Skip to main content

အချစ်နှင့်ဟော်မုန်း (သို့) အသည်းကွဲကုထုံး

ခုတလော အပေါင်းအသင်း မိတ်ဆွေများကြားတွင် အချစ်ကြောင့် ဒုက္ခများနေရသူ အရေအတွက် သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်။ ချစ်သူနှင့်အဆင်မပြေလို့ စပိုင်သောက်ပြီး မူးသည့် မမ၊ ကောင်မလေးရွာ ပြန်သွားလို့ ဒူးနှင့်မျက်ရည် သုတ်နေရသည့် ကိုကို၊ သူ့ကိုမှမရရင် စစ်ကိုင်းချောင် သွားပါတော့မယ် ရည်ရွယ်သည်အထိ အချစ်ကြီး ချစ်မိကြသူများ၏ လွမ်းခန်းများ စသည်စသည် မြင်နေကြားနေရသည်။ လူမသိစေဘဲ ရင်ထဲကကြိတ် ငိုနေသူများလည်း ဘယ်လောက်များမည် မခန့်မှန်းနိုင်။ အချစ်ကြောင့် ဒဏ်ရာရသေဆုံးစာရင်း မြင့်မားသည်ကို သတိပြုမိလာချိန်တွင် အချစ်ဆိုတာဘာလဲဟူသည့် မဆန်းလှသည့်မေးခွန်းကို တွေးတောနေမိခဲ့သည်။ လူ့ဘ၀တွင်၊ အထူးသဖြင့် လူငယ်လူရွယ်ဘ၀တွင် အချစ်၏ လွှမ်းမိုးမှုသည် အတော်ကို ကြီးမားကြောင်း သတိပြုမိရသည်။ အချစ်ကြောင့် မိုးမမြင်လေမမြင်ပျော်ရွှင်နေကြသူများရှိသလို အချစ်ကြောင့် ငါးပါးမှောက်နေကြသူများလည်း ပေါများလှသည်။ သို့သော် သေချာသည်က ပျော်ရသူအရေအတွက်ထက် ငိုနေရသူ အရေအတွက် ပိုများသည့်အချက်ပင် ဖြစ်ပါသည်။



ဤတွင် ငယ်စဉ်က ကြားဖူးခဲ့သည့် သတင်းလေးတစ်ခုကို သွားသတိရမိသည်။ အချစ်ဆိုသည်မှာ ဦးနှောက်မှ ထုတ်လွှတ်သော ဟော်မုန်းတစ်မျိုးကြောင့် ထွက်ပေါ်လာရခြင်းဖြစ်သည်။ ထိုဟော်မုန်း၏ သက်ရောက်မှုကြောင့် အရူးအမူး ချစ်ကြသည်။ မြီးကောင်ပေါက်တို့၏ အချစ်မျိုးဖြစ်လိမ့်မည်။ ၎င်း၏ သက်တမ်းက နှစ်နှစ်ခန့်ကြာသည်။ ဤအချိန်ရောက်တော့မှ ဟိုမုန်းဓာတ် အားနည်းလျော့ကျသွားသည် ဆို၏။ ဤသို့ တစ်ကြိမ်တစ်ခါ အများအပြား ထုတ်လွှတ်ပြီးသော် နောက်တစ်ခါ အများအပြားထုတ်လွှတ်မှု မရှိတော့ဟုလည်း သိရသည်။ ထို့ကြောင့် တစ်ခါမျှ တစ်ဦးတစ်ယောက်အပေါ် အရူးအမူးချစ်ပြီးသော် တခြားတစ်ယောက်ယောက်ကို သိပ်မချစ်နိုင်တော့သလိုလို ခံစားမိရခြင်း ဖြစ်ပေလိမ့်မည်။ မိမိကိုယ်၌က အချစ်ကြီးလှလို့မဟုတ်၊ သစ္စာကြီးလှလို့မဟုတ်။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆိုပိတောက် သစ္စာတရားနှင့် အချစ်စစ်အချစ်မှန်တို့၏ ဂုဏ်ရည်များမှာ ထိုဟော်မုန်း၏ အကျိုးဆက်သာ ဖြစ်သည်ဟု ဆို၏။ ဤသတင်းကြောင့် လူသားတို့ အလေးအမြတ်ထားသည့် တန်ဖိုးတရားများ မှာ သေးသိမ်သွားသလို ဖြစ်သွားခဲ့သည်။ သို့သော် ထိုသတင်းနားထောင်မိချိန်က ကျွန်တော် လူပျိုပေါက်ပင်မဖြစ် သေးပါ။ ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ အလေးအနက် မစဉ်းစားမိခဲ့။ မှတ်မှတ်သားသား ဖြစ်လောက်ရုံသာ ရှိခဲ့သည်။

