ကိုအာကာဆိုတဲ့လူကြီးက ပြောပါတယ်ဗျာ...။ ကျွန်တော်က အချစ်အကြောင်းရေးထားတဲ့ကဗျာတွေဆို သိပ်မကြိုက်ဘူးလို့ပြောတော့... အချစ်အကြောင်းမှတစ်ပါး အခြားအကြောင်းကိုစပ်ထားသော ကဗျာတွေရှိသလားတဲ့၊ ရှိရင် သူဖတ်ချင်ပါသတဲ့...။ သူတကယ်ဖတ်ချင်တာလား၊ ရိတာလားတော့ ကျွန်တော်မသိပါ ဟဲဟဲ...။
(ဒီနေရာမှာ အချစ်အကြောင်းဆိုတာ ယောက်ျားနဲ့မိန်းမ ချစ်ကြတာကိုဆိုလိုတယ်လို့ ကျွန်တော်ယူဆလိုက်ပါတယ်)
အောက်ကကဗျာလေးကတော့ အချစ်အကြောင်းအလွမ်းအကြောင်းဖွဲ့နွဲ့ထားတာမဟုတ်ဘူးလို့ ထင်ပါတယ်။
ကိုယ်ချင်းစာတရားလေးနည်းနည်း၊ မကျေနပ်ချက်လေးနည်းနည်း၊ တိုက်တွန်းနှိုးဆော်မှုလေးနည်းနည်းစီနဲ့ အချိုးကျပေါင်းစပ်ထားတယ်လို့ မြင်ပါတယ်။ သူကအိုင်တီနဲ့ တက္ကနော်လော်ဂျီကိုလည်း မေးခွန်းထုတ်ထားပါတယ်။
ကဗျာက ရိုးပါတယ်၊ ရှင်းပါတယ်။ ကျွန်တော် ဆရာလုပ်ပြီး မရှင်းပြတော့ပါဘူး...ဟီး။
ိကိုအာကာကြီး ခံစားလို့ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ...။ အားလုံးဝိုင်း ဆွေးနွေးပေးကြပါဦး။
"အားလုံးရဲ့ကမ္ဘာ"
ဟော ဟိုက လူတစ်ချို့ရဲ့လက်ထဲမှာ
လိုရာစေနိုင်တဲ့နည်းပညာတွေက ပြိုးပြိုးပြက်ပြက်
ပညာ ဘယ်ကိုလဲ...
ပညာ ဘယ်အတွက်လဲ...
မြင့်မြင့်ပျံရင် ဝေးဝေးမြင်သတဲ့
အင်္ဂါဂြိုဟ်ကိုမြင်နိုင်ပြီး ကမ္ဘာကို မျက်စိလျှမ်းမသွားပါနဲ့
သူတို့ ရှိနေပါသေးတယ်။
ငှားငှားစွင့်စွင့် နှင့်ဆီပွင့်ရဲ့အလှက
ပင်စည်ရဲ့ ပိုးကိုက်ဒဏ်ရာကို မေ့စေနိုင်တယ်လား...။
ဖန်သားပြင်ပေါ်မှာလည်း ဒါ ဒါချည်းပဲ
အဲဒီ ငါးပုံလေးပုံသော ဝေနေယျတို့ရဲ့ဘ၀တွေဟာ
ပညာရဲ့အသီးအပွင့်တွေနဲ့ မထိုက်တန်လို့လားကွယ်
လောကသုံးပါးကို နှလုံးသားနဲ့လည်း ကြည့်ကြပါဦး
ဆေးအထပ်ထပ်သုတ်ပြီး သံချေးမပြောင်ရင်ကော
မျက်နှာလေးလှဖို့ တိုးတက်မှုက လုံလောက်ပြီ
ဖိနပ်နဲ့ဝတ်စုံကောင်းပါလျှက်
ပန်းမ၀င်နိုင်သေးတဲ့ကမ္ဘာကြီးအတွက်
ရှိပြီးသားအင်အားတွေကို မျှဝေကြရအောင်။
အောင်ကျော်စိုး

Comments
Post a Comment