Skip to main content

အနုပညာနှင့် သိမှုဗေဒ (Art and Epistemology) (၁)

အနုပညာနှင့် သိမှုဗေဒဟူသော အရာနှစ်ခုအကြား အဆက်အစပ်သည် အမြဲဆိုသလို အားပျော့နေလေ့ရှိပြီး အခြေတင်ငြင်းခုန်စရာ ကိစ္စတစ်ရပ်လည်း ဖြစ်ခဲ့သည်။ ကျွန်တော်တို့အနေဖြင့် အနုပညာ ဖန်တီးမှုတစ်ခုနှင့် ပေါင်းကူးမိခြင်း၊ သို့မဟုတ် အနုပညာပစ္စည်းအား ကြုံတွေ့ခြင်းမှ အဓိပ္ပာယ်ရှိသည့် အရာတစ်ခုခုအား ရရှိနိုင်ဆိုသောအချက်ကိုမူ မငြင်းသာပေ။ သို့ရာတွင် အနုပညာနှင့် ထိပ်တိုက်တိုးရာမှရရှိသော ကျွန်တော်တို့၏ အတွေ့အကြုံများသည်၊ သိမှုဗေဒ၏ အနက်ဖွင့်အဖြစ် အသုံးပြုထားသည့် `မှန်ကန်၊ ဆီလျော်သော ယုံကြည်ချက်များ´ (True Justified Beliefs) ဖြင့် ဖွဲ့စည်းထားသည့်၊ ယတိပြတ် အသိပညာ (Propositional Knowledge) တစ်စုံတရာ ဖော်ထုတ်နိုင်ခြင်း ရှိမရှိကိုလည်း အများကြီး ငြင်းခုန်စရာ ရှိနေသည်။ ဤအရေးအသားတွင် `အနုပညာမှ ကျွန်တော်တို့ မည်သည့်အရာအား သင်ယူနိုင်သနည်း´ ဟူသော မေးခွန်းတွင် အကျုံးဝင်မည့် ဆွေးနွေးဖွယ်ကိစ္စများအား အနုစိတ်ကြည့်မည်ဖြစ်ပြီး၊ သမိုင်းနောက်ခံကား အချို့ကိုလည်း ဖော်ပြပေးသွားပါမည်။

