Skip to main content

ရွှေပြည်တန်

[ နော်ဇာ ]

သည်တစ်ခေါက် ရန်ကုန်မှ ပြန်လာခဲ့ရသည်မှာ တမျိုးကိုတမျိုးကြီးပင်။ ကျမ၏ ခင်ပွန်းသည် ကိုလူအေးအား သူ့တွင် အပြစ်မရှိဘဲနှင့် ဟိုတနေရာမှလူ၏ ရပ်နှင့်ရွာနှင့် ဆက်ဆံမှုမကောင်းသည်ကို အကြောင်းပြကာ ခေတ္တခဏ ပြောင်း၍နေပါဟု ဆိုကာ ရပ်ဝေးသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်မှာ အချိန်ကာလ အတန်ကြာပြီ ဖြစ်ကြောင်းကို သိထားသော ကျမ၏ ငယ်သူငယ်ချင်းဖြစ်သူ အေးကြည်က ကျမထံ ကြေးနန်းရိုက်၍ ရန်ကုန်ဆင်းခဲ့ရန် ခေါ်သဖြင့် ကျမ ရန်ကုန်သို့ သွားရသော အခေါက်က ဖြစ်လေသည်။



မုံရွာမှ ထွက်ခဲ့စဉ်က အဖော်အဖြစ် မမခင်ပါလာသော်လည်း အပြန်ခရီး၍မူ ရန်ကုန်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော မမခင်၏ ခင်ပွန်းသည်က အလုပ်မှ ခွင့်ယူပြီး မမခင်ကို လိုက်ပို့မည်ဖြစ်ရာ ခွင့်ရက်အခဲကြောင့် ကျမအား တရက်တာမျှပင် မစောင့်နိုင်တော့သည့် အဖြစ်ကို အကြောင်းပြကာ တရက်စော၍ ပြန်သွားနှင့်ပြီဖြစ်ရာ ကျမတစ်ယောက်တည်းသာ ပြန်ရမည် ဖြစ်လေသည်။ မီးရထားနှင့် တယောက်တည်း ခရီးမသွားဖူးသော ကျမမှာ အတန်ပင် အားငယ်မိသော်လည်း `ဟန်´မပျက်ပင် ကျမကို လိုက်လံနှုတ်ဆက်ကြသော ဆွေမျိုးများအား ပြန်လည်နှုတ်ဆက်နေကြရလေသည်။ အကိုချစ်လှိုင်နှင့် အကိုကြီးမောင်ကမူ ၎င်းတို့ဝတ္တရားအတိုင်း မီးရထားတွဲ နံပါတ် ၅-တွင် စီးနင်းလိုက်ပါမည့် ပွဲစားကိုဝင်းမောင်အား လမ်းတလျှောက်တွင် တတ်နိုင်သမျှ စောင့်ရှောက်သွားပါရန် အထပ်ထပ်မှာကြားနေသည်ကို တွေ့မြင်ရပါသည်။ ကျမစီးသည့် မီးရထားတွဲ နံပါတ်မှာ (၆) ဖြစ်၍ ကျမထိုင်ရမည့် ခုံနံပတ်မှာ ၆၁- ဖြစ်ပါ၏။

မီးရထားထွက်မည့်အချိန်မှာ နေ့လယ် နာရီပြန် ၂-ချက်ဖြစ်သော်လည်း အိမ်တွင် အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သော ဦးလေးလှဖေနှင့် ကိုစိန်မောင်တို့၏ ၀ီရိယစိုက်ထုတ်ပေးမှုကြောင့် ရန်ကုန်ဘူတာကြီးတွင် နာရီပြန်တစ်ချက်ကတည်းက ရောက်ခဲ့ကြပါသည်။

ကျမတို့ ငယ်စဉ်ကတည်းက ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသော အမ မမမြဲမှာ ရန်ကုန်သို့ ကျမ ရောက်၍ ပြန်တိုင်းပင် အညာကိုလွမ်းလှချည်ရဲ့ဟု ငိုယိုနှုတ်ဆက်တတ်သူ ဖြစ်ပါ၏။ ယခုလည်း ကျမက လက်အုပ်ချီ၍ ကန်တော့သည်ကို မကြည့်နိုင်၊ ဆုမပေးနိုင်ဖြစ်ကာ တဖက်သို့လှည့်၍ ရှိုက်နေလေသည်။ ကျမမှာ မနေတတ်မထိုင်တတ်ဖြစ်နေလျက်က တူ-တူမများဖြစ်ကြသော အိုးဝေနှင့် အာဝါးတို့အား ကျောပွတ် ခေါင်းပွတ်လုပ်ရင်း အချိန်ဖြုန်း၍ နေရပါသည်။ ဘူတာရုံစင်္ကြံတွင် ခရီးသည်များ၊ လိုက်လံပို့ကြသူများသည် ပုရွက်ဆိတ်အုံကို တုတ်ဖြင့် ထိုးဆွထားသည့်အလား လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကျမသည် မီးရထား ထွက်ချိန် နီးလာသောအခါ ကျမထံ လာရောက်နှုတ်ဆက်ပါဦးမည်ဟု ပြောထားသော သူငယ်ချင်း ခင်အေးကြည်အား လည်ပင်းတရှည်ရှည် မြှော်၍ နေမိပါသည်။

မီးရထားထွက်ရန် အချက်ပေးဥသြဆွဲပြီ ဖြစ်သဖြင့် ကျမသည် ကျမထိုင်ရမည့် ခုံနံပတ်တွင် နေသားတကျဖြစ်နှင့်အောင် နေရာယူလိုက်သည်နှင့်တပြိုင်နက် ရုတ်ချည်း ကျမအနီးတွင် လာ၍ ရပ်သူကား ခင်အေးကြည်မဟုတ်၊ ကျမနှင့် တခုံတည်းဖြစ်သော ခုံနံပါတ် ၆၂-တွင် ထိုင်ရမည်ဖြစ်သော မိန်းမပျိုတယောက် ဖြစ်နေတော့သည်။

မီးရထားသည် တစ်ငြိမ့်ငြိမ့် စတင်ထွက်ခွာလာပေပြီ။
မမမြဲ၊ အကိုချစ်လှိုင်၊ အကိုကြီးမောင်တို့သည် အိုးဝေ၊ အာဝါးတို့နှင့်အတူ လက်ကလေးများလှုပ်ယမ်းလျက် ကျန်ရစ်ကြတော့သည်။

§ § § § §

ယခုမှ ကျမသည် ကျမနှင့်တခုံတည်း ဆက်လျက် ခုံနံပါတ်တွင် ထိုင်နေသော အမျိုးသမီးကို သေချာစွာ ကြည့်လိုက်မိသည်။ သူ့ကိုကြည့်ရသည်မှာ နဲနဲမှ တည်ငြိမ်ခြင်းမရှိပေ။ သူ့လက်ဆွဲ သားရေသေတ္တာကြီးမှာ ကြီးမားလှပါ၏။ စားသောက်ဖွယ်များ ထည့်ထားမည်ဟု ထင်ရသော ကြိမ်ကြမ်းသေတ္တာတလုံးလည်း ပါ၏။ လက်ပွေ့အိတ် လှလှကလေး တလုံးအပြင် ကြိမ်နုနုကို ရက်လုပ်ထားသည့် သေတ္တာငယ်တလုံးကိုလည်း တယုတယ ကိုင်ထားပါသေးသည်။ ၎င်း၏ လက်တွင်းမှ ကိုင်ထားသော ကြိမ်သေတ္တာငယ်ကလေးကို ဖွင့်လိုက်၊ ပိတ်လိုက်လည်း ခဏခဏ လုပ်နေသည်။

သူ့မျက်နှာတခုလုံးကို ကြည့်သော် မျက်တောင်ကို တမင် ကိရိယာဖြင့် ကော့ထားသည်ကို စိုစိုရွှဲရွှဲပင် တွေ့မြင်နိုင်ပါသေး၏။ မျက်လုံးမှေးမှေး၊ မျက်ခွံမို့မို့တွင် စိမ်းပြာ ရင့်ရောင်ကို ခြယ်ထား၍ မျက်ခုန်းမွှေးမှာ ၀ါဝါ၀င်းရွှေ၏ ဆွဲဟန်အတိုင်း ဇင်ယော်တောင်လို ကော့ပျံနေပါ၏။ ပါးနှစ်ဖက်မှာ အသားဖြူဖြူတွင် ပုံ့ပုံ့ကလေး ရဲနေသည်။ နှုတ်ခမ်းမှာမူ မြင့်မြင့်ခင်၏ နှုတ်ခမ်းဆိုးမူအတိုင်း ဆိုးထားလျက် ဆံပင်ပြင်ဆင်ထားပုံမှာကား ရှေ့ကကြည့်လျှင် တခေါင်းလုံးပင် မာရီလင်မွန်ရိုးလောက်နီးနီး ပွယောင်းယောင်း ရှိသည်ကို တွေ့ရလျက် နောက်ကမူ တထွာလောက်သော ဆံပင်ကို တရုတ်မဆန်ဆန် ကောက်ထားသေးသည်။ မြန်မာ့ဆင်ယင်ထုံးဖွဲ့မှုကား နည်းနည်းမျှ မပါပေ။ ကျမမျက်စိအမြင်တွင် မျက်လုံး၊ မျက်ခုန်း၊ နှုတ်ခမ်း၊ ပါးမို့မို့၊ ခေါင်းမှဆံပင် တခုစီကို ကြည့်ရသည်မှာ လှသလိုလိုရှိသော်လည်း တစ်မျက်နှာလုံးကိုခြုံ၍ ကြည့်လိုက်လျှင်တော့ နည်းနည်းမျှ ဣနြေ္ဒမရှိ။ မိတ်ကပ်ဖြင့် မည်မျှပင် ခြယ်သထားသော်လည်း တွန့်နေသော အရည်ကလေးများမှာ နဖူးနှင့် ပါးမို့မို့လေးတို့တွင် အနည်းငယ်စီ ပေါ်လွှင်နေလေသည်။

