Skip to main content

ဘာကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး (မြင့်သန်း)

ကျွန်တော်က ခင်မောင်ကျော်နဲ့ လှဝင်းကို ဆက်ပေးတာ။ သူတို့ နှစ်ယောက်စလုံးနဲ့ ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ခင်ကြတာ။ မနိုင်ရင်ကာတွေ။ ဒါပေမယ့် သူတို့ချင်းတော့ မသိကြဘူး။ ငယ်ငယ်က တစ်နယ်စီ တစ်ရပ်စီတင် မကဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အဲဒါတွေက အစ ဘာဘာညာညာတွေလည်း မတူကြဘူး။ အဓိကကတော့ လှဝင်းကိစ္စ။ ဒီတော့ လှဝင်းအကြောင်းကပဲ စရတော့မှာပဲ။

လှဝင်းဆိုတာက ပွဲစားကြီး ဦးရွှေဝင်းလို့ နာမည်တစ်လုံးနဲ့ နေတဲ့ ဦးရွှေဝင်းရဲ့သား။ ပွဲစားကြီးဆိုတော့ ချမ်းသာတယ်။ ဘယ်လောက် ချမ်းသာတယ်တော့ မသိဘူး။ ကျွန်တော့် ဦးကြီးပြောနေကျ လေမျိုးနဲ့ ပြောရရင် “ရွှေဝင်း ဘယ်လောက် ချမ်းသာတယ် ဆိုတာ ရွှေဝင်းမှာ မိန်းမဘယ်နှစ်ယောက်ရှိမှန်း မသိသလိုဘဲ။ ဘယ်သူမှ မသိဘူး” တဲ့။ ဒီတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ တွက်တတ်ရင် တွက်ကြည့်ဖို့ ကြီးဒေါ်ကြီး ပြောနေကျ စကားတစ်ခု ပြန်ပြောပြချင်တယ်။ “မြမြတို့များ လမ်းမတော် သံဈေးမှာ သားငါး သွားဝယ်တာတောင် ဝတ်ထားတဲ့ နားကပ်က သူများ ပွဲထိုင်သွားရင် ဝတ်တဲ့ စိန်နားကပ်မျိုး၊ ဆယ်ရတီစုံ မကဘူး” တဲ့။ မြမြဆိုတာ လှဝင်းအမေ ဒေါ်မြမြ။ ဆယ်ရတီစုံဆိုတာ ဘယ်လောက်ကြီးမှန်း မသိဘူး။ ကျွန်တော်က ပုလင်းကွဲနဲ့ စိန် ကွဲတဲ့ အကောင်မျိုး မဟုတ်ဘူး။ လှဝင်းတို့ အိမ်မှာတော့ ဒေါ်မြမြက ဦးရွှေဝင်းရဲ့  တစ်ဦးတည်းသော တရားဝင်မယား ခေါ်ရမှာပဲ။ ဦးရွှေဝင်းတို့ အိမ်ထောင်ရေးကိစ္စက ဒီမှာအရေးမကြီးဘူး။ ပြောချင်တာက လှဝင်းအကြောင်း။

လှဝင်းဆိုတဲ့ ကောင်က ကျွန်တော်တို့ အထဲမှာ ဆယ်တန်းအရင်ဆုံး အောင်တဲ့ကောင်။ ဟိုခေတ်ကတော့ ဘာကျူရှင် ညာကျူရှင်ဆိုတာတွေ မပေါ်သေးဘူး။ ကိုယ့်ကျောင်းစာ ကိုယ့်ဖတ်ပဲ။ ကျွန်တော်တို့က ကိုယ့်ကျောင်းစာကလေး ဖျစ်ညှစ်ဖတ်ပြီး လတ်လျားလတ်လျား လုပ်နေတုန်း ဒီကောင်က ကာလ်မာ့တို့၊ ဒေါ့စတွိုင်ယဲဗ်စကီးတို့ ဖတ်နေတာ။ ရည်းစားစာ ရေးချင်ကြရင် လှဝင်းကို အားကိုးကြရတယ်။ သူ့မှာ စကားလုံး ကောင်းကောင်းကလေးတွေ။ သူဖတ်တာတွေ အထဲက ဟာတွေ အများကြီးပဲ။ ကုန်ကုန်ပြောရရင် သူပဲ ရည်းစားစာတွေ ဒိုင်ခံ ရေးပေးနေရတယ်။ ဒါပေမယ့် သူ့မှာ ရည်းစား မရှိဘူး။ သူ ကြိုက်တဲ့ သူ ဘယ်သူ ဘယ်ဝါ ဆိုတာလည်း မပြောဘူး။ တခြားလူကို မပြောတောင် ကျွန်တော့်ကို ပြောဖို့ ကောင်းတယ်။ သူနဲ့ ကျွန်တော်က အတော်ရင်းတာ။ မိဘတွေကလည်း စီးပွားရေးသမားတွေ ဆိုတော့ ခင်ကြတယ်။ အိမ်ချင်းကလည်းနီးတယ်။ ပြောမယ်ဆို ကျွန်တော့်ကို ပြောပြသင့်တယ်။ ဒါပေမယ့် လှဝင်းပြောတာတွေမှာ အဲဒါမျိုး မပါဘူး။