ခုတော့ ငယ်လှသည့် အရွယ်မဟုတ်တော့။ ချစ်ဖူးကြိုက်ဖူး အသည်းကွဲအရက်မူးပြီး ခေါင်းလည်းစိုက်ဖူးခဲ့ပြီ။ ထိုသို့သော အဖြစ်ဆိုးများမှ ထူထူထောင်ထောင်လည်း ပြန်ဖြစ်ခဲ့ပြီ။ သို့သော် ယခု အပေါင်းအသင်းများ၏ အဖြစ်တို့ကို တွေ့မှ ထိုသတင်းပါ အချက်ကလေးကို မထင်မှတ်ဘဲ ပြန်သတိရလာသည်။ အချစ်ကြောင့် အရူးအမူးဖြစ်နေသည့် သူငယ်ချင်းကို စိတ်ရှည်လက်ရှည် ဖျောင်းဖြကြည့်သည်။ ဘယ်လိုမှ မရပါ။ အကျိုးအကြောင်းပြ ချော့မော့သည်။ ခေါင်းကိုသာ သွင်သွင်ယမ်းသည်။ “အချစ်မှာ မျက်စိမပါ”၊ “နှလုံးသားသည် ဆင်ခြင်တုံတရားကို လက်မခံ” စသည့် သဘာဝများကို သဘောပေါက်ပါသည်။ သို့သော် ဤမျှထိ နှလုံးသားသည် ဇွတ်တရွတ်နိုင်လိမ့်မည် ဟုတော့ မထင်မိခဲ့။ မိမိချစ်ခင်နှစ်သက်သူသည် မိမိနှင့် မသင့်လျော်မှန်း ဦးနှောက်က သေသေချာချာ သိပါသည်။ သို့သော် အချစ်စိတ်လွှမ်းမိုးနေချိန်တွင် ဤအချက်အတွက် လုံးဝ နေရာမရှိ ဖြစ်နေခဲ့သည်။ သည်တော့ နှလုံးသားရေးရာစိတ်ကျဝေဒနာသည် ထင်သလောက် ကုစားရန် မလွယ်ကူကြောင်း သိလာရသည်။ အချစ်ဟော်မုန်း၏ သက်တမ်းမှာ နှစ်နှစ်ဆိုလျှင် အကြောင်းမလှသဖြင့် မိမိနှင့်ကာရန်မညီသူကို ချစ်ကြိုက်မိသူများမှာ ထိုနှစ်နှစ်လုံးလုံး ပူဆွေးလွမ်းဆွတ်နေရတော့မည်လော။ အချစ်၏ မောင်းနှင်အားကြောင့် လက်တွေ့ဘ၀တွင် အကောင်းထက် အဆိုးဘက်သို့ဦးတည်လာမှုများ ပိုမိုများပြားကို သတိပြုမိချိန်တွင် အချစ်ကိုမောင်းနှင်သည့် ဟော်မုန်းအကြောင်း စိတ်ဝင်စားလာသည်နှင့် အနည်းအကျဉ်း ဖတ်ရှုကြည့်မိခဲ့ပါသည်။