အ၀တ်အစားကိုကြည့်ပါမူ ဘော်လီပုံကျကျနှင့် အပေါ်အင်္ကျီမှာ အင်္ကျီရင်ဖုံးတွင် ပိတ်သီးတပ်၊ ဆွစ်ဇာလန် ဇာဖျင်အဖြူ အင်္ကျီလက်စကကို ၀တ်၍ လုံချည်မှာ ရခိုင်လုံချည် စိမ်းပြာရောင် ငွေချည်ထိုးကို ခင်ယုမေလို ခြေသလုံးအလယ်နီးနီး ခပ်တိုတို ၀တ်ထားလေသည်။ ညာဘက်လက်တွင် မိန်းမ၀တ် ဒန်ရောင် နာရီတစ်လုံး၊ ဘယ်ဘက်လက်တွင် မနီလာ ရွှေလက်ကောက် တုတ်တုတ် တဖက်တည်းနှင့် ညာလက်ညှိုး၌ စိန်တစ်လုံးမြှုပ် မောင်းကွင်းလက်စွပ်တကွင်း၊ လည်ပင်းတွင် ယိုးဒယားလုပ် ရွှေကြိုး သေးသေးတိုတိုလေး တကုံး၊ နားမှာ စိန်ပွင့်ကလေးများနှင့် ပြုလုပ်ထားသော နောက်ဆုံးပေါ် ညှပ်နားကပ်ကလေးကို ပန်ထားသည်ကို တွေ့ရသည်။ ကျမက မသိမသာ မဟုတ်မူဘဲ သေချာစေ့ငုစွာ ကြည့်နေသည်မို့ သူလည်း ကျမဘက်သို့ မလှည့်ဘဲ မနေနိုင်တော့ပေ။
`အမကြီးက ဘယ်အထိ သွားမှာလဲဟင်´
အင်း- ဟုတ်ပေပြီ။ ကျမကို အမကြီးဟု ကင်ပွန်းတပ်လိုက်လေပြီ။ ကျမ ရင်ထဲဝယ် အောင့်၍တော့ မသွားပါ။ သို့သော် `ခွိ´ ကနဲ မရယ်မိအောင်တော့ တော်တော်ထိန်း၍ ထားရပါသည်။
`ကျမ မုံရွာကပါ´
`သြော် မုံရွာဆိုတော့ မန္တလေးရောက်ရင် ရထားပြောင်းရဦးမှာပေါ့နော်။ ဒါပေမယ့် ဟန်ကျတယ် အမကြီးရေ့၊ ကျမလည်း မန္တလေးရောက်မှ ရထားပြောင်းစီးရမှာဘဲ။ တစ်လမ်းလုံးအတွက် အဖော်ကောင်းရတော့ ပိုကောင်းတာပေါ့။ ကျမတော့လေ အဖော်ကောင်းဆို အခုလိုလမ်းသွားရင် တွေ့ရမြဲမို့ အမယ်ရိကားသွားသွား။ ယူးရုပ်(ပ်)သွားသွား၊ သြစတေးလျားသွားသွား တစ်ယောက်ထဲပေမယ့် အားမငယ်ပါဘူး။ ခုနက ရထားထွက်ခါနီးတုန်းက အမကြီးကိုတွေ့ရတာ အားငယ်သလိုပဲ။ စိတ်ချနော် ဘာမှအားမငယ်နဲ့၊ ခင်သိန်းကြွယ် အစစ စောင့်ရှောက်မယ်´

ကျမသည် ပြန်လည်၍ ဘာတစ်ခွန်းမျှ မပြောမိပေ။ ရိုင်းရာတော့ ကျပါ၏။ သို့သော် သူ့ကိုမြင်ကတည်းက ကျမမှာ နောက်ကျောခပ်တွန့်တွန့် ဖြစ်ခဲ့ရသည့်အထဲ သူက အစစစောင့်ရှောက်ဦးမည်တဲ့။ သူ့နာမည်ကလည်း ခင်သိန်းကြွယ်ဆိုတော့ အလကားနေရင်းပင် ဆရာမဒေါ်မမကြီး ခဏခဏပုံခိုင်း၍ပြောတတ်သော `မိန်းမလယ်-သိန်းကြွယ်´ဆိုသည်ကို ပြေး၍သတိရလိုက်ပြီး ပိုလန့်သွားမိလေသည်။ သူ့စကားစဉ်တွင်လည်း ဥရောပ၊ အမေရိကားသံပါလာ၍ သူ့ကို မည်သို့ ခန့်မှန်းရပါမည်နည်း။ သူ့ကြိမ်သေတ္တာနုနုကလေး ဖွင့်လိုက်တော့လည်း မက်(စ်)ဖိုက်တာ ကုမ္ပဏီမှထုတ်လုပ်သော အမျိုးသမီးအလှခြယ်ပစ္စည်းများကို တွေ့ရ၍ မက်(စ)ဖိုက်တာကုမ္ပဏီ၏ ဖောက်သည်ကောင်းကြီးတစ်ဦးတစ်ယောက်ဖြစ်ကြောင်းကိုတော့ သိရပါ၏။

သွက်လက်ချက်ချာလိုက်သည်ကလည်း လွန်ပါရော။ ကျမ စကားမဆက်ဘဲနေစဉ်တွင် လက်ပွေ့အိတ်ကလေးကို တဖန်ဖွင့်ကာ သူ၏နာမည်ကို ဖောင်းကြွစာလုံးကြီးများဖြင့် ရေးတင်ထားသော ရွှေရောင်စီးကရက်ဗူးလေးကိုထုတ်၍ ဆတ်ကနဲ စီးကရက် ၂-လိပ်ကိုယူပြီး ၎င်း၏နှုတ်ခမ်းတွင် တစ်လိပ်တပ်၍ တွဲလဲကလေးလုပ်ထားလိုက်ပြီးမှ ကျမ၏နှုတ်ခမ်းတွင် တစ်လိပ်တပ်ပေးလှာသည်။ ကျမမှာ ရုတ်တရက် လန့်သွားပြန်ပါသည်။ သူကမူ သူ၏ လှပသော ငွေရောင်ပြာမီးခြစ်ကလေးကို ဖျောက်ကနဲ မီးတောက်လိုက်စေပြီး သူတစ်လှည့်ကျမတစ်လှည့် ငြှိပေးနေပြန်ပါသည်။ ကျမမှာ စီးကရက်ကို မကြိုက်ပေ။ မနေနိုင်၍ သောက်သည့်အခါတွင်မူ အလှပျက်ချင်ပျက်ပါစေ၊ သနပ်ဖက်ဆေးလိပ်ကိုသာ ဖွာချင်သူဖြစ်ပါ၏။ သူသည် ကျမအား ဆေးလိပ်သောက်မသောက် မမေးပါဘဲနှင့် ဘာကြောင့် သည်လို ပြုမူလိုက်ပါလေသနည်း။ ကျမကကော ဘာဖြစ်၍ သူလုပ်သမျှ ခံနေလိုက်မိရပါလေသနည်း။ ကျမ မစဉ်းစားတတ်တော့ပါ။

