မုန်တိုင်းရဲ့ မြည်သံ
ရေဘုံဘိုင်ခေါင်းက ကျလာပေါ့
အလို!...။
မြူတွေရစ်သမ်းတဲ့ စကြ၀ဠာတရားထဲ
ခါးသီးစွာ ဆုံမိလျက်သား
ဝမ်းမြောက်စကားဆိုစို့။
ဒီနေ့အတွက် ပထမဆုံးသောက်ရသော
လက်ဖက်ရည်ခွက်၌
ကုန်ခန်းသွားသော ခွန်အားတွေ
ယောက်ျားကောင်တွေ ပြန်တွေ့ရတယ်
တံခါးကို ပျင်းရိပျင်းတွဲ့ ဖွင့်ထားတယ်။
ပြီး၊ သူဟာ တောင့်တင်းကျန်းမာတယ်လို့
ချောင်းတဟွတ်ဟွတ်နဲ့ ပြောတယ်။
သူဟာ သမားရိုးကျပန်းချီဆရာမဟုတ်ဘူးလို့
သမားရိုးကျ ညည်းညူတယ်။
ဒါ့အပြင်
သူဟာ တနင်္လာနေ့ မဟုတ်ဘူးလို့လည်း
အဲဒီ တနင်္လာနေ့ကဆိုတယ်။
သူ့မုသားဟာ ခိုင်ခံ့တယ်ဆိုတာ
သူ အာမခံပါတယ်တဲ့။
တကယ်လို့ တယ်လီဖုန်းလာရင်
မြွေဟာ ကိုယ်စွမ်းတာ ကိုယ်အန်ချခဲ့ရသလို `ငါရှိနေမယ်
လာခဲ့လေ´။
ပြီး၊ ဖုန်းပြန်ချလိုက်တယ်။
စဉ်းစားကြည့်တော့လည်း
ဒါမဟုတ်သေးဘူးလေ။
အောင်ချိမ့်
တစ်ခုသောစနေနေ့မှာ တေဇာဟာ ဘိုင်ကျနေသောကြောင့် (ထုံးစံအတိုင်း) စိတ်ညစ်ညစ်ရှိတာနဲ့ ကဗျာလေးတစ်ပုဒ်ကို မရိုးမရွ ခိုးချပြီး တင်လိုက်ပါတယ်။ ဆရာအောင်ချိမ့်ရဲ့ကဗျာကို ခိုးချခြင်းမှန်သော်လည်း သူ့လက်ရာခြေရာ သေးသေးလေးလည်း ပါလိုသောကြောင့် ဘယ်သူမျှမရှင်းခိုင်းပါပဲနဲ့ ရှင်းကြည့်ပါတယ်ဗျာ။ သည်းခံကြပါ ဟဲဟဲ။
ပထမဆုံးစာပိုဒ်မှာပဲ မရှင်းမရှင်းဖြစ်ရပါတယ်။ မုန်တိုင်းကြီးဟာ ဘယ်လိုလုပ် ရေဘုံဘိုင်ခေါင်းထဲရောက်သွားလဲပေါ့...။ ဒါပေမဲ့လည်း ဆန်းပြားခန်းနားတဲ့ ယနေ့ခေတ်မှာက လိပ်ပြာလေးအတောင်တစ်ချက်ခတ်ခြင်းကတောင် မုန်တိုင်းတွေအစပြုနိုင်တယ်ဆိုတဲ့ သီအိုရီအထိ လူသားတွေ ကြံကြံဖန်ဖန်ဖော်ထုတ်နေကြပြီဆိုတော့ နားလည်ပေးလို့တော့ရပါတယ်။
(လိပ်ပြာတောင်ပံခတ်အကျိုးသက်ရောက်မှု (Butterfly Effect) အကြောင်း နောက်များမှ လျှောက်ရေးပါဦးမယ်)
အကြိုက်ဆုံးစာသားလေးကိုတော့ ဒုတိယအပိုဒ်မှာတွေ့ရတယ်။ ကျွန်တော်တို့တွေ ဒီကမ္ဘာမှာ ယခုလာဆုံတွေ့နေကြရတာဟာ (ကျွန်တော့်အတွက်တော့) ခါးသီးပါတယ်။ လာချင်လို့ရောက်ခဲ့တဲ့နေရာတစ်ခုလား၊ မလာချင်ပါပဲ ဇွတ်အထင်း ဖန်ဆင်းခံခဲ့ရတာလား စဉ်းစားရင်းနဲ့ကို နာကျည်းမိပါတယ်။ လူ့ဘ၀ကိုရောက်လာဖို့ တန်ဖိုးတစ်ခုပေးကြေးဆို ကျွန်တော့်အနေနဲ့ ပေးဖြစ်ခဲ့မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း မတတ်နိုင်တဲ့အဆုံးတော့ ၀မ်းမြောက်စကားပဲ ဆိုဖို့ရှိတော့တာပေါ့...။ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။
တတိယအပိုဒ်ကိုတော့ မဆွေးနွေးချင်ပါဘူး။ ကျော်သွားလိုက်တော့မယ်။
ကျန်တဲ့အပိုဒ်တွေကတော့ ကဗျာဆရာရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုကို အထင်းသားတွေ့ရတယ်။ ဆန့်ကျင်ဘက်နှစ်ခုကို ၀ါကတစ်ခုအတွင်းသွတ်သွင်းထားပုံတွေ သပ်ရပ်ပါတယ်။ ပီပြင်ပါတယ်။ လှောင်သံပါတယ်။ ပြီးတော့ နောက်ဆုံးအပိုဒ်မှာမှ တိခနဲ ကျွန်တော်တို့ကို သတိပေးလိုက်ပါတယ်။ အဲဒီ သတိပေးချက်လေးကြောင့်လည်း ကဗျာဟာ ပီပီပြင်ပြင်ဖြစ်သွားတယ်။

Comments
Post a Comment