လှဝင်းမျက်စိထဲမှာ လောကကြီးဆိုတာ အတော်ကို အသုံးမကျတဲ့ ဟာကြီးပဲ။ ကျွန်တော် မှတ်မိသရွေ့ တစ်ခါကမှ လောကကြီး သာယာတယ်၊ ဘာရယ် ညာရယ် မပြောဖူးဘူး။ ကျွန်တော်တော့ မကြားဖူးဘူး။ ဒါပေမယ့် သူပြောနေတာတွေက ဆောင်းတွင်းမှာ အေးလို့ စိတ်ညစ်ရတာမျိုး၊ နွေမှာ ပူလို့ စိတ်ပျက်ရတာမျိုး မဟုတ်ဘူး။ အဲသလို အကြောင်းမရှိ အကြောင်းရှာပြီး လောကကို အပြစ်တင်နေတာမျိုး မဟုတ်ဘူး။ ဘယ်သူ့အတွက်မှ ကူပြီး စိတ်ညစ်ပေးနေတာမျိုးလည်း မဟုတ်ဘူး။ သူက လောကကြီးဟာ အတော့်ကို အသုံးမကျတာဘဲ လို့ ပြောပြောနေတာ၊ သူ့ဘဝနဲ့ တိုင်းပြီး ပြောနေတာ။ တစ်ခါတလေ အရင်းမရှိ အဖျားမရှိဘဲ “တော်၊ ငါ ဘာလို့များ လူ လာဖြစ်သလဲ မသိဘူး” ဆိုတာနဲ့ စကားစတတ်တယ်။ သူက အဲသလို စကားစလာတိုင်းလိုလို  ကျွန်တော်က ဘာမှန်းတော့ မသိဘူးကွာ။ အခုတော့ လူဖြစ်နေပြီ။ မင်းလည်း ဘာမှ မတတ်နိုင်ဘူး။ ငါလည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ဖြစ်နေတဲ့ အတိုင်း နေကြရုံပဲ လို့ ပြန်ပြောလေ့ရှိတယ်။ ရှင်းရှင်း ပြောရရင် ဒီထက်လည်း ပိုပြီး ကျွန်တော် မဖြေတတ်ဘူး။

တစ်နေ့ ကျွန်တော့် အိမ်လာရင်း သူနဲ့ ထိုင်စကားပြောနေတုန်း၊ သူ နှစ်ခါ  သုံးခါ သမ်းနေတာ တွေ့လိုက်မိတယ်။ ဒီတော့ ကျွန်တော်ကပဲ မင်း ညက ကောင်းကောင်း မအိပ်ရဘူးလားလို့ မေးကြည့်လိုက်မိတယ်။ သူက ပြောတယ်၊။ ညက မအိပ်ရတာ မဟုတ်ဘူး။ မအိပ်တာတဲ့။ ဘာလို့လဲ ဆိုတော့ စာဖတ်နေရင်း တဖြည်းဖြည်း ညဥ့်နက်သွားတယ်။ ဒီတော့ သန်းခေါင်ကျော်လောက်မှာ အိမ်အပြင်ဘက် ထွက်ကြည့်လိုက်တယ်တဲ့။ အပြင်ဘက်မှာ ငြိမ်နေတာပဲ။ ညရဲ့ ငြိမ်သက်ခြင်းဟာ သာယာမှု တစ်ခု၊ ကျေနပ်မှုတစ်ခုကို ပေးလိုက်သလိုပဲတဲ့။ ဒီတော့ သူက တစ်ခု စဉ်းစားမိတယ်။ လူတွေဟာ တစ်နေကုန် လှုပ်ရှား သွားလာနေကြတယ်။ ညဆို အိပ်ကြရော။ ဒီတော့ ညရဲ့ အရသာကို မသိလိုက်ကြဘူးတဲ့။ သနားစရာ ကောင်းတယ်တဲ့။ ညဘက်မှာ လူတွေ ခြောက်နာရီ၊ ခုနစ်နာရီ အိပ်လိုက်ကြတာဟာ ညရဲ့ ရှိနေမှုကို အသိအမှတ်မပြုရာ ရောက်သတဲ့။ သူကတော့ နောက်နေ့တွေက စပြီး မအိပ်တော့ဘူးဆိုပဲ။ ကျွန်တော့်မှာ ငယ်ငယ်ကလေးထဲက အိပ်မရတဲ့ရောဂါ ရှိနေတာကို သူသိတယ်။ ဒါပေတဲ့ ညဆိုတာ အိပ်ဖို့ပဲ ဟကောင်ရလို့ ပြောလိုက်မိတယ်။ ဒီတော့ သူက ထပ်ပြောတယ်။ ငါသာဆို မင်းလို ဆေးသောက်ပြီး မအိပ်ဘူး။ ညတိုင်းထိုင်ပြီး ညရဲ့ အရသာကို ခံနေမယ်တဲ့။ ဒီကောင်က ပြောတဲ့အတိုင်း လုပ်မယ့်ကောင်မျိုး။ ဒီတော့ အဲသလိုတော့ မလုပ်နဲ့ကွာ ။ အိပ်မပျော်လို့ ထထိုင်နေတာက တစ်မျိုး။ မင်းဟာက သက်သက်ကြီး မအိပ်ဘဲ နေမယ်ဆိုတာတော့ ဘယ်ကောင်းမလဲလို့ ပြောလိုက်မိတယ်။ အမှန်မှာတော့ အဲဒီစကားကို ကျွန်တော် မပြောသင့်ဘူး။ တခြားကြောင့် မဟုတ်ဘူး။ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ စကားလုံးက လှဝင်းနဲ့ဆိုရင် အမြဲ ပြဿနာဖြစ်ရတတ်တယ်။ ကျွန်တော်တို့ အပေါင်းအသင်းတစ်သိုက် ကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့ အသုံးအနှုန်းကို လှဝင်းရှေ့မှာ မသုံးကြဘူး။