ဘာပဲဖြစ်ဖြစ် ကျမကတော့ စကားနည်းရန်စဲဘဲနေမည်ဟု ဆုံးဖြတ်လိုက်ပြီး ကျမတို့စီးလာသော ရထားတွဲမှ ခရီးသည်များကို လှမ်းကြည့်နေမိပါသည်။ ကျမတို့စုံတွဲနှင့် မျက်နှာချင်းဆိုင်မှာ ကိုချိုဆိုသူ လက်မှတ်စစ်တစ်ယောက် လာထိုင်မည်ဟု စောစောကတည်းက အစ်ကိုကြီးမောင်ကပြောထား၍ သိရပါသည်။ ယခုထိတော့ မလာသေးပါ။ ကျမတို့ခုံ၏ ညာဘက်ခုံတွင် ထိုင်နေသော လူ ၂-ယောက်မှာ `ကျနော်တို့ပုပ္ပါးမှာ´ ဟူသော စကားသံကို ကြားလိုက်ရခြင်းဖြင့် ပုပ္ပါးမှခရီးသည်များ ဖြစ်ဟန်တူလေသည်။ ၎င်းတို့နှင့်မျက်နှာချင်းဆိုင်စုံတွဲတွင် တောင်ကြီးမှ ++++ လက်ထောက်အရာရှိ ဇနီးမောင်နှံဖြစ်ကြောင်း သိရသည်။ အရာရှိဖြစ်သူက မန္တလေးတွင် ၆-လသင်တန်း တက်ရ၍ မိန်းမကို ရန်ကုန်ပို့ထားရရာ ယခုသင်တန်းပြီးဆုံး၍ ပြန်ခေါ်လာခဲ့ကြောင်းစသဖြင့် ပုပ္ပါးမှခရီးသည်တို့အား ပြောပြနေသည်ကို ကြားရပါသည်။ ဤကျမတို့မျက်နှာချင်းဆိုင် ၄-ခုံ၏နောက်ကျောဘက်မှာ အိမ်သာဖြစ်၍ ရှေ့တလျှောက်၌ ခရီးသည်များသည် ခုံစေ့လူစေ့ စီးနင်းလိုက်ပါလာကြရာ တချို့က အိပ်လျက်၊ တချို့က အစားစားလျှက်၊ တချို့က ဆေးလိပ်သောက်လျက်၊ စာဖတ်လျက် စသည်တို့ကို  ဘုန်းတော်ကြီး ၁-ပါး၊ စစ်သား ၂-ယောက်၊ အိန္ဒိယအမျိုးသား ၄-ယောက်၊ ချင်းအမျိုးသားဇနီးမောင်နှံနှင့် ကလေးငယ် ၃-ယောက်တို့ကိုပါ အထူးဂရုစိုက်၍ ကြည့်နေမိလေသည်။

`ဒါထက် အစ်မကြီး ဗမာအစစ်နော်´ ဖြစ်ရပြန်ပြီ။ ကျမ၀တ်စားထားပုံကို မသင်္ကာဖြစ်သလား၊ ကျမရုပ်ရည် ဆင်ယင်ထုံးဖွဲ့မှုကို မသင်္ကာသလား မသိသော်လည်း ကျမ၏ ဆင်ယင်ထုံးဖွဲ့မှုမှာကား ၁၉၆၀ ခုနှစ် မြန်မာပီသသော အမျိုးသမီးများ၏ မြန်မာ့ဆင်ယင်ထုံးဖွဲ့မှုမှ တစ်ပြားသားမှ အအမ်းအတောမရှိဟု ကျမကိုယ်ကိုကျမတော့ ယုံကြည်ထားပါ၏။ `သြော်.. ဘာဖြစ်လို့မေးတာလဲ ဒေါ်-ဒေါ်ခင်သိန်းကြွယ်´

ကျမ၏စကားသံမှာ မူမမှန်ဘဲ ထစ်အ၍ နေပါသည်။ `ဘာရယ်မဟုတ်ပါဘူး။ သိချင်လို့ မေးရိုးမေးစဉ်မေးတာပါ။ ခင်သိန်းကြွယ်တို့ ဗမာပြည်ဟာ သိပ်ချစ်စရာကောင်းတယ်နော်။ သယံဇာတပစ္စည်းကလည်း ကြွယ်ဝသေးတယ်။ နေမှုထိုင်မှုစားသောက်မှုကလည်း အဆင်ပြေသေးတယ်။ ခင်သိန်းကြွယ်ကတော့ ဗမာဖြစ်ရတာ ဂုဏ်ယူတယ်။ ခင်သိန်းကြွယ်တို့ ဗမာတွေဟာ တခြားတစ်ရပ်ရောက်တဲ့အခါကျရင်လည်း တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံး ရှိကြပါတယ်´
`သြော်.. ဒေါ်ခင်သိန်းကြွယ်ဟာ ဗမာလူမျိုးပဲလား´
ကျမသည် ပါးစပ်မှ လွှတ်ကနဲ သူ့မေးခွန်းမျိုးကို ပြန်မေးလိုက်မိပါ၏။ သူ စိတ်မဆိုးပါ။ ပြုံးပြုံးကြီးသား ကျမကို ပြန်ကြည့်ပြီး… `ခင်သိန်းကြွယ်ဟာ နိုင်ငံခြားကို ခဏခဏရောက်ရလို့ သွားရင်းဟန်လွှဲဆိုသလို နိုင်ငံခြားပစ္စည်းတွေကို ၀ယ်ယူသုံးစွဲနေမိတတ်ပေမယ့် ဗမာပစ္စည်းကိုလည်း ခုံခုံမင်မင်ရှိတတ်ပါတယ်။ ဒီမှာကြည့်ဦးလေ၊ ဟောဒီကြိမ်သေတ္တာဟာ တောင်ကြီးက၀ယ်လာတဲ့ သေတ္တာပါ။ ဗမာဖြစ်ပဲ၊ ဘယ်လောက်ကောင်းသလဲ။ သပ်ရပ်တယ် ခိုင်မာတယ်၊ ကြက်ဥကြိမ်မို့လဲ နူးညံ့မနေလား´

ဟုတ်ပါ၏။ သို့သော် သူသည် သူ့မေးခွန်းကို ကျမ မဖြေခဲ့သလို ကျမမေးခွန်းကိုလည်း လိမ္မာပါးနပ်စွာဖြင့် အဖြေမပေးမူဘဲ သူ့အားလည်း ကျမက တလွဲမတွေးစေရန် ပိတ်ပေးပြီးဖြစ်အောင် သပ်ရပ်ပိရိစွာ စကားပြန်လိုက်လေသည်။ မြန်မာပြည်ကိုချစ်သော လူမျိုး အများအပြားရှိပါသည်။ သို့သော် ခင်သိန်းကြွယ်မှာ မျက်ဆံနက်နက်၊ မျက်ခွံမို့မို့၊ မျက်ပေါက်ကျဉ်းကျဉ်းနှင့် ကိုယ်ထည်ပြားပြား၊ အလုံးအရပ် အသင့်အတင့်ရှိသဖြင့် မြန်မာပြည်ပေါက်ချယ်ရီပင်ကို မြစ်ဝါမြစ်မှ ရေနှင့်လောင်း၍ ကြီးထွားရှင်သန်စွာ ပွင့်လာရသော ချယ်ရီတစ်ပွင့်ဖြစ်မှန်း သိသာလွန်းလှပါသည်။

ကျမ စကားမဆက်နိုင်သေးဘဲ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေပါ၏။ မီးရထားတစ်တွဲလုံးမှာလည်း ခြောက်သွေ့နေသလား ထင်ရလောက်အောင် တိတ်ဆိတ်နေပါသည်။ သူသည် သပ်ရပ်စွာရက်လုပ်ထားသော စားသောက်ဖွယ်များထည့်ထားသည်ဟု ထင်ရသည့် ကြိမ်ကြမ်းသေတ္တာကြီးကို ကျမတို့ခုံတန်းရှေ့မှ လွတ်နေသည့် ခုံတန်းပေါ်တွင် တင်လိုက်လေသည်။ ပြီးလျှင် ကျမဖက်သို့လှည့်ကာ … `ဘာသောက်မလဲ အစ်မကြီး´ ဘာကိုဆိုလိုတာပါလိမ့်။ ကျမကို အရက်များ တိုက်ဦးမှာလား။ သို့မဟုတ် ကော်ဖီ၊ လက်ဖက်ရည်လား။ ကျမသည် ဆာဆာလောင်လောင်မရှိလျှင် ဘာကိုသောက်ရမည် မသိတတ်ပါ။ သူက သူ့အထက်နှုတ်ခမ်းကလေးကိုပင့်၍ ရုပ်ရှင်မင်းသမီးခင်သန်းနုကဲ့သို့ ပြုံးလိုက်ပြီး …
`သဗျက်သီးဝိုင်လား၊ မက်မုံသီးဝိုင်လားဆိုတာ တစ်ခွန်းထဲပြောရမှာပါ အစ်မကြီးရယ်´ ဟု ပြောပြီး သူ့သေတ္တာထဲမှ ပုလင်းများကို ဖွင့်ပြလိုက်သောအခါ ကျမက မက်မုံသီးဝိုင်ပုလင်းကို ရွေးယူလိုက်မှ သူ ကျေနပ်သွားပါသည်။ ၀ိုင်ပုလင်းကလေးများသည် အရှည် ၄-လက်မခွဲ အရွယ်လောက်သာရှိ၍ အမှတ်အသားကလေးများပါသော ၂-လက်မ၊ ၁-လက်မဗျက်နှင့် လည်ပင်း ၁-လက်မပတ်လည်၊ အဖြူရောင်ပုလင်းကလေးများဖြစ်ရာ ၀ိုင်မျိုးစုံ၏အရောင်များကို ထင်လင်းစွာ တွေ့မြင်ရပါသည်။ ကျမသည် သူလှမ်းပေးသော စုတ်တံကလေးဖြင့်စုတ်၍ တအာစွတ်မျှ ငုံမိသောအခါ… `သိပ်ကောင်းတာပဲ ဒေါ်ခင်သိန်းကြွယ်´ ဟု ပြောလိုက်မိပါသည်။ တကယ်လဲ ကောင်းလှပါပေ၏။

