" ဒီလူနဲ့တူသော အကျိုးမျိုး
မင်းတစ်ယောက် ကင်းလွတ် ဝေးပါစေ. . .”
(ကိုနေ၀င်း။ “မောင့် လပြည့်ဝန်း”)
သူတို့လင်မယား ညားတာ ရှင်းရှင်းလေးပဲ။ အဖေအမေက ယူစေချင်တယ်။ သူတို့ချင်းလည်း သဘောကျတယ်။ စိန်,စိန်ချင်း ထပ်တယ်လို့တချို့က ပြောသလိုပဲ။ အစကတော့ ကောင်မလေးကို သူကကြိုက်လှတာ မဟုတ်ဘူး။ အမေက အကြပ်ကိုင်တယ်။ အဖေကတော့ မသိမသာ စကားထည့်တယ်။ မင်းမာမီနဲ့ဒယ်ဒီ ယူုတုန်းက ချစ်ကြလို့မှ မဟုတ်ဘဲ။ လူကြီးတွေ စကားနားထောင် ပြီးယူကြတာ။ လူကြီးစကား နားထောင်ရင်တော့ မှားခဲတာပေါ့လေလို့ ပြောတယ်။ အမေကတော့ ဆရာဝန်မကြီးဆိုတော့ သူ့ကိုလူနာလိုပဲ သဘာထားတယ်။ မင်း သူနဲ့ယူမှ မင်းလုပ်ချင်တာတွေ လုပ်လို့ဖြစ်မယ်။ သူက ဆရာဝန်ဖြစ်မှာ။ မင်းက ကျောင်းဆရာပဲ ဖြစ်မှာ။ ခြောက်ပြားတစ်ပဲ ပဲရမှာ။ လူမှာ စားဝတ်နေရေးတင်မကဘူး၊ ဂုဏ်ကလည်း အရေးကြီးတယ်။ အရေးမကြီးဘူး မထင်နဲ့.. စသဖြင့် စသဖြင့်တွေ အများကြီးနဲ့ ပြောတယ်။ သူကလည်း သူပဲ။ ကဗျာဆရာ ဖြစ်ချင်တာတဲ့။ ခက်နေတာက ကဗျာဆရာ ဆိုတာ ကျောင်းသွားတက်။ အောင်လက်မှတ်ရလာလို့ ကဗျာဆရာမဖြစ်ဘူး။ ကဗျာဆရာကို နေ့တိုင်းခေါ် ထမင်းကျွေးနေလို့လည်း ကိုယ်က ကဗျာဆရာ မဖြစ်ဘူး။ ကဗျာဆိုတာ အပြင်ကလာတယ် ဆိုပေတဲ့ ကဗျာဆရာဖြစ်ခြင်းဆိုတာ လူရဲ့အတွင်းကပဲ။ ဆယ်တန်းအောင်တော့ သူ့အမေက သူ့ကို ဆရာဝန်လိုင်းလိုက်ခိုင်းတယ်။ အဖေကတော့ အင်ဂျင်နီယာလုပ်ရင် ကောင်းမယ်လို့ အကြံပေးတယ်။ သူကတော့ စိတ်ပညာတို့၊ သမိုင်းတို့ ဆိုတာတွေ သင်ချင်တယ်။ နောက်ဆုံးတော့ ဘီအီးဒီနဲ့ ဈေးတည့်သွားကြတယ်။ သူက ပညာရေးတက္ကသိုလ်မှာ။ သူနဲ့ယူမယ်ဆိုတဲ့ ကောင်မလေးက ဆေးကျောင်းမှာဆိုတော့ သိပ်မဝေးကြဘူးပေါ့။

ကောင်မလေးဖက်ကလည်း ချမ်းသာတယ်။ မန္တလေးမှာ၊ ပိုးထည်တိုက်တွေ၊ ရတနာလုပ်ငန်းတွေ အများကြီးပဲ။ ဆရာဝန် မလုပ်လည်း ထမင်းတော့ မငတ်နိုင်ဘူး။ ကောင်မလေးက သူ့သူငယ်ချင်း ကဗျာဆရာ၊ ပန်းချီဆရာတွေ ဆိုတာကိုကြည့်ပြီး အံ့သြနေတတ်တယ်။ သူ့အမေတော့ ကြိုက်ကို မကြိုက်ဘူး။ ဆံပင်က ရှည်ရှည်ရယ်။ ချွေးစီးတွေထွက်လို့။ ဖြတ်သွားရင် ချွေးနံ့ရတယ်။ ဒီကြားထဲ လွယ်အိတ်က လွယ်ထားသေးတယ်။ စကားပြောတော့လည်း ငြင်းခုံချင်သေးတယ်။ မင်းက ဘာလို့အဲဒါတွေကို သဘောကျနေရတာလဲလို့ ပက်ပက်စက်စက်ကိုပြောတာ။ ကောင်မလေးကတော့ ကဗျာဆရာတွေ ဘာလို့ ဘတ်စ်ကားစီးကြတာလဲ။ သူကတော့ အချိန်ကုန်ခံကြီး အရှည်ကြီး ရှင်းပြမနေတော့ဘူး။ ဒီကောင်တွေ မွေးတည်းကချမ်းသာတဲ့ မိဘဆီမှာ မွေးမလာလို့ပေါ့လို့ပဲ ဖြေလိုက်တယ်။ ကောင်မလေးအဖေအမေတွေက သူ့ကို သဘောကျတယ်။ အဓိကအချက်ကတော့ လူချမ်းသာ သားသမီးတွေ မေဖဲယားသွားပြီး ကနေကြတုန်း ဒီကောင်က တောင်သမာန်အင်းထိပ်မှာ အရုပ်ရေးနေတာကိုး။ အင်းထိပ်က အကြော်တဲမှာ၊ ထန်းထဲမှာ၊ မယ်ဇယ်ပင်တန်းအောက်မှာ ထန်းရေမူး တတ်မှန်းသိတာတောင် ခွင့်လွှတ်တတ်ကြတယ်။ မီးကြာလှည့်တာကို ဓာတ်ပုံရိုက်တာမြင်တော့ ကောင်မလေးဘိုးအေ ဘီစီအက်(စ) ဟောင်းကြီးကဆို “အိုင်ဆေး၊ ယူအာသည် ၀မ်းဝီနိ(ဒ) ” လို့တွေ့တိုင်းပြောတယ်။
ကောင်မလေးကလည်း အညာသူဆိုပေတဲ့ မုန့်ပျားသလက် ဆီနှစ်ထားသလို ဖိုင့်ဖိုင့်ကြီး မဟုတ်ဘူး။သွယ်သွယ်လျလျရယ်။ ဒီတောလည်းသူ့အဖို့ မကြိုက်စရာ သိပ်မရှိဘူး။ ကောင်မလေးက တင်းနစ်ရိုက်တော့ ပေါင်တံလှတယ်။ သူ့အဖေကတော့ သူတို့ မယူခင်ကတည်းက အိမ်ဘေးမှာ တင်းနစ်ကွင်းလုပ်ပေးတယ်။ တကယ်တော့ သူ့အဖေက အားကစားဆို ဘာမှကြိုက်တာ မဟုတ်ဘူး။ ဒီတော့လည်းသူက ဘာအားကစားနဲ့မှ မနီးစပ်ဘူး။ ဘောလုံးပွဲဆိုတာ မြေကျယ်ကျယ်ထဲမှာ လူတစ်စု ဘောလုံးနောက်ပြေးလိုက်ပြီး လုကန်နေကြတာလို့ပဲ မြင်တယ်။ သူ့အဖေက ဉာဏ်ရည်ဉာဏ်သွေး ရှိတာကိုသာ တန်ဖိုးထားတဲ့လူမျိုး ဆိုပေတဲ့ သူ့သားနဲ့ ကောင်မလေးဖြစ် စေချင်လွန်းလို့သာ တင်းနစ်ကွင်းလုပ်ပေးတာ။ ဉာဏ်ရည်ဉာဏ်သွေးဆိုပေတဲ့လည်း ကဗျာရေးတာ၊ ၀တ္တုရေးတာတို့ မကြိုက်ဘူး။ အလကား အချိန်ကုန်တဲ့ အလုပ်တွေလို့ ပြောလေ့ရှိတယ်။ ကောင်မလေးကတော့ အညာက ရေခံမြေခံလေးပါလာတော့၊ ကဗျာတို့ ၀တ္ထုတို့ကို သိပ်ဆိုးဆိုးရွားရွားကြီးလို့ သဘောမထားဘူး။ ကောင်မလေးက အောင်မြင်ချင်တယ်၊ တော်တယ်လို့ အပြောခံချင်တယ်။ ဒီထက်ပိုသဘောကျဖို့ ကောင်းတာက သူ့ကို ကဏ္ဍကောစ မလုပ်ဘူး။ ဟုတ်သားပဲ၊ ကောင်းသားပဲလောက်ပဲသူ့ကို ပြောတယ်။ သူကတော့ မောင်ကြီးနှမ ကျားကိုက်ရစေရဲ့လို့ မပြောရင် တော်ပြီလို့ ထင်တယ်။ ကောင်မလေးက တစ်နေ့ သူဆရာဝန်ဖြစ်လာခဲ့ရင် အောင်မြင်တဲ့ သမားတော်ကြီးဖြစ်ရမယ်။ ပိုက်ဆံတွေ အများကြီးရှိမယ်။ သူက ဘာလုပ်ဖို့ ပိုက်ဆံတွေအများကြီးရှာချင်ရတာလဲလို့မေးတော့၊ ကောင်မလေးက အဲဒီကျ ကိုကိုအေးအေးဆေးဆေး မပူမပင်နဲ့ ကဗျာထိုင်ရေးရအောင်လို့ ပန်းချီဆွဲရအောင်လို့ပေါ့လို့ ပြန်ဖြေတယ်။ သူကတော့သူ့ဘာသာပဲ အတွင်းထဲမှာ နှာခေါင်းရှုံ့မိတယ်။ အဲဒီအခါကျမှ ကဗျာရေးရမယ်၊ ပန်းချီဆွဲရမယ် တဲ့လားလို့ သူ့ဘာသာပြောမိတယ်။ ဒီလိုနဲ့ပဲ သူတို့ညားပြီး ကလေးနှစ်ယောက် မွေးတယ်။ သားလေးနဲ့သမီးလေး။ သူလည်း ဘီအီးဒီမှာပဲ ဆရာပြန်လုပ်တယ်။
