းရတော့တာပဲပေါ့။ တံတားစောင့်က ဖိတ်စာ တစ်စောင်၊ လူတစ်ယောက်ပဲလို့ သူနားလည်ထားတယ်လို့ ပြောပြီး “အခု ခင်ဗျားတို့က နှစ်ယောက်ဆိုတော့ ဘယ်သူ့ကို ဖိတ်လဲ” လို့ မေးတယ်။ ဒီတော့ ဆရာကြီးက “ကျွန်တော့်ကို ဖိတ်တာပါခင်ဗျား” လို့ ရိုရိုသေသေ ပြန်ပြောတယ်။
“ခင်ဗျားက ဘယ်သူတုံး” တံတားစောင့်က မေးပြန်တယ်။
“ကျွန်တော်ကတော့ အငြိမ်းစား ပါမောက္ခကြီးပါ။ အငြိမ်းစားဆိုပေတဲ့ စာတွေဘာတွေ ပြန်သင်ပေးနေတုန်းပါပဲ ခင်ဗျာ” လို့ ဆရာကြီးက လေပျော့လေးနဲ့ပြောတော့ တံတားစောင့်က ဆရာကြီးဘက်ကို မျက်နှာအသာ ငဲ့လိုက်တယ်။ ဆရာကြီးက ဆက်ပြောပြန်တယ်။
“အခု ကျွန်တော်နဲ့လာတာ ကျွန်တော့် တပည့်ပါ။ ဟဲ ဟဲ၊ တပည့်ဆိုပေတဲ့လေ၊ သူက အယ်ရစ်စတိုတယ်လို တပည့်မျိုးပါ။ ဟဲ ဟဲ။ ဒါကြောင့် ဒီဆွေးနွေးပွဲကြီးမှာ နားထောင်ကြည့်စေချင်လို့ ကျွန်တော် ခေါ်လာမိတာပါ ခင်ဗျား”
တံတားစောင့်ကတော့ သိပ်နားလည်ပုံ မပေါ်ဘူး။
“အရစ်တိုတာ အရစ်ရှည်တာတော့ ကျုပ်နားမလည်ဘူး။ တံတားရဲ့ ဟိုဖက်ကမ်းက ဒီဖက်ကမ်းလို မဟုတ်ဘူး။ ပညာရှိ၊ ပညာတတ်ဆိုတာတွေ နေတဲ့အရပ်။ ခင်ဗျားက ပါမောက္ခဆိုတော့ ပညာတွေဘာတွေ တတ်ရဲ့လား”
“ကျွန်တော်က ပီအိပ်(ခ်ျ)ဒီ နှစ်ခု၊ ဒီဒီ တစ်ခု၊ ဒီလစ်တစ်ခု ရပါတယ်။ ကျွန်တော့်တပည့်က ပီအိပ်(ခ်ျ)ဒီချည်းပဲ သုံးခု ရပါတယ်” လို့ ဆရာကြီးက ဖြေတယ်။ ထုံးစံအတိုင်းပဲ။ တံတားစောင့်ကတော့ နားလည်ပုံ မပေါ်ဘူး။
“ကျုပ် အေဘီစီတွေ မတတ်ဘူး။ တတ်စရာလည်း မလိုဘူး။ ဖိတ်စာတစ်စောင် လူတစ်ယောက်ဆိုရင်၊ ဖိတ်စာတစ်စောင် လူတစ်ယောက်ပဲ”
အဲဒီတုန်းမှာပဲ ကျွန်တော်တို့နောက်နားဆီမှ ကားတစ်စီးရပ်သံ ကြားရတယ်။ ကားထဲက အသံထွက်လာတယ်။
“ဆရာကြီး၊ ဘာပြဿနာများ ရှိနေတုံး။ ကျွန်တော်ပါ . . . ”
ဆရာကြီးရော ကျွန်တော်ပါ လှည့်ကြည့်လိုက်မိကြသည်။ တံတားစောင့်ကလည်း အသံလာရာဆီကို မျက်နှာမူ လိုက်သည်။ ဆရာကြီးက ကားနားဆီကပ်သွားရင်း “တပည့်တစ်ယောက် ကျွန်တော့်အိမ်လာလည်တာ ကြုံလို့၊ ဆွေးနွေးပွဲလိုက်နားထောင်ဖို့ ခေါ်လာခဲ့တာပါ။ လက်မှတ်က တစ်စောင်တည်းမို့ တံတားစောင့်က တစ်ယောက်တည်း သွားခွင့်ပေးနေလို့ပါခင်ဗျား” လို့ ပြောလိုက်တယ်။