လူတွေက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ပေါ့ပေါ့တန်တန် သိပ်သုံးတာပဲလို့ သူက ညည်းလေ့ရှိတယ်။ ကောင်းတယ်၊ မကောင်းဘူး ဆိုတာရဲ့ အနောက်မှာ ဘယ်သူ့အတွက် ဘာကြောင့်၊ ဘယ်လိုဆိုပြီး မေးခွန်းတွေ ဖြေရဦးမှာတဲ့။ ဒီအတိုင်း ကောင်းတယ် မကောင်းဘူး ပြောလို့ မဖြစ်ဘူးတဲ့။ ကျွန်တော်ကတော့ အဲလောက်အထိ တစ်ခါကမှ မစဉ်းစားခဲ့မိဘူး။ ခုလည်း မစဉ်းစားဘူး၊ နောင်လည်း စဉ်းစားကြည့်မိမယ် မထင်ဘူး။ လှဝင်းက ဘာဖြစ်ဖြစ် အရှည်ကြီး စဉ်းစားတယ်။ ဒီတော့ သူ့ကို ခပ်ကြောင်ကြောင်လို့ မြင်လာကြတယ်။ ခု အသက်ကြီးလာတော့ ပြန်စဉ်းစားတိုင်း  သူပြောတာတွေ အဟုတ်သားလို့ မြင်မြင်လာမိတယ်။ လိုရင်း ပြန်သွားရရင်တော့ ဘီအေ အောင်ပြီးလောက်ကတည်းက လှဝင်း တစ်ယောက် ညဘက် မအိပ်တော့ဘူး။ ဒက်စီကရင်းဆိုလား ဘာလားမသိဘူး သောက်တယ်။ မအိပ်တဲ့ ဆေးဆိုလား၊ လူကို လန်းဆန်းနေစေတယ် ဆိုသလားပဲ။ ကျွန်တော်တော့ သေသေချာချာ မသိဘူး။ ဒီကောင် အမ်အေအောင်တော့ အတော်ကလေး ဆိုးလာတယ်။ ဆိုးတယ်ဆိုတာကလည်း ဘယ်သူ့ကိုမှ ဒုက္ခပေးတာတော့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ သိပ်စကားမပြောတော့တာ။ ဒီတော့ သူ့အဖေက စိတ်ပူတယ်။ သူ့အမေကြီးကတော့ သူဘွဲ့ရတဲ့ နှစ်က ဆုံးသွားတယ်။