ကောင်မလေးကတော့ ဆရာဝန်ဖြစ်လာတော့ ပိုကြိုးစားလာတယ်။ ကလေးတွေက နာနီနဲ့။ ဟိုဖက်ဒီဖက် အဖိုးအဖွားတွေနဲ့။ ဘာမျှပူစရာမရှိဘူး။ သူကတော့ ဘာမှမဖြစ်မလာဘူး။ ကျောင်းသားဘ၀က ကဗျာမရေးဖြစ်ဘူး။ ကျောင်းဆရာဖြစ်တော့လည်း ကဗျာမရေးဖြစ်ဘူး။ ပညာရှိကြီးတွေ၊ ပညာရှင်ကြီးတွေ၊ ကဗျာဆရာကြီးတွေ ရေးတဲ့ ကဗျာဆိုတာဘာလဲတို့။ ကဗျာရဲ့ အစွမ်းအစတို့ ဘာတို့ညာတို့တွေ ပိုဖတ်လာဖြစ်တယ်။ မောင်သွေးသစ်ရဲ့ ရုံပိုင်ကြီးလိုပဲ။ “ရုံပိုင်ကြီးလည်း ရုံထဲဝင်လိုက် ရုံပြင်ထွက်လိုက်” ပဲ။ ဘာလုပ်ရမှန်းကိုမသိဘူး။ ကဗျာရေးဖို့ကနေ ဝေးဝေးသွားတယ်။ သူမွေးထားတဲ့ သားကလေး အရွယ်ရောက်ပြန်တော့ သူ့လိုအမြင်မရှိဘူး။ ကွန်ပျူတာဆိုတာ အိုင်တီဆိုတာတွေပဲ စိတ်ပါတယ်။ ကဗျာတို့ဝတ္ထုတို့ဆိုတာတွေက စိတ်ကူးယဉ်ထားတာတွေပဲတဲ့။ အလကားပဲတဲ့။ သူ့သားက ဘယ်လိုမှ သူ့လို အမြင်ရှိအောင် လုပ်ပေးလို့မရဘူး။ စိတ်ကူးယဉ်တယ်ဆိုတာက လွတ်လပ်မှုအားလုံးရဲ့ ဖခင်ကြီးပဲ။ စိတ်ကူးယဉ်တတ်မှ ဘ၀ဆိုတာကို တည်ဆောက်လို့ရတာ။ လက်တွေ့တစ်ခုခုဖြစ်ပေါ်လာဖို့ စိတ်ကူးရတယ် သားရဲ့လို့ပြောလည်း ကောင်ကလေးက လက်မခံဘူး။ ဘ၀ဟာ ကွန်ပျူတာလိုပဲ ဒယ်ဒီလို့ ကောင်ကလေးက ပြောလေ့ရှိတယ်။ အရာရာတိုင်းမှာ စနစ်ရှိတယ်။ စနစ်တစ်စုံတစ်ခုက ကင်းပြီး ဘာမှမရှိနိုင်ဘူးတဲ့။ စိတ်ကူးယဉ်တယ်ဆိုတာ လူတိုင်းရဲ့ လုပ်ဆောင်နိုင်မှုတစ်ခုပဲ။ စိတ်ကူးယဉ်တာ မရှိရင် လူတွေဟာ စက်ရုပ်လိုပဲနေမှာပေါ့ သားရဲ့လို့ ပြောကြည့်ပြန်တယ်၊ မရပါဘူး။ ကောင်ကလေးအမြင်ထဲမှာတော့ စိတ်ကူးယဉ်တယ်ဆိုတာ ခပ်ညံ့ညံ့လူတွေလုပ်လေ့ရှိတဲ့ အလုပ်တစ်ခုလို့ပဲ မြင်တယ်။ တစ်ခါတလေတော့ သူကသူ့အဖေကို စစ်ကူတောင်းကြည့်တတ်တယ်။ ဒယ်ဒီ ဒီမြေးကို နည်းနည်းပါးပါးပြောစမ်းပါဦး။ ဒီကောင်က ကွန်ပျူတာ ကလွဲရင် ဘာမှအထင်မကြီးဘူး။ စိတ်ကူးယဉ်တယ်ဆိုတာတောင် လူညံ့တွေပဲလို့ မြင်နေတယ်လို့ ပြောပြမိတယ်။ အမှန်မှာတော့ မလာတော့တဲ့ စစ်ကူကိုတောင်းမိနေတာ။ ဟုတ်သားပဲကွ။ ခပ်ညံ့ညံ့ကောင်တွေသာ အလကားနေရင်းထိုင်ပြီး စိတ်ကူးယဉ်နေကြတာလို့ သူ့အဖေက ပြန်ပြောတယ်။ စိတ်ကူးမယဉ်တတ်ရင် မခံစားတတ်ဘူး။ ဘ၀ဆိုတာ ခံစားချက်တော့ ရှိရတယ်လို့ သူကပြောတော့ သူ့အဖေက မင်းကို ဘယ်သူက ပြောတာတုန်းလို့ ပြန်မေးတယ်။ ခံစားချက်သာရှိနေရင် မင်းအမေနဲ့ငါ မပေါင်းတာ ကြာပြီလို့ပြောမှ သူနည်းနည်း အသိတရားရလာတယ်။ သူ့အဖေရဲ့ အိမ်တစ်လုံးမှာ သူနဲ့ မတိမ်းမယိမ်းရှေ့နေမတစ်ယောက် အလကားတင်ထားတာ သူသတိရလိုက်မိတယ်။ သူ့သားနဲ့ ပတ်သက်လို့ သူ့ယောက္ခမတွေလည်း အားမကိုးရဘူး။ သူ့သားအကြောင်း သူ့ယောက္ခမတွေကိုပြောတော့ ဒါက ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်။ အိုင်တီခေတ် သားရဲ့လို့ပြောတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အန်ကယ်တို့ အန်တီတို့နဲ့ ဘာဆိုင်လို့တုံးလို့ သူကပြောတော့ ဖူကူးယာမက ဘာပြောတယ်။ ဖရိုဒ်မင်းက ဘာပြောတယ်ဆိုတာတွေနဲ့ ရောထွေးပြီးအောပစ်ကြတယ်။ တစ်ချီတော့သူလည်း စိတ်ပေါက်ပေါက်နဲ့ ချဲထည့်လိုက်မိတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ မျက်လှည့် ဆရာတွေက ဖန်တီးရေးတာ။ မူလလက်ဟောင်း လှကလေးစိန် ထိုးမုန့်ကောင်းကောင်းစားနေရမှ တော်ရောပေါ့။ ဘာလို့မဆီမဆိုင် ဒီဂလိုဘယ်လိုက်ဇေးရှင်းတို့ အိုင်တီတို့ကို မြို့ပြင်လေးရပ်အထိ ဆွဲလာရတာတုံး။ လုပ်စရာမရှိရင် သိုက်ထွန်းသက်ရေးတဲ့ ဂေါဝိန်ဆိပ်အကြောင်းဖတ်။ မြစ်ဆိပ်မှာသွားထိုင်ပြီး သင်္ဘောတွေ အစုန်အဆန် သွားနေတာကို သွားရေကြည့်နေကြပါလားလို့ ပြောထည့်လိုက်တယ်။ အဲဒီကတည်းက သူ့ယောက္ခမတွေနဲ့ သူနဲ့ တန်းသွားကြတယ်။
သူ့သမီးကလည်း တစ်မျိုး။ သူ့အမေတို့ သူ့မိန်းမတို့ဖက် မပါဘူး။ အမေတို့ အဖွားတို့ကို ဆရာဝန်ဆိုတာ ပိုက်ဆံပေးခိုင်းလို့ရတဲ့ လူမျိုးဆိုပြီး ပက်တယ်။ အဖွားက ဆရာဝန်ဖြစ်လို့၊ အမေက ဆရာဝန်ဖြစ်လို့ သမီးကလည်း ဆရာဝန်ဖြစ်ရမယ်ဆိုတာ ယုတ္ထိနည်းလမ်းမကျဘူးလို့ ဆိုတယ်။ အသိတရားရဲ့ဖြစ်စဉ်ဟာ ပြတ်တောက်မှုမရှိရင် အသိသစ်မဖြစ်နိုင်ဘူးဆိုပြီး အဖွားနဲ့အမေကို အာခံရော။ ဘယ်လိုမှ ဆေးပညာသင်ခိုင်းလို့ မရဘူး။ ဒီတော့လည်းသူက သဘောကျသလိုလိုရှိတယ်။ ငါ့သမီးတော့ဖြင့် သိပ်မဆိုးဘူးလို့ ထင်မိတယ်။ ဒါပေမဲ့ သူထင်သလိုမဖြစ်ပြန်ဘူး။ သူ့ဆီမှာထိန်နေ၊ ငုတ်နေခဲ့တဲ့သူ့အဖေရဲ့ အမြင်တွေဟာ သူ့သမီးမှာ သွားပေါ်တယ်။ ဉာဏ်ရည်ဉာဏ်သွေး ကောင်းရမယ်တဲ့။ ဒါမှစီးပွားရေးကို နားလည်မယ်တဲ့။ ဓနအင်အားကောင်းမှ အရာရာကို ဖန်တီးနိုင်မယ် ဆိုပဲ။ ဒီတော့ အဘိုးက သဘောကျတယ်။ ဘယ်လောက်ကုန်ကုန် ငါ့မြေးကို ဟားဗတ် အီကော်နိုးမစ်စကူး ပို့ချေလို့ အမိန့်ချတယ်။ သူကတော့ သူ့သားနဲ့ သမီးကို ဘာမှလုပ်လို့ မရတော့ဘူးဆိုတာ ရိပ်မိပေတဲ့ ရသမျှတော့ ကြိုးစားကြည့်သေးတယ်။ သူ့သမီး တစ်ဆယ့် ရှစ်နှစ်ပြည့် မွေးနေ့မှာ ဂျောန်ကိရဲ့ ကဗျာပေါင်းချုပ် သားရေဖုံးနဲ့ စာအုပ် လက်ဆောင်ပေးတယ်။ သူ့သမီးက ပြောတယ်။ တစ်သက်လုံး သေတဲ့ အထိ သိမ်းထားပါ့မယ်တဲ့။ သူသာ အသက်ကြီးလာလို့ ဘိုးဘွားရိပ်သာလို ဟာမျိုးမှာ သွားနေရလို့ ဘာမှ လုပ်စရာမရှိရင် ဖတ်စရာ စာအုပ်ရပြီလို့ ထပ်ပြောတယ်။ သမီး ဝတ္ထုလေး ဘာလေး မဖတ်ဘူးလားဆိုတော့ နန်းဖစ်ရှင်ပဲ ဖတ်သတဲ့။ ဖစ်ရှင်ဆိုတာက နေ့စဉ်ဘဝနဲ့ ဝေးသတဲ့။ နေ့စဉ်ဘဝဟာ လက်တွေ့ကျဖို့ လိုသတဲ့။ သမီး အလှအပကို မခံစားချင်ဘူးလား ဆိုတော့ အလှအပကို ခံစားဖို့ အချိန်နဲ့ငွေ လိုသတဲ့။ အချိန်နဲ့ ငွေ မရှိရင် ဘာကိုမှ မခံစားနိုင်ဘူးတဲ့။ သမီးယောက်ျားရော မယူချင်ဘူးလားဆိုတော့ ဒါလည်း အချိန်နဲ့ ငွေ လိုသတဲ့။ ဒါပေတဲ့ တနေ့တော့ သူ့သမီး ယောက်ျားယူတယ်။ ဒီတော့လည်း သူ့အဖို့ ငါ့သမီး ယောက်ျားယူဖို့ အချိန်နဲ့ ငွေ ရှိပြီလို့ပဲ မှတ်ထားလိုက်ရတော့တယ်။
သူ့မိသားစု တစ်ခုလုံးကို ပြန်ကြည့်ပြီး သင်းတို့တတွေ လုပ်ချင်တာ လုပ်ပြီး ပျော်နေကြပေမယ့် ငါ့ဘဝမှာ လုပ်ချင်တာ မလုပ်ခဲ့ရဘူး။ ငါ မလုပ်ခဲ့ရတာကိုလည်း ဘယ်သူမှ အသိအမှတ်မပြုကြဘူးလို့ပဲ သူ မကြာခဏ တွေးလာမိတယ်။ သူ့တုန်းကမှ သူ့အဖေပြောစကား အထိုက်အလျောက် နားထောင်ခဲ့သေးတယ်။ သူ့သားက သူပြောတာ တစ်လုံးမှ လက်မခံဘူး။ ဒီတော့လည်း ငါသားဖြစ်တုန်းကလည်း ငါပဲ ခံရတယ်။ အခု ငါ အဖေဖြစ်လာပြန်တော့လည်း ငါပဲ ခံနေရပြန်ပါလားလို့ တွေးလာမိတယ်။ တကယ့်လောကကြီးဟာ ငါ့ဘက်က ဘယ်တော့မှ မနေပါလားလို့ တွေးလာမိတော့တယ်။ ဒီလိုတွေးလာမိလေ ကဗျာဆရာ ဖြစ်ချင်လာလေပဲ။ စိတ်ကူးတွေသာ စကားလုံးတွေသာ ငါ့ကို ကျေနပ်မှုပေးနိုင်မှာပဲလို့ တွေးလာမိတော့တယ်။ ဒါပေမယ့် ကဗျာဆရာ ဖြစ်နိုင်ဖို့ ဆိုတာ ပျိုးထောင်မှုတွေ၊ အခြေအနေတွေ၊ အခွင့်အရေးတွေ အများကြီး လိုတယ်။ ဒီဟာတွေက စီးပွားရေးတွေ၊ လူမှုရေးတွေ၊ နိုင်ငံရေးတွေနဲ့ တိုက်ရိုက်မဆိုင်ဘူး။ လူရဲ့ ဖြစ်နေခြင်း အတွင်းနဲ့ပဲ ဆိုင်တယ်။ ဒီအခြေအနေတွေ အခွင့်အရေးတွေ သူရခဲ့သလား။ မရခဲ့ဘူးလား။ ကြုံတောင် ကြုံခဲ့ရဲ့လားဆိုတာ ပြန်စဉ်းစားကြည့်လို့ မရတော့ဘူး။ အခြေအနေတို့ အခွင့်အရေးတို့ဆိုတာက အိမ်တံခါး လာခေါက်တဲ့ အလှူခံလို မတွေ့မချင်း ပြန်လာတတ်တာ မဟုတ်ဘူး။ ကဗျာဆရာဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေတဲ့ ဝေဒနာ ဖြစ်ပေါ်ပုံက အသက်အရွယ်ကို လိုက်သေးတယ်။ နေရာလိုက်သေးတယ်။ ဒီတော့ ဖြစ်နေသလို နေနေရတာဟာ ဘဝရဲ့ ပြန်လည်ဖော်ထုတ်နိုင်စွမ်းမရှိတော့တဲ့ ကဗျာတစ်ပုဒ်ပဲ ထင်တယ်ဆိုတဲ့ အထင်အတွေးနဲ့ပဲ ဆက်နေ နေမိတော့တယ်။
သူ့မိန်းမကတော့ ရှင်ဟာ အသက်သာ ကြီးလာတယ်။ ရင့်ကျက်မှု မရှိသေးဘူးလို့ ပြောတတ်တယ်။ သူ့မိန်းမဟာ ညိုသစ်ဝတ္ထုတစ်ပုဒ်ထဲက ကောင်မလေးလိုပဲလို့တောင် သူက ထင်မိတယ်။ အဲဒီကောင်မလေးက “စိတ်ကို ဆေးကြောခဲ့” လို့ မှာတာကိုး။ သူကိုယ်တိုင်လည်း စိတ်ကို ဆေးကြောဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ကံကောင်းတာက သူဟာ ဝတ္ထုထဲကမှ မဟုတ်တာပဲ။ တကယ့်ဘဝထဲမှာ သေနှင့်နေတဲ့လူ။ ကဗျာဆရာဆိုတာ ခြေစုံရပ်ပြီး လွင့်မျောနေနိုင်မှ။ တကယ်တော့ သူ့ဘဝဟာ မှန်ကန်ထဲက ရွှေငါးလိုပဲ။ စားဖို့ သောက်ဖို့ မပူရဘူး။ အန္တရာယ်ဖြစ်မှာ မပူရဘူး။ ဘေးလူက ကြည့်ပြီး တန်ဖိုးထားတယ်။ ဒါပေမယ့် သဘာဝတရားက ဖန်တီးပေးထားတဲ့ မြစ်ချောင်းအင်းအိုင်ကအစ သမုဒ္ဒရာဆိုတာတွေကို ဘာမှ မသိဘူး။ မကြုံဖူးဘူး။ မှန်ကန်ထဲမှာ နေလာတာကြာတော့ ခုကာမှ မြစ်ထဲချောင်းထဲ လွှတ်ပေးလည်း သေရုံပဲ။ သူလည်း အဲဒီလိုပဲ မဟုတ်ဘူးလား။ နေဝင်လို့ တနေ့ကုန်သွားတာ။ ညရောက်လို့ မှောင်လာတာ။ နောက်တစ်နေ့ နေထွက်လာတာ။ နေ့တစ်နေ့ပြီးဆုံးပြီး နေ့သစ်တစ်ခု ဖြစ်လာတာက လွဲလို့ သူ့ဘဝမှာ ဘာမှ မထူးဘူး။ နေ့စဉ်ဘဝရဲ့ ပြောင်းလဲသွားခြင်းအတွင်းမှာ သူက ဖော်ထုတ်ပြစရာ ကဗျာတစ်ပုဒ်မှ မရှိဘူး။ တကယ်တော့ ဖြစ်-ရှိနေရခြင်းအတွင်းက အားထုတ်ခြင်း ကင်းမဲ့တဲ့ ဘဝအတွင်းမှာ သေဆုံးနေတာပဲ။ အားထုတ်ခြင်းကင်းမဲ့တဲ့ ဘဝတစ်ခုကို ရခဲ့တာဟာ ကဗျာဆရာ ဖြစ်လာဖို့ လမ်းကြောင်းကို ပိတ်ဆို့လိုက်တာပဲ။