ကားနောက်ခန်းထဲက ပုဂ္ဂိုလ်ကြီးက “လာ လာ ကားပေါ်တက်ကြပါ” လို့ အလွန် မွန်ရည်တဲ့အသံနဲ့ ပြောတယ်။ ဆရာကြီးနဲ့ ကျွန်တော် ကားပေါ်တက်နေတုန်းပဲ ကားထဲကပုဂ္ဂိုလ်က တံတားစောင့်ရှိရာဖက်ကို လှမ်းပြီး အော်လိုက်တယ်။ “ဟေ့ ငါပါကွ” တဲ့။ ကျွန်တော်တို့လည်း ကားပေါ်ရောက်ရော ပုဂ္ဂိုလ်ကြီးက “သွားစို့” လို့ သူ့ကားမောင်းသမားကို ပြောလိုက်တယ်။ ကျွန်တော်က ကားမောင်းတဲ့လူဘေး ၀င်ထိုင်လိုက်တယ်။ ဆရာကြီးကတော့ ကားနောက်ခန်းက ငါပါကွလို့ ပြောတဲ့ ပုဂ္ဂိုလ်ကြီးနားမှာ ၀င်ထိုင်လိုက်တယ်။ ဆရာကြီးကပဲ ကျွန်တော်နဲ့ အဲဒီပုဂ္ဂိုလ်ကြီးကို မိတ်ဆက်ပေးတယ်။

“ဒီဟာက ကျွန်တော့် တပည့်ပါ။ ခင်ဗျားကို ကျွန်တော် ပြောဖူးတဲ့လူလေ” တဲ့။ ကျွန်တော့်ကို ပုခုံးလှမ်းပုတ်လိုက်ရင်း “ဒါ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေ အားလုံးရဲ့ အဓိပတိကြီး” လို့ ဆက်ပြောတယ်။ ကျွန်တော်လည်း နောက်ဖက်ကို အသာလှည့်ကြီးပြီး အံဆုံးပေါ်အောင် ပြုံးပြရင်း လက်ကမ်းပြီး နှုတ်ဆက်လိုက်မိတယ်။ “တွေ့လျှင်တွေ့ချင်း မေတ္တာရှိစေသောနည်းကား ပြုံးပါ” လို့ အဆိုရှိတယ် မဟုတ်လား။ “တွေ့ရတာ ၀မ်းသာသဗျာ” လို့ပဲ ပုဂ္ဂိုလ်ကြီးက ဆိုတယ်။ သူက အတော့်ကို သိမ်မွေ့ပုံရတယ်။ “တံတားစောင့်ကိုတော့ ခွင့်လွှတ်ပါဗျာ” လို့ ကြားလူအနေနဲ့ တောင်းပန်တယ်။ “ဟိုက်ဒဂါ ခန့်သွားတာဆိုတော့ အိုလှပြီဗျ။ မျက်စေ့လည်း မှုန်သမှ မမြင်သလောက်ဖြစ်နေပြီ။ စာလည်း ဟုတ်တိပတ်တိ မတတ်ရှာဘူး။ နားတစ်ဖက်ကလည်း ပင်းနေတာ” လို့ ရှင်းပြတယ်။