တကယ်တော့ အချစ်နှင့်ပတ်သက်သည့် ဟော်မုန်းများက ခြောက်မျိုးတောင် ရှိနေသည်။ ပထမဆုံး Dopamine ဆိုသည့် ဟော်မုန်းက ကိုကင်းသုံးသလို စွဲလန်းစေသည့် ဟော်မုန်းဖြစ်၏။ ချစ်သူကို တစ်ခါတွေ့လိုက်လျှင် ကိုကင်းတစ်ခါ သုံးလိုက်ရသလို ထပ်ကာထပ်ကာ တွေ့ချင်လာသည့်စိတ်ကို ထွက်ပေါ်စေသည်။ သူလည်း နှစ်နှစ်လောက်ကြာလျှင် ဆက်လက်ထုတ်လွှတ်မှု မရှိတော့ဟု ဆိုသည်။ “မြင်ဖန်များတော့ရိုး နမ်းဖန်များတော့ပြယ်” သဘာဝကို ဖြစ်ပေါ်စေသည့် အဓိကလက်သည်ပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်၍ ဗီတာမင် B6 နှင့် မက်ဂနီစီယမ်ဓာတ်အပြည့်အ၀ ရရှိလျှင် ထိုနှစ်မျိုးပေါင်း၍ ကိုယ်ခန္ဓာမှ Dopamine ထုတ်လွှတ်သည် ဆို၏။

နောက်တစ်မျိုးက အခေါ်ရခက်သည့် Fenylethylamine ဆိုသည့် ဟော်မုန်းဖြစ်၏။ သူကတော့ ကျွန်တော်တို့၏ နှလုံးတုန်ရင်ခုန်မှုကို ဖြစ်ပေါ်စေသည့် ဟော်မုန်းဖြစ်သည်။ ဦးနှောက်မှ ထွက်ပေါ်လာသည်။ ၎င်းကြောင့် ရင်ခုန်သံတွေမြန်လာသည်၊ အသက်ရှူသံတွေ သွက်လာသည်။ လက်ဖ၀ါးတွင် ချွေးစေးများ ပျံပြီး သွေးခုန်နှုန်းမြင့်လာပြီးနောက် ပိုမိုပျော်ရွှင်လာစေသည်။ အကြည့်ချင်းဆုံခြင်းကြောင့်လည်း ဦးနှောက်မှ ၎င်းဟော်မုန်းကို ထုတ်လွှတ်နိုင်သည်ဟု ဆို၏။ သည်တော့ ရင်ခုန်ရင်အချစ်ပဲကွယ်ဆိုသည့် သီချင်းတောင် ပေါ့ပျက်ပျက်ကြီးဖြစ်သွားသလို ခံစားရ၏။ ကျွန်တော်တို့၏ ရင်ခုန်သံများကို ကြိုးကိုင်နေသူမှာ သည်ဟော်မုန်းပင် ဖြစ်ပါသည်။

တတိယလိုက်သည် ဟော်မုန်းက Adrenaline ဟုခေါ်သည်။ သူက ပုံမှန်အားဖြင့် ထိုးမယ်ကြိတ်မယ်၊ ရန်ဖြစ်မယ်ဆိုသည့် စိတ်များ ဖြစ်ပေါ်စေသည့် ဟော်မုန်းဖြစ်သည်။ သို့သော် ချစ်သူနှင့်တော့ ဤသို့မဟုတ်။ ချစ်သူနှင့်ရှိနေချိန်တွင်တော့ အမြဲသတိအနေထား ရှိနေအောင် လုပ်ပေးသည်။ စားသောက်ဆိုင်တွင်ထိုင်နေစဉ် ချစ်သူက ခေါင်းမူးသလိုလိုပဲဟု ရေရွတ်လိုက်လျှင် သံပုရာရည်မှာပြီးသားဖြစ်နေသည့် ကိုကိုမမများသည် Adrenaline အားကောင်းသည်ဟု ဆိုနိုင်ပါလိမ့်သည်။ သူကလည်း နှလုံးခုန်မြန်စေသည်။ ထို့ပြင် အစာခြေစနစ်ကို နှေးကွေးသွားစေသဖြင့် ဆာလောင်မှုပါလျော့ကျစေသည်။ ထမင်းမေ့ဟင်းမေ့ ချစ်ဖူးသူများ သိပါလိမ့်မည်။ နှလုံးရောဂါတစ်ခုခု ရှိသူများအနေဖြင့် Adrenaline ဟော်မုန်း များလွန်းလျင် မကောင်းဟု သိရသည်။ နှလုံးအခုန်မြန်လွန်းပြီး ရပ်သွားနိုင်သည့် အန္တရာယ်ရှိပါသတဲ့။

