Skip to main content

ငကြောက်

ကျွန်တော်က ကြောက်တတ်ပါသည်။ အလွန့်အလွန်ကို ကြောက်တတ်ပါသည်။ ငယ်ငယ်က စာမရမှာ၊ ဆရာမအရိုက်ခံရမှာ ကြောက်ခဲ့ပါသည်။ သို့သော် ကြောက်ကြောက်နှင့်ပင် စာမကျက်ဘဲ နေနိုင်သမျှ နေခဲ့ပါသည်။ ကြောက်ကြောက်နှင့်ပင် အရိုက်ခံခဲ့ရပါသည်။ မိဘများ အဆူအပူခံရမှာ ကြောက်ပါသည်။ ဆိုးသည်ဟု မိဘများက သတ်မှတ်မည်ကို ကြောက်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ လိမ္မာချင်ယောင်ဆောင်ပါသည်။  “ငါ့သားလေးက လိမ္မာတယ်” ဟူသော မေမေ့စကားကို သာယာခဲ့ပါသည်။ သူငယ်တန်းအသေး (မူကြို) တွင် “သုံးလူ့ရှင်ပင်” ကို အာဂုံဆောင်နိုင်ခဲ့ပါသည်။ (ဤ ၀ါကျကိုပင် ကိုယ်ရည်သွေးသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာမည်ကို “ကြောက်” သဖြင့် ဖျက်ပစ်လိုက်ပြန်ထည့်လိုက်  ဝေခွဲမရဖြစ်နေပါသည်။ နောက်ဆုံး အခြားသူများ၏ အထင်ကို ကြောက်သည်ထက် မိမိကိုယ်ကိုယ် ထင်သောအထင်ကို ကြောက်သည်က ပိုသဖြင့် ထည့်လိုက်ပါသည်)

လူပျိုပေါက်အရွယ်ရောက်တော့ မိဘက ဆိုးသည်ဟုသတ်မှတ်ခံရမှာ ကြောက်သည်ထက် ရွယ်တူအပေါင်းအသင်းများက “ငကြောက်” ဟု အထင်ခံရမှာ ပိုမိုကြောက်လာသည်။ အဆိုပါ နှိုင်းရသဘောတရားကြောင့် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးရစ်ရန်ဖြစ် စသည်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ခဲ့ပါသည်။ ငကြောက်အဖြစ်မှ လွတ်ကင်းခွင့်ရမည့် အဆင့်တစ်နေရာတွင် မိမိကိုယ်ကိုယ် ထားရပါသည်။ နားရွက်တံတွေးလာဆွတ်လျှင် ၀ိတ်တန်းမတူလည်း ရှုံးမယ်မှန်းသိသိ၊ ကြောက်ကြောက်ကြီးနှင့်ပင် ထိုးရပါသည်။ နာမှာကြောက်သည့် အကြောက်သည် “ငကြောက်” ဖြစ်မှာကြောက်သည့်အကြောက်ကို လက်မြှောက်လိုက်ရခြင်းမျှသာ ဖြစ်ပါသည်။ ဤထက် မပိုပါ။ ယခုသော် သူငယ်ချင်းများအမြင်တွင် ငကြောက်ဖြစ်မှာ၊ ယောက်ျားတစ်ယောက်၏ သူရသတ္တိ မပြည့်ဝဟု အထင်ခံရမှာကြောက်သည့် အကြောက်ထက်၊ လူတကာအမြင်တွင် “သေရမှာကြောက်သည်” ဟု အထင်ခံရမည်ကို ပိုမိုကြောက်ရွံ့လာ ပြန်သည်။ သေရမှာ လူတိုင်းကြောက်ကြသည်ဟူသည့် အချက်မှာ ရှင်းလင်းလှသည့် တိုင်အောင် ဘာကြောင့် ဤသို့ဖြစ်နေရသနည်း...။