သူ့အဖေကြီးကတော့ ကျွန်တော်နဲ့ တွေ့တိုင်း “မင့်ကောင်ကြီးကို နည်းနည်းပါးပါးကြည့်လုပ်စမ်းပါဦး” လို့ ပြောတယ်။ ခက်နေတာက “ကြည့်လုပ်” ဆိုတာပဲ။ ဘာကို ကြည့်လုပ်ရမှာလဲလို့ ကျွန်တော်မှ မသိဘဲ။ ခက်တာက ပိုက်ဆံမရှိရင် နည်းနည်းပါးပါးဆို ချေးလို့ရတယ်။ များများလိုချင်ရင်တော့ ထီထိုးလို့ ပြောနိုင်တယ်။ သိပ်လိုနေလို့ ကိုယ်ကလည်း မတတ်နိုင်ဘူးဆိုရင်တော့ ယုတ်စွအဆုံး ဓားပြ သွားတိုက်ချေလို့တောင် ပြောနိုင်တယ်။ ခုဟာက အဲဒီလို မဟုတ်ဘူး။ လှဝင်းမှာ ပိုက်ဆံ ပူစရာမလိုဘူး။ မိန်းမလိုချင်ရင် ခေါင်းခေါက်ယူလို့ရတယ်။ လူယောက်ျားတစ်ယောက် လိုချင်တာတွေမှန်တာ သူ ရနိုင်တာချည်းပဲ။ သူက ဘာမှ မလိုချင်တာ။ မလိုချင်တာမှ ဘဝဆိုတာကြီးကို မလိုချင်တာ။ “ဖြစ်နေရတယ်” ဆိုတာကို “မဖြစ်ချင်တာ”။ တစ်ခါက သူနဲ့ ကျွန်တော် ငပလီ သွားကြတော့ ပုန်းညက်ပင်ရိပ်အောက်မှာ ဘီယာသောက်နေရင်း သူကပြောတယ်။ “ငါ ဘာဖြစ်ချင်သလဲ သိလား၊ ဟိုက မြင်နေရတဲ့ ကျောက်ဆောင်ကြီး ဖြစ်ချင်တယ်” တဲ့။ သင်္ဘောကြီးကျောက်ကို ပြောတာလားလို့ ကျွန်တော်က မေးမိတယ်။ “ဟုတ်တယ်၊ မင်းကြည့်စမ်း၊ ရေတွေ တက်လာလိုက်၊ ရေတွေ ကျသွားလိုက်။ ကျောက်ဆောင်ကြီးကတော့ ဒီအတိုင်းပဲ” တဲ့။ ဒီတော့ ကျွန်တော်က “ကျောက်ဆောင်ကြီးမှာ အသိဥာဏ် မရှိဘူး။ အသိစိတ် မရှိဘူး။ ခံစားချက် မရှိဘူး။ အဲဒါကို မင်းသတိထားမိရဲ့လား” လို့ မေးလိုက်တယ်။ သူက ဘာပြန်မေးတယ် ထင်သလဲ။။ “အသိဥာဏ်ရှိတာ၊ ခံစားချက်ရှိတာ ကောင်းတယ် လို့ မင်းထင်သလား” တဲ့။ ဒီတော့ ဒီကောင့်ကို ဘာဆက်ပြောစရာ ရှိတော့မှာလဲ။

ဘီအေ အောင်ပြီး ညဘက် မအိပ်တဲ့ အချိန်လောက်ကစလို့ လှဝင်းတစ်ယောက် မဟုတ်တာတွေ လုပ်လာတယ်။ မဟုတ်တာ ဆိုတာကလည်း သူများကို ဒုက္ခပေးတာ မဟုတ်ဘူး။ အရက်သောက်လာတယ်၊ စီးကရက် သောက်လာတယ်။ ဒီတော့လည်း ရှင်းရှင်းမေးရတယ်။ မင်း စိတ်ညစ်လို့ အရက်သောက်တာလားလို့။ ကျွန်တော်က ငယ်ငယ်ကတည်းက ဝီစကီ ကြိုက်တယ်။ စိတ်ညစ်လို့ အရက်သောက်တာတို့၊ စိတ်ပျော်လို့ အရက်သောက်တာတို့ဆိုတာက အရက်ကို နာမည်ဖျက်တာပဲလို့ ကျွန်တော် မြင်တယ်။ လက်ဖက်ရည်၊ ကော်ဖီ သောက်တာမျိုး၊ ကြိုက်ရင်သောက်၊ ဟိုဆင်ခြေ၊ ဒီဆင်ခြေနဲ့ လျှောက်သောက်နေကြတာနဲ့ ကြားထဲက အရက်က နာမည်ပျက်နေရရှာတယ်။ ဒီတော့ လှဝင်းက ပြောတယ်။ အရက်သောက်ရင် အသည်းကျွမ်းသေတတ်တယ် ကြားတာပဲ။ သေမလားလို့ သောက်တာတဲ့။ ဒီတော့လည်း ရှင်းပြရတယ်။ ညနေဘက် ဝီစကီလေး လက်နှစ်လုံးလောက် သောက်ရုံနဲ့တော့ မင်း နောက်သုံးဘဝလောက် ကြာအောင် နေရဦးမှာ။ သေချင်ရင်လည်း သတ်သေလိုက်ပါလားလို့ ပြောလိုက်တယ်။ ဂျပန်တွေ လုပ်သလို အူထဲ ဓားထည့် မွှေတာမျိုးလေလို့ ပြောမိတယ်။ အမြင်ကလည်း ကပ်လာတာကိုး။ ဒီတော့ ကိုယ့်ဟာကိုယ်လည်း သတ်သေလို့ မဖြစ်ဘူးကွ။ အဲသလိုတော့ ငါက ကြောက်တတ်သတဲ့။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာကလည်း ရှိနေတယ်။ အဲသလို လုပ်လိုက်ကာမှ လူပြန်ဖြစ်လာရင် ဘယ်လို လုပ်မလဲ။ သွေးရိုးသားရိုးနဲ့ မြန်မြန်ချောသွားရင် ကောင်းတာပေါ့တဲ့။ အသက်ရှင် မနေချင်တဲ့ ကောင်ကများ အဖန်ငါးရာ ငါးကမ္ဘာကို ကြောက်ရတယ်လို့ဆိုပြီး စိတ်ထဲတော့ ဖြစ်မိတယ်။ ဘာမှတော့ ပြန်မပြောလိုက်ဘူး။