၁ ) နိဒါန်း

ဖန်တီးမှုတစ်စုံတစ်ရာအား အနုပညာရှုထောင့်မှ ချဉ်းကပ်ခြင်းသည် အာရုံသိမှုဆိုင်ရာနှင့် စိတ်ခံစားချက်ဆိုင်ရာ နှစ်မျိုးလုံးအတွက် နက်နဲသော စိတ်ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး၊ အခြေခံအရပင် `သိမှတ်နားလည်မှု´ (Cognitive) နှင့် သက်ဆိုင်နေသော ကိစ္စဖြစ်ပါသည်။ ဆိုရလျှင် ရသဆိုင်ရာချဉ်းကပ်မှုသည် သိမှုဗေဒဘောင်အတွင်း အကျုံးဝင်သော ကိစ္စရပ်အတော်များများနှင့် ယှက်နွယ်မှု ရှိနေသည်။ ဥပမာအားဖြင့် အနုပညာနှင့်ပတ်သက်သော အရာများအား သိသည်ဟု ကျွန်တော်တို့ ကြွေးကြော်လေ့ရှိပြီး၊ ဝေဖန်ရေးပညာရှင်များ ပြောကြားသည့် အနုပညာမျိုးကွဲ (Genre) အများအပြားကိုလည်း ကျွန်တော်တို့ လေးစားသမှု ရှိကြသည်။ ပြဇာတ်တစ်ခုအား ကောင်းသည်ဆိုးသည်ဟု ပြောလေ့ရှိကြရာတွင် ၎င်းပြဇာတ်က ပေးစွမ်းသည့် စိတ်ခံစားမှုများမှာ ခိုင်လုံသည်၊ ဆီလျော်မှုရှိသည်၊ လက်ရာမြောက်သည်၊ သို့မဟုတ် သင့်တင့်လျော်ပတ်သည်ဟု ကျွန်တော်တို့ ဆိုလေ့ရှိကြသည်။ သာမန်အားဖြင့် အနုပညာမှ တစ်စုံတရာ သင်ယူနိုင်သည်ဟု လက်ခံလေ့ရှိသည့်အလျောက် အနုပညာသည် ကမ္ဘာကြီးအပေါ်ထားရှိသည့် ကျွန်တော်တို့၏ အာရုံသိမှုကိုလည်း ပြောင်းလဲစေသည်။ ကမ္ဘာကြီးအပေါ်ထားရှိသော ကျွန်တော်တို့၏ ရှုမြင်ပုံနည်းစနစ်များသို့လည်း အနည်းနှင့်အများ သက်ရောက်မှုရှိသည်။ အနုပညာဖန်တီးမှုတစ်ရပ်၊ အထူးသဖြင့် ကောင်းမွန်(သည်ဟုဆို)သော အနုပညာဖန်တီးမှုတစ်ရပ်သည် ကမ္ဘာကြီးနှင့်ပတ်သက်သော ယုံကြည်ချက် တစ်စုံတရာအား ပေါ်ပေါက်စေနိုင်သည့်အပြင် ကမ္ဘာကြီးနှင့်ပတ်သက်သည့် အသိပညာတစ်စုံတရာအားလည်း ကျွန်တော်တို့ကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် အနုပညာနှင့်ပတ်သက်၍ ကျွန်တော်တို့သိနိုင်သည့် အရာသည် အတိအကျ ဘာဖြစ်သနည်း။ ထိုအရာသည် ဂဃနဏရှိပါသလား။ အနုပညာက ကျွန်တော်တို့အား သင်ကြားပေးသည်မှာ အတိအကျ ဘာဖြစ်သနည်း။ အခြားသော အသိပညာအမျိုးအစားများ [ဥပမာ Non-Fiction များကပေးသော အသိပညာများ] က အာမခံသည့်နည်းတူ အနုပညာက ပေးစွမ်းသော အသိပညာသည်လည်း ယတိပြတ် (Propositional) အရာတစ်ခုခုအား အာမခံနိုင်ပါမည်လား။ ဤသို့သော မေးခွန်းများသည် `အနုပညာသည် နားလည်သိမှတ်မှုဆိုင်ရာ (Cognitive) ဟုတ်မဟုတ်´ ဟူသော အခြေတင်ဆွေးနွေးခန်းများ၏ အရိုးငြမ်းဖြစ်ပါသည်။

၂ ) ပလေတိုနှင့် အရစ္စတိုတယ်

အနုပညာမှ တစ်ခုခု သင်ယူနိုင်ခြင်းရှိမရှိဟူသော မေးခွန်းအတွက် ပလေတိုအထိတိုင်အောင် အစပြန်ကောက်ရပါလိမ့်မည်။ လူ့အပြုအမူများနှင့် ကမ္ဘာကြီးတို့အား ဘာသာစကားအခြေခံဖြင့် ကိုယ်စားပြုပုံဖော်ခြင်း၊ သို့မဟုတ် တုပခြင်းတို့၏ အန္တရာယ်အား ပလေတိုက သတိပေးခဲ့ဖူးသည်။ ခေတ်ပြိုင်ဒဿနစာပေတွင် အဆိုပါ စကားရည်လုပွဲသည် ကာလကြာရှည်စွာတည်ရှိခဲ့ပြီး၊ `အနုပညာမှ ကျွန်တော်တို့ မည်သို့မည်ပုံ သင်ယူသနည်း´ ဟူသော မေးခွန်းကိုလည်း ဖော်ထုတ်ခဲ့ပြန်သည်။ ထိုသို့ပင် `အနုပညာမှ တစ်စုံတစ်ရာသင်ယူနိုင်သည်´ ဟူသော အဆိုအား ထောက်ခံ၊ သို့မဟုတ် ကန့်ကွက်သော အခြေတင်ဆွေးနွေးမှုများသည်လည်း ဖွံ့ဖြိုးလာခဲ့သည်။ ငြင်းခုန်မှုမှာ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်သော်လည်း ဖြေရှင်းနိုင်ရန် နီးစပ်မှုမရှိသေးပေ။