ပထမတစ်ချက်မှာ ဖတ်ခဲ့ဖူးသော သူရဲကောင်းဝါဒအသားပေး ပုံပြင်ဝတ္ထုများ၏ လွှမ်းမိုးမှုကို နုံနုံအအဖြင့် လက်ခံခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ ဇော်ဝိတ်၊ ပထမံဆရာသိန်းပါ မကျန် ချီခွေဗားရား၊ မာရှယ်တီတိုးအထိ လွှမ်းမိုးမှုရှိခဲ့သည်။ ပုဂံသူရဲကောင်းလေးယောက်အကြောင်း အနည်းအကျဉ်းပါချင် ပါမည်။ မောင်နှင်းဆွေ၏ ၀တ္ထုများထဲမှ သိုင်းလောကသားများ ပါချင်ပါမည်။ ထို့ကြောင့် ကြောက်တာကို အသာထား မကြောက်ချင်ယောင် ဆောင်ရခြင်းသည် အကျင့်ပါနေခဲ့သော ပုံမှန်အလုပ်ပမာ ဖြစ်ခဲ့သည်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ်ပင် မကြောက်ချင်ယောင်ဆောင်နေတာလား တကယ်မကြောက်တာလား ဝေခွဲမရတော့။ ကိုယ်လိမ်သောအလိမ်ကို ကိုယ့်ဘာသာကိုယ် ပြန်ယုံချင်သလိုလို ဖြစ်လာသည်။ မည်သို့ပင်ဆိုစေ ကျွန်တော် ကြောက်ခဲ့ပါသည်။

ဒုတိယအချက်အနေဖြင့် ယနေ့လူ့ယဉ်ကျေးမှုတွင်ပင် “အကြောက်တရား” ကို အသရေယုတ်သည့်အလား ထင်မြင်နေကြဆဲ ဖြစ်ပါသည်။ ရှေးဦးလူသားများအဖို့ နေ့စဉ်နှင့်အမျှ စစ်တိုက်၊ အမဲလိုက် စသည့် အရဲကိုးရသည့်အလုပ်များကို နိစ္စဓူဝ လုပ်ကြရသည်။ မိမိလူမျိုးစုကို ကိုယ်စားပြု၍ အန္တရာယ်များကို ရင်ဆိုင်ကာကွယ်ကြရသည်။ ထို့ကြောင့် အဆိုပါ သူရသတ္တိသည် တန်ဖိုးမြင့်သည့်နေရာတွင် ရှိပေလိမ့်မည်။ ထိုင်ကြောက်နေလျှင် မျိုးနွယ်စုကို ကာလွယ်ဖို့မပြောနှင့် မိမိကိုယ်တိုင်ပင် ဆက်လက်အသက်ရှင်ရပ်တည်ဖို့ လွယ်မည်မဟုတ်ပါ။ ထို့ကြောင့် သတ္တိရှိသောသူသည် စင်ပေါ်ရောက်ရပေလိမ့်မည်။

ယနေ့ယဉ်ကျေးမှုသည်လည်း ရှေးဦးယဉ်ကျေးမှုနှင့် အခြေခံအားဖြင့် ဘာမျှထူးသည်မဟုတ်ပါ။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် မရှိဘူးဟု သတ်မှတ်ခံရလျှင် သစ္စာဖောက်ဟု စွပ်စွဲပေလိမ့်မည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဘာသာရေးအရ၊ လူမှုရေးအရ မတူညီသည့်အရာများအပေါ် ဥပဒေဘောင်အတွင်းမှ ယဉ်ယဉ်ကျေးကျေး တိုက်ပွဲဆင်ရသည်။ ထမင်းတစ်လုပ်ရှာစားရသည့် အရေးသည် ရှေးဦးလူသား အမဲလိုက်ပုံနှင့် ပုံသဏ္ဍာန်အားဖြင့် များစွာကွာခြားခဲ့ပြီဖြစ်သော်လည်း အနှစ်သာရ အားဖြင့် ထပ်တူထပ်မျှ တူသည်။