ဒီတော့ ဒီကောင် စီးကရက်သောက်တဲ့ကိစ္စကို ကျွန်တော် ရိပ်မိသွားတယ်။ ရိပ်မိဆို ကျွန်တော်က ကေ၊ အင်၊ ကားလ်ရဲ့ ယုတ္တိဗေဒဖတ်ပြီး ဘွဲ့ရလာတဲ့ကောင်ပဲ။ ခြုံယူအနက် တွက်ကြည့်နိုင်တာကိုး။ မင်း ကင်ဆာဖြစ်ပြီး သေမလားလို့ တွေးပြီး စီးကရက်သောက်တာ မဟုတ်လားလို့ မေးမိတယ်။ ဟုတ်တယ်တဲ့။ ကျွန်တော်က ဘာမှဆက်ပြီး မမေးတော့ဘူး။ ဒီတော့မှ သူ့ဘာသာ ထုတ်ပြောတယ်။ ငါသေသွားရင်ကောင်းမယ်လို့ အမြဲတွေးနေမိတယ်တဲ့။ ခုမင်းမှာ ဘာများ ပူစရာရှိလို့တုန်းလို့ ပြန်မေးလိုက်တယ်။ ဒီတော့ သူကဘာပြန်မေးတယ် ထင်သလဲ။ သူက မနက်မိုးလင်းလို့ နေ့သစ်တစ်ခုဖြစ်လာတိုင်း သြော်… ငါ အသက်ရှိနေပါသေးလားလို့ တွေးမိပြီး စိတ်မချမ်းမသာ မဖြစ်ဖူးဘူးလားတဲ့။ အဲဒါမှ ပြဿနာ။ ကျွန်တော်က မိုးလင်းလာတိုင်း သြော်... ငါ အသက်ရှင်နေသေးပါလားလို့ တွေးပျော်နေတဲ့ကောင်။ မဖြစ်တော့ မဖြစ်ဘူး။ သူ့အဖေကြီးပြောသလို တစ်ခုခုတော့ လုပ်မှလို့ တွေးမိတယ်။ အဲဒီမှာ ဒီကိစ္စထဲ ခင်မောင်ကျော် ဝင်လာတာ။

ခင်မောင်ကျော်တို့က တစ်မိသားစုလုံး ဆရာဝန်။ သူတို့ ညီအစ်ကို မောင်နှမတွေအထဲက အငယ်ဆုံးကေင်။ သုံးမရဘူးလို့ သူတို့ အဖေကြီးက ပြောပြောနေတဲ့ အကောင်။ ထွေးမောင်ကျော်။ အဲဒီကောင်တောင် တိရစ္ဆာန်ကုတဲ့ ဆရာဝန် ဖြစ်တယ်။ ခင်မောင်ကျော်က စိတ်ရောဂါ အထူးကု၊ လူပျိုကြီး။ ဒီတော့ သူ့ကို လှဝင်းအကြောင်း တိုးတိုးတိတ်တိတ် ပြောပြတယ်။ သူ့ဆီ လူနာအနေနဲ့ ခေါ်လာလို့လည်း လှဝင်းက ကြိုက်မှာ မဟုတ်ဘူး။ ဒီတော့ မိတ်ဖြစ်ဆွေဖြစ် ဆက်ပေးရင်း ဝီစကီသောက်ရင်း စကားပြောဖို့ စီမံရတယ်။ ခင်မောင်ကျော် ကျပြန်တော့လည်း ကျန်းမာရေးကို သိပ်ဂရုစိုက်တာ။ နေ့စဉ် သုံးလေးမိုင်လောက် ပြေးတယ်။ ဟင်းသီးဟင်းရွက်က ဘယ်လောက် စားရမယ်၊ အသားငါးတွေက ဘယ်လောက် စားရမယ်ဆိုပြီး အစားတောင် တွက်စားတဲ့ကောင်။ ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ ချိတ်မိနေတာတောင် ကျန်းမာရေးအတွက်ဆိုပဲ။ အဲဒီစိတ်ကလေး ရှိနေရင် လူက နုပျိုဆိုပဲ။ ကျွန်တော်တော့ အဲသလောက် စေ့စေ့ပေါက်ပေါက် မသိဘူး။ သိပ်မဆိုးဘူးလို့တော့ ထင်တယ်။ စိတ်ပျိုကိုယ်နုတယ် ဆိုရင်တော့ ထည့်စဉ်းစားသင့်တာပဲ။