စတုတ္ထက Endorphin အမည်ရသည့် နာကျင်မှုခံစားရချိန်တွင် ကျွန်တော်တို့၏ ကိုယ်ခန္ဓာက ထုတ်လွှတ်သည့် နာကျင်မှုလျော့ပါးစေသည့် မော်ဖိန်းဓာတ်တစ်မျိုးဖြစ်ပါသည်။ ဟီးရိုးအင်းနှင့် ဘိန်းတို့၏ အကျိုးသက်ရောက်မှု ကဲ့သို့ သာမန်ထက်ပို၍ ပိုမိုပျော်ရွှင်ပီတိ ဖြစ်စေသည်။ သူနဲ့တူတူရှိနေရရင် အလိုလိုပျော်နေတယ်ဆိုသူများသည် ဤဟော်မုန်းကြောင့် ဖြစ်ပါသည်။ Endorphin နည်းပါးခဲ့လျှင် စိတ်ကျမှုဖြစ်ရန် ပိုမိုနီးစပ်သည် ဆို၏။

Vasopressin ဟူသည့် ဟော်မုန်းကတော့ တစ်လင်တစ်မယား၊ တစ်ဦးတစ်ယောက်အပေါ်မှာသာ စွဲလန်းခြင်းမျိုးကို ဖြစ်ပေါ်စေသည်။ ဤသည်မှာလည်း မိမိတို့၏ သစ္စာရှိမှုအတွက် ဂုဏ်ယူနေကြရသူများအဖို့ စိတ်ပျက်စရာဖြစ်ပါသည်။ အလိုလိုထွက်ပေါ်လာသည့် ဟော်မုန်းကစေစားသဖြင့် သစ္စာရှိသူများဖြစ်နေရခြင်းက လူ့ဂုဏ်ရည်ကို သေးသိမ်စေသလို ဖြစ်နေသည်။ စိတ်ဝင်စားစရာအချက်အနေဖြင့် Vasopressin သစ္စာဟော်မုန်း အလုံအလောက်ရရှိနိုင်ရန် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသတဲ့။ အယ်လ်ကိုဟောသည် Vasopressin ထုတ်လွှတ်ခြင်းအတွက် အတားအဆီးဖြစ်သည် ဆို၏။ ယစ်ထုတ်များ အိမ်ထောင်ဘက်အပေါ် သစ္စာမရှိတတ်ဘူးလားဟု ချိန်ထိုးကြည့်မိသည်။ အတိအကျမဟုတ်သည့်တိုင် လက်ညှိုးထိုးစရာဖြစ်ရပ်များတော့ အများအပြားရှိနေပါသည်။ သည်ဟော်မုန်းကြောင့် မိမိ၏သစ္စာရှိမှုအပေါ်တွင် ရိုးရိုးသားသား ပြန်လှန်မေးခွန်းထုတ်စရာ ပေါ်လာသည်။