`ဟုတ်ကဲ့အစ်မကြီး၊ ခင်သိန်းကြွယ်ဆီမှာ ၀ိုင်မျိုးစုံရှိတယ်။ ကြည့်လေ သဗျက်သီးဝိုင်၊ စတော်ဘယ်ရီဝိုင်၊ သံလွင်သီး၊ မက်မုံသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ အို… အစုံဘဲ။ ခင်သိန်းကြွယ်ကိုယ်တိုင်ဘဲ လုပ်တယ်။ မမူးပါဘူး။ မူးအောင်လုပ်ချင်ရင်လည်း ရတယ်။ လေလုံအောင်လုပ်ပြီး မြေကြီးထဲမှာ တစ်လသို့မဟုတ် တစ်လမက ကြာကြာထားလိုက်ရင် အရက်ကြိုက်တဲ့ယောက်ျားတွေဟာ ဘယ်မှာအရက်ကို သောက်နေတော့မလဲ´ သူသည် ခပ်ကြွားကြွားလေး ပြောလိုက်ပါသည်။ ဆက်လက်၍ တဖန်.. `အစ်မကြီးနဲ့ စကားသာကောင်းနေတယ်၊ အစ်မကြီး နာမည်က..´ ကျမသည် ခင်ပွန်းသည်၏ အမည်ပါ ပါသော အမြဲနေသည့် အိမ်လိပ်စာဖြင့် ရိုက်ထားသည့်ကပ်ပြားလေးကို ပြလိုက်သည်။ `သြော်.. မိမိခိုင်တဲ့လား၊ ခင်သိန်းကြွယ်ထက်တော့ ငယ်မယ်မထင်ပါဘူး။ မမခိုင်လို့ ခေါ်မယ်နော်´
ကျမသည် မည်သို့မှ ပြန်လှန်မပြောလိုပေ။ ကျမကိုယ်ကျမ နုသည်ရင့်သည် မဆိုလိုပေ။ ကျမမှာ ကိုယ်လုံးကိုယ်ထည် သေးသည်တော့ အမှန်ပင်။ သို့သော် သူ့အသက် ၃၅-နှစ်ထက် မလျော့နိုင်သည်မှာ ထင်ရှားနေသည်မို့ သူ့ထက်ကျမက မကြီးနိုင်ကြောင်းကတော့ သိသာလွန်းပါ၏။ မည်သို့ဆိုစေကာမူ ကျမကတော့ မမခိုင်မကလို့ ဒေါ်မိမိခိုင်လို့ပင်ခေါ်စေဦး မထောင်းတာပါ။ သူပင်လျှင် ကျမက ဒေါ်ခင်သိန်းကြွယ်ဟုခေါ်သည်ကို ကျေနပ်လက်ခံနေသေးသည် မဟုတ်ပါလား။

တော်တော်ပင် လေဖောနိုင်သူပါပေ။ နယူးရော့(ခ)တို့ စန်ဖရန်စ္စကို၊ မဲလ်ဖုံး၊ ပါရီ၊ လန်ဒန်တို့အကြောင်း။ ရုပ်ရှင်၊ နိုင်ငံရေး၊ စာပေတို့အကြောင်းစသဖြင့် စုံအောင်ပြောနေပါသည်။ စာရေးဆရာတို့အကြောင်းလည်း ပါ၏။ မည်သည့်သံအမတ်ကတော် မည်သည့်အတွင်းဝန်ကတော်တို့ အရက်သောက်ကြောင်းနှင့် အမျိုးသမီးတွေလုပ်နေပြီး မိမိကိုယ်တိုင် တစ်ပြားတစ်ချပ်မှ ၀င်ငွေရအောင် မလုပ်နိုင်သည်ထား၊ လင်ယောက်ျားရှာဖွေကျွေးနေသည့် ငွေကို စီးတဲ့ရေ ဆယ်တဲ့ကန်သင်းပမာ မစောင့်ရှောက်ဘဲ အိမ်စေတို့နှင့်ပစ်ထားပြီး ဖဲရိုက်အရက်သောက်နေကြသည့် ကတော်များအား သူ့မျက်စိထဲမှ နည်းနည်းမှ ကြည့်မရကြောင်း၊ နည်းနည်းမှ အထင်လည်းမကြီးကြောင်းနှင့် စာရေးဆရာ မည်သူ့ဇနီးဖြစ်သူ အရက်သောက်သည်ကို သူသိကြောင်း။ သို့သော် သူ့ဝင်ငွေနှင့်သူ အကြောင်းရှိ၍ သောက်နေသူမို့ သည်လို အမျိုးသမီးကိုတော့ သူ့အနေဖြင့် အထင်မသေးသည့်ပြင် ခွင့်လည်းလွှတ်နိုင်ကြောင်းလည်း ပါသေး၏။

ထို့နောက်သူသည် မျိုးချစ်မယ်တစ်ဦးဖြစ်ကြောင်းကိုပါ ထည့်သွင်း၍ လေဖောနေပြန်ပါ၏။ ပြည်ထောင်စု မြန်မာနိုင်ငံအလံတော်သည် အလွန်လေးစားရမည့် အလံတော်ဖြစ်ပါသည်။ သို့သော် သူ့လိုအမျိုးသမီးက ချီးကျူး၍ပြောလိုက်သံ ကြားရသောအခါ ကျမအမြင်တွင် ဂုဏ်နည်းနည်းလျော့သွားသည် မထင်ဘဲ မနေနိုင်ပါပေ။ သူတိုက်တာသောက်၊ သူကျွေးတာစားနေမိသော်လည်း သူက အရောတ၀င်လုပ်နေသည်ကို ကျမ မကြိုက်ပါ။ ဟန်တစ်လုံးပန်တစ်လုံးမနေတတ်သော်လည်း ယခုမှသိရသော ခရီးသွားဖော်တစ်ဦးအနေနှင့် ဤမျှစကားကြောမရှည်သင့်ဟု ထင်ပါသည်။
ဆောင်းရက်ဖြစ်သော်လည်း ကျမတွင် စိတ်အိုက်လာသည်နှင့်အမျှ ကျမ၏ လည်ဂုတ်တွင် ချွေးများ စိုစွတ်လာပါသည်။ ကျမတွင် ပါလာသော လက်ကိုင်ပ၀ါလေးနှင့်သုတ်ပြီး ပခုံးမှအင်္ကျီစများကို လက်နှစ်ဖက်ဖြင့် လေသလပ်အောင်လုပ်နေမိရာ ချက်ချင်းဆိုသလို ကျမ မျက်နှာနှင့် လည်ပင်း၊ ဂုတ်တ၀ိုက်တို့တွင် အေးမြစေအောင် လက်နှိပ်ဓါတ်မီးအငယ်စားလောက်သာရှိသော အိတ်ဆောင်ပန်ကာကလေးဖြင့် ဝေ့ကာဝိုက်ကာ ရစ်ပတ်၍ အအေးဓါတ်ပေးနေပြန်ပါသည်။ `ဒါ ခင်သိန်းကြွယ် သြစတေလျားသွားတုန်းက ၀ယ်လာတဲ့ ပန်ကာကလေးပါ´ ဟုလည်း ပါးစပ်က ပြောပါသေးသည်။ ကျမအိမ်သာသွားသည့် အခါတွင်လည်း သူလိုက်လာပါသည်။