တစ်နေ့တော့ သူ့သမီးက သားလေးတစ်ယောက် မွေးတယ်။ သူ့အဖို့တော့ ဘာမှ မဆန်းတော့ဘူး။ သူ့ယောက္ခမ ဆုံးသွားတာ၊ သူ့အမေဆုံးသွားတာ။ သူ့သားက ဝေးလံတဲ့ အရပ်မှာ သူတို့နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ ကောင်မလေး တစ်ယောက်နဲ့ အတူတူ နေနေတယ် ဆိုတာ။ သူတို့ မြေးကလေး ရလာတာ။ အားလုံးဟာ ဖြစ်စဉ်တွေထဲက အဖြစ်အပျက်တစ်ခုလို့ပဲ လက်ခံထားလိုက်တော့တယ်။ သူဖြစ်ချင်တဲ့ ကဗျာဆရာမှ မဖြစ်ခဲ့ဘဲ ဘာချည်းပဲ ဖြစ်နေနေ လောကကြီးဟာ သူ့ဘာသာ ဖြစ်နေတာချည်းပဲလို့ သူ လက်ခံထားလိုက်တယ်။ သူ့မြေးကလေး စကားပြောတတ်လာလို့ သူ့ကို ဘိုးဘိုးလို့ ခေါ်တော့ သူ့အဖေပြောဖူးတဲ့ ဘဝဟာ ခံစားချက်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာကို သူ ပြန်စဉ်းစားကြည့်မိတယ်။ ခံစားချက် ဟုတ်ချင်မှ ဟုတ်မယ်။ သာယာတယ်ဆိုတာများလားလို့ တွေးမိတယ်။ သူ့သမီးနဲ့ သားမက် ခရီးသွားတဲ့ အခါ မြေးကလေးက သူတို့နဲ့ လာနေတယ်။ မြေးကလေး တီတီတာတာပြောတာကို နားထောင်ရုံကလွဲလို့ သူ့မှာ စိတ်ဝင်စားစရာ မရှိဘူး။ လူတွေရဲ့ သီးခြား ရှိနေကြတဲ့ ဘဝရဲ့ ဖြစ်နေခြင်းကို လက်ခံထားလိုက်ကတည်းက သူ့မှာ ခံစားချက် နည်းလာတယ်။ သူ့အဖေလို နည်းတာမျိုးတော့ မဟုတ်ဘူး။သူ့အဖေရဲ့ ဘဝဆိုတာ ခံစားချက်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူးလို့ ပြောနိုင်အောင် ပိုက်ဆံ အတော်ကလေးရှိဖို့ လိုတယ်။ သူ့မှာ ပိုက်ဆံ မရှိဘူး။ ဘာမှကို ရှိပုံမပေါ်ဘူး။ ချစ်ခြင်း၊ မုန်းခြင်း၊ သာယာခြင်း၊ ကြေကွဲခြင်း စတာတွေဟာ ကဗျာဆရာ မဖြစ်ခဲ့ရခြင်းနဲ့ အတူ ပျောက်ဆုံး သွားပုံရတယ်။ မြေးကလေးကတော့ သူ့ကို အတော်ချစ်ပုံရတယ်။
နွေတစ်နေ့မှာ အဖိုးက သူ့မြေးကလေး ကစားနေတုန်း မင်းရေခဲမုန့်စားမလားလို့ မေးတော့ မြေးကလေးက စားမယ်လို့ ပြောတယ်။ မြေးအဖိုး နှစ်ယောက်သား မီးဖိုထဲက ရေခဲစက်ဆီ လာခဲ့ကြတယ်။ မြေးကလေးက ကုလားထိုင်ကလေးမှာ ထိုင်ရင်း မီးဖိုထဲက ရုပ်မြင်သံကြားကို လှမ်းကြည့်နေတယ်။ ရုပ်မြင်သံကြားမှာ ဘောလုံးပွဲပြနေတာကို ကြည့်ရင်း ဘိုးဘိုး ဘာလုပ်နေကြတာလဲလို့ မေးတော့ မစီစဉ်ထားဘဲ ခပ်ရှည်ရှည် ရှင်းပြလိုက်မိတယ်။ ဒါ ဘောလုံးကစားတာလို့ ခေါ်တယ်။ လူတွေ အများကြီး ဘောလုံးကလေး တစ်လုံးနောက်လိုက်ပြီး လုရင်း ကန်ကြတာ။ ကတုံးနဲ့ကောင်က ရယ်လ်နားဒိုး ဆိုသလားပဲ။ ဒီကောင်တွေ ပိုက်ဆံသိပ်ရတယ်။ ဒါပေတဲ့ စနစ်တကျ ဆင်ခြင်တုံတရား မရှိဘူး။ ရုတ်ချည်းတုံ့ပြန်နိုင်တဲ့ တွေးပုံပဲ ရှိတယ်။ ဖြတ်ထိုးဥာဏ်ရှိတယ်။ ဖြတ်ထိုးဥာဏ်ဆိုတာက ပြဿနာတစ်ရပ်ကို မဖြေရှင်းနိုင်ဘူး။ ယာယီအဆင်ပြေသွားရုံ လုပ်တာ။ နောက်ပြီးတော့ ဘောလုံးကန်တယ်ဆိုတာက သိပ်ပင်ပန်းတယ်။ သူ့မြေးကလေးက သူ့ကို ကြည့်နေတယ်။ သေသေချာချာ နားလည်ပုံမရဘူး။ အဖိုးက ပန်းကန်ထဲကို ရေခဲမုန့်ထည့်ပေးပြီး သူ့မြေးကလေး ရှေ့မှာ ချပေးလိုက်တယ်။ မြေးကလေးက ရေခဲမုန့်ပန်းကန်ကို လှမ်းယူလိုက်ရင်း ထမင်းစားစားပွဲပေါ်က သူ့အမေအတွက် သူ့အဖိုး ပေးထားတဲ့ စာအုပ် တွေ့သွားလို့ လှမ်းယူလိုက်တယ်။ လှန်ကြည့်လိုက်တော့ အထဲမှာ စာလုံးတွေပဲ တွေ့တာမို့ ရေခဲမုန့်စားနေရင်း ဘာစာအုပ်လဲ ဘိုးဘိုးလို့ မေးတယ်။ ဂျောန်ကိဆိုတဲ့ ကဗျာဆရာရဲ့ စာအုပ်ကွယ်လို့ ဖြေတော့ မြေးကလေးက ကဗျာဆရာဆိုတာ ဘာလဲလို့ ထပ်မေးတယ်။ အဖိုးက ကဗျာဆရာဆိုတာ ဘာလို့ မပြောဘဲ မင်းရေခဲမုန့် ကြိုက်သလားလို့ မေးတယ်။ ကောင်ကလေး ဖြေတာကို မစောင့်ဘဲ ရေခဲမုန့်ဟာ သိပ်ခဲနေရင်မကောင်းဘူး။ အရည်ပျော်သွားရင်လည်း မကောင်းဘူး။ အရည်မပျော်ခင်ကလေးဟာ ရေခဲမုန့်ရဲ့ အကောင်းဆုံး အချိန်ပဲ။ အရသာ အရှိဆုံး အချိန်ပဲ။ ကဗျာဆရာဆိုတာ အဲဒီအချိန်မှာ ရေခဲမုန့်ကို စားရမယ်ဆိုတာ သိတဲ့ လူမျိုးပဲလို့ ဖြေလိုက်တယ်။
သူ့မြေးကလေးက ရေခဲမုန့်တစ်ဇွန်းကို ယူပြီး ပါးစပ်ထဲ ထည့်ပြီး အရသာခံနေတယ်။ အတော်ကြာတော့မှ ကျွန်တော်ကြီးရင် ကဗျာဆရာ ဖြစ်အောင် လုပ်ဦးမယ်လို့ ပြောလိုက်တယ်။ သူက ဘာမှ ပြန်မပြောတော့ဘဲ သူ့မြေးကလေးကို ပြုံးပြလိုက်တယ်။ မြေးကလေးက ရေခဲမုန့်ကို ကြည့်ရင်း နောက်တစ်ဇွန်း ထပ်စားလိုက်တယ်။ သူကတော့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ အခါကျော်ပြီးမို့ မိုးတပြိုက်နှစ်ပြိုက်လောက် ရွာဖို့ ကောင်းပြီလို့ တွေးလိုက်မိတယ်။ ခုထိတော့ မရွာသေးဘူး။ နောက်ကျတဲ့ အခါလည်း ရှိသလို စောတဲ့ အခါလည်း ရှိတတ်တာပဲလေလို့ တွေးလိုက်မိတယ်။ သူ့မြေးကလေးကို လှမ်းကြည့်ရင်း ပြုံးပြလိုက်မိတယ်။ ဘိုးအေအရွယ်ရောက်နေမှ ငါလည်း အဲဒီလို တွေးတတ်ဖို့ လိုတယ်လို့ သူ့ဘာသာ တွေးကြည့်လိုက်မိတယ်။

မြင့်သန်း
ချင်းတွင်း (မသေချာ) အမှတ်(၈)၊ သြဂုတ်လ၊ ၂၀၀၆
ဖတ်ရင်းနဲ့ကိုယ့်ကိုယ်ကို ပြန်မြင်သလိုလိုပဲ ရေခဲမုန့်တောင် မစားဖြစ်တာကြာပါပေါ့လား...
ReplyDelete