Skip to main content

စကားလုံးများ၏ ကိုယ်ရေးပုံတူကား

စကားလုံးများသည် ကျည်ဖြည့်ထားသည့် ပစ္စတိုများပင်ဖြစ်သည်။ ~ ယန်းပေါဆာ့ထ် ~

စကားလုံးများသည် စွမ်းအားသတ္တိ အပြည့်ရှိ၏။ စကားလုံးများသည် တန်ခိုးသြဇာ ကြီးမား၏။  စကားလုံးများသည် ကျောက်ဆိုင်ကျောက်သားများ ပမာ ခိုင်မာမြဲမြံ၏။ စကားလုံးများသည် စူးရှထက်မြက်၏။ စကားလုံးများသည် သွေးထွက်သံယို ဖြစ်တတ်၏။ ထို့ကြောင့် ပစ်ခတ်ဆော့ကစားခြင်း မပြုနိုင်ရန် စကားလုံးများကို လူကြီးများ လက်လှမ်းမမီသော နေရာတွင် ထားသင့်၏။ စကားလုံးများကြောင့် ရရှိသော ဒဏ်ရာ အညိုအမဲများသည် မသေမရှင် နှိပ်စက်နိုင်၏။ သေချင်စိတ်ပေါ်လာအောင် ပြုစားနိုင်၏။ စကားလုံးများသည် စုန်းမများဖြစ်၏။ လိုလိုလားလား အသက်စွန့်ချင်စရာ ကောင်းလောက်အောင်ပင် ချောမောလှပ၏။ စကားလုံးတို့သည် ဝေဆာနေသော ပန်းဥယျာဉ်အလား လှပ၏။ ယခု ကျွန်တော်သည် ပန်းဥယျာဉ်အလယ်တွင် မတ်မတ်ရပ်၍ စကားလုံးများဖြင့် ပစ်ခတ်ဆော့ကစား နေသူတစ်ယောက် ဖြစ်ပါသည်။

စကားလုံးများသည် အသုရာချောက်ကြီးပမာ နက်ရှိုင်း၏။ စကားလုံးများကို အနီးကပ် စူးစမ်းလေ့လာရခြင်းသည် အလွန်အန္တရာယ်များ၏။ စကားလုံးများသည် ချောက်ကမ်းပါးတွင် တွယ်ကပ်ပေါက်ရောက်နေသော နွယ်ပင်များပမာ ရောထွေးလိမ်ယှက်နေ၏။  စကားလုံးများသည် လက်တွေ့ဘ၀နှင့် အလင်းနှစ်များစွာ ဝေးကွာလွန်းလှ၏။ စကားလုံးများသည် ကြယ်များပမာသာ ဖြစ်၏။ အတိတ်ဖြစ်စဉ်အား ပစ္စုပ္ပန်တစ်နေရာမှ ငေးမောနေရသလို သန်းခေါင်ယံညကောင်းကင် ဖြစ်၏။ ကြယ်များကဲ့သို့ပင် ပျောက်ဆုံးခဲ့ပြီးဖြစ်သော်လည်း စကားလုံးများ၏ အလင်းရောင်သည် အနာဂတ်အချိန်ထိ တစ်လက်လက် တောက်ပနေနိုင်သေး၏။ သို့သော် ကြယ်၏အလင်းရောင်သည် ကြယ်ကို ကိုယ်စားမပြုသလို စကားလုံးများသည်လည်း အဆိုပါစကားလုံး၏ အနက်ကို ကိုယ်စားပြုခြင်းမရှိ။ ယခု ကျွန်တော်သည် သန်းခေါင်ယံည ကြယ်စင်များကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာနေသည့် ပစ္စုပ္ပန်တစ်နေရာမှ လူတစ်ယောက်သာ ဖြစ်ပါသည်။