ဆွေးနွေးပွဲခန်းမတွေနားရောက်လို့ ကားပေါ်က ဆင်းကြတော့ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေရဲ့ အဓိပတိကြီးက ဆရာကြီးကို “ဆရာကြီးတို့ ဘာများနားထောင်မယ် စဉ်းစားထားတုံး” လို့ မေးတယ်။ ဆရာကြီးကတော့ အစီအစဉ်စာအုပ် တစ်နေရာကို လက်ထောက်ပြရင်း “ဒီဟာကတော့ စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်” လို့ ပြောတယ်။ ကျွန်တော်ကလည်း ဆရာကြီးဘေးမှာ ရပ်နေတာဆိုတော့ ဆရာကြီး လက်နဲ့ထောက်ပြတာကို မသိမသာ ငဲ့ကြည့်လိုက်မိတယ်။ “မျောက်များ၏ သိတတ်မှုကို သုံးစွဲ၍ ငှက်ပျောသီး မှည့်မမှည့် စနစ်တကျ စမ်းသပ်နည်း” ဆိုပဲ။ ကျွန်တော်တောင် အတော့်ကို သဘောကျသွားတယ်။

ကျွန်တော်တို့က ရှေ့တန်းမှာ ထိုင်ရတယ်။ အလယ်ကောင်တည့်တည့်လောက်မှာ။ ကျွန်တော်ကတော့ ဆရာကြီးနဘေးမှာ ကုပ်ကုပ်ကလေးပဲ ထိုင်နေရင်း အပေါက်ဝမှ အလကားပေးလိုက်တဲ့ အစီအစဉ်စာရွက်ကို ဖတ်ကြည့်နေမိတယ်။ “သစ်ပင်များသည် အသက်ရှိသော်လည်း ခံစားချက်မရှိသည့်အကြောင်း” ဆိုတာမျိုး။ “ဆတ်၊ ဆင်၊ ပြောင်တို့၏ ဖြစ်တည်မှုဝါဒ” ဆိုတာမျိုး။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ စိတ်ဝင်စားဖို့ကောင်းတာမှ အစီအစဉ်တင် မကဘူး။ အစီအစဉ်ကမ်းတဲ့ အမျိုးသမီးကလေးတွေတောင်၊ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကြောင့်လည်း တံတားစောင့်ကပြောတာ၊ ဟိုဖက်ကမ်းမှာ ပညာရှိတွေ၊ ပညာတတ်တွေ နေတယ်ဆိုတာ၊ ပညာရှိတွေနေတဲ့ အရပ်မှာတော့ စိတ်ဝင်စားစရာ မကောင်းဘူးဆိုတာက ရှိမှ မရှိပဲကိုး။

မျောက်များ၏ သိမှုစနစ်ကို ရှင်းပြနေတုန်း၊ ကျွန်တော်က စိတ်ဝင်တစားနဲ့ နားထောင်ချင်ပေတဲ့၊ ကောင်းကောင်း နားမထောင်ရဘူး။ ဆရာကြီးက စကားပြောလိုက်၊ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေရဲ့ အဓိပတိကြီးက ပြောလိုက်နဲ့ပဲ။ အဲလိုနဲ့ပဲ မျောက်များ၏ သိမှုစနစ်အကြောင်း တင်ပြတာ ပြီးသွားတယ်။ သူများတွေ လက်ခုပ်တီးတော့ ကျွန်တော်လည်း တီးလိုက်ရတယ်။ ထပြီးမေးကြ၊ ဆွေးနွေးကြတဲ့ ပညာရှင်တွေ အများကြီးပဲ။ ကျွန်တော်ကတော့ အဲဒီလောက် ဉာဏ်မမီဘူး။ ထမင်းစားချိန်ရောက်လို့ ဆွေးနွေးပွဲ နားလိုက်တယ်။ ကျွန်တော်က ဆရာကြီးနားကပ်ပြီး တံတားဟိုဖက်ခြမ်း ပြန်ပြီး ချစ်တီးဆိုင်မှာ သွားစားရအောင်လို့ ခပ်တိုးတိုးပြောလိုက်မိတယ်။ ဆရာကြီးက အသာခေါင်းငြိမ့်တယ်။ ဒီတော့ ကျွန်တော်တို့လည်း ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးကို ကျွန်တော်တို့ ဟိုဖက်ကမ်း ပြန်တော့မယ့်အကြောင်း ပြောရင်း နှုတ်ဆက်လိုက်ကြတယ်။ အဓိပတိကြီးက အံ့အားသင့်သွားပြီး ဒီမှာ ထမင်းစားပြီးမှ သွားကြပါလားလို့တော့ ပြောသေးတယ်။ ဆရာကြီးကပဲ မစားတော့ပါဘူးခင်ဗျာ။ ကျွန်တော်တို့မှာ တစ်ခြား အရေးကြီးတဲ့ကိစ္စကလေး ရှိနေလို့ပါလို့ ပြောလိုက်တယ်။