ကျမသည် ကျမအား အလွန်အမင်းဂရုစိုက်လျှင် နေတတ်ထိုင်တတ်သူ မဟုတ်ပေ။ သို့ဖြစ်၍ ကျမသည် စိတ်ရောလူရော မချမ်းသာတော့သဖြင့် နွမ်းနေပြီ ဖြစ်ပါသည်။ ခရီးသွား၍ ပင်ပန်းနေသည်သာမက ခရီးသွားဖော်ချင်း စိတ်, စရိုက်ချင်း မတူသည်က ပိုဆိုးနေလေသည်။ ခါတိုင်း မီးရထားစီးလျှင် ရထားလမ်းတစ်လျှောက်တွင် သစ်ပင်များ၊ လယ်ကွင်းများ၊ တောပန်းလှလှကလေးများကို ဝေးဝေးကြီးထိ တငေးတမော လှမ်း၍ကြည့်နေတတ်သည့် အကျင့်ရှိသော၊ ဘူတာတစ်ခုနားလိုက်တိုင်း ဘူတာမြင်ကွင်းကို ဂရုတစိုက်ကြည့်တတ်သော ကျမမှာ ယခုမူ ဘာကိုမျှ မကြည့်ရသဖြင့် အပြင်လောက ပသာဒရှုမျှော်ခင်းတို့၏ ဦးနှောက်ဆေးကြောပေးခြင်းကို နည်းနည်းမျှ မခံရတော့ပေ။ ညောင်လေးပင်ဘူတာလွန်သောအခါ အနည်းငယ်စတင်၍ မှောင်လာပြီ ဖြစ်ပါသည်။ `မမခိုင်.. ဖဲရိုက်တတ်သလား´ စကားစပြန်ပါပြီ။ `ကျမမရိုက်တတ်ပါဘူး။ ဒေါ်ခင်သိန်းကြွယ်ရော ရိုက်တတ်သလား´
`ရိုက်တတ်ရုံတင်မကဘူး၊ ဖဲလည်း လိမ်တတ်တယ်´ `ဟင်´
`မဟင်နဲ့ မမခိုင်။ အတတ်ပညာဆိုတာ အစုံတတ်ထားရတယ်။ မလုပ်ချင်နေပေါ့၊ မဟုတ်ဘူးလား´ ဟုဆိုကာ သူ့သေတ္တာထဲမှ ဖဲထုပ်ကိုယူပြီး ဖဲလိမ်နည်း (၃) မျိုးတောင် ပြပါသည်။
ကျမ ညနေစာ ဆာ၍လာသောအခါ မီးရထားတွဲပါသည့် ရက်စတောရင့် (စားသောက်ခန်း) တွဲသို့သွား၍စားရန် မတ်တတ်ရပ်လိုက်လျှင် သူလည်း အဆင်သင့်ရပ်ပြီး ဖြစ်နေလေပြီ။
`လာ မမခိုင်၊ ဘာစားမှာလဲ။ ခင်သိန်းကြွယ်တော့ ထမင်းဆာတယ်။ ထမင်းဘဲစားမယ်´
ကျမ စကားမစရသေးပါဘဲနှင့် သူ သိတတ်လွန်းလှသည်။ `ကျမလည်း ထမင်းဘဲစားမှာပါ´
`ဆိုင်က သိပ်အရောင်းမတွင်ကျယ်တော့ မကောင်းလှဘူးပေါ့။ မကောင်းလို့ မတွင်ကျယ်၊ မတွင်ကျယ်လို့မကောင်း ဖြစ်နေတယ်။ ခင်သိန်းကြွယ်တော့ ဆာလို့သာ စားရမှာ၊ ဒီဆိုင်မှာဆို ကော်ဖီနှင့် ပေါင်မုန့်မီးကင်ဘဲ သဘောကျတယ်။ ဈေးကြီးကြီးပေးရတာတော့ ထားပါတော့လေ´
ဆိုင်တွဲသို့ဝင်မိလျှင် ထိုင်လိုက်ထိုင်လိုက်ချင်း သူ့ဟာသူပင် မြန်မာဆံဆံ ထမင်းဟင်းများ မှာပေးသည်။ ကျမလည်း သူမှာပေးသမျှဘဲ စားရသည်။ စားပြီး၍ ကျမက ငွေချေမည်ပြုရာ သူကပင် ဇွတ်အတင်း ငွေချေသည်။ `မမခိုင်တို့ အစိုးရလခစားဆိုတာ ငွေအသုံး စေ့စပ်ရတယ်မို့လား။ ခင်သိန်းကြွယ်တို့လို ကုန်သည်မျိုးတွေက သုံးသမျှပြန်ဝင်အောင် လုပ်လို့ရတယ်´ ဟုလည်း ပြောလိုက်သေး၏။

ဤမျှ အထက်တန်းကျကျ သုံးနိုင်နေနိုင်သူ၊ နိုင်ငံခြားသို့ ခဏခဏသွားနိုင်သူ အမျိုးသမီးတစ်ဦးသည် အဘယ်ကြောင့် ကျမတို့လို ရိုးရိုးတန်းခရီးသည်များနှင့်အတူ လာ၍ စီးလာပါသနည်း။ ကျမ မမှန်းနိုင်သေးပေ။ မိမိတို့နေရာသို့ ပြန်ရောက်ကြသောအခါ မှောင်နေပြီဖြစ်၍ အကိုကြီးမောင် အပ်လိုက်သော ပွဲစားကိုဝင်းမောင် ရောက်လာပါသည်။ ရှေ့ထိုင်ခုံတန်းမှာ ထိုင်လှာမည်ဆိုသည့် လက်မှတ်စစ်ကိုချိုဆိုသူလည်း မပေါ်လှာသေးသဖြင့် ထိုခုံတန်းတွင် ကိုဝင်းမောင်ထိုင်၍ လိုက်နိုင်ပေသည်။

`မိမိခိုင် ကျွန်းသာယာပြပွဲ ရောက်ခဲ့သေးလား´ ကိုဝင်းမောင်သည် ကျမအား စကားစ၍ မေးလိုက်သည်။ `ရောက်ပါတယ် ဦးဝင်းမောင်´ `ပဏ္ဏ၀မျက်လှည့် ကြည့်ခဲ့သေးလား´
`ဟင့်အင်း.. မကြည့်ခဲ့ရပါဘူး။ မြွေပါတယ်ဆိုတာနဲ့ ကြောက်လို့ မ၀င်ရဲလို့ပါ´
`သိပ်ဆန်းကြယ်တာဘဲ၊ အောက်လမ်း အထက်လမ်းများ စုံနေသလားဘဲ´
ဤတွင် တောင်ကြီးက လက်ထောက်အရာရှိသည် ခေါင်းထောင်လာပြီး - `မဟုတ်ဘူး မိတ်ဆွေ၊ အထက်လမ်းသမားက အောက်လမ်းအတတ်ကို လုပ်လို့မရဘူး၊ တခြားစီဘဲ။ ကျွန်တော်တို့ ရှမ်းပြည်မှာဆိုရင်´ ဟု အစချီကာ ရှမ်းပြည်မှ ပညာသည်များအကြောင်းကို စတင်ပြောပါတော့သည်။ ကျမမှာ အောက်လမ်းအထက်လမ်းဆိုသည်တို့ကို စိတ်ဝင်စားရန်မှာ ဦးနှောက်ဆံ့အံ့မထင်၍ ဆက်လက်နားထောင်မနေတော့ဘဲ ရထားတွဲနံရံကို ခေါင်းမှီပြီး မျက်စိအစုံမှိတ်ကာ အနားယူလိုက်ပါသည်။ ပွဲစားကိုဝင်းမောင် ရှိနေပြီဖြစ်၍လည်း ကျမအဖို့ စိတ်ချလက်ချ ဖြစ်သွားပေပြီ။

ဒေါ်ခင်သိန်းကြွယ်လည်း ကိုဝင်းမောင်တို့စကားဝိုင်းတွင် ၀င်ရောက်ပြောဆိုနေပြီဖြစ်ရာ ကျမအဖို့ စိတ်လက်ပေါ့ပါးသွားပါပြီ။ စိတ်လက်ပေါ့ပါးသွားပြီဟု ပြောရသော်လည်း အိပ်၍တော့ပျော်မည် မဟုတ်ရာ တစိတ်တဒေသစီတော့ ကြားနေရသည်ပင် ဖြစ်ပါ၏။ မှော်အတတ်၊ စုန်းကဝေအတတ် စသည့် အငြင်းအခုံတွင်လည်း သူ ၀င်ရောက်စွက်ဖက် ပြောဆိုနိုင်ပါပေ၏။ ကုန်သည်ပိုင်းနှင့်ပတ်သက်၍ စကားစဉ် ရောက်သွားသောအခါတွင်လည်း ပုပ္ပားမှ ခရီးသည်နှစ်ဦးက ထန်းလျက်အကြောင်းပြောသောအခါ သူက မုံရွာထန်းလျက်အကြောင်းပြောသည်။ မုံရွာနယ်ထွက်ဖြစ်သော ငရုတ်နှင့် ပဲအမျိုးမျိုးအကြောင်း၊ စောင်နှင့် စက်ရက်ကန်း၊ လက်ရက်ကန်းအကြောင်း၊ ချည်ချောလုံချည်များအကြောင်းပါ အဆစ်ထည့်လိုက်ပါသေး၏။ အညာလိမ္မော်၊ ရှမ်းလိမ္မော်၊ ရှမ်းပြည်ထွက် သနပ်ဖက်၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ မော်လမြိုင်ဒူးရင်းသီး။

ထို့နောက် မြင်းခြံမှ စွန်းလွန်းဆရာတော်အကြောင်း၊ မိုးကုတ်ဝိပဿနာ၊ မုံရွာမိုးညှင်း၊ လယ်တီကျောက်စာ၊ မကွေးမြသလွန်ဘုရားအကြောင်း၊ ကျိုက်ထီးရိုးဘုရားအကြောင်း၊ အထက်အောက်မြန်မာပြည် အကြောင်းများကို ဤမျှ စုံတကာစေ့အောင် ဗဟုသုတကလည်း ကြွယ်ဝပါပေ၏။ ကျမအား နေရာတကာ သိရမည်လားဟု ဗဟုသုတရှာရန်ပျင်းသော ကျမ၏ အစ်မများက အပျင်းကြီးသူများပီပီ အပြစ်တင်ဖူးသည်ကို အမှတ်ရမိပါ၏။ ဤမျှ ဗဟုသုတကြွယ်ဝ၍ အရွယ်နှင့်မလိုက်အောင် စုံတကာစေ့ နေရာတိုင်း `မမယ်သိ´ ကြီး ဖြစ်နေသော ဒေါ်ခင်သိန်းကြွယ်ကိုမြင်လျှင် ကျမ၏ အစ်မများသည် မည်သို့ပြောလေမည်နည်းဟု တွေးရင်း ပြုံးမိပါ၏။
ကျမနှင့် နှစ်ယောက်တည်းတုန်းက သူကချည်း ပြောနေရသော်လည်း ယခုမူ သူနှင့်ဖက်၍ ငြင်းချက်ထုတ်နိုင်သူ၊ လေဖောနိုင်သူများ စုဝေးစွာရရှိပြီး ၀ိုင်းစည်နေပြီဖြစ်ရာ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါ၏။ သူ့မှာ အာစလျှာစရွှင်ရွှင်နှင့် ပြောနေရပြီဖြစ်သဖြင့်လည်း ပျော်နေပုံရပါသည်။ တစ်ချက်တစ်ချက်တွင်တော့ ကျမအား `ဂရုစိုက်ပါသည်၊ မမေ့ပါ´ ဟူသော အထိမ်းအမှတ်ဖြင့် လှည့်၍လှည့်၍ ကျမ၏နဖူးမှ ဆံပင်ကလေးများကို ပင့်ပေးလိုက်၊ ကြယ်သီးမှောက်နေသည်လေးကို လှန်ပေးလိုက်နှင့် လုပ်ပေးလှာသေးပါ၏။
သူတို့စကားစဉ်အရ တောင်ကြီးမှ လက်ထောက်အရာရှိဆိုသူ၏ အမည်မှာ ကိုထွန်းသန်းဖြစ်ကြောင်း ယခုမှ သိရပါသည်။ ကိုထွန်းသန်းကလည်း ခေသူမဟုတ်၊ လေအဖောကြီးပင်။ စကားဝိုင်းသည် ကောင်းသည်ထက်ကောင်း၊ စုံသည်ထက် စုံလာရာ ဆူညံ၍ပင်လာသည်။ ဒေါ်ခင်သိန်းကြွယ်ကမူ လူတကာထက် နေရာတကာတိုင်းမှာပင် အပိုသိနေပါသည်။ သူပြောသည်ကို ကျမက မထောက်ခံဘဲ ငြိမ်နေသဖြင့် ကျေနပ်ပုံမပေါ်ပါ။ သူ့ကို မုန်းတီးသောအမူအရာ ပြနေကြပြီကိုလည်း မဖြုံပေ။ ဘ၀င်မြင့်စွာ ၀ါကြွားနေသည်ဟု ထင်ရမည်ပင်။ ဘယ်လောက်မှ အရေးမကြီးသော ကိစ္စပင်ဖြစ်စေကာမူ သူ့အယူအဆနှင့် မတူမချင်း အတောမသတ်နိုင်အောင် လေဖောင်း၍နေပါသည်။ သူကပင် မှားသလားဆိုသည့် အတွေးကိုတော့မူ သူ့ခေါင်းထဲသို့ ဘယ်တော့မှ ၀င်မသွားပေ။ သူကတော့ မမယ်သိကြီးပါဘဲ။ ကိုထွန်းသန်းကလည်း ကိုဖိုးသိကြီးပင် ဖြစ်ပါ၏။ သူတို့နှစ်ဦးမှာ `၀ါဒတူရန်သူ´ အဖြစ် ဆက်ဆံနေကြပါပြီ။ တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ ပြင်းပြင်းထန်ထန် အဆုံးမရှိ ၀ါယောလွှင့်ကြပါသည်။
ကိုထွန်းသန်းမှာ အရာရှိကလေး ဖြစ်သော်ငြားလည်း သူ့လခကလေးနှင့်တော့ ငွေကို ဖောဖောသီသီ သုံးနိုင်သည် မဟုတ်ရကား ၎င်းဝတ်ထားသည့် အင်္ကျီမှာ ချုပ်ပြီးကို ပြီးစလွယ် အလွယ်တကူဝယ်ဝတ်ထားမှန်း သိသာလှပါ၏။ သူ့ဇနီးသည်မှာကား နှစ်လိုဖွယ်ကောင်းသော ဣနြေ္ဒရှင်ပင် ဖြစ်ပါသည်။ ရွှင်ရွှင်ပျပျလည်း နေတတ်ပါ၏။ သူ့အ၀တ်အစားများမှာ ခပ်ရိုးရိုးဖြစ်သော်လည်း ကြည့်ပျော်ရှုပျော်ဖြစ်အောင် ၀တ်တတ်သူ ဖြစ်လေသည်။ ယခုခေတ်အမျိုးသမီးတို့၏ အမူအရာတွင် မတွေ့နိုင်တော့သည့် မိန်းမတို့၏ ဣနြေ္ဒဆိုသည့် အရည်အချင်းတစ်ခုကို သူ့ထံမှာ တွေ့နေရသဖြင့် ကျမပင် ကျမပင် ကိုထွန်းသန်း၏ဇနီးသည်ကို စိတ်မ၀င်စားဘဲ မနေနိုင်အောင် ဖြစ်လာပါသည်။ ယခုမှ ပိုမို ဂရုစိုက်မိပါသည်။ သူ့ကိုကြည့်မိပါက သူ့ဣနြေ္ဒကို သတိမပြုမိဘဲ နေနိုင်မည်မဟုတ်ကြောင်း တွေ့ရပါသည်။ သူ့လည်တွင် ဆွဲထားသော ကရက်ကြိုးမှ အကြီးအငယ်မျှ၍ စီထားသော ကျောက်နီ ၅- လုံးကဲ့သို့ပင် သူ့ဣနြေ္ဒက သူ့မျက်နှာပေါ်တွင် ထင်ရှားလှပါ၏။ ရှေးက ရွှေပြည်တန်သည့် မိန်းမတို့ ဣနြေ္ဒဆိုသည်ကို စိတ်ကူးနှင့်နှိုင်းယှဉ်ကာ မှန်းကြည့်နေမိပါ၏။ ကျမတို့ မမယ်သိကြီးနှင့်တော့ ယှဉ်လို့ နည်းနည်းလေးမှ မရပေ။

ကျမ ကိုထွန်းသန်း၏ ဇနီးသည်ကို ကြည့်မ၀ရှုမ၀ဖြစ်နေဆဲတွင် ပွဲစားကိုဝင်းမောင်က တဖန် စိန်ကျောက်ရတနာများ၊ မြနှင့်ပတ္တမြားတို့အကြောင်းကို စတင်၍ ပြောပြန်ပါသည်။ ပြင်သစ်က ချက်ကျောက်များ မည်မျှကောင်းကြောင်း၊ ပြင်သစ်စိန်မှာ အမျိုးသမီးတို့အတွက် တန်ဖိုးကြီးမြင့်စွာ မပေးရဘဲနှင့် လှပ၍ ၀တ်ချင်စဖွယ်ကောင်းကြောင်း၊ စိန်အစစ်နှင့် ခွဲမရကြောင်းနှင့် ထိုစိန်တုများကြောင့် စိန်အစစ်များ တန်ဘိုးလျော့လာစရာ အကြောင်းများ ဖြစ်လာလေမလားဟူ၍ ညည်းညူစွာ ပြောနေပါသည်။
ဒေါ်ခင်သိန်းကြွယ်က အတုသည် အစစ်ဖြစ်မလာနိုင်ကြောင်း၊ စိန်သားကျောက်သားတို့မည်သည် နားမလည်က လွဲမှားစရာဖြစ်နိုင်သော်လည်း သူကဲ့သို့ အမျိုးသမီးများအဖို့တွင် မမှားနိုင်ကြောင်း စ၍ သူ့ထုံးစံအတိုင်း စိန်ကျောက်ရတနာ အဖြာဖြာနှင့် မြ, ပတ္တမြားတို့အကြောင်းကို သိမှတ်စရာများစွာဖြင့် ဝေေ၀ဖြာဖြာ ပြောနေလေရာ..
ကိုထွန်းသန်းသည် မြနှင့် ပတ္တမြားရတနာအကြောင်း ဘာမျှသိမည်မဟုတ်မှန်း ကျမနှင့်တကွ အားလုံး သိနိုင်ကြပါ၏။ သို့သော် ၎င်းက မမယ်သိကြီးအား သရော်ဖို့ အခွင့်အရေးကို အမိဖမ်းပြီး အပြန်အလှန်ငြင်းခုန်နေသဖြင့် ငြင်းခုန်ပွဲသည် သိသိသာသာ ပြင်းထန်လာလေတော့သည်။
လမ်းတလျှောက်တွင် ဒေါ်ခင်သိန်းကြွယ် စကားပြောပြင်းထန်သည်ကို ကျမ မြင်ခဲ့ရလှပါပြီ။ သို့ပေမယ့် ယခုအခါလို သွက်လက်မှုပြင်းထန်သည်ကိုတော့ မတွေ့ရသေးပါ။ နောက်ဆုံးကျတော့ ကိုထွန်းသန်း၏ စကားထဲမှ သူ့ကို ခပ်နာနာတုပ်လိုက်ပုံ ရပါ၏။ အဘယ်ကြောင့်ဆိုသော် လက်သီးလက်မောင်းများ တန်း၍ပင် ပြောလာပြီဖြစ်သောကြောင့်ပါတည်း။
`ဦးထွန်းသန်း ကျမကို ဘာပြောတယ်ဆိုတာ ကျမသိပါတယ်။ ကျမဟာ စိန်ကျောက်ပွဲစားလည်း လုပ်ပါတယ်။ ပတ္တမြားအကြောင်း ကျမပြောတာတွေ အားလုံးမှန်တယ်လို့ မဆိုလိုပေမယ့် ကမ္ဘာပေါ်မှာ ရှိသမျှ ပတ္တမြားတွေအကြောင်း ကျမအားလုံးသိတယ်။ ကျမ မသိရင် မသိထိုက်လို့သာ မှတ်လိုက်ပါ။ ခင်သိန်းကြွယ်တဲ့ တစ်ကြွယ်ထဲပဲ ရှိတယ်´

