Skip to main content

ရေဆင်း (The Flow)

မိုးလင်းတာနဲ့ အိပ်ယာနိုးတာ ထပ်တူမကျခဲ့တာ ကြာပြီ။ မိုးက လင်းချင်တဲ့အချိန် လင်းတယ်၊ ကျွန်တော်ကလည်း နိုးချင်တဲ့အချိန် နိုးတယ်။ သိပ်ပြီး ပြဿနာတော့ မရှိလှဘူး။ အချိန်မီ ပြီးရမယ့်အလုပ်တွေ အခုတော့ ကျွန်တော့်ဆီမှာ မရှိတော့ဘူး။ နေရာရဲ့ကန့်သတ်မှုက တင်းကြပ်နေတဲ့အချိန်မှာ အချိန်ရဲ့ကန့်သတ်မှုကို နည်းနည်းပြန်ပြီး လျှော့ချထားလိုက်တယ်။ Compensation လို့ပြောမလား။ အချိန်မှန်မနိုးဆို တကယ်တော့ အချိန်မှန်အိပ်တာမျိုးလည်း ရှိမှမရှိဘဲ။ အိပ်မရတဲ့ရောဂါတော့ ဟုတ်ပုံမရဘူး။ ကော်ဖီခွက်တွေက ကျွန်တော့်ကျောပြင်နဲ့ အိပ်ယာကို ပူးကပ်မသွားအောင် တားဆီးထားတယ်။ အချိန်အတော်များများ စကားလုံးတွေပေါ်မှာ မျက်စိကို ပြေးလွှားနေစေမယ်။ ခေါင်းထဲမှာ အဓိပ္ပာယ်တချို့ကို ဓါတ်ပြုနေစေမယ်။ တစ်ခါတလေ ထူးဆန်းတဲ့ အဓိပ္ပာယ်အတွဲအစပ်မျိုးတွေ ရတတ်တယ်။ ဒီလိုဆိုရင်တော့ မပျင်းရဘူး။ မပျင်းရရင်ကို ဘ၀ဟာ ပျော်စရာကောင်းနေပြီလို့ ကိုယ်ပိုင်သတ်မှတ်ချက်ကလေး လုပ်ထားလိုက်တယ်။ ပျော်ရွှင်မှုရှာပုံတော်ဟာ အဓိပ္ပာယ်သတ်မှတ်ချက်ကို `ကစား´ (Adjust) လို့ရတယ်ဆိုတာ သိသွားကတည်းက၊ ကျွန်တော့်အတွက် သိပ်မခက်လှတော့ဘူး။ ဒီလိုပဲ သွားနေတယ်။ ဒီမနက်လည်း ကျွန်တော် ဘယ်အချိန်မှန်းမသိ နိုးလာတယ်။

ဆိုပါတော့၊ လူတစ်ယောက်အဖြစ် ကျွန်တော်နိုးလာတယ်။ ဒီတော့လည်း သွားတိုက်တာတွေ၊ မျက်နှာသစ်တာတွေကို မဖြစ်မနေ လုပ်ရပြန်တယ်။ ပြီးတော့ အစာအိမ်ထဲကို တစ်ခုခု ထည့်ထားဖို့ လိုတာကိုလည်း သတိပြုလိုက်မိတယ်။ တစ်ခုခုထွက်စားဖို့ လိုလာတယ်။ အပူရှိန်အရမ်းပြင်းလို့ ဖြစ်နိုင်ရင်တော့ ကျွန်တော် အပြင်ကို မထွက်ချင်ဘူး။ ဒီလိုပြောလို့ မဖြစ်နိုင်ရင်တော့ အပြင်ကို ထွက်ချင်တယ်ပေါ့လို့ ပြောင်းပြန်ပြောင်း,စီလိုက်လို့လည်း မရဘူး။ မဖြစ်နိုင်ရင်လည်း အပြင်ကို မထွက်ချင်တာက မထွက်ချင်တာပဲ။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒက ဒီကိစ္စမှာ သိပ်အရေးမပါဘူး။ ကျွန်တော် တစ်ခုခုကို မဖြစ်မနေ ထွက်စားရမယ်။ အဲဒါဟာ `ရေဆင်း´ (Flow) တစ်ခုပဲ၊ လွန်ဆန်လို့မကောင်းဘူး။ ဒီတော့လည်း ထွက်ရုံ၊ ပူရုံပဲ။ ကျွန်တော် တံခါးကို သော့ခတ်ပြီး ၄၃ ဒီဂရီ နေရောင်အောက်မှာ ခြေလှမ်းတစ်ထောင်ကျော်ပြည့်အောင် လျှောက်ဖို့ အစပြုလိုက်တယ်။ ဒီဒေသရောက်မှ အပူချိန် ၁ ဒီဂရီ အတိုးအလျော့ကို လူတစ်ယောက်ရဲ့ အရေပြားက အာရုံခံနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ မနေ့ကထက် ဒီနေ့ ဒီဂရီအနည်းငယ် ပိုနေတယ်။ ခြေလှမ်းတစ်ထောင်ကျော်ကို နည်းနည်းလျော့သွားအောင် ကျယ်ကျယ်ကလေးတွေ လှမ်းလိုက်တယ်။ တစ်ဝက်တိတိ ခရီးရောက်တဲ့အချိန်မှာ ကျွန်တော့် ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ကော်ဖီနဲ့ ကြာဆံထုပ်တချို့ဆီကို လက်လှမ်းလိုက်တယ်။ မဟတ္တမဂန္ဒီပုံပါတဲ့ အစိမ်းရောင်စက္ကူတစ်ချပ်ကို ဆိုင်ရှင်ကို လှမ်းပေးလိုက်တယ်။ ဆိုင်ရှင်က ကျွန်တော့်ကို အနီရောင်နဲ့၊ လိမ္မော်ရောင် စက္ကူချပ်တချို့ ပြန်ပေးတယ်။ စကားတစ်ခွန်းမှတော့ မပြောဖြစ်ဘူး။ အားလုံး အလိုလိုဖြစ်နေသလိုပဲ ထင်ရတယ်။ အလေ့အကျင့်လို့ပဲ ပြောရမလား။ ကျွန်တော့်ခြေလှမ်းတွေကို ပြန်လှည့်လိုက်တယ်။ လမ်းဆုံလမ်းခွတွေကျရင် ကျွန်တော် သတိပြုမိတာ တစ်ခုရှိတယ်။ သွားနေကျမဟုတ်တဲ့ လမ်းတစ်ခုထဲကို ချိုးကြည့်ဖို့ ကြိုးစားပေမယ့် တစ်ခုခုက ဆွဲထားသလို ခံစားရတယ်။ တုန့်နေတယ်။ တကယ်တော့ ဘယ်လမ်းကသွားသွား လိုရာရောက်နိုင်တာချည်းပဲ။ ဒါပေမဲ့ ကျွန်တော် လျှောက်နေကျလမ်းဆီကိုပဲ ခြေလှမ်းတွေက ဘက်လိုက်နေတတ်တယ်။ လုံးဝကြီး မချိုးနိုင်တာတော့ မဟုတ်ဘူး။ တခြားလမ်းတွေဆီလည်း အနည်းဆုံး တစ်ကြိမ်လောက်တော့ လျှောက်ဖူးပါတယ်။ ဒါပေမဲ့ အမြဲတမ်းအသုံးပြုတတ်တာကတော့ လမ်းတစ်လမ်းတည်းပဲ။ ဒါဟာလည်း ရေဆင်းပဲ။ အဲဒီဖြစ်စဉ်ဟာ တစ်ယောက်တည်းဆိုရင် မသိသာဘူး။ စဉ်းတောင် စဉ်းစားမိမှာမဟုတ်ဘူး။ ဒါပေမဲ့ တခြားတစ်ယောက်ယောက်နဲ့ အတူတူ သွားတဲ့အခါမှာ ပေါ်သွားတတ်တယ်။ ထားပါတော့၊ အပြန်ခြေလှမ်း ၅၀၀ ကျော်ကိုလည်း ကျွန်တော် လာခဲ့တဲ့လမ်းပေါ်မှာပဲ သုံးပစ်လိုက်တယ်။ အမြင်အာရုံသက်သက်အတွက် ရှိနေတဲ့ တံလျှပ်တွေ လမ်းပေါ်မှာ တရိပ်ရိပ်နဲ့။

ကြာဆံထုပ်တွေကို ဘေးမှာခဏတင်ပြီး ကျွန်တော် ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက်တယ်။ ဘယ်ဘက်၊ ညာဘက်၊ ပြီးတော့ အနောက်ဘက် အိတ်တွေကိုပါ အကုန်လိုက်စမ်းတယ်။ သော့တံ မတွေ့ဘူး။ သေချာအောင် နောက်တစ်ခေါက်ထပ်စမ်းတယ်။ သော့တံအစား ဘောင်းဘီအိပ်ကပ်က အပေါက်သေးသေးတစ်ခုကိုပဲ စမ်းမိတယ်။ သော့ဟာ လမ်းမ တစ်နေရာရာမှာ ကျကျန်ရစ်ခဲ့ပြီ။ သော့တံဟာ ခြေလှမ်း ၁၀၀၀ ကျော်အတွင်းက တစ်နေရာရာမှာ ခုန်ချသွားပြီ။ ပြန်လှည့်ရှာဖို့က တွေ့,မတွေ့မသေချာပေမယ့် ပူမှာကတော့ အသေအချာပဲ။ ကျွန်တော်က အသံကို အချိုဆုံးဖြစ်အောင် ကြိုးစားပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားနဲ့ တွဲလောင်းခိုနေတဲ့ သော့ဂလောက်ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်တယ်။ မင်းသိပါတယ်၊ ငါက ဒီအခန်းမှာနေတဲ့လူပဲ။ သူခိုးဂျပိုးမဟုတ်ဘူး။ ငါ အခန်းထဲဝင်ပါရစေဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ သူ့ကို ပွတ်သပ်ဖျားယောင်းကြည့်တယ်။ သူက မသိကျိုးကျွံပြုနေတယ်။ မင်းကို ငါပဲ ခတ်ခဲ့တာလေကွာ၊ မမှတ်မိတော့ဘူးလားလို့ ခပ်ဆတ်ဆတ်ပြောကြည့်တယ်။ သူက ကျွန်တော့်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘူး။ ပြီးတော့ အားနည်းနည်းစိုက်ပြီး ဘယ်ညာရမ်းကြည့်တယ်။ အချည်းအနှီးပဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော် ဒေါသထွက်လာတယ်။ သော့ဂလောက်တစ်ခုဟာ ဒီလောက်ခေါင်းမာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူး။ သော့ဂလောက်တစ်ခုနဲ့ အလျော့အတင်းလုပ် ဆွေးနွေး (Negotiate) လို့မရဘူး။ သော့ဂလောက်ဟာ သော့တံကလွဲလို့ ဘာကိုမှ အသိအမှတ်မပြုဘူး။ နောက်ဆုံး သော့ဂလောက်ရဲ့ အဓိပ္ပာယ်ကို သွား,ကစား (Adjust) လို့ မရဘူးဆိုတာ ကျွန်တော် သိသွားတယ်။ အဲဒီတော့လည်း ကျွန်တော် အဖြေတစ်ခုရသွားတယ်။ သော့ဂလောက်နဲ့ ကျွန်တော့်ကြားမှာ ဒိုင်ယာလော့ခ်မဖြစ်နိုင်ဘူး။ ခေါင်းမာတဲ့ သော့ဂလောက်ဟာ တူနဲ့ သစ်သားချောင်းကြားမှာ တွန့်လိမ်ကြေမွသွားတယ်။ ကျွန်တော် ဘယ်နှစ်ချက်ထိ အားရပါးရ ထုနေမိလဲ မမှတ်မိတော့ဘူး။ ဆိုးဆိုးရွားရွားနည်းနဲ့ သူ အသက်ထွက်သွားတာကြည့်ပြီး ကျွန်တော် ၀မ်းသာသွားတယ်။ အခန်းထဲပြန်ဝင်ဖို့ဆိုတာကလည်း ရေဆင်းပဲ မဟုတ်လား။ ရေဆင်းကို ဟန့်တားတဲ့ အရာဟာ အဖြစ်ဆိုးနဲ့ကြုံရတတ်တယ်လို့ အခန်းထဲရောက်တော့ တွေးနေမိတယ်။

§ § § § § §

ညနေဘက်ကျတော့၊ ခေါင်းအမာဆုံး သော့ဂလောက်တစ်ခုပေးဗျာလို့ ကျွန်တော် ပြောလိုက်တော့ ဆိုင်ရှင် ကုလားက ကျွန်တော့်ကို မျက်လုံးပြူးပြီးကြည့်တယ်။ သော့ဂလောက်တွေမှာ ခေါင်းမပါပါဘူး ဆရာတဲ့။ ကျွန်တော်ကတော့ မျက်လုံးပေါက်တွေကျဉ်းသွားတဲ့အထိ ပြုံးလိုက်မိတယ် ထင်တယ်။ ထင်တယ်လို့ပြောရတာက တကယ်ကျဉ်း,မကျဉ်း ကျွန်တော်မြင်ရတာတော့ မဟုတ်လို့ပဲ။

တေဇာ (လရောင်လမ်း)

Comments

  1. ဒီလောက် ခေါင်းမာတဲ့သော့ခလောက် မှတ်လောက်အောင် ထုနှက်ခဲ့ရမယ်။ သူကပဲ သိသိကြီးနဲ့ (ကိုယ့်ကို) ခေါင်းမာနေရသေးတယ်။

    တစ်ရိပ်ရိပ် ရှိနေတဲ့ တံလျှပ်တွေက တော့ အမြင်အာရုံ သက်သက် အတွက်ပါပဲ။

    ReplyDelete
  2. စောစောအိပ်ပါ။ ကော်ဖီတွေသိပ်မသောက်နဲ့ဗျာ။

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