Skip to main content

ခဏလေး

တွေးရင်းငေးရင်း လမ်းလျှောက်ရင်း လျှောက်ရင်း…။
-လင်းလင်း-

ဗိုလ်အောင်ကျော် အထက်လမ်းကနေပြီး ညာဘက်ကို ချိုးလိုက်မယ်။ ကဲ.. အခု ကျွန်တော်နဲ့အတူ အနော်ရထာလမ်းအတိုင်း စုန်ဆင်းကြည့်မယ်။ ခဏတဖြုတ်၊ အပျင်းပြေသဘောပေါ့။ အချိန်က ညနေရုံးဆင်းချိန်ပဲ ဆိုပါစို့။ လမ်း (၄၀) ကားမှတ်တိုင်မှာ လူတချို့ ထုံးစံအတိုင်းရပ်နေကြမယ်။ နှုတ်ခမ်းနီ ရဲတွတ်နေအောင်ဆိုးထားတဲ့ မိန်းကလေး တစ်ယောက်နှစ်ယောက်ကိုလည်း ထုံးစံအတိုင်းတွေ့ရမယ်။ သတိထားရှာဖွေတာမျိုးမဟုတ်ဘဲ မြင်ကွင်းမှာ တခြားလူတွေနဲ့ သက်သက်စီဖြစ်နေလို့ပဲ။ သူတို့ကို ကျွန်တော်မသိဘူး၊ သူတို့ကလည်း ကျွန်တော့်ကို မသိဘူး။ ဒီလိုပဲ ကျွန်တော့်ကို ဆွဲဆောင်ချင်တဲ့ အရိပ်အယောင်လည်း သူတို့ လုံးဝ မပြကြဘူး။ ကျွန်တော်ကလည်း သူတို့ကို မြင်နေပေမယ့် မမြင်သလိုပဲ။ သူတို့ရှိနေတာကို ကျွန်တော် သိသိနဲ့ မသိချင်ယောင်ဆောင်ထားမယ်။ ဒီလမ်းကို ကျွန်တော် ညနေတိုင်းလျှောက်ပြန်ခဲ့တာ နှစ်တချို့ကြာခဲ့ပြီ။ သူတို့လည်း ဒီမှာ အမြဲရှိနေခဲ့ကြတာပဲ။ သူတို့နဲ့ ကျွန်တော် မသိပေမဲ့ သိနေကြပြီ။ သူတို့အနေနဲ့ ကျွန်တော့်ကိုမသိပေမဲ့ အရောင်းအ၀ယ်လုပ်ရမယ့် လူစားမျိုးမဟုတ်မှန်း မသိစိတ်က သိနေကြပြီ။ ကျွန်တော်က သူတို့ရဲ့ တည်ရှိနေမှုကို မသိချင်ယောင်ဆောင်ပြီး ရှေ့က ဖြတ်လျှောက်ရင်း Tokyo Donut ဘက်ကို တစ်ချက်ငေးမယ်။ ကပ်ရပ်က မန်းသီရိမှာ ထွဏ်းခမ်သီချင်းစာအုပ် ရှိလား သွားကြည့်ဖို့ မေ့သွားတာကို သတိရလာမယ်။ ကားလမ်းမကူးချင်တော့ဘူး။ နောက်ရက်မှပေါ့။