ဒေါ်ခင်သိန်းကြွယ်၏ အလုပ်အကိုင်ကို ယခုမှ ကျမတို့တတွေ သိကြရပါသည်။ အစက သူ့ကို ဘာလုပ်သည်ဆိုတာ မှန်း၍ မရခဲ့ပါ။ မေးလဲ မမေးမိပါ။ သူပြော၍ ကုန်သည်ဟု ထမင်းစားပြီးစက သိခဲ့သည်မှလွဲ၍ ထပ်မံ မမေးဖူးခဲ့ပေ။ ကျမကိုပြောသည့်အခါ ခင်သိန်းကြွယ်ဟု နာမည်ထည့်၍ ပြောတတ်သော်လည်း တစိမ်းယောက်ျားများနှင့် စကားပြောသည့်အခါ ကျမ ကျမ ဟူ၍သာထည့်ပြီး သုံးနှုန်းသည်ကို တွေ့ရပါ၏။ ဒေါ်ခင်သိန်းကြွယ်သည် အားလုံးကို လျှောက်ကြည့်လိုက်ကာ …
`ကျမ ခုလို ရိုးရိုးတန်းတွဲမှာ စီးလာတာက ခုခေတ်မှာ စိန်ကောင်းကျောက်ကောင်းဆို နယ်မှာ စုနေတယ်မို့လား။ ဒါကြောင့် နယ်က ခရီးသည်တွေ များများစားစားတွေ့ရမယ့် တွဲမျိုးကို တမင်ရွေးစီးတာ၊ အဲ..အဲ ပြောလိုက်ပါဘိ၊ ကျမလို ပတ္တမြားပါရဂူတစ်ယောက်အတွက် မျက်စိမှေးကြည့်တောင် မသိနိုင်လောက်တဲ့ ပတ္တမြားတုမျိုး မရှိသေးပါဘူး´ ဟု ပြောကာ ကိုထွန်းသန်း၏ဇနီး ၀တ်ထားသော လည်ဆွဲကုံးကို ညွှန်ပြလိုက်ပြီး `မင်းကတော် ကျမစကားကိုယုံပါ။ ရှင်ဆွဲထားတဲ့ ပတ္တမြားဟာ မူလတန်ဖိုးထက် တစ်ပြားတောင် မလျော့နိုင်ပါဘူး´

မင်းကတော်လေး၏ တည်ငြိမ်သောမျက်နှာသည် အနည်းငယ်နီမြန်းလာကာ လည်ဆွဲကို အင်္ကျီတွင်းသို့ သွင်းလိုက်ပါသည်။ ကိုထွန်းသန်းက ရှေ့သို့ကုန်းလျက် ကျမတို့အားလုံးကို တစ်ပတ်ပြည့်အောင် လှည့်ကြည့်ပြီး မျက်လုံးထဲမှ အပြုံးများဖြင့်… `ကျနော့်ဇနီးရဲ့ လည်ဆွဲဟာ မလှဘူးလားခင်ဗျာ´ ဟု မေးလိုက်ရာ ဒေါ်ခင်သိန်းကြွယ်က - `ကျမ မြင်မြင်ချင်း သတိပြုမိပါတယ်။ ကျမ စိတ်ထဲမှာတောင် `အင်း.. တော်တော်ကောင်းတဲ့ ပတ္တမြားတွေဘဲ´ လို့ ရေရွတ်မိပါသေးတယ်´ ဟု ဖြေလိုက်ပြန်ပါ၏။ `ကျနော်ကိုယ်တိုင် ၀ယ်ရတာတော့ မဟုတ်ပါဘူး။ ဒီလည်ဆွဲ ဘယ်လောက်တန်တယ်ဆိုတာ ခင်ဗျား သိစမ်းစေချင်လိုက်တာ´
`အရောင်းအ၀ယ်နဲ့ ပြောလိုက်ရင် `ငါးထောင်´ ပေးရမယ်ပေါ့။ အဲ.. မျက်နှာကြီးတွေရဲ့လက်ထဲ ရောက်ရင်တော့ `ငါးသောင်း´ ထက်မနဲ ပေးရမှာဘဲ´ ကိုထွန်းသန်းသည် မဲ့ပြုံးပြုံးလိုက်ပြီး-
`ကျနော်တို့ ရန်ကုန်က မထွက်ခင် အင်းလေ မနေ့ညကပါ။ လဟာပြင်ဈေးက အောက်မှာ ထိုင်ရောင်းနေတဲ့ ကျူလယာ ကုလားဆိုင်က ၅ိ ထဲနဲ့ ပေးဝယ်ခဲ့ရတာကိုသာ ခင်ဗျားသိခဲ့ရင် အံ့သြသွားမယ်နော်´
ဒေါ်ခင်သိန်းကြွယ်၏ မျက်နှာမှာ နီမြန်းလာပြီး..
`ဒါဟာ ပတ္တမြားစစ်ရုံမကဘူး။ ဒီအရွယ်နဲ့စာရင် ဒီလောက်လှတဲ့ ပတ္တမြားကုံးကိုလည်း ကျမတစ်သက်မှာ မမြင်ဖူးသေးပါဘူး´
`ဒါဖြင့် လောင်းမလားဗျာ၊ ဒီကြိုးက ကျောက်ငါးလုံးကို ပတ္တမြားမစစ်ဘူးဆိုတာ ကျနော် ငွေ ၁၀၀ိ ထပ်ပြီး ပြောမယ်´ ဒေါ်ခင်သိန်းကြွယ်ကလည်း အားကျမခံ၊ `ကောင်းပြီစိန်လိုက်´ ဟု ပြောလိုက်ပါသည်။
ထိုအခါ မင်းကတော်လေးက… `အို.. ကိုကလည်း သေသေချာချာသိပြီးသားကို အလောင်းအစားလုပ်လို့ တော်ပါ့မလားကွယ်´ ဟု ညင်သာစွာတားလိုက်ရာ… `မလောင်းရဘူးလားကွ။ ဒီလို လွယ်လွယ်လေးနဲ့ ငွေရမယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရင် ကိုယ်အရူးဖြစ်နေမှာပေါ့´
`အတုဆိုတာ မေ့စကားဘဲ ရှိသေးတာမို့လား၊ ဟုတ်မဟုတ် ဘယ်သိမလဲ၊ ကရက်နဲ့ကုံးထားတဲ့ ပတ္တမြားတွေ ဖြစ်ချင်ဖြစ်နေမှာ´
ဒေါ်ခင်သိန်းကြွယ်က.. `ကြိုးကို ခဏကြည့်ပါရစေရှင်၊ အတု ဟုတ်မဟုတ် ကျမ တဒင်္ဂအတွင်း ပြောပါမယ်။ ကျမ ငွေ ၁၀၀ိ လည်း မနှမြောပါဘူး´ ဟု ခပ်သွက်သွက် ပြောလိုက်၏။ ကိုထွန်းသန်းက..
`ချွတ်ပြလိုက်စမ်းပါ မေရယ်။ စစ္စတာ ကြိုက်သလို ကြည့်ပါစေ´ ဟု ဇနီးအားခိုင်းလိုက်ရာ မင်းကတော်လေးက ခဏလောက်ဆိုင်းပြီး သူ့လက်များက ကြိုးချိတ်ပေါ်သို့ ရောက်သွားသည်။ နောက်မှ `ဖြုတ်လို့မရပါဘူးရှင်၊ ဒေါ်ခင်သိန်းကြွယ် ကျမစကားကိုဘဲ ယုံပါတော့´
ကျမမှာ ဘာရယ်လို့ အမည်မတပ်နိုင်သော်လည်း တစ်ခုခုတော့ ဖြစ်ကြတော့မှာဘဲဟု သံသယဖြစ်မိပါသည်။ မီးရထားကြီးမှာ တစ်ဘူတာပြီးတစ်ဘူတာ ဆက်၍မောင်းနှင်လျက်ရှိပါသည်။ အိပ်ငိုက်လျက်ပါလာသော ပုပ္ပါးမှ ခရီးသည်နှစ်ယောက်လည်း မျက်လုံးများ ပြူးကျယ်လာကြပါသည်။ ကျမလည်း စိတ်လက်ပေါ့ပါးစွာ မတ်မတ်ရပ်၍ နေရာပြင်ပြီးမှ ပြန်ထိုင်လိုက်ပါသည်။ ကျမနှင့်အလားတူ ပွဲစားကိုဝင်းမောင်သည်လည်း အံ့အားသင့်သောအမူအရာနှင့် ဘာဖြစ်ကြဦးမလဲဟု တစေ့တစောင်းသာ အကဲခတ်နေပုံရပါသည်။ ဘာတစ်ခွန်းမျှတော့ ၀င်ရောက်စွက်ဖက် ပြောဆိုခြင်း မရှိပေ။