မုသားမပါ လင်္ကာမချောလို့ အဆိုရှိတယ် မဟုတ်ဘူးလား။ လင်္ကာဆိုတာက နားဝင်ချိုတာကိုး။ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးကို  ကျုပ်တို့ ချစ်တီးထမင်းသွားစားချင်လို့ ပြန်ဦးမယ်လို့ ပြောလို့ ဘယ်သင့်ပါ့မလဲ။ ဘယ် နားဝင်ချိုပါ့မလဲ။ ဆရာကြီးပြောလိုက်တဲ့ တခြား အရေးကြီးကိစ္စလေး ရှိနေသေးလို့ ဆိုတာက ဘယ်လောက် ကောင်းသလဲ။ ထမင်းစားတယ် ဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စပဲ မဟုတ်လား။ အဲဒါပဲပေါ့။ ဆရာကြီးတို့များ တော်ပြီးရင်းတော်ရင်းဆိုတာ။ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးက “ဒီလိုဆို တံတားဟိုဖက်အထိ ကျွန်တော်နဲ့လိုက်ခဲ့ကြလေ။ ကျွန်တော်လည်း တခြားဆွေးနွေးပွဲတစ်ခုသွားပြီး မျက်နှာပြရဦးမယ်” လို့ ပြောတယ်။ ဒီလိုနဲ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးကားပေါ် ကျွန်တော်တို့နှစ်ယောက်သား အလာတုန်းကအတိုင်း ပြန်တက်လိုက်ကြတယ်။

ကားဘီး စလိမ့်တယ်ဆိုတာနဲ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးက ကျွန်တော့် ဆရာကြီးကို မေးတယ်။
“နေပါဦး ဆရာရယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် တစ်ခါက ဆရာပြောဖူးတယ်။ ဆရာတပည့် လူတော်ဆိုတာ သူလား။ ဘာလို့ တော်တယ်လို့ ပြောရတာလဲ”
“ဒီလိုပါ” လို့ ဆရာကြီးက စလိုက်တယ်။ “ကျွန်တော့်တပည့်တွေထဲမှာ၊ သူက ဘာကိုထင်မြင်ချက် တောင်းတောင်း၊ ဘယ်လို ထင်မြင်ချက်မျိုးကို တောင်းတောင်း၊ သိပ်တော့မဆိုးဘူး။ ဟုတ်တော့၊ ဟုတ်သားကလား။ ထင်တော့ ထင်တာပဲ . . . ဆိုတာမျိုးပဲ ဖြေတယ်” လို့ ဆရာကြီးက ဆက်ပြောရင်း ခဏရပ်လိုက်တယ်။ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးက သိပ်စိတ်ရှည်ပုံမရဘူး။ သူက ဆက်မေးပြန်တယ်။
“ဒီတော့. . . ”
“ဒီလိုပါ။ ပညာရှိ သတိဖြစ်ခဲလို့ ဆိုစကားရှိတယ် မဟုတ်လား။ ပညာရှိဆိုတာ မှားတတ်တယ်။ ပညာရှိများ မှားတတ်တယ်ဆိုတာကို လူတော်တွေမှ သတိထားမိတတ်ကြတာကိုး။ ဒီတော့ လူတော်တွေက မှား၏ မှန်၏ ဆိုတာကို ယတိပြတ်မပြောဘူး။ ကျွန်တော့် တပည့်ကလည်း အဲသလို လူတော်မျိုး။ ဘယ်တော့မှ ကောင်းတယ်၊ မကောင်းဘူး၊ မှန်တယ်၊ မမှန်ဘူး မပြောဘူး။ အဲဒါကြောင့်မို့ပါ”

ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးခမျာ အတော်လေး စိတ်ရှုပ်သွားပုံရတယ်။ ဆရာကြီးကို မမေးတော့ဘဲ ကျွန်တော့်ကိုပဲ တိုက်ရိုက်လှမ်းမေးတယ်။
“နေပါဦး ခင်ဗျားက အခု ဘာလုပ်နေတုံး”
“ကျွန်တော်လား . . . ။ ကျွန်တော်ကတော့ လမ်းပေါ်က လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ် ” လို့ ကျွန်တော်က ဖြေလိုက်မိတယ်။ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးဟာ ကျွန်တော်ပြောတဲ့ စကားကို နားလည်ပုံမရဘူး။ ပါရဂူဆရာကြီးများသာ တတ်တဲ့ သက္ကတတို့၊ လာတင်ဘာသာတွေနဲ့များ ပြောသလားလို့ ထင်မိလိုက်ပုံရတယ်။ “ဘာ၊ ဗျ . . . ” လို့ ပြန်မေးတယ်။ ဒီတော့ ကျွန်တော့်ဆရာကြီးကပဲ ကြားဖြတ်ပြီး ဖြေလိုက်တယ်။
“ဟဲဟဲ၊ သူပြောတာက သူက လမ်းပေါ်က လူတစ်ယောက်ပဲ ဖြစ်ချင်တာတဲ့”
ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးက ဆရာကြီးကို ဘာမှမပြောဘဲ၊ ကျွန်တော့်ကိုပဲ လှမ်းမေးလိုက်တယ်။ “ခင်ဗျားက လမ်းပေါ်ကလူ ဖြစ်ဖို့ ကြိုးစားနေတယ်၊ ဟုတ်လား။ လမ်းပေါ်ကလူဖြစ်ဖို့ ကြိုးစားရ သတဲ့လား”
“ဒီလိုပါ ခင်ဗျား၊ လမ်းပေါ်ကလူဆိုတာ သိပ်ကြီးကြီးကျယ်ကျယ် မသိဘူး။ ဟိုစပ်စပ် ဒီစပ်စပ်လောက်ပဲ သိတာ။ ဥပမာ လက်ဖက်ရည်ဆိုင် မြင်ရင် လက်ဖက်ရည်သောက်ဖို့ သတိရတယ်။ သောက်ဖို့ ပိုက်ဆံရှိရင် ၀င်သောက်မယ်။ ပိုက်ဆံမရှိရင် တိုက်မယ့်သူ ရှာမယ်။ တိုက်မယ့်သူ မတွေ့ရင် ဆိုင်ရှေ့က မသိချင်ယောင်ဆောင် လျှောက်သွားမယ်။ သိပ်ကြီးကြီးကျယ်ကျယ် မစဉ်းစားဘူး”