ဆိပ်ကမ်းသာလမ်းကျော်လိုက်တာနဲ့ ငါးညှီနံ့တွေ နားခေါင်းထဲဝင်လာမယ်။ သားစိမ်းငါးစိမ်းနံ့ကို ကျွန်တော် မုန်းတယ်။ ဈေးသည်တွေက ကတ္တရာလမ်းပေါ်မှာ ရောက်နေမယ်။ ကျွန်တော်က လမ်းမလယ်ခေါင် နီးပါးအထိ ရှောင်ပြီး လျှောက်လာမယ်။ ကတ္တရာလမ်းပေါ်က ဈေးဗန်းတစ်ခုပေါ်မှာ ငါးမြစ်ချင်းတွေ၊ ပုစွန်ထုပ်တွေ တုံးလုံးလှဲနေတာကို တွေ့ရတာ Performance အနုပညာဆန်တယ်လို့ လျှောက်တွေးလိုက်ဦးမယ်။ ရေထဲက ငါးတစ်ကောင်ဟာ မြို့ပြရဲ့ လူသူအထူထပ်ဆုံး လမ်းမလယ်ခေါင်မှာ ရောက်နေတာ ၀ိရောဓိ မြင်ကွင်းတစ်ခုပဲ။ ကားတာယာတွေနဲ့ တစ်ထွာလောက်အကွာမှာ ငါးခူအရှင်တွေ ကူးခတ်နေမယ်။ အဲဒီငါးခူဗန်းပေါ်ကပဲ ကျွန်တော်က ခွကျော်လိုက်မယ်။ (၃၇) လမ်းရောက်တော့ ညာဘက်ကွေ့ပြီး ဆီချက်ခေါက်ဆွဲ ၀င်စားရင်ကောင်းမလား စဉ်းစားမိလိုက်ဦးမယ်။ ဒီနေ့ မစားတော့ပါဘူး။ ကျွန်တော့်မှာ တခြားအတွေးတစ်ခု ရှိနေတယ်။ ပန်းဆိုးတန်းအရောက်မှာ ခြေလှမ်းတွေ အလိုလိုရပ်သွားမယ်။ ဦးခေါင်းဟာ ခါတိုင်းနေ့တွေကလိုပဲ ဘယ်ဘက်ကို အလိုလိုလည်သွားမယ်။ ကုန်းတံတားဘက်တက်မယ့် ကွေ့ကားရှိမရှိကြည့်မိမယ်။ ပြီး၊ ခပ်သွက်သွက်ဖြတ်ကူးလိုက်မယ်။ ထွန်းစတိုးက မယ်နကင်အရုပ်တွေမှာ ၀တ်ထားတဲ့ အင်္ကျီတွေကို ဖျပ်ခနဲကြည့်မယ်။ အရုပ်တွေမှာ နမူနာဝတ်ပြထားတဲ့ ဒီဇိုင်းတွေကို ကျွန်တော် သဘောကျတတ်တယ်။ မကြာခဏ  ၀ယ်ဖူးတယ်။ ဒါပေမဲ့ ကိုယ်ဝတ်လိုက်ရင် အရုပ်မှာ ၀တ်ထားသလောက် စမတ်မကျတော့သလိုပဲလို့ အမြဲ ခံစားရတယ်။ ထားပါတော့ ဆက်လျှောက်မယ်။