`အနုပညာမှ တစ်စုံတစ်ရာ သင်ယူနိုင်ပါသလား´ ဟူသော မေးခွန်းအား ဖြေဆိုရာတွင် လုံးလုံးလျားလျား ဆန့်ကျင်နေသော အစွန်းနှစ်ဖက် ရှိသည်။ အချို့အနေဖြင့် သင်ယူနိုင်သည်ဟု ဖြေဆိုနိုင်ပြီး၊ တခြားလူတို့က အနုပညာခေါ်၊ ယတိပြတ်နှင့် ခြေခြေမြစ်မြစ်မရှိသော အရာတစ်ခုမှ အဓိပ္ပာယ်ရှိသည့် အသိပညာအား ရရှိနိုင်မည်မဟုတ်ဟု ငြင်းဆန်နိုင်သည်။ အနုပညာမှ သင်ယူနိုင်သည်ဟူသော ဘက်မှ ငြင်းခုန်သောလူများ ယေဘုယျအားဖြင့် ပြောလေ့ရှိသည်မှာ အနုပညာနှင့် ထိတွေ့ဆက်ဆံရာမှ ပေါ်ထွက်လာသော စိတ်ခံစားချက်များ၊ သို့မဟုတ် စိတ်ဖြစ်စဉ်များမှာ အသိပညာအား အဆင်ပြေပြေ ထုတ်လုပ်နိုင်သည်ဟူ၍ ဖြစ်သည်။ ကျွန်တော်တို့နေထိုင်နေသည့် ဗဟိဒ္ဓကမ္ဘာကြီးအကြောင်း ပြည့်စုံစွာနားလည်နိုင်ရန် အနုပညာဖန်တီးမှုများက တစ်ဖက်တစ်လမ်းမှနေ၍ ကူညီသည်ဟု ငြင်းချက်ထုတ်သည်။ ဤနည်းအားဖြင့် အနုပညာဆိုသောအရာမှာ ယတိပြတ်အနက်ဖော်နိုင်သော ဘာသာစကားဘောင်အတွင်းသို့ သွပ်သွင်းနိုင်ခြင်းမရှိသည့် အတွင်းသိ (Insight) နှင့် ဂရုဓမ္မ (Awareness) တို့၏ ရင်းမြစ်ဖြစ်သည်ဟု ဆိုသည်။ ဆိုလိုသည်မှာ အနုပညာသည် ကမ္ဘာကြီးအား ခြားနားသည့်ရှုထောင့်အသစ်တစ်မျိုးဖြင့် ရှုမြင်နိုင်ရန် ဆောင်ကျဉ်းပေးသည်ဟု လက်ခံသူများဘက်မှ ဆိုလေ့ရှိသည်။