မျက်လုံးတစ်လုံးသည် အဆိုပါမျက်လုံးအား ပြန်လည်ကြည့်မြင်နိုင်စွမ်းမရှိသလို၊ သေနတ်တစ်လက်သည် အဆိုပါသေနတ်အား ပြန်လည်ပစ်ခတ်နိုင်စွမ်းမရှိသလို စကားလုံးများအကြောင်း စကားလုံးများဖြင့် ဖွဲ့ဆိုရာတွင် အချည်းအနှီးဖြစ်ခဲ့ရသူတစ်ယောက်သည် ကျွန်တော်ဖြစ်ပါသည်။ ကြယ်အလင်းများသည် ကြယ်စင်များတည်ရှိကြောင်း သက်သေခံချက် မဟုတ်သကဲ့သို့ စကားလုံးများသည် “အနက်အဓိပ္ပာယ်” တည်ရှိကြောင်း သက်သေမပြနိုင်ခဲ့။ အခင်းဖြစ်ပွားသည့်အချိန်တွင် ကောင်းကင်၌သာလျက်ရှိကြောင်း အလီဘိုင်ပြသည့် ကြယ်တစ်စင်းကို မည်သို့ယုံကြည်ရမည်နည်း။ “ကျွန်တော်သည် ချောမောလှပသော လူငယ်တစ်ယောက်ဖြစ်ပါသည်” ဟူသည့် သဒ္ဒါနည်းအရ မမှားသော ၀ါကျတစ်ကြောင်းသည် ဖတ်ရှုသူတစ်ဦး တစ်ယောက်ကို အဘယ်ကြောင့် ခေါင်းတယမ်းယမ်း ဖြစ်စေရပါသနည်း။ ဆတ်ဆတ်ထိမခံသည့် အန္တရာယ်ရှိ သေနတ်တစ်လက်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြင်းမရှိမှုသည် နင့်သီးလွန်းလှသည်။ စကားလုံးတို့သည် ကိုယ့်ကိုယ်ကိုယ် ဖွဲ့ဆိုဖို့ရာ မစွမ်းသာခြင်းသည် ကျိန်စာတစ်ရပ်သာ ဖြစ်ပေသည်။ ထို့ကြောင့် စကားလုံးများသည် စကားလုံးများသာဖြစ်သည်ဟု အရှင်းဆုံးဖွင့်ဆိုရန်မှတစ်ပါး ဘာမျှ ထူးထူးခြားခြား ကျွန်တော်ပြောနိုင်တော့မည် မထင်။ တကယ်တော့ စကားလုံးများနှင့် ကစားမိခြင်းကြောင့် ခံစားခဲ့ရသော နက်နဲလှသည့် ဝေဒနာသည် ပန်းဥယျာဉ်တစ်ခုအတွင်းမှနေ၍ တကယ်မရှိတော့သည့် ကြယ်စင်အား လွမ်းဆွတ်ငေးမောနေရခြင်းနှင့် ခပ်ဆင်ဆင်သာ တူပါလိမ့်မည်။

§ § § § § § §

___________________________________________________

မှတ်ချက်။ ကောင်းကင်တွင် မြင်နေရသော ကြယ်အများစုမှာ တကယ်မရှိကြတော့ပါ။ အလင်းနှစ်များစွာ ဝေးကွာနေ၍သာ အဆိုပါကြယ်ရှိခဲ့စဉ်က အလင်းကို ကျွန်တော်တို့ ယနေ့အချိန်တွင် မြင်နေရခြင်း ဖြစ်ပါသည်။ ညဥ့်ကောင်းကင်ယံသည် အတိတ်၏ ရုပ်ပုံလွှာတစ်ခုမျှသာ ဖြစ်ပါသည်။

___________________________________________________

◄ တေဇာ ► ဒီဇင်ဘာ (၁၆) ၂၀၀၉

Comments

  1. ခံစားမှုတွေကို ဘာသာစကားနဲ့ အပြည့်အဝမဖော်ပြနိုင်ဘူးတဲ့။
    ဒါပေမယ့် စကားလုံးတွေနဲ့ လူသတ်မှုလည်း ရှိနေပြန်တာ။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

You have 24 notifications about Eain and others