Skip to main content

ဖတ်ရှုရန်သက်သက်

စာ ရေးချင်လာတယ်။ ဒါဆို တစ်ခုခုရိုက်နှိပ်ဖို့ လိုပြီ။ အလျဉ်းသင့်တာ တစ်ခုခု ချရေးပစ်လိုက်မယ်။ မဖြစ်ဘူးလား၊ ဖြစ်တယ်။ ကဲ.. ညဟာ ပိန်းပိတ်အောင် မှောင်နေတယ်၊ တကယ် တကယ်။ တစ်လက်စတည်း ပြန်လည်သုံးသပ်မယ်။ တကယ်တော့ ဒီဝါကျဟာ ဘာကိုမှ ဆိုလိုရာ မရောက်ဘူး။ ဘာကိုမှ ဆိုလိုရာမရောက်လို့လည်း သိပ်တော့ အရေးမကြီးပြန်ဘူး။ တကယ်တော့ ၀ါကျတွေဟာ ဖတ်ရှုဖို့ သက်သက်ထက်ပို အသုံးကျတာမျိုး မဟုတ်ဘူးဆိုတော့ ဘာဆိုဘာမှ သိပ်အရေးမကြီးလှတော့ဘူး။ ဖတ်ပစ်လိုက်ဖို့သာ လိုတယ်။ ကဲ ညဟာ လက်ဖျားပေါ်မှာတင် ပိန်းပိတ်အောင် မှောင်သွားပြီ။ အမှောင်အကြောင်း နည်းနည်းဆက်ပြောဖို့ လိုလာပြီ။ 

တကယ်တော့ အမှောင်ဟာ စကြ၀ဠာထဲမှာ ပုံမှန်အခြေအနေပဲ။ နေကလေးအချို့၊ ပိုပြီးအတိအကျဆိုရရင် သန်းပေါင်းများစွာအချို့၊ ဖောက်လွဲဖောက်ပြန် တစ်ချက်တစ်ချက် လင်းလက်နေတတ်တာက လွဲလို့ ပုံမှန်အခြေအနေပဲ။ အတိအကျဆိုလိုက်မှ ပိုကွာသွားတာမျိုးက ဖြစ်တတ်ပါတယ်။ ဘာမှမပြောတာက ပိုပြီး အချက်အလက်ဆန်တယ်၊ ဆန်ချင်မှလည်းဆန်မယ်။ တကယ်ဆို ကြယ်အရေအတွက်ဟာ သန်းပေါင်းများစွာထက် အများကြီး များနေဆဲပဲ။ ဘယ်လောက်များများလေ၊ အမှောင်ကတော့ အတိုင်းအဆမရှိ ကျယ်ပြန့်နက်ရှိုင်းတယ်။ အတိုင်းအဆမရှိ မှောင်မဲနေတဲ့ အာကာပြင်ထဲမှာ မရေတွက်နိုင်တဲ့ ကြယ်တွေ သူ့သဘောနဲ့သူ ရှိနေကြတယ်။ (ဒါမှမဟုတ် ရှိနေအောင်လုပ်ခြင်း ခံထားရတယ်) ဒီလိုပြောလိုက်တော့ ခမ်းနားသွားသလိုပဲ။ ဒါပေမဲ့ လူတွေ တိုင်းတာနိုင်, ရေတွက်နိုင်တဲ့ ပမာဏက ဘယ်လောက်မှတော့ များလှတာမဟုတ်ဘူး။ ဟိုက အများကြီးများသေးတယ်။ ဘယ်တတ်နိုင်မလဲ။ ဒီတိုင်းပဲ သိပ္ပံပညာရှင်ဖြစ်နေနိုင်တာပဲ။ ဒါမှမဟုတ် ဒဿနပညာရှင်။ ကမ္ဘာ့အရှည်ဆုံး ဆယ့်နှစ်လက်မပေတံကို တီထွင်နိုင်ခဲ့သူ။ ဒါတွေ ဘာမှမဖြစ်တော့ရော ဘာအရေးလဲ၊ Default Mode ပဲ။

ဆိုလိုတာကတော့ ဟောဒီနေရာမှာ ပိုးစိုးပက်စက်မှောင်နေတယ်၊ ဒါပါပဲ။ အလင်းနဲ့အမှောင်ဟာ နေ့နဲ့ညလို သူတစ်ပြန်ကိုယ်တစ်ပြန် အားပြိုင်နေကြတဲ့ ဆန့်ကျင်ဘက်စွမ်းအားတွေ မဟုတ်ဘူး။ ပိန်းပိတ်နေတဲ့ အမှောင်ထုကြီးထဲမှာ အလင်းစက်ကလေး တချို့ ထိုးထိုးထောင်ထောင် ထထလုပ်တတ်တာထက် မပိုဘူး။ ဒါလည်း ဘာဖြစ်လဲ၊ သူ့ဘာသူ မှောင်ပါစေ။ နေရာကွက်ကျား မိုးလင်းပါစေ။ ဖြစ်တာပဲ။ အမှောင်ထုကြီးထဲမှာ မျက်လုံးတွေ ပေါ်လာတဲ့အထိ ဆင်းသက်ရလောက်အောင် ဘယ်မျိုးစိတ်မှ ဖောက်ပြန်မှု မရှိခဲ့ဘူး။ သူ့ဟာနဲ့ သူပဲ။

မမြင်ရဘူး၊ ကြည့်ဖို့မလိုဘူး။ ဒါမှမဟုတ်
ကြည့်ဖို့မလိုဘူး၊ မမြင်ရဘူး။ ဒါပုံမှန်ပဲ။

ဘာရေးရေးလေ၊ ဖြစ်တာပဲ။ ဘုရားသခင်ကို ဖန်ဆင်းခိုင်းလိုက်လို့လည်း ဖြစ်တာပဲ။ သူ မပါလည်း ဖြစ်တာပဲ။ သူမ ပါလည်း ဖြစ်တာပဲ။ ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဒီလိုနဲ့ ပြီးမသွားဘူး။ မြင်ရတယ်၊ ကြည့်ဖို့လိုလာတယ်။ ဒါမှမဟုတ် ကြည့်ဖို့လိုလို့ မြင်လာရတယ်။

နေရောင်ခြည်ကို ကြည့်ရှုဖို့၊ ဒါမှမဟုတ် မြင်ရဖို့ မျက်လုံးတွေလိုလာတယ်။ 

လျှောက်ကြည့်တတ်တဲ့ သတ္တ၀ါတွေ ပေါ်လာတယ်။ မြင်မြင်သမျှ ၀ါကျတွေကို လျှောက်ဖတ်တယ်။ ဖတ်လေ၊ ဖြစ်တာပဲ။ အဆင်ပြေသားပဲ။ မျက်လုံးဆိုတာက Widget တစ်ခုပဲ။ တခြား ဘာမှတော့ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ရှင်သန်မှုထဲကနေ မျက်လုံးတွေကို ဖယ်ထုတ်ပစ်လိုက်လို့တယ်။ သိပ်ပြဿနာမရှိဘူး။ ဘယ်လိုပြောလိုက်ပါလိမ့်။ ရှိတာပေါ့၊ သိပ်ကိုရှိတာပေါ့။ ဒီလိုဆိုလည်း ရတယ်။ ရှိလိုက်ပေါ့။ ဒါလည်းပြဿနာမရှိပြန်ဘူး။ ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။ မမြင်ရလို့ ငါမသေဘူး။ မမြင်ရရင် ငါသေမှာ။ အရာရာ အဆင်ပြေနေတာပဲ။

ဒါပေမဲ့ နေရာကွက်ကွက်လေးအတွင်းမှာ အလင်းဟာ လူကြိုက်များအစားအစာ ဖြစ်လာတယ်။ မျက်မမြင်တွေ ဒုက္ခိတဘ၀ ရောက်သွားတယ်။ ဟိုအမှောင်ထုကြီးက ဘာလို့မမြင်ရတာလဲဆိုတဲ့ ရဲတင်းတဲ့ မေးခွန်းမျိုးတွေ ထွက်လာတယ်။ ထောင်ထောင်ထောင်ထောင်လုပ်တယ်။ ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။ လုပ်ပေါ့။ အဲဒီနေရာမှာ အလင်းဟာ ယာယီ Default Mode ပြန်ဖြစ်သွားတယ်။ ၀ါကျတွေကို ဖတ်ရုံနဲ့ မကျေနပ်တော့ဘူး၊ နားလည်ချင်လာတယ်။ ၀ါကျတွေဟာ ဘာကိုဆိုလိုချင်သလဲ စဉ်းစားလာကြတယ်။ စဉ်းစားမရဘူး။ ဒါလည်း ဘာအရေးလဲ၊ ရေးသူကို အပြစ်တင်လိုက်ရုံပဲ။ စာကိုတောင် ဖြောင့်အောင်မရေးတတ်ဘူး။ ရေးသူ ဘယ်သူလဲတော့လည်း သိကြတာမဟုတ်ဘူး။ ဒါလည်း အဆင်ပြေတာပဲ။ တချို့ဝါကျတွေကိုကျတော့ စကားထာတွေလို့ သတ်မှတ်တယ်။ အဖြေညှိကြတယ်။ အောင်မြင်တယ်။ အဖြေတွေကိုယ်စီကိုယ်ငှ ရှာဖွေတွေ့ရှိကြတယ်။ အားလုံးအဆင်ပြေနေကြတာပဲ။ ၀ါကျတွေမှာ ဆိုလိုရင်းတစ်ခုခု ရှိမှရှိပါ့မလားဆိုတာမျိုးက ဒီဘက်မှာ ခေတ်မစားဘူး။ ၀ါကျတွေဟာ `ကြိုတင်ကြံစည်မှု´ တဲ့။ ဟုတ်ချင်ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဘာပဲဖြစ်ဖြစ် ဖတ်ဖြစ်ခဲ့ကြတယ်။