နောက်ဆုံးတစ်ခုက “အချစ်ဟော်မုန်း” ဟု အဓိကသတ်မှတ်ကြသည့် Oxytocin ဖြစ်ပါသည်။ ၎င်းကိုပင် မိခင်မေတ္တာနှင့် ကလေးပုခက်လွှဲစေနိုင်သည့် ဟော်မုန်းဟုလည်း တင်စားခေါ်ကြသည်။ ကလေးနို့တိုက် ကျွေးနေချိန်တွင် အဆိုပါဟော်မုန်းကို ပမာဏအများအပြား ထုတ်လွှတ်ခြင်း ကြောင့်ပင် ဖြစ်ပါသည်။ ချစ်သူနှင့် ပွေ့ဖက်ကြည်နူးသည့် အချိန်တွင်လည်း ထုတ်လွှတ်သည် ဆို၏။ ၎င်းက ချည်နှောင် ဆက်နွယ်ထားမှုကို ခံစားရစေနိုင်ပြီး ကြောက်ရွံ့ခြင်းများကို ဖယ်ရှားပေးနိုင်သည်။ ထို့အပြင် ယုံကြည်မှုကိုလည်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့်ပင် လူအများအပြားသည် ချစ်တင်းနှောခြင်းမပြုမီ ပွေ့ဖက်ပွတ်သပ်ကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤ Oxytocin ဟော်မုန်းကို ဆေးပုလင်းနှင့် ထုတ်လုပ်ထားသည်ကို ပင်တွေ့ရသည်။


ဤသို့ အချစ်နှင့် ပတ်သက်နွယ်နေသည့် ဟော်မုန်းများ အမှန်ပင်ရှိနေပါသည်။ အချစ်၏အကျိုးဆက် အသည်းကွဲခြင်းကို အချိန်တိုအတွင်း မကုစားနိုင်သည်ထားဦး လျော့ပါးဖြေသာရန်မှာ အချစ်နှင့် ဟိုမုန်း ပတ်သက်မှု၊ တစ်နည်း အချစ်နှင့် ဇီဝဗေဒဖြစ်စဉ်ကို အကြမ်းဖျင်းမျှ နားလည်ထားလျှင် ဖြေသာရန်အကွက်တစ်ကွက်မျှ ရလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဤနေရာတွင် မေးစရာတစ်ချက် ရှိပါသည်။ ဟိုမုန်းနှင့်အချစ်တွင် မည်သည်က အရှေ့လာပါသလဲ ဟူ၍ဖြစ်သည်။ ဟိုမုန်းကြောင့် အကျိုးဆက်အဖြစ် ချစ်ရတာလား၊ အချစ်စိတ်ကြောင့်ပဲ ထိုဟိုမုန်းတွေ ဖြစ်ပေါ်လာရတာလား စဉ်းစားကြည့်ရန်လိုသည်။

အချစ်ကြောင့် ထိုဟော်မုန်းတွေ ထွက်လာသည်ဆိုလျှင်တော့ အထွေအထူးပြောနေစရာ မရှိတော့ပါ။ ကျွန်တော် သစ္စာရှိလို့သာ Vasopressin ဟော်မုန်းထွက်လာတာပါ၊ ဟော်မုန်းကြောင့် သစ္စာရှိရတာမဟုတ်ဘူးဟူ၍ ရင်ကော့ ပြောနိုင်ပါလိမ့်မည်။ သို့သော် ကံမကောင်းသည့်အချက်က ကျွန်တော်တို့ ဤသို့ ရင်ကော့ကြွားဝါနိုင် လောက်အောင် ဤအချက်များသည် မရှင်းလင်းပါ။ ချောကလက်စားခြင်းကြောင့် ထိုဟော်မုန်းများ တိုးပွားနိုင်သလို အဆီဓာတ်ကြောင့်လည်း ဖြစ်ပေါ်စေနိုင်သည်။ ဆိုလိုရင်းက အချင်းချင်းပြန်လှန်ဆက်နွယ် နေကြသည့် ကိုင်းကျွန်းမီကျွန်းကိုင်းမီ သဘောတရားများသာ ဖြစ်ပေသည်။ ကျွန်တော်တို့၏ အမြင်အကြား အာရုံများမှတစ်ဆင့် ချစ်သူကို စတင်ခံစားမည်။ ထိုအချိန်တွင် အချိန်ကိုက်ဟော်မုန်းဓာတ်များ ထွက်ပေါ်လာမည်။ ထို့နောက်မှ ထိုဟော်မုန်းကြောင့်ပင် ဆက်၍ ချစ်နေခဲ့ခြင်းဖြစ်သည်။ သည်တော့ ကျွန်တော်တို့၏ သစ္စာမေတ္တာများ၏ ကြီးကျယ်သော တန်ဖိုးအားလုံးသည် မြောင်းထဲမရောက်သွားသေးသည့်တိုင် ကိုးကွယ်စာဖွဲ့စရာ အဆင့်မှတော့ အများကြီးလျော့ပါးသွားရသည်။ ဤနားလည်မှုက အသည်းကွဲခြင်းနှင့် အလွမ်းနာအတွက် ဖြေစရာတစ်ခု ဖြစ်ပါလိမ့်မည်။