(၃၆) လမ်းအရောက်မှာ အကြော်နံ့က စူးခနဲဝင်လာမယ်။ ပြောင်းဖူးစေ့တွေ ပြွတ်သိပ်နေတဲ့ အကြော်ဝိုင်းဝိုင်းကြီးကို ငုံ့ကြည့်မယ်။ စားချင်ပေမဲ့ ၀ယ်ရမှာ ရှက်လို့ အသာဆက်လျှောက်သွားမယ်။ ဂစ်တာကမ္ဘာတူရိယာ အပြင်မှာ ချိတ်ဆွဲထားတဲ့ ဂစ်တာသေးသေးလေးတွေကို ကျွန်တော် ငေးမယ်။ အဲဒီဂစ်တာသေးသေးလေးတစ်လက်ကို ကျွန်တော် ငယ်ငယ်က အရမ်းလိုချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါကို ဘယ်သူမှ မသိခဲ့ဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ ပိုင်ဆိုင်ခွင့်မရှိမယ့်၊ ငြင်းပယ်ခံရမယ့် တောင်းဆိုချက်တစ်ခုကို ကျွန်တော် မလုပ်ချင်ဘူး။ ထားပါတော့။ (၃၅) လမ်း အမိုးကြီးအောက်ကနေ ဖြတ်လျှောက်မယ်။ ရှေ့က ပိတ်နေတဲ့ လူတန်းကြီးကို စောင့်ရင်း လမ်းဘေးမှာရောင်းတဲ့ အတွင်းခံဘောင်းဘီတွေ၊ မိန်းမပုံတွေပါတဲ့ ဆေးထုပ်တွေကို လျှောက်ကြည့်ဦးမယ်။ လမ်းကြားထဲမှာ လူသိပ်ကြပ်နေရင် လမ်းမပေါ် တက်လျှောက်မယ်။ ဒီနားမှာ နည်းနည်းတော့ သတိထားရမယ်။ (၁၀၅) ဒိုင်နာတွေ အရှိန်နဲ့ ၀င်လာတတ်တယ်။ နောက်ကို ပြန်လှည့်ကြည့်မယ်။ ပြီးရင် ဘားလမ်းမျဉ်းကြားကနေ လူအုပ်ထဲရောပြီး တစ်ဘက်ကမ်းကို ကူးလိုက်မယ်။ ဒီဘက်ရောက်ရင်တော့ ပလက်ဖောင်းပေါ်က မလျှောက်တော့ဘူး လမ်းပေါ်ကပဲ ခပ်သွက်သွက်လျှောက်လာမယ်။ မီးပွိုင့်မိလို့ရပ်နေတဲ့ကားတွေကို လမ်းလျှောက်ရင်း ကျော်ဖြတ်သွားမယ်။ (၃၄) လမ်းရောက်ရင် ဘယ်ဘက်နည်းနည်း ကွေ့လိုက်မယ်။ မွန်မွန်မုန့်ဟင်းခါး စားမယ်။

သေချာတယ်။ ဒီဆိုင်မှာ ထိုင်စရာ မရှိတတ်ဘူး။ ကိစ္စမရှိဘူး။ အရင်လိုပဲ ထိုင်ခုံအပုလေးတစ်လုံး ကံအားလျော်စွာရလိမ့်မယ်။ ကောင်မလေးနှစ်ယောက်ထိုင်နေတဲ့ ခုံဘေးမှာ ကပ်ထိုင်လိုက်မယ်။ သူတို့က ကျွန်တော့်ကို၊ ကျွန်တော်က သူတို့ကို ဂရုမစိုက်ပါဘူး။ သူတို့စားလက်စ မုန့်ဟင်းခါးကို ဆက်စားနေမယ်။ ကျွန်တော်က ညှပ်ဖတ်၊ ငါးဖယ် ငှက်ပျောဖတ်များများလို့ ပြောလိုက်မယ်။ မိန်းကလေးတွေနား ထိုင်နေရလို့ ကသိကအောက်ခံစားနေရမယ်။ ဟုတ်တယ်။ အထူးသဖြင့် အစားအသောက် စားနေချိန်မှာ မိန်းကလေးတွေနဲ့ ရှိနေရတာကို ကျွန်တော် နေလို့မထိဘူး။ ကျွန်တော်က မုန့်ဟင်းခါးကို ငရုတ်သီးစပ်စပ်နဲ့ စားချင်တယ်။ အစပ်ကိုလည်း လုံးဝ မခံနိုင်ပြန်ဘူး။ စားနေရင်း မျက်ရည်တွေကျ၊ နှာရည်တွေကျလာတတ်တယ်။ မိန်းကလေးတွေရှေ့မှာ ဒီလို ဣနြေ္ဒပျက်မနေချင်ဘူး။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ သူတို့ကို မရှိသလိုပဲ မသိချင်ယောင်ဆောင်ထားလိုက်မယ်။ မုန့်ဟင်းခါးကို ခပ်သွက်သွက်စားပြီး ရှေ့က Mother Land ထဲက Mp4 တွေကို တစ်ချက်တစ်ချက် ငေးမယ်။ ဟင်းရည်အဆစ်ကို ကုန်အောင်သောက်ပြီးရင် အစ်ကိုရေ ဘယ်လောက်ကျလဲ သိသိနဲ့မေးလိုက်ဦးမယ်။