ဒီလိုနဲ့ လှဝင်းနဲ့ ခင်မောင်ကျော် ရင်းသွားကြတယ်။ ကျွန်တော့်ဆီ လာပြီး လောကကြီးကို စိတ်ပျက်တဲ့ အကြောင်း သိပ်မပြောတော့ဘူး။ ပြောတာ ရပ်သွားလို့တော့ မဟုတ်ဘူး။ မင်းပြောချင် ခင်မောင်ကျော်ကို သွားပြောချေလို့ ကျွန်တော်က ပြောထားလို့။ တစ်ခါတစ်ခါ ခင်မောင်ကျော်နဲ့ တိုးရင်ဖြစ်ဖြစ်၊ ဖုန်းဆက်တဲ့အခါဖြစ်ဖြစ် လှဝင်းအကြောင်း မေးကြည့်မိတယ်။ ဒီကောင်က ဆူအီစိုက်ဒင်ရှယ် တင်ဒင်စီ ရှိသတဲ့။ ကြားဖူးအောင်သာ မှတ်ထားလိုက်ရတယ်။ သေချာတော့ မသိဘူး။ မကြာမကြာသူနဲ့ လာလာတွေ့နေတော့ ဖြည်းဖြည်းချင်း အဆင်ပြေလာမှာပါဆိုပဲ။  ကြာတော့ ကြာမှာပေါ့တဲ့။ ကျွန်တော့် အဖို့တော့ ဘယ်လောက်ကြာကြာ လောကကြီးဆိုတာ  အတော့်ကိုအသုံးမကျတဲ့ဟာကြီးပဲလို့ ကျွန်တော့်ကို လာလာ ပြောမနေရင် တော်ပြီ။ ပြောလွန်းအားကြီးတော့ တစ်ခါတလေ ဒီကောင် ချောသွားရင် ကောင်းမှာပဲ လို့တောင် တွေးမိတယ်။ နှစ်ဦးနှစ်ဝ အကျိုးရှိတယ် ဆိုတာမျိုးတင်မကဘူး။ လောကကြီးလည်း အချောင် ခလုတ်တိုက်ခံရမှာ မဟုတ်တော့ဘုး။ မိုးလင်းလာတိုင်း It will be a lovely day လို့ ရေးခဲ့တဲ့ ဟင်းနရစ် ဟိုင်းနေးလည်း စိတ်ချမ်းသာမယ်။ ဦးရွှေဝင်းကြီး တစ်ယောက်လည်း အိပ်ပေါ်တင်ချင်တဲ့သူ တင်လာလို့ ရမယ်။ ဟုတ်တယ်။ အဲသလိုဆို လောကကြီးဟာ သိပ်သာယာပေါ့။

ဒီနေရာမှာ လှဝင်းရဲ့ လောကကြီးဆိုတာ အတော့်ကိုအသုံးမကျတဲ့ဟာကြီးပဲ ဆိုတာက ကျွန်တော့်ဆီ ပြန်လှည့်လာတယ်။ လှဝင်းနဲ့ ခင်မောင်ကျော် အတော် ဟန်ကျနေတာ နှစ်နှစ်သာသာလောက် ကြာသွားတဲ့အချိန်။ ကျွန်တော်လည်း အတော့်ကို နားညည်းသက်သာလာပြီး လောကကြီးဟာ ပိုပြီး သဘောကျစရာ ကောင်းတဲ့အချိန်။ ဦးရွှေဝင်း အိမ်မှာလည်း တူမဆိုလား၊ စမီးဆိုလားလေးတွေ မကြာမကြာ တွေ့ရတဲ့အချိန်။ ခင်မောင်ကျော် သေပါလေရော။ ချော်လဲတာ အုတ်ဆက်ထိပြီး သေရော။ သေတော့လည်း သေပေါ့။ ကျွန်တော်လည်း ရှင်အောင် ပြန်လုပ်မပေးနိုင်ဘူး။ ဘယ်သူမှလည်း လုပ်နိုင်မယ့်ပုံ မပေါ်ဘူး။ ခင်မောင်ကျော် ကိုယ်တိုင်ကလည်း သူ့ခန္ဓာကို ဆေးကျောင်း လှူခဲ့တယ်ဆိုတော့ ကိစ္စက ရှင်းနေတာပဲ။ ကောင်းတဲ့ဘက်က ရှာကြံပြောရရင်တော့ သူ့ရက်လည်မှာကျွေးတဲ့ အုန်းနို့ခေါက်ဆွဲ အတော်ကောင်းတယ်။ အရင်က ဦးကျောက် ချက်တာမျိုး။ အုန်းနို့ကို ဥနေတာပဲ။ ငါးဖယ်ကျော်လည်း ထုတ်နေတာပဲ။ ကောင်းတဲ့အပိုင်းကတော့ ဒီလောက်ပဲ ပြောစရာရှိတယ်။ အဲဒီနေ့က ဆွမ်းကျွေးကို လှဝင်းနဲ့ ကျွန်တော် အတူတူ သွားကြတယ်။ နားညည်းလောက်အောင် ကြားရတဲ့ စကားတစ်ခွန်းက  “ငါပဲ သေရောပေါ့ကွာ၊ သူ့လိုလူမျိုး သေရတယ်လို့” ဆိုတဲ့ စကားပဲ။ သူ့အိမ်က ထွက်ကတည်းက အဲဒီစကားပဲ ပြောနေတယ်။