စိတ်ပညာအလိုအရ တစ်စုံတစ်ယောက်ကို နှစ်သက်ခြင်းရှိမရှိဆုံးဖြတ်ရန်မှာ စက္ကန့် ၉၀ မှ ၄ မိနစ်အတွင်းသာ ကြာမြင့်သည်ဟု သိရသည်။ ၅၅% သည် ကိုယ်ဟန်သွင်ပြင် အားဖြင့်၊ ၃၈% သည် အသံနေအသံထား အနိမ့်အမြင့်နှင့် ၇% က ပြောသည့်စကားများကြောင့် ချစ်ကြိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အပြောကောင်းခြင်းကြောင့် ချစ်သွားရသည် ဆိုသည်မှာ ရာနှုန်းသိပ်မများ လှပါ။ ဤသို့ မြင်မြင်ခြင်းအချစ်တွင် ရုပ်ရည်ကသာ အဓိကကျနေကြောင်း တွေ့ရပေသည်။

သည်တော့ အချစ်ဆိုသည်မှာ သက်ရှိမျိုးစိတ်များကို ရှင်သန်နေအောင်၊ တစ်နည်း ဆက်လက်မျိုးပွားနိုင်အောင် ဦးနှောက်မှထုတ်လွှတ်သည့် ဓာတုဗေဒများအားဖြင့် သဘာဝတရားကြီးက ပေးထားသည့် လက်ဆောင်သာ ဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအရာကိုပင် ကျွန်တော်တို့က အချစ်ဟု ခေါ်ကြသည်။ အချစ်ဟူ၍ ခံစားကြသည်။ လူ့စိတ်ခံစားမှုများအားလုံးသည် လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရန်နှင့် မျိုးပွားနိုင်ရန် သဘောဝက ဖန်တီးပေးထားသည့် လှပသောနည်းလမ်း ဖြစ်နိုင်ပါသည်။ ဦးနှောက်က ထုတ်လွှတ်သည့် ကျွန်တော်တို့ မတွန်းလှန်နိုင်သည့် ဓာတုဓာတ်များက ချစ်ကျွမ်းဝင်မိဖို့ ဖျားယောင်းသည်။ မိမိချစ်သူကို ကိုယ်တိုင်ရွေးချယ်သည်ဟု ထင်မှတ်စေသည်။ သို့သော် ကျွန်တော်တို့မှာ သဘာဝတရားကြီး၏ ချစ်စရာ အစီအမံ၏ ပျော်ရွှင်နေသော သားကောင်များမျှသာ ဖြစ်ပေသည်။ ကျွန်တော်သည်လည်း လူသားတစ်ဦးသာ ဖြစ်သဖြင့် ဤသို့ပြောရာတွင် အချစ်၏ဂုဏ်ရည်ကို သေးသိမ်အောင်လုပ်ရန် ရည်ရွယ်ရင်းမရှိပါ။ အချစ်ကြောင့် ပျော်ရွှင်နေကြသူများကို စော်ကားရန် မရည်ရွယ်ပါ။ အချစ်ကြောင့် စိတ်ဒုက္ခအကြီးအကျယ်ရောက်နေ ကြရသူများ ဖြေသာစေရန်အတွက်သာ အမှန်တရားအပေါ် အခြေခံထားသည့် အချက်အလက်များကို ဝေငှလိုခြင်း ဖြစ်ပါသည်။ အကယ်၍ စာဖတ်သူသည် အသည်းကွဲနေသူဖြစ်ခဲ့လျှင် သဘာဝတရားကြီး၏ လှပသောအစီအမံသည် လက်တွေ့ဘ၀နှင့် ခံဝင်ခွင်ကျမှုမရှိသဖြင့် ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားနေရခြင်း မျှသာဖြစ်ကြောင်း သတိရပါ။ အံဝင်သူများထက် အံမ၀င်သူများက ပိုမိုများပြားသည်ပဲ မဟုတ်လား။