ကဲ အနော်ရထာလမ်းအတိုင်း ဆက်စုန်ဆင်းမယ်။ ဗိုက်ပြည့်သွားတော့ ခြေလှမ်းတွေနည်းနည်းနှေးသွားမယ်။ ညာဘက်ကို မျက်စောင်းထိုးပြီး K-Z 13 ကဖိနပ်နဲ့ Pacific ရှေ့ ပလက်ဖောင်းပေါ်က ဖိနပ်ဘာကွာလဲလို့ တွေးမယ်။ ခေါင်းကို မော့လိုက်မယ်။ Billboard ပေါ်က ကိုလေးဖြူက စီအန်စီရှပ်အင်္ကျီကွက်ကျဲကြီး ၀တ်ပြီး မခို့တရို့ပြုံးကြည့်နေတာ မြင်ရမယ်။ အောက်က စာတန်းကို သိသိကြီးနဲ့ ဖတ်လိုက်ဦးမယ်။ ခဏလေးများ…။ ခဏလေးများဟာ အများကိန်းဖြစ်နေတာကို ထူးခြားမှုတစ်ခုလို့ ထပ်တွေးကြည့် လိုက်မယ်။ ခဏလေးတွေ အများကြီးဆိုတော့ အကြာကြီးတစ်ခု ဖြစ်မလာနိုင်ဘူးလား။ ခဏလေးတွေက ခဏခဏပဲ မဟုတ်လား။ တွေးနေရင်းတန်းလန်း အဲဒီ Billboard ကြီးက နောက်မှာကျန်ခဲ့မယ်။ နေပြည်တော်ရုံထဲက ထွက်လာပုံရတဲ့ စုံတွဲတစ်တွဲဆီ ကောင်မလေးတစ်ဦးတည်းကိုပဲ သီးသန့်မြင်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်မယ်။ ဟုတ်တယ်၊ တစိမ်းယောက်ျားလေးနဲ့ အကြည့်ချင်းဆုံတာက သိပ်ကောင်းတဲ့ အလေ့အထ မဟုတ်ဘူး။ ကျွန်တော် ဆူးလေဘုရားလမ်းပေါ် ရောက်နေပြီ။ ခင်ဗျား ကျွန်တော်နဲ့အတူ ပါလာတုန်းလား။ ကျွန်တော်က အိမ်မပြန်ချင်သေးဘူး။ နာရီ ကြည့်လိုက်ဦးမယ်။ စောပါသေးတယ်… အခုမှ ၂၀၀၈ ခုနှစ်ပဲ ရှိသေးတယ်။ ကဲ… ကျွန်တော်တို့ ဘယ်သွားပြီး၊ ဘာလုပ်ကြမလဲ…။


တေဇာ (လရောင်လမ်း)

Comments

  1. ဟွန် အခုမှ 2008 ပဲ ရှိသေးတာလား။ ဒီမှာတော့ မနေ့က မှ 1012 ကုန်သွားတာ။ အဲလောက်တောင်ကွတာ ပါလား။ စမာကလာ ဂြိုဟ်ထဲရောက်နေတာ အခုမှ ပြန်ရောက်တယ်။

    ReplyDelete
  2. ကျွန်တော့်နာရီ နည်းနည်းနောက်ကျနေလို့ နေမယ်း)

    ReplyDelete
  3. ဒါလဲ performance art ပေါ့။

    ReplyDelete
  4. ကောင်းတယ်တေဇာ..အရင်ကတည်းက ဖတ်ပြီးသားပေမယ့် ပြန်ဖတ်သွားတယ်..

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...