အနုပညာမှ သင်ယူနိုင်သည်ဆိုသော အဆိုအား လက်မခံသောလူများဘက်မှ မကြာခဏ ငြင်းချက်ထုတ်တတ်သည့်ပုံစံမှာ အနုပညာက ပေးစွမ်းသည့် အသိပညာမှာ ယတိပြတ်အနက်ဖော်နိုင်ခြင်း မရှိသောကြောင့် အသိပညာဟူ၍ မဆိုနိုင်တော့ဟူ၍ ဖြစ်သည်။ သာဓကအားဖြင့် `အနုပညာသည် ပင်ကိုယ်မူလအားဖြင့် အသိပညာအား မဖြန့်ဖြူးနိုင်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် [သင်္ချာ၊ ရူပဗေဒ စသည့် ဘာသာရပ်မျိုးများကဲ့သို့] အမှန်တရားအမျိုးအစားတစ်ရပ်ရပ်အား ဖော်ထုတ်ခြင်းမရှိခြင်းကြောင့်´ ဟု ၁၉၉၂ ခုနှစ်က Jerome Stolnitz ဆိုသူရေးသားသော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ဆိုလိုသည်မှာ အနုပညာသည် ယုတ္တိနည်းကျ ငြင်းခုန်ချက်များ၊ ခြေခြေမြစ်မြစ် အချက်အလက်များအား တင်ပြခြင်းမရှိ၊ ထို့ကြောင့် အနုပညာမှ သင်ယူရန် မဖြစ်နိုင်ဟူသော အချက်ဖြစ်သည်။ ထို့ပြင် အနုပညာမှ သင်ယူရန်မဖြစ်နိုင်ဟူသော အယူအဆဘက်မှ ငြင်းခုန်ကြသူများဆိုလေ့ရှိသည်မှာ `အနုပညာအား အသိပညာ၏ ရင်းမြစ်တစ်ခုအဖြစ် နားလည်ရန်မဖြစ်နိုင်။ အကြောင်းမှာ ယင်းသည် `ဆီလျော်, မှန်ကန်သော ယုံကြည်ချက်´ ဟူသည့် [သိမှုဗေဒနည်းကျ] အစဉ်အလာအသိပညာများအား ဖော်ထုတ်ခြင်းမရှိခြင်းကြောင့်´ ဟူ၍ ဖြစ်သည်။ အနုပညာသည် အသိပညာတစ်ခုခုအား `မွမ်းမံ´ (Promote) သည့်သဘောမျိုး သက်ရောက်မှုရှိသော်မှ၊ သို့မဟုတ် လူသား၏ နားလည်သိမှတ်ပုံအား ဖွံ့ဖြိုးစေရန် အားပေးနိုင်သော်မှ ယင်းမှ သင်ယူရန်မူ မဖြစ်နိုင်ဟု ဆိုသည်။ အနုပညာနည်းလမ်းအားဖြင့် အဆိုပြုသော ယုံကြည်ချက်များသည် ဆီလျော်သည်ဟု မဆိုနိုင်၊ အနုပညာသည် ဆီလျော်မှန်ကန်သော ယုံကြည်မှုများကိုမပေးနိုင်၊ ထို့ကြောင့် အနုပညာသည် အသိပညာ၏ရင်းမြစ်မဟုတ်ဟု ငြင်းပယ်နိုင်သည်။ အဆိုပါ အစွန်းနှစ်ဘက်စလုံးမှ ဘုံသဘောတူညီသော အချက်တစ်ရပ်မှာ အနုပညာအား အသိပညာ၏ ရင်းမြစ်ဖြစ်သည်ဟု ယူမည်ဆိုလျှင်၊ အဆိုပါ လုပ်ဆောင်ချက်မျိုးအား ပြီးမြောက်စေသည့် တစ်ခုတည်းသောနည်းလမ်းမှာ အနုပညာ၏ သဘာဝနှင့် တန်ဖိုးတို့နှင့်သက်ဆိုင်သော အရာတစ်ခုခုအား ရောင်ပြန်ဟပ်ထားသော အသိပညာသာ ဖြစ်ရမည်ဟူ၍ ဖြစ်သည်။