ဒီတော့ ကားမောင်းနေရင်း စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်မိတယ်။ မင်း ဒီလောက် သေချင်နေရင် ကားကို ဓာတ်တိုင်နဲ့ ဝင်တိုးပစ်လိုက်မယ်လို့။ ချက်ချင်းတော့ ဘာမှ ပြန်မပြောဘူး။ ပြီးမှ ဓာတ်တိုင်ကို ဝင်တိုးတာ အကြောင်း မဟုတ်ဘူး။ ငါ မသေဘဲ မင်းသေသွားရင် ငါက ဘာဆက်လုပ်ရမလဲလို့ ပြောတယ်။ ဒါလည်း ဟုတ်တာပဲ။ ကျွန်တော်က အဲသလောက်အထိ မစဉ်းစားမိဘူး။ ဒီတော့လည်း ဘာမှ မပြောတော့ဘဲ ကားကို ဂရုစိုက်မောင်းနေရတယ်။ ခင်မောင်ကျော် ရက်လည်မှာလည်း ခင်မောင်ကျော့် အဖေကြီးကို အဲဒီ စကားပဲ သွားပြောသေးတယ်။ အန်ကယ်ဦးကျော်က လူကြီးလည်း လူကြီး။ ဘာသာရေးလည်း လိုက်စားတဲ့ အငြိမ်းစား ဆရာဝန်ကြီးဆိုတော့ လှဝင်းကို ကံတရားဆိုတာနဲ့ လှည့်ဖြေပေးတယ်။ နောက်တော့ လှဝင်းနဲ့ သိတဲ့ သူတွေ ရောက်လာတော့ အန်ကယ် ဦးကျော်နဲ့ လှဝင်း စကားပြတ်သွားတယ်။ အဲဒီတင် အန်ကယ် ဦးကျော်က ကျွန်တော့်ကိုလက်တို့ပြီး  နောက်ဖေးခန်းထဲ ခေါ်တယ်။ ကျွန်တော်တို့နှစ်ယောက် နောက်ဘက် ဝရံတာမှာ ရပ်နေကြရင်း အန်ကယ်ဦးကျော်က ပြောတယ်။  မောင်လှဝင်းကို မင်းဂရုစိုက်ပါတဲ့။ ဟုတ်ကဲ့လို့ပဲ ဖြေရတာပေါ့။ လူကြီးကို မဟုတ်ဘူးလို့ သွားဖြေလို့ ဘယ်ဖြစ်မှာလဲ။ သူ့သားက ပြောပြထားလို့ လှဝင်းအကြောင်း အန်ကယ်ဦးကျော်က သိထားတယ်။