ကျွန်တော် ပြောတာကို ခဏရပ်လိုက်တယ်။ ကားတစ်စီးလုံး ငြိမ်နေတယ်။ ကားမောင်းတဲ့လူကတော့ ကျွန်တော့်ကို အားပေးတဲ့အပြုံးမျိုးနဲ့ ပြုံးပြတော့၊ ကျွန်တော်လည်း ပြန်ပြုံးလိုက်ရင်း စကားဆက်လိုက် ပြန်တယ်။
“လမ်းပေါ်ကလူမှာ ဘာမှ အထူးပြုလေ့လာချက် မရှိဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်နေတဲ့ လောကကြီးထဲမှာ ကျေနပ်သာယာဖို့ပဲ။ အဆီအငေါ်တည့်ဖို့လောက်ပဲ စဉ်းစားတယ်။ ဒါကြောင့် လမ်းပေါ်က လူတစ်ယောက်ဖြစ်ဖို့၊ မလွယ်လှဘူး”
“အင်း . . . ”
ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးဆီက “အင်း . . . ဆိုတဲ့အသံပဲ ထွက်လာတယ်။ သူကလည်း ပညာတတ်ကြီးကိုး။ ကျွန်တော့်ဆရာကြီး ပြောသလို ပညာတတ်တွေဟာ ဟုတ်တယ်၊ မဟုတ်ဘူး သိပ်မပြောဘူး မဟုတ်လား။ ဒီတော့ စကားလမ်းကြောင်းလွှဲပြီး “ခင်ဗျားအနေနဲ့ ဆရာတွေဘာတွေ လုပ်ချင်ရင် ကျွန်တော့်ကိုပြော။ ဟိုဖက်ကမ်းမှာ အလုပ်တွေ ရှိပါတယ်။ ခင်ဗျား ကွန်ပြူတာတော့ နှိပ်တတ်ရဲ့ မဟုတ်လား”
“မတတ်ဘူး ခင်ဗျ”
“ကွန်ပြူတာက လက်နှိပ်စက် ရိုက်တတ်ရင် ဖြစ်တာပဲ”
“ကျွန်တော်က လက်နှိပ်စက်လည်း မရိုက်တတ်ဘူး ခင်ဗျ”
“ဘာလို့တုံး . . . ” ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးဆီက အံ့အားသင့်တဲ့အသံ ထွက်လာတယ်။ “ကျွန်တော်က ဘယ်သန်မို့ပါ။ ဘယ်သန်တွေအတွက် လက်နှိပ်စက်မရှိလို့၊ ကျွန်တော်လည်း လက်နှိပ်စက်အရိုက် မသင်ပါဘူး”
ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးဆီက “ဟေ . . . ” လို့အသံထွက်လာတာ ကြားလိုက်ရတယ်။ ပြီးတော့မှ လှမ်းမေးတယ်။
“ဒီတော့ ခင်ဗျားက ဘယ်သန်တွေအတွက် ကွန်ပြူတာတို့ဘာတို့ ထွင်မယ်လို့ စိတ်ကူးထားသလား”
“အဲဒီလောက်အထိ အဆင့်မြင့်မြင့် ကျွန်တော် မတွေးတတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်သန်တွေ အများသုံး၊ အမြဲသုံး ပစ္စည်းကလေးတွေ ထွင်ရင် ကောင်းမယ်လို့ စဉ်းစားနေတာ ကြာပါပြီ”

ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးက အတော် စိတ်ဝင်စားပုံရတယ်။ “ဘယ်လိုဟာတွေ များတုံးဗျ” လို့ မေးတယ်။ အဲဒီတုန်းမှာပဲ ကားက တံတားဒီဖက်ထိပ်ပြန်ရောက်လာတော့ ဆရာကြီးက “ရှေ့နားလောက်မှာသာ ရပ်ပေးပါ” လို့ ကားမောင်းသမားကို လက်တို့ပြောလိုက်တယ်။ ကျွန်တော်တို့ ကားပေါ်က မဆင်းခင်မှာပဲ ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးကို ရှင်းပြလိုက်မိတယ်။
“ကျွန်တော် အဓိကထားပြီး စဉ်းစားနေတာတော့ ဘယ်သန်တွေအတွက် ထမင်းစားပန်းကန်တို့၊ ဖန်ခွက်တို့၊ ရေနွေးခရားတို့လို ဟာမျိုးတွေပါ။ ဒါတွေကို တီထွင်ဖို့ကလည်း သိပ်မလွယ်လှတော့ စဉ်းစားနေတာကို ဆယ်နှစ်လောက်ရှိသွားပါပြီလို့ ပြောလိုက်တယ်။ ပြီးမှ “ခုလိုတွေ့ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ။ ကားကြုံစီးရတဲ့အတွက် ကျေးဇူးတင်လှပါတယ်” လို့ ပြောလိုက်မိတယ်။

ပညာရပ်ဆိုင်ရာ အဆောက်အအုံများရဲ့ အဓိပတိကြီးကတော့ “အင်း သိပ်စဉ်းစားဖို့ ကောင်းတာတွေပဲ။ သိပ်လေးနက်တာတွေပဲ” လို့ ပြန်ပြောပြီး၊ ဆရာကြီးနဲ့ ကျွန်တော့်ကို နှုတ်ဆက်တယ်။ ကားထွက်သွားတော့ ဆရာကြီးနဲ့ ကျွန်တော်တို့နှစ်ယောက်သား ချစ်တီးထမင်းဆိုင်ဆီ လျှောက်လာကြတယ်။ ဘာစကားမှ မပြောဖြစ်ကြဘူး။ ဆိုင်နားနီးတော့ ဆရာကြီးက ပြောတယ်။

“ခင်ဗျားပြောတာတွေက တံတားဟိုဖက်ကလူတွေ စဉ်းစားရမယ့် ကိစ္စတွေပဲ။ ခင်ဗျားတို့ ကျွန်တော်တို့အဖို့တော့ ဒီလောက်လိုမယ်မထင်ဘူး။ ကြည့်လေဗျာ။ အခု ကျွန်တော်တို့ ထမင်းသွားစားမယ့် ချစ်တီးဆိုင်မှာဆို ထမင်းကို ငှက်ပျောဖက်နဲ့ ကျွေးမှာ၊ ပန်းကန်နဲ့ မဟုတ်ဘူး။ ဒီတော့ ဘယ်သန်ပဲဖြစ်ဖြစ်၊ ညာသန်ပဲဖြစ်ဖြစ် ပြဿနာမရှိဘူး မဟုတ်လားဗျ . . . ”
ကျွန်တော်ကတော့ ဘာမှ ပြန်မပြောဘူး။ စိတ်ထဲမှာတော့ ငါ့ဆရာကြီး တော်ပြီးရင်းတော်ပဲကိုးလို့ တွေးနေလိုက်မိတော့တယ်။       ။


Comments

  1. တံတားရဲ့ ဘယ်ဘက် အခြမ်းမှာလဲ ခင်မျာ....

    ReplyDelete
  2. ဆရာမြင့်သန်းရဲ့ စာကိုဖတ်လိုက်ရတာ ကျေနပ်သွားတယ်ဗျာ။ အွန်လိုင်းမှာ ရှာမရဖြစ်နေတာ။ မထင်မှတ်ပဲ တွေ့လိုက်လို့ ဝမ်းသာ..။ အင်း.. စာဖတ်တာလဲ ဘယ်သန်ပဲဖြစ်ဖြစ် ညာသန်ပဲဖြစ်ဖြစ် ပြဿနာမရှိလှဘူးမဟုတ်လား။

    တစ်ပါတည်း လင့်သွားတယ်ဗျာ။ ကျေးဇူး...

    ReplyDelete
  3. ဆရာမြင့်သန်းစာတွေ ဖတ်ရတိုင်း..
    စိတ်ထဲ ကျေနပ်မှု တစ်စုံတစ်ရာကို ရသွားရပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...