◄ တေဇာ ► နိုဝင်ဘာ (၁၃) ၂၀၀၉

Ref:     Love & Hormones - Hormones & love
           http://www.oxytocin.org/oxytoc/

Comments

  1. very nice ...thank you brother

    ReplyDelete
  2. ရေးထားတာမိုက်တယ်ဗျာ ..ကျွန်တော် လျှောက်တွေးကြည့်ထားတာနဲ့ လဲ တူတယ် :D
    --------------------------------------------------------
    မိန်းခလေး ခန္ဓာကိုယ် အဖွဲ့ အစည်းမှာ အမ ဂုဏ်သတ္တိ cell တွေ များတယ် .
    ယောက်ျားလေးတွေ မှာ အဖို ဂုဏ်သတ္တိ cell တွေများမယ်.
    (ကျွန်တော်တို့ ခန္ဓာကိုယ်မှာဖွဲ့ စည်းထားတဲ့ atom တွေ၇ဲ့ proton , electron charge အနဲအများလို့ထင်မိတာပဲ) ဆန့် ကျင်ဘက် ၂ ခု ဆုံမိရင် (+),(-) cell တွေ က attraction ဖြစ်ကြမယ်။
    ယောက်ျားလေးနဲ့ မိန်းခလေး ခပ်လှမ်းလှမ်း အကွာအဝေးတခု မှာ မတ်တပ်ရပ်နေကြရင် .. ဆွဲအားက လျော့ မယ် .
    နီးနီးနားနား ဆိုရင် ဆွဲအား ပိုလာမယ် .. ထိမိ ကိုင်မိရင် အဲ့ဒိထက် ဆွဲအားပို ပြင်းမယ် .
    ဒါ မိသားစုဝင်မဟုတ်တဲ့ ဘယ် male , female မဆို သက်ရောက်မှု ရှိတဲ့ ဆွဲအားတွေ လို့ ထင်တယ်.
    အဲ့ဒိ ဆွဲအားဆိုတာ အပေါ်မှာပြောတဲ့ ဟော်မုန်း ဓါတ် ထုတ် တယ်ဆိုတဲ့ ကိစ လို့ ထင်တယ်.
    (ထင်တယ်တွေ ထပ်နေပီ:D)
    ဆိုတော့ couple love ဆိုတာ ..
    ဘယ်ယောက်ျားလေး နဲ့ ဘယ်မိန်းခလေးနဲ့ မဆို နီးနီးကပ်ကပ် ရှိတိုင်း ဖြစ်နိုင်ခြေ ၉၀% ရှိတယ်လို့ ယူဆတယ်.
    ယောက်ျားလေး မိန်းခလေး အချစ်ဆိုတဲ့ ဟာကို ဘာမှ မဟုတ်တဲ့ သာမာန် သဘာဝ attraction တခု လို့ ပဲမြင်မိတယ် ..
    -------------------------------------------------------------
    family love , maternal love ကျတော့ ပိုစိတ်ဝင်စားစရာကောင်းနေတယ်
    ဘယ် အရာ တွေ က attract လုပ်လဲ ..
    hormone ကြောင့်ပဲ လား ..

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...