ဤတွင် “သတ္တိ” ၏ ပုံသဏ္ဍာန်လည်း ပြောင်းလဲလာသည်။ သတ်ရဲဖြတ်ရဲသည့် တိုက်ပွဲဝင်သတ္တိထက် ဉာဏ်ရည်သတ္တိဟု ဆိုရမည့် “ပါးရည်နပ်ရည်ရှိခြင်း”၊ “အကွက် ရွှေ့တတ်ခြင်း”စသည့် Business Man တစ်ယောက်၏ သတ္တိများ အစားထိုးဝင်ရောက်လာသည်။ အသက်ရှင်ရပ်တည် (Survive) နိုင်ရန်အတွက် “သူရဲကောင်းဝါဒ” သည် ဒီမိုကရေစီနည်းကျ လူပြိန်းကြိုက်ဝါဒအဖြစ် ယနေ့တိုင်အောင် တည်ရှိနေပါသည်။ ထို့ကြောင့် အခြားတစ်ဘက်တွင် “အကြောက်တရား” သည် အသရေယုတ်သည်ဟု ထင်မြင်နေရပါသည်။ ထို့ကြောင့်ပင် အသရေယုတ်ခြင်းကို ရှောင်ရှားနိုင်ပြီး ဂုဏ်ကျက်သရေရှိသည့် အဖြစ်သို့ ရောက်နိုင်ရန်အတွက် ကျွန်တော်၏ “အကြောက်စိတ်” က ကျွန်တော့်ကို ကြောက်ကြောက်ကြီးနှင့် မကြောက်ချင်ယောင်ဆောင်ရန် မောင်းနှင်နေပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့သည် သဘာဝအားဖြင့် ကြောက်နေကြဆဲ ဖြစ်ပါသည်။ တကယ်တော့ အကြောက်တရားသည် အားကောင်းမောင်းသန် ဗီဇစိတ် (Instinct) တစ်ခု ဖြစ်ပါသည်။ အားနည်းချက်တစ်ရပ် မဟုတ်ပါ။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သဘာဝကပေးထားသည့် စက်မှုဗေဒတစ်ရပ် ဖြစ်ပါသည်။ ကြောင်ကလေးတွေလည်း ကြောက်ကြပါသည်။ လင်းနို့များလည်း ကြောက်ကြသည်။ ၀ံပုလွေများလည်း ကြောက်ကြသည်။ ထို့အတူ လူတို့လည်း ကြောက်ကြပါသည်။ တောတွင်းသားရဲ အရိုင်းအစိုင်းများ၏ နိုင်ရာစားဥပဒေတွင် ရှင်သန်နေထိုင်နိုင်ရန် အကြောက်တရားသည် သဘာဝကာကွယ်ရေးစနစ်တစ်ရပ် ဖြစ်ပါသည်။ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သမင်တစ်ကောင်သည် ကျားသစ်အစားခံရရန် ပိုမိုနီးစပ်ပါသည်။ အဆိုပါကျားသစ်သည်လည်း ခြင်္သေ့ကြီးတစ်ကောင်ကို ခုန်အုပ်ရဲသည်အထိ ရဲရင့်နေလျှင် ဒုက္ခတွေ့နိုင်သည်။ လူတို့တွင်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။

ကျွန်တော့်အတွက်မူ မိန်းကလေးတစ်ယောက်နောက်သို့ လိုက်ရမှာ ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို သူငယ်ချင်းများ ပြက်ရယ်ပြုကြမည်ကိုလည်း ကြောက်ပါသည်။ ကျွန်တော် သေရမှာကို ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို လူများ ပြက်ရယ်ပြုမှာလည်း ကြောက်နေပါသည်။ ကျွန်တော် ယုံကြည်ချက်အတွက် ထောင်ထဲဝင်ရမှာ ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို နောင်လာနောက်သားများ ပြက်ရယ်ပြုကြ မည်ကိုလည်း ကြောက်နေပါသည်။

◄ တေဇာ ► ဒီဇင်ဘာ (၂၇) ၂၀၀၉

Comments

  1. ထောင်ထဲဝင်ရမှာ ကြောက်တယ်။ နောက်လာနောက်သားတွေ ပြက်ရယ်ပြုကြမှာ ကြောက်တယ်။
    သေရမှာ ကြောက်တယ်။ ရှင်လျက် နာမည်မဲ့တာ ကြောက်တယ်။
    ခက်ပါတယ်။
    အရှက်နဲ့ အကြောက်။
    နာမည်ဂုဏ်သတင်း ။
    ကိုယ်ကျိုးစွန့်လိုမှုနဲ့ ရေသာခိုလိုမှုအကြား လူပီသစွာ အသက်ရှုကျပ်နေမိ။

    ReplyDelete
  2. ဒုက္ခပဲ ရှိသမျှ အကုန်ကြောက်နေတယ်။
    (မိမိအား ငကြောက်လို့ အထင်ခံရမှာ ကြောက်ခြင်းအတွက် ငကြောက် အက်ဆေး အားအပုပ်ချလိုက်ပါတယ်။)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

You have 24 notifications about Eain and others