ကိုထွန်းသန်းကမူ ရုတ်တရက်ပင် သူ့ဇနီး၏လည်ပင်းမှ ဆွဲကြိုးကုံးကိုဖြုတ်လိုက်ကာ ဒေါ်ခင်သိန်းကြွယ်လက်ထဲသို့ ထည့်လိုက်ပါသည်။ ဒေါ်ခင်သိန်းကြွယ်လည်း လက်ပွေ့အိတ်ထဲမှ မှန်ဘီလူးကို ကပြာကယာထုတ်လိုက်ပြီး အသေအချာ ကြည့်ရှုစစ်ဆေးနေပါတော့သည်။ သူ၏ တက်ကြွနေသော မျက်နှာပေါ်တွင် အောင်မြင်ခြင်း၏အပြုံးက လွှမ်းသွားပါသည်။

ကြိုးကိုပြန်ပေးလိုက်ပြီး စကားပြောတော့မည်အလုပ်တွင် မင်းကတော်လေး၏ မျက်နှာထား အမူအရာကို မင်းကတော်လေးက ကြည့်လိုက်ပါသည်။ မင်းကတော်လေး၏ အမူအရာမှာ သတိမေ့လဲကျလုမတတ်ပင် ဖြူရော်နေပါသည်။ ဒေါ်ခင်သိန်းကြွယ်၏မျက်နှာကိုလည်း ပြူးကျယ်ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။ ၎င်း၏မျက်လုံးများသည် အပြင်းအထန် အသနားခံနေပါ၏။ သူ့ယောက်ျားကမူ သူ့ဇနီး၏ အမူအရာကို မည်သည့်အကြောင်းကြောင့် မမြင်လေမှန်း မသိပါ။
ဒေါ်ခင်သိန်းကြွယ်သည် ပါးစပ်ဟောင်းလောင်းနှင့် စကားမပြောနိုင်တော့ပေ။ မျက်နှာသည်လည်း သန္တာခဲကဲ့သို့ နီမြန်းသွားပါသည်။ သူ့ဟာသူလည်း တစ်စုံတစ်ခုကို ဆုံးဖြတ်ရန် ကြိုးစားနေပုံ ရပါ၏။ ဒေါ်ခင်သိန်းကြွယ်က - `ကျမ မှားသွားပါတယ်ရှင်။ ဒါဟာ အလွန်ကောင်းတဲ့ အတုပါဘဲ။ မှန်ဘီလူးနဲ့ ကြည့်ခါမှ အစစ်မဟုတ်တာ တွေ့ရပါတော့တယ်။ ၅-ကျပ်ဆိုတာ ဒီအတုကြီးရဲ့ သင့်လျော်တဲ့ တန်ဖိုးပါပဲရှင်´ ဟု ဖြေးလေးစွာဆိုကာ လက်ပွေ့အိတ်အတွင်းမှ ရာတန်တစ်ချပ်ကို နှုတ်ယူ၍ စကားတစ်ခွန်းမျှ မပြောတော့ဘဲ ကိုထွန်းသန်း၏လက်ထဲသို့ ထည့်လိုက်ပါတော့သည်။ ကိုထွန်းသန်းက ငွေစက္ကူကို လှမ်းယူရင်း- `ဒါဟာ နောက်ကို ခင်ဗျား သေသေချာချာလုပ်အောင် သင်ပေးလိုက်တဲ့ ဥပဒေသတစ်ခုပေါ့နော်´ ဟု ပြောလိုက်ပါသေးသည်။ ဒေါ်ခင်သိန်းကြွယ်၏လက်များ တုန်လှုပ်နေသည်ကို ကျမ သတိထား၍ ကြည့်လိုက်မိပါသည်။

§ § § § §

ဤအဖြစ်အပျက်သည် ကျမတို့စီးလာသော မီးရထားတွဲနံပါတ် (၆) တစ်တွဲလုံးသို့ ပြန့်နှံ့သွားပါသည်။ ဒေါ်ခင်သိန်းကြွယ်လည်း တော်တော်ပင် အပြောင်ခံလိုက်ရသည်။ ခုလို `မမယ်သိ´ကြီး အထိခံလိုက်ရခြင်းသည် အင်မတန်ခေတ်စားမည့် ပျက်လုံးတစ်ခု ဖြစ်သွားပါ၏။ သို့သော် မင်းကတော်လေးကမူ `ခေါင်းမူးလိုက်တာ´ ဟု ဆိုကာ သူ့ခင်ပွန်းသည် ကိုထွန်းသန်း၏ပေါင်ပေါ်သို့လှဲ၍ အိပ်လိုက်ပါသည်။ ဆူညံသွားသောမီးရထားတွဲမှာ တဖြည်းဖြည်းငြိမ်သက်၍ ငြိမ်သက်၍လာပြီး သိသိသာသာကြီး တိတ်ဆိတ်သွားပါသည်။ ဉာဥ့်နက်လာပြီဖြစ်၍လည်း ရထားဘီးလိမ့်သံ ဂျုံးဂျုံးဂျက်ဂျက်မြည်သံမှလွဲ၍ မည်သည့်အသံမျှ မကြားရတော့ပါ။ ခဏအကြာတွင် `ရွှေမန်းမေ´ အမြန်ရထားကြီးသည် `မိနစ်အနည်းငယ်အတွင်းမှာပင် သာစည်ဘူတာသို့ရောက်တော့မည်ဖြစ်ပါ၍ သာစည်ဘူတာတွင်ဆင်းမည့် ခရီးသည်များသည် မိမိတို့ပစ္စည်းများကို အဆင်သင့် ပြုလုပ်ထားကြစေလိုပါသည်´ ဟု ကြေငြာသံကြားလိုက်ရရာ ကိုထွန်းသန်းနှင့် ၎င်း၏ဇနီးသည်တို့သည် သာစည်တွင် ဆင်းရမည်ဖြစ်သဖြင့် ကမန်းကတန်း အထုပ်အပိုးများကို ပြင်ဆင်ကြရတော့သည်။ ဘူတာသို့ ရောက်၍ မီးရထားကြီး တုံ့ကနဲရပ်သွားသည်နှင့် တစ်ပြိုင်နက်..
`ဂွတ်ဘိုင် ဒေါ်ခင်သိန်းကြွယ်´ ဟု ကြွားဝံ့သော ဟန်မူပါပါနှင့် နှုတ်ဆက်ပြီး ကိုထွန်းသန်းသည် ရှေ့မှ ရင်ကိုကော့ကာ ဆင်းသွား၍ သူ့မင်းကတော်လေးမှာလည်း မျက်စိမျက်နှာပျက်ပျက်နှင့် ထရပ်လိုက်ပြီး ဒေါ်ခင်သန်းကြွယ်၏ ပေါင်ပေါ်တွင် စာအိတ်တစ်လုံးတင်ထားခဲ့သည်ကို မြင်လိုက်ရပါသည်။ ဒေါ်ခင်သိန်းကြွယ်လည်း စာအိတ်ကို ဖြေးဆေးစွာဖွင့်ပြီး အထဲက စာရွက်ခေါက်ကိုယူလိုက်ရာ ကျမမှာ အံ့အားသင့်သွားပါသည်။ ထိုစာရွက်ခေါက်မှာ `စာ´ မဟုတ်ဘဲ တစ်ရာတန် ငွေစက္ကူချပ်တစ်ချပ် ဖြစ်နေသောကြောင့်ပါတည်း။ ကျမလည်း ဒေါ်ခင်သိန်းကြွယ်အား ပြုံးပြုံးကြီး ကြည့်နေလိုက်မိပါ၏။ ဒေါ်ခင်သိန်းကြွယ်ကမူ- `ကိုယ့်ကိုယ်ကို အရူးလုပ်ခံဘို့တော့ ဘယ်သူမှ မနှစ်သက်ပေဘူးပေါ့နော်´ ဟု ခပ်ညည်းညည်း ပြောပါသည်။ ကျမက `ပတ္တမြားတွေက အစစ်တွေလားဟု မေးလိုက်ရာ ကျမမေးခွန်းကို မဖြေဘဲ-  `ကျမသာ ယောက်ျားဖြစ်ရင် အဲဒီလိုမိန်းမ ချောချောလှလှ ဣနြေ္ဒရရလေးကို ကိုယ်မပါဘဲ ရန်ကုန်မှာ ၆-လကြာကြာကြီး ခွဲနေဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး´ ဟုသာ ပြန်ပြောပါသည်။

ကျမ၏ ဒေါ်ခင်သိန်းကြွယ်အပေါ် ထားခဲ့မိသော မုန်းတီးစိတ်များသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီ ဖြစ်ပါ၏။ သူကတော့မူ ရာတန်ငွေစက္ကူချပ်ကို သူ၏ လက်ပွေ့အိတ်ထဲသို့ သေချာစွာ ထည့်လိုက်ပါသည်။

ငွေတာရီမဂ္ဂဇင်း၊ အမှတ် (၄၁)

Comments

  1. Thanks Ko Tay Zar,
    I read similar story in an old magazine more than twenty five years ago. A difference was male main character and the twist impact on my memory.
    If Mg Thwe Chun see both stories, he'll make a critic on plagiarism or similarity in creation.

    ReplyDelete
  2. At the midst of story, I concived the end because I read similar story in Myawaddy or Ngwetaryee magazine more than twenty five years ago.
    A difference is male in main character and the twist impact in my memory. Sorry to forget author's name.

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