ကျွန်တော်ကတော့ ဘာရယ်ညာရယ်မဟုတ်ဘူး ရေးလိုက်တယ်။
ညဟာ ပိန်းပိတ်အောင် မှောင်နေတယ်။
ဒီတော့၊ ဒီလောက်ကြီးမားတဲ့ အမှောင်ထုကြီးကို မျက်စိလျှမ်းလိုက်ကြမလား။ စိုက်ကြည့်နေမလား။ ကြိုက်တာလုပ်လေ၊ အဆင်ပြေတာပဲ။ ဘာလုပ်လုပ် ဘာမှတော့ မြင်ရလိမ့်မှာမဟုတ်ဘူး။ ဒီတော့ ညကိုမှ ပိန်းပိတ်အောင်မှောင်နေတယ်လို့ ရေးလိုက်တာက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ဘာမှအဓိပ္ပာယ်မရှိတော့ရော ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။ အဆုံးမှာ စာဖတ်သူ ဘာရလိုက်လဲ၊ ဘာမှမရဘူး။ မပြောဘူးလား ၀ါကျတွေဟာ ဘယ်လိုပဲဖြစ်ဖြစ်ပါလို့။ ဖတ်ပစ်လိုက်ဖို့သာ လိုတာပါပဲ။ တစ်ခုခုရတယ်ရင်ရော ဘာဖြစ်လဲ။ ဒါလည်း ကိုယ့်အဖြေနဲ့ကိုယ် အဆင်ပြေနေတာပဲ။

လုံးဝ မဖတ်ဖြစ်ဘူးဆိုလည်း ဘာအရေးလဲ ဒါ Default Mode ပဲ။
ကျွန်တော်ကတော့ ရေးချင်လာလို့ ရေးလိုက်တယ်။
`ညဟာ ပိန်းပိတ်အောင် မှောင်နေတယ်´ ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။
ဘာအဓိပ္ပာယ်မှတော့ ရှိမယ့်ပုံမရဘူး၊ ရှိချင်လည်းရှိနေမှာ၊ မပြောတတ်ဘူး။

တေဇာ (လရောင်လမ်း)

Comments

  1. ညက ပိန်းပိတ်အောင်မှောင်တော့ ဘာဖြစ်လဲ
    မောင်တေဇာ တကောင် ကြောင်တောင်တောင် ဖြစ်တာပေါ့
    စိုးရိမ်စရာမရှိပါဘူး
    ဝိုင် အနီ တခွက်သာ သောက်လိုက်
    အိပ်ပျော်သွားလိမ့် မယ်

    ReplyDelete
  2. ဘုရားသခင်ကို ဖန်ဆင်းခိုင်းလိုက်လို့လည်း ဖြစ်တာပဲ။ ဟုတ်တယ်လေ...

    ညဆိုတာကြီးကလည်း ပိန်းပိတ်အောင် မှောင်နေတာမှ ဘာမှကို မမြင်ရတော့ဘူးလေ။

    ReplyDelete
  3. ဖတ်ရှုရန်သက်သက်ကို ကြိုက်တယ်၊ တကယ် တကယ်
    မင်္ဂလာနှစ်သစ်ပါ ၊
    နှစ်သစ်မှာ အစစအရာရာ ပိုပြီး တိုးတက်အောင်မြင်ပါစေ

    ReplyDelete
  4. အဲလို အချိုးအချိတ်နဲ့ ရေးတဲ့စာမျိုးဆို ကြိုက်တတ်တယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ ဘာရယ်ညာရယ်မဟုတ်ဘူးထင်တယ်။ ရှင်းတော့မပြတတ်ဘူး။

    ReplyDelete
  5. အဲ့တာဆို ဒေါ်ရီတာ သစ္စာနီ ကိုဘတ်ဖို့ကောင်းတယ် ကြိုက်လိမ့်မယ်
    မော်ဒန် လို့ သူတို့ ကိုယ်သူတို့ခေါ်ကြတယ် ထင်တယ် ...

    ReplyDelete
  6. အအေးဓာတ်နဲ့အလင်းရောင်ပတ်သတ်သလား စကြာဝဠာရဲ့ပု့ံ့မှန်အခြေအနေ (နေမရှိတဲ့နေရာ သို့မဟုတ် အလင်းမရှိတဲ့နေရာ)က အအေးဓာတ်ပဲမို့လား

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

You have 24 notifications about Eain and others