ပလေတိုက သူ၏ Republic (595-601) ကျမ်းတွင် တစ်စုံတစ်ရာ၏ ဥဒါဟရုဏ်၊ သို့မဟုတ် ကိုယ်စားပြုချက်အား ထိုအရာအကြောင်း တိတိပပမသိဘဲနှင့် ဖန်တီးနိုင်သည်ဟု ထောက်ပြခဲ့သည်။ ကိုယ်တိုင်ဖိနပ်မချုပ်တတ်သော်လည်း ဖိနပ်ချုပ်သမားတစ်ဦး၏ ပုံတူကိုယ်ပွားကိုမူ ပန်းချီဆရာက တင်ဆက်နိုင်သည်။ ကဗျာဆရာများက အလှအပနှင့် ရဲစွမ်းသတ္တိအကြောင်းကို ၎င်းတို့၏ ဂုဏ်ရည်များအား တိတိပပ မသိဘဲ ဖွဲ့ဆိုနိုင်သည်။ ဉာဏ်ပညာအား မြတ်နိုးသူ ဒဿနာပညာရှင်များနှင့် အထူးသဖြင့် တစ်စုံတစ်ရာ၏ `သဏ္ဌာန်´ (Forms) အကြောင်း ထွင်းဖောက်သိနိုင်ရန် ဆင်ခြေနည်းအားဖြင့် ကြိုးစားတတ်သူများသည်သာ ထိုအရာများ၏ ဂုဏ်ရည်များအကြောင်း အသိပညာတစ်ခုခု ပိုင်ဆိုင်လေ့ရှိကြသည်။ ကိုယ်စားပြုထားသော၊ တစ်နည်း တုပထားသော အရာဝတ္ထုတွင် အဆိုပါ အသိပညာ ကိန်းဝပ်နေသည်ဟု ထင်မြင်စေခြင်းဖြင့် ကြည့်ရှုသူများအား အနုပညာရှင်များက အယူလွဲစေသည်။ Republic မှ ပလေတို၏ ဆွေးနွေးချက်များမှာ သီးခြားအားဖြင့် `စာပေအနုပညာ´ ထိတိုင်အောင် အကျုံးဝင်သည်။ ဥပမာ၊ ဇာတ်ကောင်တစ်ဦးသည် အကျင့်ပျက်နိုင်သည်ဟူသော ပုံစံမျိုးဖြင့် ကျွန်တော်တို့၏ စိတ်ခံစားချက်များအား ရွေ့လျားနေအောင် ကြံဆောင်ဖန်တီးထားသော စာပေမျိုးဖြစ်သည်။ ပလေတို၏ အလိုအရ ထိုသို့ ကိုယ်စားပြုဖန်တီးထားချက်များမှ နှိုးဆွပေးသော စိတ်ခံစားချက်များအပေါ် နစ်မျောမှု များလေလေ၊ ထိုသူသည် ဟန်ချက်လွဲသွားသော စိတ်ဝိဉာဏ်ဖြစ်ပေါ်စေရန် အခွင့်အလမ်း များလေလေဖြစ်ပြီး အဆုံးတွင် စရိုက်ဆိုးများ ဖွံ့ဖြိုးလာလိမ့်မည်ဟု ဆိုသည်။

အလားတူ အရစ္စတိုတယ်ကလည်း ပလေတိုနှင့် သဘောမျှခဲ့ပြီး၊ အနုပညာသည် စင်စစ်အားဖြင့် လူတစ်ယောက်၏ အကျင့်စရိုက် ဖွံ့ဖြိုးလာမှုအပေါ် သက်ရောက်မှုရှိသည်ဟု ဆိုခဲ့သည်။ သို့ရာတွင် ပလေတိုက `အနုပညာမှ သင်ယူနိုင်ပြီး၊ ၎င်းသည် လူတစ်ယောက်၏ အကျင့်စရိုက်အား ထိခိုက်စေနိုင်သည်´ ဟု ယူဆစေကာမူ အရစ္စတိုတယ်က ပလေတို မီးနီပြခဲ့သည့် တုပဖန်တီးထားသော စိတ်ခံစားချက်များအား စီးမြောခံစားခြင်းမှ တကယ်တမ်းတွင် အကျိုးများနိုင်သည်ဟု ဆိုခဲ့၏။ Poetics ကျမ်းတွင် ၎င်းတို့မှ `ခံစားချက်ဆိုင်ရာ အာသာပြေမှု´ (Emotional Catharsis) ရနိုင်သည်ဟု သူက ညွှန်းခဲ့သည်။ ရသစာပေဖတ်ရှုကာ နင့်နင့်နဲနဲခံစားချက်များ ဖုတ်ထုတ်လိုက်သလို လွှတ်ထုတ်လိုက်ခြင်းအားဖြင့် နေ့စဉ်ဘ၀တွင် ပိုမိုကျိုးကြောင်းဆီလျော်စွာ နေထိုင်လာနိုင်ရန် အခွင့်အလမ်းပေးသည်ဟု အရစ္စတိုတယ်က ယူဆသည်။ ထို့ကြောင့် အဆိုပါ ဒဿနပညာရှင်နှစ်ဦးလုံးအလိုအရ `အနုပညာမှ သင်ယူနိုင်သည်´ ဟု ဆိုသည်။ ထိုမှရရှိသော အသိပညာသည် အန္တရာယ်များသည်ဟု ပလေတိုကဆိုပြီး အရစ္စတိုကမူ အကျိုးများသည်ဟု ယူဆသည်။