ကျွန်တော့်ကို ပြောတယ်။ မောင်လှဝင်း ပြောတာတွေက အမှန်ချည်းပဲတဲ့။ တရားသဘောအရရော၊ ယုတ္တိဗေဒအရရော အမှန်ချည်းပဲ။ သူက တွေးတတ် ခေါ်တတ်တယ်။ တွေးတတ်ခေါ်တတ်တယ် ဆိုတာက အတွေးနဲ့ စိတ်ကူးယဉ်တာ  မဟုတ်ဘူး။ အကြောင်းအကျိုးကို မျက်နှာမလိုက်ဘဲ ကိုယ်လိုချင်သလို ဆွဲတွေးတာမျိုး မဟုတ်ဘဲ တွေးတာပဲ။ ပြောရရင်တော့ စနစ်တကျ ဆင်ခြင်တာပဲ။ ဒီတော့ အမှန်တရားဆိုတာ ဆင်ခြင်ကြည့်ပြီးရတဲ့ အဖြေတွေ မဟုတ်ဘူး။ ဆင်ခြင်ကြည့်တာကိုက အမှန်တရားပဲတဲ့။ အန်ကယ်ဦးကျော်ပြောတာ အရှည်ကြီးပဲ။  ကျွန်တော်လည်း အကုန်တော့ မမှတ်မိဘူး။ ခုန ပြောသလို သူက လူကြီး။ ကျွန်တော်က လူငယ်ဆိုတော့ ဟုတ်ကဲ့တွေ အများကြီး လိုက်ရတာပဲ။ ဟုတ်ကဲ့တွေ အများကြီးနဲ့ အိမ်ပြန်လာခဲ့တယ်။ လမ်းမှာ လှဝင်းပြောတာတွေက အစုံပဲ။ နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်ရယ်။ စိတ်ထဲမှာတော့ ခင်မောင်ကျော် သေသွားတာ ပြဿနာ မဟုတ်ဘူး။ လှဝင်း မသေသေးတာ ပြဿနာပဲလို့ ထင်နေတယ်။ ဒီကောင်က ခုဆို စီးကရက်ဆိုလည်း တစ်နေ့တစ်ဗူး သာသာလောက် သောက်နေတာ။ ကင်ဆာဆိုတာ ဘယ်သွားနေတာတုန်းလို့တောင် မေးချင်တယ်။ ဟောဒီမှာ လှဝင်းတစ်ယောက် စီးကရက်တွေ သောက်နေပါသဗျာလို့ တောဘုရားပွဲမှာ လူပျောက်ရှာတဲ့ လော်စပီကာနဲ့တောင် အော်ချင်စိတ်ပေါက်နေတယ်။

တစ်ညလုံးလည်း အိပ်မပျော်ပေတဲ့ လှဝင်းပျော်သလို ဆေးသောက် မအိပ်တော့ဘူး။ စာထိုင်ဖတ်ရင်း မိုးလင်းတာ စောင့်နေတယ်။  ငါးနာရီခွဲတော့  ထုံးစံအတိုင်း  အဖေက လမ်းလျှောက်ထွက်ဖို့ ထွက်လာတယ်။ ကျွန်တော့်ကို တွေ့တော့ မောင်လှဝင်းကို မျှော်နေသလားလို့ မေးတယ်။ ကျွန်တော်က ပါးစပ်က မဖြေဘူး။  အသာပဲ ပြုံးပြလိုက်တယ်။ အဖေက ပြန်ပြုံးပြရင်း ဒီကောင်က လူကောင်းပါလို့ ပြောတယ်။ ပြီးတော့ လမ်းလျှောက်တုတ် ယူပြီး ဆင်းသွားရော။  အဖေ အိမ်ရှေ့တံခါးမကြီးကို ဖွင့်တော့ နေရောင်ပျပျ တွေ့လိုက်ရတယ်။  သိပ်မကြာခင် လှဝင်း ရောက်လာတော့မှာ သေချာတယ်။ အဖေက လူကောင်းပါလို့ သတ်မှတ်ထားတဲ့အကောင်။ အန်ကယ် ဦးကျော်က အမှန်ကို တွေးခေါ်တတ်တယ် ဆိုတဲ့ကောင်။ လောကကြီးဆိုတာ အတော့်ကို အသုံးမကျတဲ့ဟာကြီးပဲလို့ ပြောပြီး သေချင်နေတဲ့ကောင်။ အဲဒီကောင်ကို ကျွန်တော်က ဘာတွေ ပြောရမှာလဲ။ လောကကြီးရဲ့ သာယာလှပပုံလား၊ ရတောင့်ရခဲတဲ့ လူ့ဘဝကြီးအကြောင်းလား။ မင်းအတော့်ကို သောက်သုံးမကျတဲ့ အကောင်ပဲလို့လား။ ဘာကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။  

မြင့်သန်း
စတိုင်သစ်၊ အမှတ်(၁၃၂)၊ ဇူလိုင်လ၊ ၂၀၀၄


Comments

  1. ဖတ်ရှုသွားပါတယ်ဗျာ။။။

    ReplyDelete
  2. ကိုယ်တိုင်ရေး အတိုလေးတွေ လုပ်ပါအုံးလေ မောင်တေဇာ မရေးရင် စာပေလောကကြီး နစ်နာပါတယ် ခွိခွိ

    ReplyDelete
  3. သူကို ဘုန်းကြီးဝတ်ပြီ သူ့  အမှန်တရားတွေ ဖွေရှာဖို့  တိုက်တွန်းလိုက်ပါ့လား။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA