Skip to main content

ပန်းခြံ (မြင့်သန်း)

ပန်းခြံထဲကို သွားရအောင်ဟု သူကဆိုသည်။ သူဆိုသည်မှာ ကျွန်တော့်ကိုကြိုက်နေသော အမျိုးသမီးတစ်ဦး၊ သို့မဟုတ် ကျွန်တော်ကကြိုက်နေသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ရှေ့မဆက်မီ ဘာသာစကားအကြောင်း ပြောရပါလိမ့်မည်။ ပထမအချက်မှာ အမျိုးသမီးကို သူမဟုမသုံးဘဲ သူဟု သုံးရသည်မှာ၊ ဂေါပါလယောက်ျား ဗာလနံပညာရှိတို့က သူထီးမရှိသဖြင့် သူမ မရှိသင့်ဟု ဆိုကြသောဆင်ခြေကြောင့်၊ သူဟုသာ သုံးလိုက်ရခြင်း ဖြစ်ပါသည်။ အပြစ်တင်လိုသော် သူတို့ကို အပြစ်တင်ကြပါ။ ဤနေရာတွင် ဆယ်မြူရယ်ဘတ်ကက်ကို ဆွဲမထည့်ကြစေချင်ပါ။ ဘာသာစကားကို နယ်ကုန်သုံးပစ်သည်ဟုဆိုသော ဘတ်ကက်က အင်္ဂလိပ်စကား၊ ပြင်သစ်စကား စသည်တို့ကို ဆိုလိုပါသည်။ ယခု ကျွန်တော်က စာဖတ်သူနှင့် အဆက်အသွယ်ပြုနေသည်မှာ မြန်မာတို့၏ ဘာသာစကားဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သုံးစွဲသော `သူ´ မှာ `သူမ´ ကို ဆိုလိုခြင်းဖြစ်ပြီး၊ ကျွန်တော်ဆိုလိုသော `သူမ´ မှာ စင်စစ် ဘာသာစကားဘောင်အတွင်း၌ `သူ´ ဖြစ်သည်။


`ကို´ နှင့် `က´ ကိစ္စမှာမူ ရေးကြီးခွင်ကျယ် မဟုတ်ပါ။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်အကြား တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ကြိုက်နေခြင်း၊ သို့မဟုတ် ချစ်နေခြင်းသာ ဖြစ်ပါသည်။ မည်သူကမည်သူ့ကို ကြိုက်နေသည်၊ ချစ်နေသည်ဟု သေသေချာချာမပြောနိုင်ခြင်းသာ ဖြစ်ပါသည်။ ကြိုက်တော့ကြိုက်နေကြသည်၊ ချစ်တော့ ချစ်နေကြသည်မှာ သေချာသည်။ ဤသို့ဖြင့် ဘာသာစကားပြဿနာမှာ ပြေလည်လောက်ပြီ ထင်သည်။ မပြေလည်၍လည်း မဖြစ်နိုင်ပါ။ ဘာသာစကားသည် နေ့စဉ်ဘ၀ဖြစ်သည်။ ဘာသာစကားမရှိလျှင် ဘာမျှမရှိ။ ဘ၀မှာ ပိုက်ဆံရှိဖို့အရေးကြီးတယ်ဟု ဆိုလေ့ရှိသော ကျွန်တော့်သူငယ်ချင်းများသည်ပင်၊ ဘာသာစကား၏ အရေးကြီးမှုကို လက်ခံလာကြပြီ။ `နှစ်ထောင်´ နှင့် `သိန်းနှစ်ထောင်´ အကြားတွင် အများကြီးကွာသည်ဟု ဆိုလာကြသည်။ နေ့စဉ်ဘ၀ထဲတွင် အလကားပဲတင်းများမှာ ဖြီးတတ်ကြသည်။ ဖြီးရန်ပင် ဘာသာစကားလိုအပ်သည် မဟုတ်ပါလား။ သို့အတွက် ဘာသာစကားသည် နေ့စဉ်ဘ၀ ဖြစ်လာတော့သည်။ နေ့စဉ်ဘ၀မှာမူ ဘာသာစကားဖြစ်မလာ။ မောင်ပိုနေမြဲကျားနေမြဲသာ ဖြစ်သည်။ အတ္တဘ၀အမှန်ဝါဒီများပြောသော ထီးထီးကျန်ဖြစ်ရှိနေမှုမှာ နေ့စဉ်ဘ၀သာဖြစ်သည်။ ဤသို့ဖြင့် သူနှင့်ကျွန်တော် ပန်းခြံဆီသို့သွားကြရန် သဘောတူမိကြသည်။

သို့ရာတွင် ဘာသာစကားကိစ္စမှာ ပြေးမလွတ်သေးပါ။ သူနှင့်ကျွန်တော်ဟူသောအချက်မှ `နှင့်´ မှာ ကျွန်တော့်စိတ်သဘောရှိသည့်အတိုင်း သုံးစွဲထားသည်မဟုတ်ပါ။ ကျော်အောင်စံထားဆရာတော်ကြီး၏ မူအရ `နှင့်´ ၏ အနက်ရင်းမှာ သဟတ္တအတူတကွပါဝင်ခြင်း အနက်ရှိသည်ဟုဆိုသောကြောင့်သာ သုံးစွဲရခြင်းဖြစ်ပါသည်။ သို့သော် ဤနေရာတွင် `နှင့်´ ၏ အနက်ကို နယ်ကုန် ကျွန်တော်မသုံးနိုင်ပါ။ သုံးနိုင်သည်ဖြစ်စေ၊ မသုံးနိုင်သည်ဖြစ်စေ ထိုစဉ်ထိုအခါက သူနှင့်ကျွန်တော် ပန်းခြံဆီသို့ သွားခဲ့ကြပါသည်။ ပန်းခြံမှာ တောင်ကုန်းထက်တွင်ရှိသည်ဆိုသဖြင့် တောင်ခြေတွင် ကားကိုရပ်ထားကာ ခြေလျင်လျှောက်ခဲ့ကြရသည်။ ကားလမ်းဆီမှသော် ပန်းခြံကို မမြင်ရပါ။ အုတ်လမ်းကလေးအတိုင်း လျှောက်တက်လာရင်း သူမဟုဆိုသင့်သော်လည်း သူဟုသာဆိုရသော သူ့ကို ကျွန်တော်က မေးလိုက်မိသည်။ `နင် ဒီပန်းခြံကို အရင်ကရောက်ဖူးသလား´။ သူက ခေါင်းခါပြသည်။ ပြုံးပြရင်း `ရှိတယ်လို့ ကြားဖူးတာပဲ´ ဟု ဖြေသည်။ `ကြားဖူးတာနဲ့ ရှိတယ်လို့ နင်ဘယ်လိုလုပ်သိသလဲ´ ဟု ကျွန်တော်က မေးမိပြန်သည်။ `ရှိလို့ပြောကြတာပေါ့။ မရှိရင် ဘယ်သူကပြောမလဲ။ မရှိဘူးဆိုတဲ့အရာ တစ်ခုခုအကြောင်း နင်ပြောပြစမ်း။ ဘယ်လိုပြောမလဲ။ ပျောက်သွားတဲ့ဟာကို ငါပြောတာမဟုတ်ဘူး။ မရှိကို မရှိခဲ့ဖူးတဲ့ဟာ တစ်ခုအကြောင်းကို နင်ပြောကြည့်စမ်း။ ပြောလို့ရမယ် ထင်သလား´ ဟုသူက အရှည်ကြီးပြန်ပြောရင်း မေးပါသည်။ ကျွန်တော့်အဖို့ ဖြေစရာအဖြေ တစ်ခုမျှမရှိပါ။ လျှောက်နေသော အုတ်လမ်းကလေးကိုသာကြည့်ရင်း ပြုံးမိပါသည်။

အုတ်လမ်းကလေးမှာ ရေညှိများ၊ မြက်ပင်နွယ်ပင်များဖြင့် ပြည့်နှက်နေသည်။ သို့အတွက် ဤလမ်းကလေးအတိုင်းလျှောက်၍ ပန်းခြံဆီသို့သွားသူ နည်းလိမ့်မည်ဟု တွေးမိသည်။ `ပန်းခြံဆီလူတွေ သိပ်မသွားကြဘူးထင်တယ်´ ဟု သူ့ကိုမကြည့်ဘဲ ပြောလိုက်မိသည်။ ခနဲ့တဲ့တဲ့အသံဖြင့် `နင်ဘယ်လိုလုပ်သိသလဲ´ ဟု သူကမေးသည်။ ကျွန်တော်ဖြေရမည့်အလှည့်တွင် ကျွန်တော်လည်း အရှည်ကြီးဖြေနိုင်ရန် စီစဉ်မိသည်။ ပထမဆုံး ဆရာကြီးရွှေဥဒေါင်း၏ ဦးစံရှားနှင့်ဦးသိန်းမောင်ကို မိတ်ဆက်ပေးလိုက်သည်။ ထို့နောက်တွင်မှ ထောပတ်သုတ်ပေါင်မုန့်ကို တဂျွတ်ဂျွတ်ဝါးဝါးနေသည့် ဦးစံရှားကို စောင့်ရင်း ဦးသိန်းမောင်လှန်ကြည့်မိသော မဂ္ဂဇင်းတစ်အုပ်အတွင်းမှ `ကျိုးကြောင်းဆင်ခြင်ခြင်းပညာ´ အကြောင်းကို ပြောပြလိုက်သည်။ ဦးသိန်းမောင်ဖတ်ကြည့်မိသော `ကျိုးကြောင်းဆင်ခြင်တွေးဆခြင်းပညာမှာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ စိတ်ရှည်ရှည်လိုက်စားလေ့ကျင့်လျှင် ပေါက်ရောက်နိုင်သည်´ ဟုဆိုသော အကြောင်းကို ပြောပြလိုက်မိသည်။ သူက ပါးစပ်ကို လေချွန်သလိုလုပ်၍၊ ရွှီကနဲအသံမြည်အောင် လေကိုမှုတ်ထုတ်လိုက်ရင်း `လောဂျစ်လို့လွယ်လွယ်ပြောလည်း ငါနားလည်လောက်ပါတယ်´ ဟု လှောင်တောင်တောင်အသံဖြင့် ပြောသည်။ ထို့နောက် ကျွန်တော်တို့ စကားမပြောကြတော့ဘဲ လျှောက်လျက်လာကြသည်မှာ ပန်းခြံထိပ်ရောက်သည်အထိဖြစ်၏။

ပန်းခြံ၏တံခါးမှာ သံချောင်းကြီးများဖြင့်လုပ်ထားသော တံခါးကြီးဖြစ်ပြီး မြင့်လှသည်။ ကနဦးက ဆေးအစိမ်းသုတ်ထားပုံရသော်လည်း မသုတ်သည်မှာ ကြာပြီဖြစ်၍ အချို့နေရာများတွင် သံချေးတက်စပြုနေပြီ။ တံခါး၌ ပျဉ်ပြားတစ်ချပ်ပေါ်တွင် မသပ်ရပ်သောလက်ရေးဖြင့် `အထဲဝင်မည့်သူများ တံခါးကို တွန်းဖွင့်ပါ´ ဟု ရေးသားထားသည်ကို တွေ့ရသည်။ သူရောကျွန်တော်ပါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီး ပြုံးမိလိုက်ကြသည်။ သူက ပြုံးရင်း သူပြုံးမိသည့်အကြောင်းကို ပြောသည်။ `အထဲဝင်မယ့်သူပဲ တံခါးကို တွန်းဖွင့်ရမှာလားဟယ်။ မ၀င်ချင်ဘဲရော တွန်းဖွင့်ကြည့်လို့ မရဘူးလား´ ဟုပြောရင်း ဟတ်ဟားဟု မပွင့်တပွင့် ရယ်သည်။ ကျွန်တော်ပြုံးမိသည်မှာ သူပြောသောအချက်နှင့် ဆင်ဆင်တူသော်လည်း တစ်သားတည်းမဟုတ်။ `အထဲကိုဝင်ချင်တဲ့ လူကတော့ တံခါးကိုဖွင့်ဝင်မှာပဲ။ မ၀င်ချင်ဘဲနဲ့တော့ အပျင်းပြေဖွင့်ကြည့်မှာ မဟုတ်ဘူး´။ ပန်းခြံထဲသို့ ၀င်ခြင်း၊ မ၀င်ခြင်းကိုအခြေခံကာ ကျွန်တော်တို့နှစ်ယောက်အကြားတွင် သဘောတူညီမှုမရှိခဲ့သော်လည်း သဘောတူရန် အကြောင်းတစ်ခုရှိခဲ့သည်။ ကျွန်တော်တို့၏ အပြုံးမှာ မတူညီမှုတွင်အခြေခံသော တူညီသည့်အပြုံးများသာဖြစ်သည်။ `တွန်းဖွင့်ပါ´ ဟူသော အချက်ကိုမူ ငြင်းဆိုစရာမရှိ။ ပန်းခြံတံခါးမှာ မ,၍ဖွင့်ရသော တံခါးမျိုးမဟုတ်၍ဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်သား တွန်းဖွင့်၍ ပန်းခြံထဲသို့ဝင်ခဲ့သည်။ တံခါးမှာ မဖွင့်တာကြာပြီဖြစ်၍ သံချေးကိုက်နေပုံရသည်။ ကျွီ..ဟု အသံရှည်ကြီး မြည်သွားသည်။

ပန်းခြံထဲက အုတ်လမ်းကလေးမှာလည်း အပြင်ကအတိုင်းပင်။ ရေညှိများ၊ မြက်ရိုင်းပင်များ အပြည့်။ ဘေးတစ်ဖက်တစ်ချက်တွင် ပြုစုစောင့်ရှောက်ပုံမရသော အပင်မျိုးစုံရှိသည်။ သစ်ပင်ကြီးများ ခြောက်သွေ့နေသည်။ အချို့သောသစ်ပင်ကြီးများကို နွယ်တက်နေသော နွယ်ပင်များပင် ခြောက်သွေ့နေကြသည်။ ကျွန်တော်တို့နှစ်ယောက်သား စကားမပြောနိုင်။ အုတ်လမ်းကလေး ဦးတည်ထားရာအတိုင်းလျှောက်ရင်း ဟိုဟိုဒီဒီ ကြည့်လိုက်မိသည်။ ပန်းခြံတစ်ခုလုံးမှာ ကျတ်တီးကုန်းသာသာဖြစ်သည်။ အုတ်လမ်းကလေးသည် ကုန်းမြင့်ကလေးအထက်ဆီသို့ တက်သွားသည်။ ကုန်းမြင့်ကလေးထိပ်သို့ရောက်သော် ဘယ်ဖက်သို့တစ်လမ်း၊ ညာဖက်သို့တစ်လမ်း ခွဲသွားသည်။ ထိုလမ်းဆုံကလေးမှကြည့်သော် ရှေ့တည့်တည့်အနိမ့်ပိုင်းတွင် ချောင်းကလေးတစ်ခုရှိသည်။ ချောင်းကလေးရှိရာသို့ ဆင်းကြရအောင်ဟူသော အသံဖြင့် ကျွန်တော်က သူ့ကို မေးငေါ့ပြလိုက်မိသည်။ သူက အသာပင်ခေါင်းငြိမ့်ပြသည်။ ကျွန်တောတို့နှစ်ယောက်စလုံး ပြုံးလိုက်မိပြန်သည်။ ကျွန်တော်တို့နှစ်ယောက်သား ချောင်းစပ်သို့ ဆင်းခဲ့ကြသည်။ ချောင်းစပ်တစ်လျှောက်တွင် နောက်မှီ ခုံတန်းလျားအရှည်ကလေးများ ရှိသည်။ ခုံတန်းလျားကလေးများပေါ်တွင် ကြေးပြားကလေးများဖြင့် `ထိုင်ရန်´ ဟု ရေးထားသော စာတန်းကလေး ကပ်ထားသည်။ ကျွန်တော်တို့နှစ်ယောက်စလုံး ပြုံးလိုက်မိပြန်သည်။ `ငါ့အထင် နင့်လိုလူမျိုးတွေ အဲဒီအပေါ်တက် မတ်တတ်ရပ်ပြီး ဟိုကြည့်ဒီကြည့် လုပ်မှာစိုးလို့ထင်တယ်´။ ကျွန်တော်တို့နှစ်ယောက်စလုံး ရယ်မိကြသည်။

ကျွန်တော်တို့ ခုံတန်းလျားကလေးတွင်မထိုင်ကြဘဲ ချောင်းစပ်အထိ ဆင်းသွားကြသည်။ ရေစပ်အနီးရှိ ကျောက်တုံးကလေးများပေါ်တွင် ထိုင်လိုက်မိကြသည်။ ချောင်းရေမှာ ငြိမ်လှသဖြင့်၊ တဖက်ဖက်သို့ စီး,မစီး မပြောနိုင်။ ရေမှာ တိမ်တိမ်ကလေးသာ ဖြစ်သည်။ ဟိုဖက်ကမ်းဆီသို့ လျှောက်သွားနိုင်ပုံရသည်။ ချောင်းထဲတွင် ငါးကလေးများပင် ရှိပုံမပေါ်။ စကားမပြောဖြစ်ကြဘဲ အတော်ကြာအောင်ထိုင်နေကြပြီးမှ သူကပြောသည်။ `ပန်းခြံထဲမှာ ပန်းတွေမရှိဘူး။ ဒီနေရာမှာ ရေစီးသံတောင် မကြားရဘူး။ ငြိမ်နေတာပဲ။ တစ်မျိုးတော့ သာယာတယ်လို့ ထင်မိတယ်ဟု ပြောသည်။ `ငါ့အဖို့တော့ သာယာမှုဟာ စိတ်ကျေနပ်မှုကို မပေးနိုင်ဘူး။ စိတ်ကျေနပ်မှုကသာ သာယာမှုကိုပေးတာပဲ´ ဟု ကျွန်တော်က ပြောလိုက်မိသည်။ `ငါတစ်ခုပြောမယ်´ ဟု အစချီပြီး ကျွန်တော့်အတွေ့အကြုံတစ်ခု ပြောပြလိုက်မိသည်။

`ဟိုး..နှစ် အတော်ကြာကြာတုန်းက ပန်းချီဆရာမောင်ဒီဆွဲတဲ့ `လေညင်းကလေး´ ဆိုတဲ့ ပန်းချီကားတစ်ချပ်ကို ငါကြည့်ခဲ့ဖူးတယ်။ ငါဝယ်မယ်လုပ်ပေမယ့် တစ်ယောက်ယောက်က၀ယ်သွားနှင့်လို့ ငါမရဘူး။ ဒါပေမဲ့ နေ့စဉ်လို ငါသွားပြီး ကြည့်လေ့ရှိတယ်။ အခုငါ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အခါ ငါ့စာကြည့်ခန်းထဲမှာ ဘာသံမှမကြားရအောင် တံခါးအလုံပိတ်၊ မီးမှိတ်ပြီး အမှောင်ထဲမှာ ငြိမ်ငြိမ်ကလေး ထိုင်နေလိုက်တိုင်း၊ လေညင်းကလေးငါ့ဆီရောက်လာရော။ သစ်ငုတ်တိုက အညှောင့်ကလေးမှာထွက်နေတဲ့ ရွက်နုကလေး လှုပ်သွားတယ်။ လေညှင်းကလေးဟာ ငါ့ပါးကို လာထိတယ်။ နဖူးကို ထိတယ်။ ငါ့နှာခေါင်းနဲ့ ရှူလိုက်ရတယ်။ အလုပ်ပင်ပန်းလို့ အသက်ရှူကြပ်လာတိုင်း ဆယ်ရီတိုက် ငါရှူနေကျ။ ဒါပေမဲ့ လေညင်းလေးရလာလို့ ငါဘာဆေးမှ မရှူရတော့ဘူး။ ငါပြောချင်တာ လေညှင်းကလေးဟာ ငါ့အထဲမှာ အမြဲရှိနေတယ်။ အညှောင့်က ရွက်နုကလေးလှုပ်သွားတိုင်း ငါ့မှာ အားရှိလာတယ်။ အားသစ်အင်သစ်တွေနဲ့ လောကကြီးကို ရင်ဆိုင်ဖို့ ၀န်မလေးတော့ဘူး။ တကယ်တော့ လေညှင်းကလေးက ငါ့ရဲ့ဖြစ်နေခြင်းအတွင်းမှာ ကြေနပ်မှုကိုပေးနေခဲ့တာပဲ။

သူက အသေအချနားထောင်နေသော်လည်း မည်သို့မျှ ပြန်မပြော။ အနားတွင်ရှိသော ခဲကလေးတစ်လုံးကိုကောက်ကာ ချောင်းထဲသို့ လှမ်းပစ်လိုက်သည်။ ခဲလုံးကလေးမှာ ရေမျက်နှာပြင်ကိုထိပြီး ရေအောက်သို့မြုပ်သွားသည်။ ကျွန်တော်ကသူ့ကိုကြည့်နေသည်ကို သိသဖြင့် သူက ကျွန်တော့်ကိုကြည့်ကာ အကြာကြီး ပြုံးပြနေသည်။ ပြီးမှ ခေါင်းကိုအသာမော့ကို မျက်စေ့များ ပိတ်ထားသည်။ လေညှင်း၏အထိအတွေ့ကို သူကလည်း ရမည်လားဟု စမ်းသပ်နေပုံရသည်။ ပြီးမှ မတ်တတ်ထရပ်လိုက်ပြီး `သွားကြရအောင်´ ဟုဆိုပြီး သူ့လက်ကို ကမ်းလိုက်သည်။ သူ့လက်ကိုဆွဲ၍ ကျွန်တော် ထလိုက်မိသည်။ အုတ်လမ်းကလေးရှိရာသို့ ပြန်တက်လာမိကြသည်။ အုတ်လမ်းကလေး၏ သစ်ဆုံလမ်းခွတွင်ရပ်ကာ ဘယ်ဖက်သို့သွားမည်လား၊ ညာဖက်သို့သွားမည်လားဟု စဉ်းစားကြည့်နေမိသည်။ သူက ကျွန်တော့်ပုခုံးကို ကြင်ကြင်နာနာဖြင့်ဖက်ကာ `နင့်မှာ အဲဒါတွေရှိတယ်...´ ဟု ဆိုသည်။ `အဲဒါ´ ဆိုသည်မှာ ဘာကိုဆိုလိုမှန်း ယနေ့အထိ ကျွန်တော် မသိ။ ညာဖက်သို့သွားသော အုတ်လမ်းကလေးမှာ အနိမ့်ပိုင်းသို့ ဆင်းသွားသည်။ အောက်ဘက်ခပ်လှမ်းလှမ်းတွင် ကျင်းတူးနေပုံရသော လူတစ်ယောက်ကို တွေ့ရသည်။ ထိုသူမှာ ပန်းခြံတစ်ခုလုံးတွင် ကျွန်တော်တို့မှလွဲ၍ တစ်ဦးတည်းသော သက်ရှိသတ္တ၀ါဖြစ်မည်ထင်သည်။ `အဲဒီဘက်သွားရအောင်´ ဟု ကျွန်တော်ကပြောသော် သူကပြုံးပြီး ခေါင်းညိတ်ပြသည်။ ထိုလူရှိရာဘက်သို့ ငါးမိနစ်ခန့်ကြာအောင် လျှောက်သွားရသည်။

သူကပင် သူ့ကိုယ်သူ ဥယျာဉ်မှူးပါဟု စတင်မိတ်ဆက်သည်။ သူ့ကိုကြည့်ရသည်မှာ ဥယျာဉ်မှူးနှင့်မတူ။ စိတ်ချမ်းသာပုံရသော ကဗျာဆရာတစ်ဦးနှင့်တူသည်။ ကျေနပ်နေသော ပန်းချီဆရာတစ်ဦးနှင့်တူသည်။ သူဝတ်ထားသည်မှာလည်း ဆေးရုံတွင် ဆရာဝန်များဝတ်လေ့ရှိသော ဂျူတီကုတ်လို အင်္ကျီမျိုးဖြစ်သည်။ အလွန်ယဉ်ကျေးသိမ်မွေ့ပုံရသည်။ `ခင်ဗျားပန်းခြံက တစ်မျိုးပဲနော်´ ဟု ကျွန်တော်ကပြောလိုက်သောအခါ သူက ကျွန်တော့်ကိုကျော်၍ မျက်စေ့တစ်ဆုံးလှမ်းကြည့်လိုက်သည်။ ပြီးမှ မျက်လုံးကိုမှိတ်ရင်း သူ့ဦးနှောက်ထဲတွင် သူလိုချင်သောစကားလုံးများ ရှာနေပုံရသည်။ နောက် အင်္ဂလိပ်လို စာကြောင်းတစ်ကြောင်း ရွတ်လိုက်သည်။

Earth has not anything to show more fair: ချက်ချင်းလိုပင် ၀သ်(စ)၀ါ့၏ `၀က်စမင်စတာတံတားပေါ်မှာ စပ်တဲ့ကဗျာ´ မှ ပထမစာကြောင်းပဲဆိုသည်ကို  ကျွန်တော်သတိရလိုက်မိသည်။ သို့အတွက် ကျွန်တော်က ဒုတိယစာကြောင်းကို ရွတ်လိုက်မိသည်။ Dull would he be of soul who could pass by ။ သူ့မျက်နှာတွင် ကျေနပ်ရိပ်အပြုံး ပေါ်လာသည်။ တတိယစာကြောင်းကိုမူ ကျွန်တော်တို့နှစ်ယောက်သား ပြိုင်တူလို ဆိုလိုက်မိကြသည်။ A sight so touching in his majesty ။ ထို့နောက်တွင်သော် တိုင်ပင်ထားခြင်းမရှိဘဲ ကဗျာတစ်ပုဒ်လုံးကို အဆုံးအထိ သံပြိုင်ရွတ်လိုက်မိကြတော့သည်။ ကျွန်တော်တို့ ကဗျာရွတ်နေကြစဉ်၊ သူဟုညွှန်းရသော သူမက ကျွန်တော့်နောက်နားဆီမှ ရပ်နေရင်း ကျွန်တော့် ဘယ်ဘက်လက်အဖျားကလေးကို သူ၏လက်နှစ်ဘက်ဖြင့် အသာဆုပ်ထားသည်ကို ကျွန်တော် သတိထားလိုက်မိသည်။ ကဗျာဆုံးသွားသောအခါ ဥယျာဉ်မှူးနှင့် ကျွန်တော်တို့မှာ နှစ်ရှည်လများ ကွဲကွာနေခဲ့ရသော မိတ်ဆွေဟောင်းများကဲ့သို့ ရင်းနှီးသွားကြသည်။ ထို့ကြောင့်လည်း ကျွန်တော်က မေးလိုက်သည်။ `ဒီကို လူတွေ သိပ်မလာကြဘူးလား´။ သူက ချက်ချင်းမဖြေသေး။ ပြုံးရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီးမှ `လူတွေဟာ ခံစားတာနဲ့၊ ဆင်ခြင်တာနဲ့ မကွဲကြတော့ဘူးဗျ။ ဒီတော့ သဘာဝတရားအပေါ် ကျေနပ်တတ်တဲ့ အခြေခံနည်းလာတယ်။ အလိုလိုဖြစ်ရှိနေခြင်းအတွင်းက လှပမှုဆိုတာကို နားမလည်ကြတော့ဘူး။ စိတ်မပါကြတော့ဘူး။ နေ့တစ်နေ့ကုန်ဆုံးတိုင်း အရင်းနဲ့အမြတ်လောက်ပဲ စဉ်းစားကြတော့တယ်´ ဟု ပြောသည်။ ကျွန်တော့်အဖို့ ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကျောင်းကြီးတစ်ခုတွင် ပညာယူနေရသကဲ့သို့ ထင်လိုက်မိသည်။ ကျွန်တော့်လည်ဂုတ်ပေါ်တွင် သက်ပြင်းရှည်တစ်ခုကို တိုးတိုးကလေး ချလိုက်သဖြင့် ထွက်ပေါ်လာသောလေညှင်းကလေးတစ်ခုထိလာကြောင်း သတိထားလိုက်မိသည်။ `သိမှုရဲ့ အခန်းကဏ္ဍတွေ လျော့ပါးလာပြီ´ ဟု စိတ်ပျက်သံဖြင့်ငြီးတွားရင်း ဥယျာဉ်မှူးက စားရပ်လိုက်သည်။