၃ ) ဆင်ခြင်တုံဝါဒီ၊ အတွေ့အကြုံဝါဒီနှင့် ရိုမန်တစ်ဝါဒီများ

အရစ္စတိုတယ် အစဖော်ခဲ့သည့် အဆိုအား ရီးနေးဆန့်နှင့် နှောင်းပိုင်းခေတ်များတလျှောက်လုံး ဒဿနပညာရှင်များဘက်က ခုခံကာကွယ်ခဲ့ကြသည်။ အနုပညာမှ သင်ယူနိုင်ပြီး ကဗျာနှင့် ၀တ္ထုတို့သည် စိတ်ခံစားချက်အပေါ် အန္တရာယ်ဖြစ်စေသည်ထက် အထောက်အပံ့သာဖြစ်စေသည်ဟု လက်ခံခဲ့ကြသည်။ ရိုမန်တစ်ဝါဒီများက အဆိုပါမေးခွန်းအား အစောပိုင်း ဆင်ခြင်တုံနှင့် အတွေ့အကြုံဝါဒီတို့နှင့် မတူခြားနားစွာ တုံ့ပြန်သည်။ ဆင်ခြင်တုံဝါဒီများက `စိတ်ကူးဉာဏ်ကွန့်မြူးမှု´ (Imagination) သည် အသိပညာ၏ ရင်းမြစ်ဖြစ်နိုင်သည်ဟူသော အယူအဆအပေါ် ငြင်းဆန်သည်။ ဒေးကားကဆိုလျှင် `ဂမူးရှူးထိုး တည်ဆောက်ထားသော စိတ်ကူးယဉ်မှုများ´ ဟုသုံးပြီး ပယ်ချခဲ့သည်။ ပလေတို၏ အယူအဆအား ပြန်သွားရလျှင် ဆင်ခြင်တုံဝါဒီများအနေဖြင့် အသိပညာဟူသည်မှာ ဆီလျော်, မှန်ကန်သော ယုံကြည်မှုများပါဝင်ရန် လိုအပ်သည်ဟု တင်းကြပ်သော ပြဋ္ဌာန်းချက် ထားရှိကြသည်။ တစ်ဖက်တွင် အတွေ့အကြုံအဓိက သိမှုဗေဒကလည်း စိတ်ကူးယဉ်၊ သို့မဟုတ် ကိုယ်စားပြုထားသော အခြေအနေများမှ မည်သို့မည်ပုံ ဆီလျော်သော အသိပညာများရနိုင်ကြောင်း ချော်တောငေါ့ ရှင်းပြနေပြန်ရာ အသုံးဝင်မှုမရှိပေ။ အမှန်မှာ စိတ်ကူးယဉ် အခြေအနေများမှ အစစ်အမှန်အရာအား သင်ယူရန် မဖြစ်နိုင်ပုံမပေါ်သည့်အတွက် ထိုသို့ဘေးချော်ဆွေးနွေးကြခြင်း ဖြစ်သည်။

အတွေ့အကြုံဝါဒီများ ငြင်းချက်ထုတ်ခဲ့သည့် ထို အသိပညာကိစ္စအပေါ် မှန်ကန်စွာ ငြင်းချက်ထုတ်ရန် အစပြုနိုင်ခဲ့သည်မှာ ရိုမန်တစ်ဝါဒီများသာ ဖြစ်သည်။ ရိုမန်တစ် သိမှုဗေဒသည် ဆင်ခြေ (Reason) ထက်စာလျှင်၊ သို့မဟုတ် ဆင်ခြေများအပြင် စိတ်ကူးဉာဏ်ကွန့်မြူးမှု၏ အခန်းကဏ္ဍကိုလည်း အလေးပေးထားသည်။ ထို့ကြောင့်ပင် တစ်စုံတစ်ရာအား သိရာတွင် မှန်ကန်သောနည်းလမ်း တစ်ရပ်တည်းသာရှိနိုင်သည်မဟုတ်၊ ရှုထောင့်တစ်မျိုးတည်းမှ ရှုမြင်၊ ခံစား၊ နားလည်ကာ ကမ္ဘာကြီးအား တည်ဆောက်နိုင်သည်မဟုတ်ဟူသော အဆိုတစ်ရပ်အား လမ်းဖွင့်ပေးနိုင်ခဲ့သည်။

ရိုမန်တစ်ဝါဒီများက စာပေ(အနုပညာ)နှင့် အမှန်တရားအကြား အဆက်အစပ်နှင့် ပတ်သက်သော ပင်မစည်းမျဉ်းသုံးရပ်အား မွေးစားခဲ့သည်။ ပထမတစ်ခုမှာ မည်သည့်ရှုထောင့်တစ်ရပ်မှမဆို အမှန်တရားအား သတ်မှတ်ပြဋ္ဌာန်းနိုင်သည်ဟူ၍ ဖြစ်သည်။ ဒုတိယမှာ သြဂတ်စတင်းယုံကြည်ခဲ့သလို စာပေနှင့်အနုပညာသည် သိပ္ပံပညာကဲ့သို့ သဘာဝ၏ ယေဘုယျ လက္ခဏာများနှင့်သာ သက်ဆိုင်သင့်သည်ဟူသည့် အချက်အား မေးခွန်းထုတ်ခြင်း ဖြစ်သည်။ တတိယမြောက်စည်းမျဉ်းမှာမူ ယခင်နှစ်ခုထက် ရိုမန်တစ်ဝါဒီများ ပိုမိုဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ခဲ့သည့်၊ အထူးသဖြင့် ရင့်သန်မှုနှင့် ဆက်နွယ်သော၊ `ရုပ်လွန်´ (Transcendence) ဟူသည့် အခြေအနေ ဖြစ်သည်။ သဘာဝသိပ္ပံသည် ရုပ်ကမ္ဘာကြီးအား ဖွင့်ဆိုနိုင်စွမ်းရှိသော်လည်း ၎င်းဖွင့်ဆိုပုံမှာ တစ်ခုတည်းသောရှုထောင့်မှသာ ဖြစ်သည် (Harrison 1998)။ စာပေနှင့် အနုပညာကမူ ကမ္ဘာကြီးအား မရေတွက်နိုင်သောနည်းလမ်းများဖြင့် ဖွင့်ဆိုနိုင်သည်။ ဗဟိဒ္ဓကမ္ဘာကြီးအား ရုပ်ပိုင်းမှလွန်မြောက်အောင် ကြုံတွေ့ခံစားနိုင်ပြီး၊ စိတ်ခံစားမှုနှင့် သဘာဝလွန်ဖြစ်ရပ်များထိအောင် ခရီးရောက်နိုင်သည်။ သိပ္ပံပညာကဲ့သို့ ကမ္ဘာကြီးနှင့်ပတ်သက်သော အမှန်တရားများအား အနုပညာက မှတ်တမ်းတင် မထားသော်လည်း၊ ကမ္ဘာကြီးအပေါ် မတူညီသည့်နည်းလမ်းများဖြင့်၊ မတူညီသော တိကျမှုပမာဏဖြင့် နားလည်လာစေရန် ကျွန်တော်တို့အား ထိုးထွင်းသိကိုပေးသည်။ အဆိုပါ တိကျမှုပမာဏသည်သာ ဖြေဆိုရမည့် မေးခွန်းတစ်ရပ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

>>> ဆက်ရန် >>>
တေဇာ (လရောင်လမ်း)

Comments

  1. Renaissance ရီးနေးဆန် ခေတ်ကို ဗမာလို ဘယ်လိုခေါ်လဲ/ပြန်လဲသိချင်ပါတယ်။ Usageပေါ့။ ကျနော်က မီခဲအိန်ဂျလိုလက်ရာတွေကို အလွန်ကြိုက်သလို၊ သူ့စိတ်ကူးစိတ်သန်း တွေးခေါ်တာတွေလဲ အလွန်ကြိုက်ပါတယ်၊ သူလည်းဂေးအဖြစ်ပြောခံရသေး)

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA