ဆေးရုံကိုလာတဲ့လူတွေမှာ အကြောင်းရှိတယ်။ အနည်းဆုံး တစ်ခုတော့ ရှိကြတာချည်းပဲ။ အပျင်းပြေ ဘယ်သူမှ မလာဘူး။ ဆရာဝန်တွေ ကုသပေးဖို့လာတယ်။ လူမမာက ကုသခံဖို့ လာတယ်။ သူနာပြုတွေက ကုသမှုကို အထောက်ကူပြုဖို့၊ သူတို့နိုင်တာ လုပ်ပေးဖို့။ သန့်ရှင်းရေးအလုပ်သမားက သန့်ရှင်းပေးဖို့။ ကျန်းမာနေတဲ့လူတစ်ယောက် ဆေးရုံထဲ ၀င်လာရင်တောင် သူ့မှာ လူမမာမေးစရာ အကြောင်းရှိတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စာမဖတ်တတ်လို့၊ ဆေးရုံလို့ ရေးထားတာကို မသိလို့၊ မှားပြီးဝင်လာတဲ့လူပဲ ဖြစ်မယ်။
ကျွန်တော်လည်း အကြောင်းရှိလို့ ဆေးရုံထဲလာတာ။ စိတ်ဝေဒနာ အထူးကုဆရာဝန်ကြီးနဲ့တွေ့ကြည့်ရင် ကောင်းမယ်လို့ ကျွန်တော့်ဆရာဝန်က ညွှန်းလိုက်လို့ လာတာ။ မနက်ကိုးနာရီလာပါလို့၊ ဆေးရုံက ချိန်းလိုက်လို့ လာတာ။ အရင်က ဒီဆေးရုံ တစ်ခါမှ မရောက်ဖူးဘူး။ မရောက်ဖူးဘူးဆိုတာက ကျွန်တော်နဲ့မှ မဆိုင်ပဲကိုး။ အိပ်မပျော်တာက လွဲလို့ ကျွန်တော့်မှာ ဘာပြဿနာမှ မရှိဘူး။ ပြဿနာဆိုတာ မရှိဘူးဆိုပေတဲ့ ၀မ်းနာခေါင်းကိုက်လောက်တော့ ရှိတာပေါ့လေ။ ကျွန်တော် အိပ်မပျော်တာကို ကုသပေးနေတဲ့ ဆရာဝန်ကြီးက ခင်ဗျား မအိပ်တာတွေ များလာပြီ။ သိပ်ဆိုးလာရင် မသိမသာ ဦးနှောက်ကို ထိခိုက်နိုင်တယ်။ ဒီတော့ စိတ်ပညာ အထူးကုဆရာဝန်ကြီးနဲ့ တစ်ချက်လောက် သွားတွေ့ကြည့်စမ်းပါလို့ ဆိုတယ်။ ကျွန်တော့်ဆရာဝန်နဲ့ ကျွန်တော်နဲ့က ရင်းနှီးပြီးသား။ ဒီတော့ ကျွန်တော်က နောက်သလိုပြောင်သလိုနဲ့ ပြန်ပြောလိုက်မိတယ်။ ရူးဖို့နီးလာပြီလို့ ခင်ဗျားပြောချင်တာ မဟုတ်ဘူးလား။ ဒီတော့ သူက မဟုတ်ပါဘူး၊ မအိပ်တာကြာလာရင် လူတွေဟာ တစ်မျိုး ဖြစ်လာတတ်တယ်။ စိတ်ရောဂါအထူးကုဆရာဝန်ကြီးအနေနဲ့ ခင်ဗျားအနေအထားစမ်းသပ်ကြည့်ရင် စိတ်ငြိမ်ဆေးလေးဘာလေး၊ မဟုတ်လည်း အကြံဉာဏ်ကလေး ပေးနိုင်တယ်။ အဲဒီအတွက်ကြောင့်ပါ။ ခင်ဗျားကို ရူးတယ်လို့ ကျွန်တော် မပြောပါဘူးလို့ ပြောတယ်။ ပြီးတော့၊ အင်း လူဆိုတာကလည်း တစ်မျိုးစီတော့ ရူးသွပ်မှု ရှိနေတတ်တာပဲလို့ ပြောပြန်တယ်။
ဆေးရုံကိုမရောက်ဖူးတော့ တွေ့တဲ့အပေါက်ကပဲ ၀င်လာမိတယ်။ ကျွန်တော်ရောက်နေတာ အတော်စောနေတယ်။ ကောင်တာမှာသွားပြီး ကျွန်တော်တွေ့ရမယ့် ဆရာဝန်ကြီးနာမည်ပြောတော့ စာရေးမကလေးက စောင့်ပါဦး၊ စောပါသေးတယ်လို့ ပြောတယ်။ ဆရာဝန်ကြီးက တတိယထပ်မှာ ထိုင်သတဲ့။ ဒီနေရာကတော့ အရေးပေါ်လူနာတွေ အတွက်တဲ့။ ဒီတော့ ကျွန်တော်က ဟိုမှာထိုင်နေတဲ့လူနာတွေက ဘာတွေလဲလို့မေးတော့ သူက ပြုံးပြီး သိပ်အရေးမပေါ်သေးတဲ့ လူနာတွေလို့ ပြောတယ်။ ကျွန်တော် နားလည်ပုံမပေါ်တော့ သူက ထပ်ရှင်းပြတယ်။ လောလောဆယ် မသေလောက်သေးတဲ့ လူနာတွေတဲ့။ အရေးပေါ်လူနာဆိုတာက ချက်ချင်း သေသွားနိုင်သတဲ့။ သူက ထပ်ပြုံးပြတယ်။ သူ့သွားကလေးတွေက ဖွေးနေတာပဲ။ သူ့သွားဖွေးဖွေးလေးတွေကိုကြည့်ရင်း ငါကတော့ ချက်ချင်းသေနိုင်တဲ့စာရင်းထဲ ပါပုံမပေါ်ဘူးလို့ တွေးလိုက်မိတယ်။ အဲဒီတုန်းမှာပဲ လူနာတင်ကား ၀င်လာတယ်။ ကားပေါ်က ပက်လက်ကလေး သတိရပုံမပေါ်ဘဲ သွေးတရွှဲရွှဲဖြစ်နေတဲ့ လူတစ်ယောက်ကို တွန်းထုတ်လာတယ်။ တွန်းလာတဲ့ သူနာပြုနှစ်ယောက်အထဲက တစ်ယောက်က ကောင်တာကိုလှမ်းကြည့်ရင်း မီးရထားလမ်းကူးမှာ ကားကို ရထားက ၀င်တိုးလို့လို့ အော်ပြောလိုက်တယ်။ ခုထိတော့ အသက်ရှင်နေသေးတယ်လို့ ပြောပြီး အထဲဘက်က အခန်းတစ်ခုထဲကို တွန်းဝင်သွားကြတယ်။ ကောင်တာက စာရေးမကလေးကတော့ သိပ်ထူးဆန်းပုံမပေါ်ဘူး။ ထိုင်နေတဲ့လူနာ တချို့ကတော့ လူနာတင်ကားဝင်လာတုန်းက ကျီးကြည့်ကြောင်ကြည့်နဲ့ ထကြည့်ကြတယ်။ အသက်ကြီးကြီး မိန်းမ တချို့ကတော့ ဘုရား ဘုရား.. လို့ အော်ရင်း ဘုရားတကြတယ်။ လူနာကို အခန်းထဲ တွန်းသွားပြီး သူတို့မျက်စေ့ရှေ့အောက်က ပျောက်သွားတို့မှ သူတို့ထိုင်တဲ့ခုံမှာ ပြန်ထိုင်လိုက်ကြတယ်။ သူတို့စိတ်ထဲမှာလည်း ငါတို့ကတော့ သူ့လောက် မဆိုးကြသေးဘူးလို့ တွေးမိကြပုံရတယ်။
ကောင်တာနောက်ဖက်ဆီကို အသက်ကြီးကြီး သူနာပြုဆရာမကြီးတစ်ယောက် ၀င်လာတယ်။ လက်ထဲမှာ လူနာမှတ်တမ်းတွေ ထင်တယ်။ ကဒ်ပြားတွေ၊ ဖိုင်တွဲတွေနဲ့။ စာရေးမလေး ဘေးနားဆီမှာ ချလိုက်ရင်း၊ ငါ ပြန်တော့မယ်။ ဟိုဟာမ နည်းနည်းနောက်ကျမယ်ပြောတယ်။ ခုမနက် ခုမနက် လူနာပါးတယ်လို့ပြောပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။ ပြုံးပြရင်း စာရေးမကလေးကို နင့်အဆက်လားလို့ ပြောင်ပြောင်ကြီး မေးတယ်။ ကျွန်တော့်ကိုလှည့်ကြည့်ရင်း စတာနော်၊ ကျွန်မ တစ်ညလုံးအလုပ်များနေတာ အခုမှ ရယ်စရာကလေး ပြောနိုင်တော့တယ်လို့ ပြောတယ်။ ရပါတယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ စာရေးမကလေးက ဆရာကြီးကို လာတွေ့တာလို့ပြောရင်း လက်ညှိုးသုံးချောင်းထောင်ပြပြီး အပေါ်ကို မော့ကြည့်လိုက်တယ်။ ဒီတော့မှ သူနာပြုဆရာမကြီးက ကျွန်တော့်ကို ပြုံးပြီးကြည့်ရင်း နေလို့ကောင်းရဲ့လားလို့ မေးတယ်။ သူ့အပြုံးထဲမှာ ဘာပါတယ်ဆိုတာ ကျွန်တော် ရိပ်မိတယ်။ ကျွန်တော် ရူးနေလို့ သူ့ကိုလာတွေ့တာ မဟုတ်ပါဘူး။ အိပ်မပျော်လို့ သူ့ဆီက အကြံဉာဏ်ယူဖို့ လာတာပါလို့ ပြောလိုက်တယ်။ သူနာပြုဆရာမကြီးက အားနာသွားပုံရတယ်။ ကျွန်မ အဲသလိုသဘောနဲ့ပြောတာ မဟုတ်ပါဘူးတဲ့။ ပြီးတော့ သူက မေးတယ်။ မအိပ်တာ ဘယ်လောက်ကြာသွားပြီလဲတဲ့။ ကျွန်တော့်အထင်တော့ မွေးရာပါလို့ပဲ ထင်တယ်လို့ ပြောလိုက်တယ်။ အဲဒီတုန်းမှာပဲ လူနာလာပို့တဲ့ လူမမာတင်ကားက သူနာပြုနှစ်ယောက်ထွက်လာတယ်။ တစ်ယောက်က ကောင်တာဆီလာပြီး သူ့လက်ထဲက စာရွက်တချို့ကို စာရေးမကလေးကိုပေးပြီး တချို့ကို လက်မှတ်ထိုးခိုင်းတယ်။ ပါးစပ်ကလည်း ပြောသေးတယ်။ လူတွေများ အသုံးကိုမကျဘူး၊ ဒီလောက်ကြီးတဲ့ကား၊ ဒီလောက်ကြီးတဲ့ရထား ဒီနေရာမှာလာပြီးတိုက်မိကြရတယ်လို့လို့ ပြောပြီး စကားကိုအဆုံးမသတ်ဘူး။ ကျွန်တော့်ကို လှမ်းကြည့်လိုက်တယ်။ လူတွေ ရူးကုန်ကြပြီထင်တယ်လို့ ပြောပြန်တယ်။ စာရေးမကလေးက လက်မှတ်ထိုးပြီးတဲ့စာရွက်တွေ သူ့ကိုပြန်ပေးရင်း သွားတော့၊ နင့်အလုပ်ပြီးပြီလို့ ပြောတယ်။ သူနာပြုက ဘာမှမပြောဘူး။ ဘယ်သူ့မှလည်း နှုတ်မဆက်ဘူး။ စာရွက်တွေယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားတယ်။
ငါလည်း ပြန်တော့မယ်လို့ သူနာပြုဆရာမကြီးက စာရေးမကလေးကို ပြောတယ်။ ကျွန်တော့်ကိုလည်း၊ သွားဦးမယ်နော် ကျွန်မကတော့ အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး အိပ်တော့မှာ။ သုံးနာရီလောက်မှနိုးမယ်လို့ ပြောပြီး သူ့ဘာသာ ဟဲဟဲလို့ ရယ်တယ်။ သူထွက်သွားမယ်လုပ်နေတုန်း ကျွန်တော့်နောက်နားဆီက ဟဲ့ နင်ပြီးပြီလားလို့ အသံကြားရတယ်။ သူနာပြုဆရာမကြီးက ဟုတ်ကဲ့လို့ပြောတော့ ကျွန်တော်လည်း လှည့်ကြည့်လိုက်မိတယ်။ ကျွန်တော်နဲ့သိတဲ့ အရိုးကုဆရာဝန်ကြီး။ ခင်ဗျား ဘယ်လာတာတုံးလို့ မေးရင်း လက်ဆွဲနှုတ်ဆက်တယ်။ ကျွန်တော်ကမဖြေခင် စာရေးမကလေးကပဲ လက်သုံးချောင်းထောင်ပြုပြီး အပေါ်ကိုမော့ကြည့်ရင်း ဆရာကြီးကိုလာတွေ့တာလို့ ၀င်ဖြေလိုက်တယ်။ အရိုးကုဆရာဝန်ကြီးကတော့ ကျောင်းနေဖက်မို့ ကျွန်တော့်အကြောင်းသိ။ အိပ်မပျော်တဲ့ကိစ္စမဟုတ်လားလို့ မေးတယ်။ စာရေးမကလေးရဲ့နောက်ဖက်က နံရံက နာရီကိုလှမ်းကြည့်ရင်း စာရေးမကလေးကို ဟိုကောင် မလာသေးဘူးလားလို့ မေးတယ်။ သူက ဒီအချိန် လာခဲသားပဲလို့ စာရေးမကလေးက ပြန်ဖြေတယ်။ အရိုးကုဆရာဝန်ကြီးက ကျွန်တော့်ကိုကြည့်ရင်း ဒီကောင်က နာရီမပတ်ဘူးဗျ။ ခင်ဗျားကို ဘယ်အချိန်ချိန်းထားသလဲလို့ မေးတယ်။ ကိုးနာရီလို့ဖြေတော့ အရိုးကုဆရာဝန်ကြီးက ပြောပြန်တယ်။ ဒီကောင့်မှာ ပြက္ခဒိန်လည်း ရှိပုံမပေါ်ဘူး။ ဒီနေ့ ကိုးနာရီဆိုတာကော သေချာရဲ့လားလို့ ဆိုတယ်။ ကျွန်တော်ကတော့ ပြန်မဖြေတော့ဘဲ ပြုံးနေလိုက်တယ်။ အရိုးကုဆရာဝန်ကြီးက ကျွန်တော့်အခန်းထဲက လာစောင့်ချင် စောင့်နေပါလားလို့ ပြောတော့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီကပဲ သူနဲ့စကားပြောရင်း စောင့်ပါ့မယ်လို့ ဖြေလိုက်တယ်။ အရိုးကုဆရာဝန်ကြီးက ဘာမှမပြောတော့ဘဲ၊ စာရေးမကလေးပေးတဲ့ စာရွက်တစ်ထပ်ယူပြီး ကောင်တာရှေ့ကထွက်သွားတော့မယ်လို့ လုပ်လိုက်တယ်။ ပြီးမှ တစ်ခုခုကို သတိရသွားပုံပေါ်တယ်။ ဟို လူနာအဖိုးကြီးကြည့်ရတာ သိပ်မဟန်ဘူး။ ဘယ်သူ့ကို စောင့်နေတာလဲလို့ ခပ်တိုးတိုးမေးလိုက်တယ်။
မမလူနာတွေလို့ စာရေးမကလေးကလည်း ခပ်တိုးတိုးပဲ ပြန်ဖြေတယ်။ ဘယ်မလဲဟိုဟာမလို့ အရိုးကုဆရာဝန်ကြီးက မေးတော့၊ မမက ဒီနေ့ ဆယ်နာရီခွဲလောက်မှရောက်မယ်လို့ ပြောတယ်။ သူ့မြေးကျောင်းအပ်ဖို့ ကျောင်းအုပ်ကြီးတစ်ယောက်နဲ့ ချိန်းထားတယ် ဆိုသလားပဲလို့ ဖြေတယ်။ ဟဲ့ တစ်ခုခုတော့ လုပ်ဦးမှပေါ့၊ အဖိုးကြီးကြည့်ရတာ မဟန်ဘူးလို့ပြောရင်း အရိုးကုဆရာဝန်ကြီးက ဆေးပညာစကားလုံးတွေသုံးရင် စာရေးမကလေးကို ပြောတယ်။ အဲဒါတော့ ဘာကိုဆိုလိုမှန်း ကျွန်တော်မသိဘူး။ စာရေးမကလေးကလည်း ဟုတ်တယ်၊ သူ့သားသမီးတွေက မမကလွဲရင် ဘယ်သူမှ သူတို့အဖေကို ကြည့်မရဘူးတဲ့လို့ ပြန်ပြောတယ်။ ဟိုကောင်ရောလို့ အရိုးကုဆရာဝန်ကြီးက မေးပြန်တယ်။ ဆရာကြီးမြန်မြန်သွား။ သူနဲ့ တိုးနေဦးမယ်။ ဒေါသကုမ္မာရ ဒေါထနေတယ်။ တစ်မှေးမှ မမှေးရတာ နှစ်ရက်လောက်ရှိပြီ အော်နေတယ်လို့ စာရေးမကလေးက ပြောနေတုန်း အတွင်းထဲက ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်တစ်ယောက် ထွက်လာတယ်။ သူ့အင်္ကျီက သွေးစတွေနဲ့။ အတော် ညစ်ပတ်ပေရေနေတယ်။ လက်ထဲမှာ လက်သုတ်ဝတ်ထား၊ စက္ကူလက်သုတ်ပ၀ါလားမသိဘူး ကိုင်ထားရင် လက်ကို သုတ်နေပုံရတယ်။ လျှောက်လာရင်း မင်းက အဲဒီမှာ ဘာလုပ်နေတာလဲ။ ညက အရေးပေါ်ရောက်လာတဲ့အထဲက နှစ်ယောက်၊ မင်းဖို့ပါတယ်။ တိုက်ပေါ်ကပြုတ်ကျတဲ့ကောင်ကတော့ တဲတဲကလေးပဲ။ ငါ တတ်နိုင်သလောက်တော့ ငြိမ်အောင်ထိန်းထားတယ်လို့ ပြောရင်း စာရေးမကလေးကို ဘယ်မှာလဲ ငါ့အတွက်ကော်ဖီလို့လည်းပြောရော စာရေးမကလေးလည်း ထိုင်ရာကထပြီး အတွင်းဖက်က အခန်းတစ်ခုထဲကို သုတ်ခြေတင် ပြေးပါလေရော။
အရိုးကုဆရာဝန်ကြီးက မင်းတစ်ယောက်တည်းလားလို့ မေးလိုက်တယ်။ ခုနက စာရေးမကလေးထိုင်နေတဲ့ ကုလားထိုင်မှာဝင်ထိုင်လိုက်ရင်း၊ တစ်ယောက်က မီးဖွားခွင့်သွားတယ်။ တစ်ယောက်က လင်ယူပြီး ဟန်းနီးမွန်းသွားတာ တစ်နေ့ကတည်းက ပြန်ရောက်ဖို့၊ မရောက်သေးဘူး။ လေယာဉ်ပျံမရလို့တဲ့။ ထွီး လေယာဉ်ပျံတွေ ၀ီခေါ်အောင်ပေါနေတာ လေယာဉ်ပျံမရလို့ဆိုတာ ဟုတ်ပါ့မလား။ ဇိမ်ခံလို့ ကောင်းနေလို့ ဖြစ်မှာပါ။ ရလီဗင်လာမယ့် ဟာမက ဒီကနေ့နဲ့ မနေ့ကနဲ့ ရက်ချင်းမှားသွားလို့တဲ့။ ဒီနေ့မှ လာမတဲ့လို့ သွေးစေတွေပေနေတဲ့ ဂျူတီကုတ်ဝတ်ထားတဲ့ဆရာဝန်က ပြန်ပြောတယ်။ အလုပ်သင်တွေ မရှိဘူးလားလို့ အရိုးကုဆရာဝန်ကြီးက မေးပြန်တယ်။ ရှိပါသော်ကောကွာ၊ တစ်ခါတလေတော့လည်း သူတို့ ရှင်းပြနေရတာနဲ့ အလုပ်က သိပ်မတွင်ဘူး။ ဒါပေတဲ့ ညကတော့ သူတို့တစ်တွေ ရှိပေလို့ပဲ။ သူတို့ကိုပဲ ကျေးဇူးတင်ရမှာလို့ ပြောရင်း ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်က စာရေးမကလေးစားပွဲပေါ်က စာရွက်တစ်ရွက်ယူပြီး တစ်ခုခုရေးနေတယ်။ စာရေးနေရင်း ကျွန်တော်တို့ကို မော့မကြည့်ဘဲ ညကဆို၊ ဓားထိုးခံရတဲ့လူ၊ တိုက်ပေါ်က ပြုတ်ကျတဲ့လူ၊ အိပ်ပျော်နေတုန်း အိမ်မီးလောင်တာတောင် မနိုးလို့ မီးလောင်ခံရတဲ့လူ စုံနေတာပဲ။ ငါလည်း မနေ့ကတည်းက တစ်ရေးမှ မအိပ်ရသေးဘူး။ သူပြောနေတုန်း စာရေးမကလေးပြန်ရောက်လာပြီး မာ့(ဂ)ခွက်နဲ့ ဖျော်ထားတဲ့ ကော်ဖီနှစ်ခွက် ယူလာတယ်။ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်ဘေးနားမှာ ချထားပေးလိုက်တယ်။ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်က စာရေးနေရင်း ကော်ဖီတစ်ခွက်ကို ဘယ်လက်နဲ့ ယူသောက်လိုက်တယ်။ အား.. လို့ သူ့ပါးစပ်ထဲက ကျေနပ်သွားတဲ့အသံ၊ အရသာရှိပုံရတဲ့အသံ ထွက်လာတယ်။ စာရေးမကလေးကို သူရေးထားတဲ့စာရွက် ပေးလိုက်ရင်း၊ ဒါသွားရှာစမ်းလို့ ပြောတယ်။ ပြီးမှ ကျွန်တော်တို့ကို မော့ကြည့်လိုက်တယ်။
ငါ့မျက်လုံးတွေ မခံနိုင်တော့ဘူးလို့ သူက ပြောတယ်။ ရလီဗင်လာတာနဲ့ မင်း တစ်နာရီနှစ်နာရီလောက် အိပ်လိုက်ဖို့ကောင်းတယ်လို့ အရိုးကုဆရာဝန်ကြီးက ပြောတယ်။ လူကတော့ ခံနိုင်ပါတယ်။ မျက်လုံးတွေကသာ မခံနိုင်တော့တာ။ အသိထဲမှာက ငါမအိပ်ရသေးဘူးဆိုတာက ရှိနေတော့ ပင်ပန်းတာပေါ့လို့ ဂျူတီကုတ်နဲ့ဆရာဝန်က ပြန်ပြောတယ်။ အရိုးကုဆရာဝန်ကြီးက ဟား အတော်ပဲ၊ မင်း သူ့ဆီက အကူအညီယူပေတော့လို့ ပြောရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။ ဂျူတီကုတ်နဲ့ဆရာဝန်က အခုမှ ကျွန်တော်ရှိနေတာကို သတိထားလိုက်မိပုံပေါ်တယ်။ ကော်ဖီခွက်ကို ဘယ်လက်ကကိုင်ရင်း မတ်တပ်ထရပ်လိုက်တယ်။ ကောင်တာပေါ်ကျော်ပြီး သူ့လက်ကို ကမ်းလိုက်တော့၊ ကျွန်တော်ကလည်း လက်ထိုးပေးလိုက်ရင်း နှုတ်ဆက်လိုက်တော့ သူက ခင်ဗျားက ဆရာဝန်လား။ ဆရာဝန်ဆိုရင်တော့ တစ်ယောက်နှစ်ယောက် ၀င်ကိုင်ပေးစမ်းပါဗျာလို့ ပြောတယ်။ ကျွန်တော်က ပြုံးရင်း ခေါင်းခါပြလိုက်မိတယ်။ သူက စာလုံးတွေ ဘာသာစကားတွေကို ကုသနေတာ၊ မင်းတို့ငါတို့လို လူတွေကို မကုဘူးလို့ အရိုးကုဆရာဝန်ကြီးက ရယ်ရင်းဝင်ပြောတယ်။ ဂျူတီကုတ်နဲ့ဆရာဝန်က ကံကောင်းတာပေါ့လို့ ပြောတော့ အရိုးကုဆရာဝန်ကြီးက မင်းမအိပ်ရသေးဘူးဆိုလို့ ပြောတာ၊ သူက အိပ်မရတဲ့လူ၊ သူ့ဆီက အိပ်မရတဲ့နည်း တောင်းထားပါလားလို့ ရယ်ရင်းပြောတယ်။ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်ကလည်း ရယ်တယ်။ ပြီးတော့မှ ဟိုကောင့်ကို လာတွေ့တာပဲပေါ့လို့ ပြောပြီး သူ့လက်ထဲက ကော်ဖီကို ကုန်အောင်သောက်လိုက်တယ်။ ကုန်သွားတဲ့ခွက်ကို ချလိုက်ပြီး နောက်တစ်ခွက်ကောက်ကိုင်ပြီး နည်းနည်းမြည်းလိုက်တယ်။ ကျွန်တော် စဉ်းစားလို့မရတာ တစ်ခုရှိတယ်လို့ သူကပြောပြီး ကော်ဖီတစ်ငုံ သောက်လိုက်ပြန်တယ်။ ဘာလဲလို့ အရိုးကုဆရာဝန်ကြီးက ပြန်မေးလိုက်တယ်။
ဂျူတီကုတ်နဲ့ဆရာဝန်က မင်းလည်းသိသားပဲ၊ ဒီကောင့်အကြောင်း။ သူလည်း အိပ်မှမအိပ်ဘဲ။ မအိပ်တာက နှစ်ကို ချင့်နေပြီ ထင်တယ်။ နာရီလည်း မပတ်ဘူး၊ သတင်းစာလည်း မဖတ်ဘူး။ ဘယ်နေ့ဘယ်ရက်ဆိုတာလည်း ဂရုမစိုက်ဘူး။ ဟိုးတစ်ခါက မနက်ခြောက်နာရီလောက် ဒီကို ရောက်လာတယ်။ ငါက မင်းဘာလာလုပ်တာလဲလို့ မေးတော့ သူက အလုပ်လာတာလေတဲ့။ မစောလွန်းဘူးလားလို့ ငါကပြောတော့ သူက စောတာ၊ နောက်ကျတာဟာ ဘ၀မှာ အရေးကြီးသလားတဲ့။ ငါလည်း ဘာမှပြန်မပြောတော့ဘူး။ တစ်ညကလည်း သူ့အခန်းရှေ့က ဖြတ်လျှောက်လာရင်း မီးရောင်တွေ့လို့ ၀င်ကြည့်လိုက်တော့ သူ့အခန်းထဲက ကြမ်းပြင်မှာထိုင်ပြီး တစ်ယောက်တည်း စကရယ်ဘဲ ကစားနေတယ်။ ငါက မင်းအိမ်မပြန်ဘူးလားဆိုတော့ အိမ်ပြန်လည်း ဒီပြန်လာရဦးမှာပဲတွေးမိလို့၊ ဒီမှာပဲ ထိုင်နေလိုက်တာတဲ့။ ငါအိမ်ပြန်မလို့ မင်းအိမ်ဝင်ပြီး ပို့ပေးခဲ့မယ်လို့ ပြောပြီး သူ့အိမ်ကို လိုက်ပို့လိုက်ရတယ်။ အဲဒီလို.. လို့ ပြောတယ်။ သူက ကော်ဖီသောက်လိုက်ပြန်တယ်။ ကျွန်တော်နဲ့ အရိုးကုဆရာဝန်ကြီးက ဘာမျှမပြောဘဲ စောင့်နေမိကြတယ်။ ကော်ဖီခွက်ကို ကောင်တာပေါ်တင်ရင်း ကျွန်တော့်ကို ကြည့်လိုက်တယ်။ ခင်ဗျားနဲ့ ခင်ဗျားလိုလူတွေ သူ့ကို ဘာလို့လာတွေ့ကြတယ်ဆိုတာ ကျွန်တော် စဉ်းစားကြည့်လို့ မရဘူး။ ကျွန်တော့် မျက်စေ့ထဲမှာတော့ ကုသခံဖို့ လာကြတာနဲ့ မတူဘူး။ လူမမာ လာမေးတာနဲ့တောင် တူနေသေးတယ်။ တစ်ခုတော့ ရှိတယ်။ ခင်ဗျားလို အိပ်မရတဲ့ လူတွေ၊ စိတ်လှုပ်ရှားနေတဲ့ လူတွေ၊ ပူပန်စိတ်များတဲ့ လူတွေနဲ့ စကားပြောဆိုပြီးရင် သူက အတော့်ကို လန်းဆန်းသွားတတ်တယ်။ အင်အား ပြန်ပြည့်သွားသလိုပဲလို့ ဂျူတီကုတ်နဲ့ဆရာဝန်က ပြောပြန်တယ်။ ပြောပြီး သူ့ဘာသာ ခေါင်းခါနေတယ်။ ဒီတုန်းမှာပဲ ဒေါက်တာဒေါက်တာဆိုပြီး စောင့်နေတဲ့ လူနာတွေဆီက အော်ခေါ်သံတွေ ထွက်လာတယ်။
ကျွန်တော်တို့အားလုံး လှမ်းကြည့်လိုက်တယ်။ ခုနက အရိုးကုဆရာဝန်ကြီးမေးတဲ့ အဖိုးကြီး မျက်ဖြူဆိုက်နေတယ်။ ကျွန်တော့်အနားက အရိုးကုဆရာဝန်ကြီးလည်း လက်ထဲက စာရွက်စာတမ်းတွေကို ကောင်တာပေါ်ချပြီး၊ အဲဒီကို ပြေးသွားတယ်။ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်က သူ့လက်ထဲက ကော်ဖီခွက်ကို ကောင်တာပေါ်တင်လိုက်တယ်။ ကောင်တာပေါ်ကပဲ ခုန်ကျော်ပြီး အဲဒီကို ပြေးသွားတယ်။ ဆရာဝန်ဘာသာစကားနဲ့ အော်ဟစ်နေကြတယ်။ သူနာပြုတွေ လူနာတင်တွန်းလှည်းတွေ ရောက်လာတယ်။ အဖိုးကြီးကိုတင်ပြီး အတွင်းဖက်က တံခါးပေါက်တစ်ခုထဲ အပြေးအလွှား တွန်းဝင်သွားကြတယ်။ အရိုးကုဆရာဝန်ကြီးရော၊ ဂျူတီကုတ်နဲ့ဆရာဝန်ရော၊ အဖိုးကြီး သားသမီးတွေရော လိုက်သွားကြတယ်။ အရိုးကုဆရာဝန်ကြီးက ကျွန်တော့်ကိုလှမ်းပြီး လက်ပြတယ်။ စောင့်နေတဲ့ လူနာထဲက အသက်ကြီးကြီး မိန်းမကြီးတွေကတော့ ထုံးစံအတိုင်း ဘုရားတနေကြတယ်။ ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်ဟာ ခုနက သူတို့ဝင်သွားတဲ့ တံခါးပေါက်ကနေ သုတ်သီးသုတ်ပြာနဲ့ ပြန်ထွက်လာပြီး ကောင်တာပေါ်က တင်ထားရစ်ခဲ့တဲ့ ကော်ဖီခွက်ကို လာယူတယ်။ ကျွန်တော်ရပ်နေတာကို တွေ့တော့ ပြုံးပြီး အသာခေါင်းခါပြတယ်။ သူ့အပြုံးက အတော့်ကို အားယူထားရတဲ့ အပြုံး။ ပြီးတော့ အခန်းထဲကို ပြန်ပြေးဝင်ပြီး ပျောက်သွားပါလေရော။ ဘာသဘောနဲ့ ခေါင်းခါပြမှန်းတော့ မသိဘူး။ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိတယ်။ ခုနက လူနာစောင့်တဲ့ နေရာဆီမှာ လောလောဆယ်မသေနိုင်သေးဘူးလို့ စာရေးမကလေး ပြောခဲ့တဲ့ လူနာတွေအထဲက အဖိုးကြီးတော့ အခုဆို သေလောက်ပြီလား မသိဘူး။ အရေးပေါ်မဟုတ်ဘူးဆိုပြီး ထိုင်စောင့်နေသေးတဲ့ လူတွေကတော့ ကျွန်တော်တွေးသလို တွေးမိကြပုံ မပေါ်ဘူး။ စာရေးမ ကောင်မလေး ပြန်လာရင်တော့လည်း သူ့သွား ဖွေးဖွေးကလေးတွေနဲ့ ပြုံးပြဦးမှာပဲ။ တကယ်တော့ သေတယ်ရှင်တယ်ဆိုတာ ကိုယ်နဲ့ သိပ်ဆိုင်တဲ့ကိစ္စတစ်ခု မဟုတ်သလိုပဲ။ ဆရာဝန်တွေနဲ့လည်း သိပ်မဆိုင်ဘူး။ သူတို့က သေဖို့အချိန်ကို ဆွဲဆန့်ပေးကြရုံပဲ။ တတိယအထပ်က စိတ်ပညာအထူးကုဆရာဝန်ကြီးတစ်ယောက် နာရီမပတ်တော့ဘူးဆိုတာ အခုလိုတော့ အဓိပ္ပာယ် အရှိသား။ ဆေးရုံဆိုတာကလည်း ကမ္ဘာကြီးတစ်ခုအထဲက ကမ္ဘာကလေးတွေလိုပဲ။ သူ့ဝင်ရိုးလေးတွေပေါ်မှာ သူ့ဘာသာ လည်နေကြတာပဲ။ ဂျူတီကုတ်နဲ့ဆရာဝန်က ကျွန်တော့်ကို ခေါင်းခါပြသလိုပဲ၊ ကျွန်တော့်ဘာသာ ခေါင်းခါလိုက်မိတယ်။ သူ့လိုပဲ အားယူပြီး ပြုံးလိုက်မိတယ်။ ခပ်လှမ်းလှမ်းဆီက လူနာတင်ကားရဲ့ ဥသြဆွဲသံလို ကြားလာရတယ်။

ငါတော့ဖြင့် လောလောဆယ် မသေလောက်သေးဘူးလို့ပဲ တွေးရင်း ဆေးရုံအပြင်ဖက်ကို လျှောက်ထွက်လာခဲ့ပြီး အိမ်ဆီကို ပြန်လာခဲ့မိတော့တယ်။
-မြင့်သန်း
ချင်းတွင်း၊ မတ်၊ ၂၀၀၆
Comments
Post a Comment