ဥယျာဉ်မှူးစကားပြောရပ်သွားသောအခါ စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့် သူ့ကို မေးလိုက်မိသည်။ `ခင်ဗျား ဘာစိုက်မှာမို့ ကျင်းတူးနေတာလဲ´ သူက အပြုံးပျော့ပျော့ဖြင့် ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ကာ `ခင်ဗျားတို့နှစ်ယောက်သား ချောင်းစပ်မှာ ထိုင်နေတာတွေ့လို့ ကျွန်တော် ကျင်းလေးနှစ်ခု တူးထားတာ။ ဒီနားမှာတစ်ကျင်း၊ ဟိုဘက်မှာ တစ်ကျင်း´ ဟု ဖြေသည်။ `ဘာလုပ်ဖို့လဲ´ ဟု ကျွန်တော်က ထပ်မေးမိသည်။ `ဒီလို´ ဟု အစချီကာ သူက ရှင်းပြသည်။ `ဒီပန်းခြံထဲလာတဲ့ လူတစ်ချို့ဟာ ဒီကမပြန်ခင် သူတို့ရဲ့အသဲနှလုံးဖြစ်ဖြစ်၊ ဦးနှောက်ဖြစ်ဖြစ် ဒီမှာစွန့်ပစ်မြှုပ်နှံ ထားခဲ့ကြသည်။ ဟိုဘက်နားမှာတွေ့လား။ တိုင်ကလေးတွေထောင်ထားတာ။ အဲဒါက ဦးနှောက်တွေ။ ဦးနှောက်ထားခဲ့တဲ့လူတွေကို သူတို့ဦးနှောက်မြှုပ်ရာမှာ နာမည်ရေးပြီး မှတ်ထားခဲ့ကြတယ်။ မတော် တစ်နေ့လိုအပ်ရင် လာယူလို့ရအောင်လို့။ ဒီဘက်မှာက အသည်းနှလုံးတွေ မြှုပ်ထားခဲ့တယ်။ အသဲနှလုံးမြှုပ်ထားခဲ့တဲ့လူတွေကတော့ မလိုအပ်တော့ဘူးလို့ ယူဆကြပုံရတယ်။ ဘာအမှတ်အသားမှ လုပ်မထားကြဘူး။ ဟုတ်တော့ဟုတ်သား။ ဦးနှောက်ရှိနေမှ အသည်းနှလုံးက ဘာလုပ်ရမှာတုံး...´ ဥယျာဉ်မှူးစကားပြောနေစဉ် ကျွန်တော့်ဘယ်ဘက်လက်မှာ တင်းကြပ်စွာအညှစ်ခံထားရကြောင်း ကျွန်တော်သတိထားလိုက်မိသည်။ `လိုရမယ်ရ တူးထားတာပါ။ နောင်မှ တစ်ခါပြန်လာချင်လည်း လာပေါ့´ ဟု ပြောရင်း ဥယျာဉ်မှူးကပြုံးလိုက်သည်။ တိုက်တွန်းသံမပါသော်လည်း ဖိတ်ခေါ်သံ ပါနေသည်။

ကျွန်တော့်နောက်နားဆီမှ ကပ်၍ `သွားကြရအောင်´ ဟု အသံတိုးတိုးကလေး ကြားလိုက်မိသည်။ သို့ဖြင့် ကျွန်တော်က ဥယျာဉ်မှူးကို `အကျိုးအကြောင်းသိရတာ ၀မ်းသာပါတယ်။ အခုတော့ သွားလိုက်ဦးမယ်´ ဟု ပြောလိုက်သည်။ ဥယျာဉ်မှူးက ပါးစပ်ကမဖြေဘဲ ခေါင်းကိုဖြည်းဖြည်းချင်း ငြိမ့်ပြသည်။ သူ့ရှေ့မှ ကျွန်တော်တို့လှည့်ထွက်လာပြီး ခြေလှမ်းလေးငါးလှမ်းခန့်လျှောက်ပြီးသောအခါ ဥယျာဉ်မှူးက `အချိန်မရွေးလာနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီမှာ တစ်သက်လုံးရှိနေမယ်´ ဟု လှမ်းပြောလိုက်သည်။ ကျွန်တော်ကနောက်သို့လှည့်ကာ အသိအမှတ်ပြုသည့်သဘောဖြင့် လက်လှမ်းပြလိုက်သည်။ သူကမူ လှည့်မကြည့်။ ကျွန်တော့်လက်မောင်းကိုသာ ခပ်ကြမ်းကြမ်းကလေး ဆွဲလိုက်သည်။ ကျွန်တော်က သူ့မျက်နှာကိုကြည့်ကာ ပြုံးပြသော်လည်း သူက ကျွန်တော့်ကိုမကြည့်ဘဲ ပန်းခြံထိပ်မှ ၀န်းတံခါးကြီးကိုသာ ဦးတည်ကြည့်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်။ သစ်ပင်များအားလုံးမှာ ကျွန်တော်တို့ ပန်းခြံအတွင်းဝင်လာခဲ့သည့်အခါကကဲ့သို့ပင် အစိမ်းရောင်နည်းပါးစွာဖြင့် ရှင်သန်နေကြသည်။ ပန်းတစ်ပွင့်မှမရှိသော ပန်းခြံ၊ ပန်းခြံတစ်ခုထက် သင်္ချိုင်းကုန်းတစ်ခုနှင့် တူနေသေးတော့သည်။ တစ်လမ်းလုံး သူက ဘာမျှမပြောတော့။ ကျွန်တော့်နားထဲတွင်မူ ဥယျာဉ်မှူး၏စကားသံများကို မကြာမကြာ ကြားလာမိသည်။ သူ့အိမ်ရှေ့ ဆင်ဝင်အောက်တွင် ကားရပ်သောအခါ ကားစက်ကို မသတ်ဘဲ `ငါမဆင်းတော့ဘူး´ ဟု ပြောလိုက်မိသည်။ သူက ကားပေါ်မှဆင်းသွားပြီး တံခါးပြန်ပိတ်ကာ ဖွင့်ထားသောမှန်တံခါးပေါက်မှ သူ့မျက်နှာကို ကားထဲသွင်းပြီး `နင့်ကိုငါချစ်တယ်ဆိုတာ နင်သိတယ်မဟုတ်လား´ ဟု ပြောသည်။ ကျွန်တော်က ဘာမျှပြန်မပြောဘဲ ခေါင်းကိုသာ ဖြည်းဖြည်း နှစ်ကြိမ်သုံးကြိမ် ငြိမ့်ပြလိုက်မိသည်။ သူက ဘာမျှထပ်မပြောတော့ဘဲ အိမ်သို့ဝင်သွားသောအခါ ကျွန်တော် ကားမောင်း၍ ထွက်လာခဲ့မိသည်။

လမ်းဆုံသို့ရောက်သော် ပန်းခြံရှိရာသို့ဦးတည်ကာ ကျွန်တော် ပြန်မောင်းလာခဲ့မိသည်။ ကားရပ်ပြီးသည်နှင့် ပန်းခြံဆီသို့ ကျွန်တော်အပြေးအလွှား လာခဲ့သည်။ ပန်းခြံဝင်းတံခါးမှစာကို ကျွန်တော်ဖတ်ကြည့်ရန် မလိုတော့။ ဘာသာစကားကို အခိုက်အတန့် မသိကျိုးကျွံပြုမိသဖြင့် ကျွန်တော့်တွင် နစ်နာစရာအကြောင်းမရှိ။ ဥယျာဉ်မှူးနှင့်တွေ့ခဲ့သော နေရာဆီသို့ အပြေးသွားခဲ့မိသည်။ ဥယျာဉ်မှူးမှာ မကြာခင်က ကျွန်တော်တို့နှင့်ရပ်ပြီး စကားပြောခဲ့သောနေရာတွင်ပင် ရှိသေးသည်။ သူတူးထားသော ကျင်းကလေးနဘေးတွင်ထိုင်ကာ တဲနစ်ဆင်၏ မော့(ဒ)ကို ဖတ်နေသည်။ သူ့အနားတွင် ကျွန်တော်ရပ်လိုက်သောအခါ သူက မော့ကြည့်ပြီး `ခင်ဗျားပြန်လာလိမ့်မယ်လို့ ကျွန်တော်သိသားပဲ´ ဟုပြောကာ၊ ပြုံးပြသည်။ ပြီးမှ `ခင်ဗျာ ဘာမြှုပ်ထားခဲ့ချင်သလဲ´ ဟု မေးသည်။ ကျွန်တော်က `အသည်းနှလုံး...´ ဟု ပြောလိုက်သောအခါ `ဒါဆို၊ ဒီမှာပဲမြှုပ်လိုက်ပေတော့´ ဟု သူက ပြောသည်။ အသည်းနှလုံးကို မြှုပ်နှံပြီးစီးသွားသောအခါ သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး သူ့ရှေ့မှ ထွက်လာခဲ့မိသည်။ အုတ်လမ်းကလေးအတိုင်း လျှောက်လာရင်း ဘေးတစ်ဘက်တစ်ချက်တွင် ဒေလီယာပန်းရောင်စုံများကို တွေ့လာရသည်။ စမ်းချောင်းကလေးဆီမှ ရေစီးသံများ ကြားလာရသည်။ မြက်ခင်များမှာ စိမ်းလန်းလှပါဘိ။ စိမ်းမှောင်နေသော သစ်ပင်အုပ်ဆီမှ ငှက်ကလေးများ ပျံသန်းနေကြသည်။ ပန်းခြံ၏ ၀င်းတံခါး ပွင့်နေသည်။ ကျွန်တော်ဝင်လာစဉ်က မပိတ်မိခဲ့၍ ထင်သည်။

ယခုအခါ၊ ချစ်ခြင်း၊ ကြိုက်ခြင်း၊ တွယ်တာခြင်း၊ မြတ်နိုးခြင်း၊ သာယာခြင်းအစရှိသည်တို့မှာ ကျွန်တော့်အတွက် ရေးကြီးခွင်ကျယ်လုပ်ကာ ပြောဆိုရမည့်အကြောင်းများ မဟုတ်ကြတော့။ စင်စစ်၊ စောစောကတည်းကပင် ဘာသာစကား၏စည်းရိုးများမှာ `နှစ်ကြိမ်ကျအောင်၊ အားရမိမိ၊ စုံမှိတ်ဘိသည်...´ ကြောင်မနက်ပြာ၏ ပါးစပ်ထဲသို့ ရောက်သွားခဲ့သည်ကို ကျွန်တော်ကသာ မေ့လျော့နေခဲ့မိသည် မဟုတ်ပါလား။    ။

မြင့်သန်း
စတိုင်သစ်၊ နိုဝင်ဘာ ၂၀၀၄

Comments

  1. ပြဒါးလင်းဂူမှာတော့ မြန်မာစာလုံးတွေ မရှိဘူး၊ အခုခေတ်ကျနော်တို့မှာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းရှိတယ်၊ ဒါပေမယ့် အမှတ်အသားထားချင်၊ မှတ်တမ်းတင်ချင်တာခြင်းတူတော့ ဦးနှောက်တွေကျန်ခဲ့သေးလို့သာနေမှာ။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA