Skip to main content

နွေပုံပြင်

ပျော်ရွှင်မှုဆိုတာကတော့ အားလုံး အတူတူလိုပဲ၊
ဒါပေမဲ့ နာကျင်မှုတစ်ခုစီမှာ သီးခြားဝိသေသ ရှိတယ်။
~ လီယိုတော်စတွိုင်း

သူကတော့ ကလေးလေးလိုပဲ၊ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ပုံပြင်ပြောခိုင်းတတ်တယ်။ အသံတစ်သံကို နားထောင်ရင်း အိပ်ပျော်သွားရတာ၊ အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားမှုက သူ့ကို လုံခြုံမှုပေးတယ်တဲ့။ ခက်တာက ကျွန်တော်က ပုံမပြောတတ်တာပဲ။ ပုံနှိပ်စာလုံးစီထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေ အတော်များများ ဖတ်ဖူးခဲ့ပေမယ့် ဖတ်ပြီးသားတွေကို ကျွန်တော်က အဆီအငေါ်တည့်အောင် ပြန်ပြောနိုင်တဲ့ လူစားမျိုးမဟုတ်ဘူး။ ငါလည်း မက်ဒူဆာ (Medusa) လို အကောင်မကြီးရဲ့ ခေါင်းကို သွားကြည့်ခဲ့မိလို့ ဖြစ်လိမ့်မယ်လို့ပဲ ကိုယ့်ရဲ့ ဆွံ့အမှုအပေါ် နည်းနည်းဖော့တွေးရတယ်။ သူ့ကိုတော့၊ ငါ ပုံမပြောတတ်ဘူးလို့ ခဏခဏ အသိပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့ ကျွန်တော့်ကြားမှာ လုံလောက်တဲ့ ဆင်ခြေတစ်ခု မဟုတ်ခဲ့ဘူး။ ပြောတတ်တတ် မပြောတတ်တတ် ပြောလို့ သူက တစ်ချက်လွတ် ပြောတယ်။ ဒီတော့လည်း ပုံပြင်တွေကို လက်တမ်းပြောနိုင်ဖို့ ကြိုးစားရတော့တယ်။ အဲဒီတော့မှပဲ စိတ်ကူးဉာဏ်ကွန့်မြူးမှု ဘယ်လောက်အားနည်းမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ ဖတ်ဖူးထားတာလေးတွေနဲ့ ဆင်တူယိုးမှား လုပ်ကြံပြောဖို့ကြိုးစားလည်း ကျွန်တော်ပြောတာတွေက အဆီအငေါ် မတည့်လှဘူးဆိုတာ ကိုယ့်ဘာသာ သိနေတယ်။ ဒီအပြင် သူကလည်း အမေးအမြန်းက ထူတယ်။ ကျွန်တော်က၊ ဖြစ်ချင်တော့ အဲဒီဇီးကွက်ကြီးဟာ ခေါင်းခါလို့မရဘူးလို့ ပြောတော့ ဘာဖြစ်လို့လဲ၊ ခေါင်းပဲ ခါလို့ရရမှာပေါ့လို့ သူက ဆင်ခြေကန်တယ်။ ကျွန်တော်ကတော့ ဇီးကွက်တွေဟာ လည်ပင်းမပါဘဲ ခေါင်းနဲ့ကိုယ်နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့အတွက် ခေါင်းခါရင် ကိုယ်လုံးပါ, ပါသွားလို့ ခေါင်းခါလိုက်တာနဲ့ အရှိန်ပါပြီး ကျောပါခိုင်းပြီးသား ဖြစ်သွားတတ်တယ်လို့ ကြိုးစားရှင်းရတယ်။ ဇီးကွက်တွေရဲ့ အမူအရာမှာ ခေါင်းခါတာဟာ ငြင်းဆန်ရုံသက်သက်မဟုတ်ဘူး၊ အပြီးအပိုင် ကျောခိုင်းစွန့်ခွာတာပဲလို့ ပြောပြီး ကိုယ့်ရှင်းလင်းချက်ကို ကျွန်တော် ကိုယ့်ဘာသာ ကျေနပ်နေမိတယ်။


ဒါပေမဲ့ သူက ဘ၀င်မကျဘူး။ ဇီးကွက်တွေဟာ ခေါင်းခါလို့ရပါတယ်လို့ပဲ အကျောက်အကန် ငြင်းနေတယ်။ အဲဒီအချက်ကိုမှ မပြေလည်ရင် ပုံပြင်က ရှေ့ဆက်လို့ရတော့မယ့်ပုံ မပေါ်ဘူး။ ဒါနဲ့ပဲ နင်ပြောတာ ဇီဝဗေဒအရတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်၊ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပုံပြင်တွေထဲမှာတော့ မဟုတ်ဘူး။ ပုံပြင်တွေမှာ တိရိစ္ဆာန်တွေ လူစကားပြောတာကို ဘယ်သူမှ ယုတ္တိမရှိဘူးလို့ မပြောကြဘူး။ မပြောကြတာက ပြောလို့မရလို့၊ ပြောခွင့်မရှိလို့ပဲ။ ပြောရင် ပြောတဲ့လူ အရူးပဲ။ ဒီတော့ ငါလည်း ငါ့ပုံပြင်မှာ ဇီးကွက်တွေ ခေါင်းမခါနိုင်ဘူးလို့ လုပ်ပိုင်ခွင့်ရှိတယ်။ ကဗျာဆရာလိုင်စင် (Poetic License) ဆိုတာမျိုး နင်ကြားဖူးတယ်မဟုတ်လား။ အခုက ပုံပြင်ဆရာလိုင်စင်ပဲ။ Fictional Reality ပဲ။ နားထောင်ချင်ထောင် မထောင်ချင်နေ၊ ငါ့ဇီးကွက်ကြီးကတော့ ခေါင်းခါတာနဲ့တစ်ပြိုင်နက် ကျောပါခိုင်းသွားတော့တာပဲလို့ ကြားဖူးနားဝ စာပေအယူအဆတွေရောထည့်၊ အသံကို ခပ်မာမာဖြစ်အောင်ထားပြီး ပြောရတယ်။ ဒီတော့မှ သူလည်း ငြိမ်တယ်။ သူ့စိတ်ထဲ မကျေမနပ်ဖြစ်နေတာကို သိတော့ ကျွန်တော်လည်း ကြိတ်ပြီး ကျေနပ်မိတယ်။ သူ့အနေနဲ့ ကျွန်တော့်ကို အတင်းအကြပ် ပုံပြင်ပြောခိုင်းပိုင်ခွင့်ရှိသလို ကျွန်တော့်ဘက်ကလည်း ပုံပြောသူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို ရတတ်သလောက် ယူရတာကိုး။ တကယ်တော့ ဇီးကွက်တွေခေါင်းခါမရဘူးဆိုတဲ့ အတွေးက ကျွန်တော်မြင်ခဲ့ဖူးတဲ့ ဈေးဆိုင်တွေမှာ လာဘ်ခေါ်တဲ့အနေနဲ့ ထားလေ့ရှိတဲ့ ရွှေဇီးကွက်ရုပ်ကြီးတွေကို စိတ်ထဲမြင်ပြီး ပေါ်လာတာလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ ကျွန်တော် ပြုံးမိတယ်။ ဇီးကွက်အစစ်ကို အပြင်မှာ တစ်ခါနှစ်ခါပဲ ကျွန်တော် မြင်ခဲ့ဖူးတာ။ ဒီလိုနဲ့ ခေါင်းခါလို့မရတဲ့ ဇီးကွက်ကြီးဟာ အဲဒီနေရာကနေ ချာခနဲ ကျောခိုင်းထွက်ခွာသွားတော့တယ်ကွယ်လို့ ကျွန်တော်က ပြုံးစိစိပြောတဲ့အချိန်မှာ အမှောင်ထဲက သူ့နှုတ်ခမ်းလေးတွေ ဆူနေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ညအိပ်ခါနီးတိုင်း ယုတ္တိမရှိတဲ့ပုံပြင်ကလေးတွေကို သူ့ကို လုပ်ကြံပြီး ပြောပြရတယ်။ လူတွေအကြောင်းထက် တိရိစ္ဆာန်ကလေးတွေအကြောင်း ပြောရတာကို ကျွန်တော်က ပိုပြီး ခံတွင်းတွေ့တော့ ပြောပြီးတဲ့ အကောင်ဗလောင်ကလေးတွေလည်း အတော်လေး စုံသွားတယ်။ ယုန်ကလေး ကိစ္စမှာတော့ သူနဲ့ ကျွန်တော် နည်းနည်း အချင်းများခဲ့ရသေးတယ်။ ယုန်ကလေးတွေနောက်က ကျားကြီးလိုက်လာတာကို ယုန်ကလေးတွေက အံ့မခန်း အန်တုပြတဲ့ပုံပြင်။ ပုံပြင်အစမှာ ကျွန်တော်က ယုန်ကလေး တစ်ကောင်တည်း ထားပေမယ့် သူက ကျွန်တော့်ကို ဆင်ခြေတက်တယ်။ သူ့အလိုအရတော့ သတ္တ၀ါဆိုတာ အဖော်လိုတယ်၊ အချစ်လိုတယ်။ ဒီလောက် ကြမ်းတမ်းတဲ့ တောကြီးမျက်မည်းထဲမှာ နုနယ်တဲ့ ယုန်လိုအကောင်လေး တစ်ကောင်တည်း မရှင်သန်နိုင်ဘူးတဲ့။ ယုန်မကလေးနဲ့ ဘယ်တော့တွေ့မှာလဲ၊ ယုန်မကလေးပါ ပါမှရမယ်လို့ သူက ဇွတ်ဂျီကျတာနဲ့ ကျွန်တော်လည်း ပုံပြင်ထဲမှာ ယုန်မလေးတစ်ကောင် အပ်ချလောင်းဆို ထည့်ပေးလိုက်မိတယ်။ စိတ်ကူးနဲ့ ထည့်တာပဲ၊ ဒါကတော့ လွယ်ပါတယ်။ ဒါပေမဲ့ ပုံပြင်ဆရာလုပ်နေတဲ့ ကျွန်တော့်ပြဿနာက သူတို့နှစ်ကောင် ချစ်သွားကြရုံနဲ့မပြီးဘူး၊ သူတို့ ဖြေရှင်းစရာ ပြဿနာလိုတယ်၊ အခက်အခဲလိုတယ်။ တွေ့ပြီး ချစ်သွားကြရုံဆို ဘာဇာတ်လမ်းမှ မရှိဘူး၊ ပုံပြင်လို့ ခေါ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့လည်း အလွယ်တကူပဲ ကျားကြီးတစ်ကောင်ထပ်ထည့်ပြီး ယုန်ကလေးတွေနောက်က လိုက်ခိုင်းရတော့တာပဲ။ ကျားကြီးက အခု မျိုးတုန်းတော့မယ့် အာရှကျား၊ အ၀ါအမည်း အကြားကြီးလို့ နည်းနည်းရှည်သွားအောင် ကွန့်ရတယ်။ ကျားကြီးလိုက်တော့လည်း ယုန်မောင်နှံခမျာ ပြေးရတယ်။ ပြေးတယ်ဆိုပေမယ့် ကြာကြာပြေးခိုင်းလို့လည်း မရပြန်ဘူး။ အပြင်မှာပြေးရတာသာ မောတာ၊ ပုံပြင်ထဲမှာတော့ ၀ါကျတစ်ကြောင်းလောက်နဲ့ ပြီးသွားတာ။ ယုန်နှစ်ကောင်ကို ခပ်လွယ်လွယ် ကျားစာကျွေးပစ်လိုက်ချင်စိတ် ပေါက်နေပေမယ့် သူဒေါသထွက်မှာ သိနေတော့ ကြုံရာ သစ်ခေါင်းပေါက်ထဲပဲ ၀င်ပြေးခိုင်းရတယ်၊ ကျားကြီးကလည်း သစ်ခေါင်းပေါက်အပြင်မှာ စောင့်နေတယ်။ သူက ကျားငစဉ်းလဲကြီး၊ လွယ်လွယ်နဲ့ ဘယ်လက်လျှော့မှာလဲ။ အဲဒီနေရာမှာ သူ နည်းနည်း စိတ်ဝင်စားသွားပုံရတယ်။ သစ်ခေါင်းထဲ ပိတ်မိနေတဲ့ ယုန်မောင်နှံအတွက် ဖြေရှင်းစရာ ပြဿနာတစ်ခုက ရှိလာပြီကိုး။ ကျွန်တော်ကတော့ ကိုယ်လုပ်ထားတဲ့ ပြဿနာကို ကိုယ့်ဘာသာ အဆင်ပြေပြေ ပြန်ဖြေရှင်းနိုင်ဖို့ အပြေးအလွှားစဉ်းစားရင်း ချွေးပျံနေတယ်။ လက်တမ်းပြောတဲ့အခါမှာ စဉ်းစားစရာအချိန်က မရှိသလောက်ပဲ။ အဲဒီအချိန်မှာ စိတ်ကူးတစ်ခု ဖျပ်ခနဲပေါ်လာတာနဲ့ ကျွန်တော်လည်း ၀မ်းသာသွားတယ်။

အဲဒါနဲ့ ဘယ်လိုဖြစ်ရောလဲလို့ သူက မေးတယ်။ အဲလိုနဲ့ ယုန်ကလေးနှစ်ကောင်ဟာ သစ်ခေါင်းပေါက်ကြီးထဲမှာပဲ လအတန်ကြာနေကြတယ်။ ကျားကြီးကလည်း သူတို့မှာ တခြားထွက်ပေါက်မရှိမှန်းသိတော့ ဇွဲကောင်းကောင်းနဲ့ စောင့်နေတာပေါ့ကွယ်။ သစ်ခေါင်းပေါက်ကြီးကတော့ အတော် ကြီးတယ်။ အထဲမှာ လနဲ့ချီနေတော့ ယုန်ကလေးတွေက အစာတွေ၊ ရေတွေ ဘယ်လိုစားသောက်ကြသလဲလို့တော့ သူက မမေးဘူး။ ကျွန်တော့် ပုံပြင်ဆရာလိုင်စင်ကြီးကို အသိအမှတ်ပြုထားရပြီကိုး။ ဒါနဲ့ ကျွန်တော်လည်း ပုံပြင်ရဲ့အပိတ်ကို ဆက်ရတယ်။ တစ်နေ့ကျတော့ ယုန်ကလေးဟာ သစ်ခေါင်းပေါက်ကြီးထဲကနေ အပြင်ကို ခေါင်းပြူထွက်လာတယ်တဲ့။ ကျားကြီးက ခေါင်းထောင်ကြည့်တယ်။ သူ့မှာ လနဲ့ချီ နေ့မအား၊ ညမနား သစ်ခေါင်းပေါက်ကို စောင့်နေရလို့ အတော်လေး ပိန်ချုံးချိနဲ့နေရှာပြီတဲ့။ ယုန်ကလေးနောက်က ယုန်မလေးထွက်လာတယ်။ ကျားကြီးကတော့ ဗိုက်ဆာဆာနဲ့ နှစ်ကောင်လုံးကို စားပစ်ဖို့ သစ်ခေါင်းပေါက်ဆီ ခြေလှမ်းပြင်လိုက်တယ်ဆိုရင်ပဲ သစ်ခေါင်းပေါက်ဆီက ယုန်တွေ တစ်ကောင်ပြီးတစ်ကောင် ထွက်လာတာ တွေ့လိုက်ရတယ်ဆိုပဲ။ ထွက်လာတဲ့ ယုန်တွေက များလွန်းလို့ ကျားကြီးဟာ ခြေလှမ်းတွေကို ရှေ့ဆက်မတိုးနိုင်ဘဲ အံ့သြမှင်သက်ပြီး ငေးကြည့်နေမိတယ်တဲ့။ ဒါပေမဲ့ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ယုန်တွေကတော့ သစ်ခေါင်းပေါက်ထဲက အဆက်မပြတ် ထွက်လာနေတုန်းပဲတဲ့။ နောက်ဆုံးတော့ ပုံပြင်အစမှာပါတဲ့ အချစ်သူရဲကောင်း ယုန်ကလေးက ကျားကြီးကို ပြောလိုက်တယ်။ မင်းက ငါ့ထက် ခွန်အားအများကြီးပိုပါတယ်၊ ဒါပေမဲ့ ငါကလည်း မင်းထက် အများကြီး `ပို´ (Outnumber) တယ်တဲ့။ ကျားကြီးရဲ့မြင်ကွင်းမှာတော့ မရေတွက်နိုင်တဲ့ အဖြူစက်ကလေးတွေကိုပဲ မြင်နေရတော့သတဲ့ကွယ်လို့ အဆုံးသတ်ရင်း ကိုယ့်ပုံပြင်ကိုယ် ကျွန်တော် အတော်ကလေး ကျေနပ်သွားမိတယ်။

ဒီပုံပြင်မှာ သင်ခန်းစာယူစရာကတော့ အချစ်ရဲ့စွမ်းအားနဲ့ အရာရာကို ကျော်ဖြတ်နိုင်တယ်ဆိုတာပဲလို့ ကျွန်တော်က ပြုံးစိစိနဲ့ နိဂုံးချုပ်လိုက်တော့ သူက မျက်မှောင်ကို အကြီးကြီးကုပ်ထားတာ မြင်လိုက်ရတယ်။ ဘယ်မှာလဲ အချစ်တဲ့၊ ဘယ်မှာအချစ်ပါလို့လဲလို့ သူ အော်လိုက်တဲ့အချိန်မှာပဲ ကျွန်တော့်လက်က မီးခလုတ်ဆီ လှမ်းလိုက်မိတယ်။ မီးမှောင်သွားပေမယ့် ကျွန်တော် သူ့ကို ရှင်းရှင်းလင်းလင်း မြင်နေရတုန်းပဲ။ တကယ်တော့ အချစ်ဆိုတာ အမှောင်ထဲမှာလည်း မြင်ရတယ်လို့ ကျွန်တော်က တီးတိုးပြောလိုက်တယ်။ ပုံပြင်အရတော့ ယုတ္တိရှိချင်မှ ရှိလိမ့်မယ်၊ ဒါပေမဲ့ ဇီဝဗေဒအရတော့ ဒါဟာ အချက်အလက် အမှန်ပဲလို့ ပြောတုန်း သူ့မျက်နှာ ဘယ်လိုရှိနေလဲ ကျွန်တော် မမြင်ရတော့ဘူး။

အဲဒီရက်ကတော့ ကျွန်တော့်မှာ ပြောစရာပုံပြင် ပြတ်လပ်သွားတယ် ဆိုရမယ်။ ဒီညတော့ ပုံပြင် မပြောပြပါရစေနဲ့လို့ သူ့ကို တောင်းပန်မိတယ်။ သူက လက်မခံဘူး၊ ပုံပြင်နားထောင်ရမှ အိပ်ပျော်မှာလို့ ဂျစ်ကန်ကန်နဲ့ ပြန်ပြောတယ်။ ကျွန်တော့်အနေနဲ့ကလည်း ပုံပြင်တွေ လုပ်ကြံပြောနေရတဲ့အဖြစ်ကို ဆက်ပြီး သည်းမခံနိုင်တော့လောက်အောင်ပဲ။ ဒါပေမဲ့လည်း သူ့မှာ ကျွန်တော့်ကို အမိန့်ပေးနိုင်တဲ့ ဘာမှန်းမသိတဲ့လိုင်စင်တစ်ခု ရှိနေတော့ တစ်ခုခု ကြံဖန်ပြောဖို့ပဲ စဉ်းစားရတော့တယ်။ ဒီလိုနဲ့ ဖတ်လက်စ စာအုပ်တစ်အုပ်အထဲက ကျွန်တော် သဘောကျနေမိတဲ့ အပိုင်းကလေးတစ်ခုကို ဖြတ်ပြီးပြောဖို့ စိတ်ကူးမိတယ်။ သူ စိတ်ဝင်စား, မစားတော့ မသိဘူး။ ကျွန်တော့်အနေနဲ့ကတော့ အတော်စိတ်ဝင်စားမိတဲ့ အပိုင်းလေးပဲ။

ပုံပြင်ထဲမှာက အမျိုးသမီးက အမျိုးသားကို အရင်နေ့က မက်ခဲ့တဲ့ သူ့အိပ်မက်ဆိုးကြီး အကြောင်းကို အိပ်ယာပေါ်မှာ ပြောပြနေတယ်။ အိပ်မက်ထဲမှာ သူက တောအုပ်ကလေးတစ်ခုထဲကို ရောက်နေတယ်တဲ့။ တောအုပ်ကတော့ ကြောက်စရာပုံပြင်တွေထဲက လူတွေလမ်းပျောက်တတ်တဲ့ အတိတ်နိမိတ်မကောင်းတဲ့ တောအုပ်အမျိုးအစား မဟုတ်ပါဘူး။ အရောင်ဝင်းဝင်းပပနဲ့ မထူမပါး တောအုပ်ကလေးပါပဲ။ အချိန်ကလည်း ကြောက်စရာတွေ အများအားဖြင့် ဖြစ်တတ်တဲ့ ညဖက်မဟုတ်ဘူး။ နွေးနွေးထွေးထွေး နေ့လယ်ခင်း၊ အဲဒီအမျိုးသမီးဟာ ဘေးဘီဝန်းကျင်နဲ့ ကမ္ဘာလောကကြီးကို ဂရုမထားဘဲ အေးအေးလူလူ လမ်းလျှောက်လာခဲ့တယ်တဲ့၊ သူ့အိပ်မက်ထဲမှာ ဖြစ်နေတာကို ပြောတာနော်။ ဒီလိုနဲ့ တစ်နေရာအရောက်မှာတော့ အမျိုးသမီးဟာ အိမ်ကလေးတစ်လုံးကို တွေ့လိုက်ရတယ်။ အိမ်ကလေးက မီးခိုးခေါင်းတိုင်ကလေးနဲ့ စင်ဝင်ကလေးပါတယ်။ ပြတင်းပေါက်တွေမှာ ရောင်စုံလိုက်ကာလေးတွေ တပ်ထားတယ်။ ဖော်ရွေပျူငှာပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးပေါ့။ ဒီလိုနဲ့ အမျိုးသမီးလည်း အိမ်တံခါးကို ခေါက်လိုက်တယ်။ အိမ်ရှင်တို့လို့ ခေါ်တယ်၊ အထဲက ပြန်ဖြေသံ မကြားဘူး။ သူက တံခါးကို ခပ်ကြမ်းကြမ်းခေါက်ကြည့်တော့ တံခါးက အတွင်းထဲကို အလိုလိုပွင့်သွားတာ တွေ့လိုက်ရတယ်တဲ့။ တကယ်တော့ တံခါးက ပိတ်ထားတာမှ မဟုတ်ဘဲကိုး။ ဒီတော့ သူလည်း အိမ်ရှင်တို့လို့ အသံကျယ်ကျယ်ခေါ်ရင်း အိမ်ထဲကို ၀င်လာခဲ့တယ်။ ကျွန်မတော့ အိမ်ထဲဝင်လာပါပြီပေါ့။ အဲဒီအချိန်မှာပဲ သူ့အိပ်မက်အကြောင်းကို ပြောပြနေတဲ့ ကုတင်ပေါ်က အမျိုးသမီးက အမျိုးသားကို ဖြတ်မေးလိုက်တယ်၊ ရှင် အခုထိ ကျွန်မပြောခဲ့သမျှကို စိတ်ဝင်စားရဲ့လားတဲ့။ အမျိုးသားက စိတ်ဝင်စားတာပေါ့၊ ဆက်ပြောလေလို့ ပြန်ဖြေတယ်။ ဒါနဲ့ နင်ရော ငါပြောတဲ့ပုံပြင်ကို အခုပြောသလောက်အထိ စိတ်ဝင်စားမှုရှိရဲ့လားလို့ သတိရသွားတာနဲ့ ကျွန်တော်က ကြားဖြတ်မေးလိုက်တယ်။ သူ့ဆီက ပြန်ဖြေသံထွက်မလာဘူး။ အမှောင်ရိပ်တွေ ကြားထဲမှာ သူ့ရဲ့ ပုံမှန်အသက်ရှူသံလေးကိုပဲ ကျွန်တော်ကြားနေရတယ်။ ကျွန်တော်လည်း အခုမှ စိတ်သက်သာရသွားတယ်။ သူ အိပ်သွားပြီးရင် ကျွန်တော်က နှစ်နှာရီ၊ သုံးနာရီလောက် စာဆက်ဖတ်လေ့ရှိတာကိုး။

နောက်နေ့ ပုံပြောရမယ့်အချိန်ရောက်လို့ ငါ မနေ့ကပြောခဲ့တဲ့ပုံပြင် ဘယ်နားထိရောက်သွားပြီလဲလို့ သူ့ကိုပြုံးပြီး မေးလိုက်တော့၊ သူက စပ်ဖြဲဖြဲနဲ့ မသိဘူးလို့ ပြန်ဖြေတယ်။ အင်း အိပ်ပျော်သွားတာကိုး ဘယ်သိမလဲ၊ ဘာမှမဖြစ်ဘူး၊ အဲဒီပုံပြင်ကို အစကနေ ငါပြန်ပြောပြမယ်လို့ ကျွန်တော်ကပြောလိုက်တော့ သူက ခေါင်းငြိမ့်တယ်။ ကျွန်တော်လည်း ပုံပြင်အသစ် စဉ်းစားစရာမလိုတော့လို့ အဆင်ပြေတယ်။ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက ပုံပြင်တစ်ပုဒ်တည်းကို နောက်တစ်ကြိမ်ပြန်ပြောတော့ ပထမအကြိမ်ကထက်ပိုပြီး အဆီအငေါ်တည့်အောင် ပြောနိုင်လာတယ်။ သဘာဝကျကျ၊ အချက်အလက်အပိုကလေးတွေကို စိတ်ကူးနဲ့ ဖြည့်ပြီး ပြောနိုင်လာလို့ ၀မ်းသာမိတယ်။ ဒါပေမဲ့ အဲဒီနေ့ကလည်း၊ နင်ရော ငါအခုပြောသလောက်အထိ စိတ်ဝင်စားမှုရှိရဲ့လားလို့ မေးတဲ့အချိန်မှာပဲ သူက အိပ်ပျော်နေပြီ။ ကျွန်တော်လည်း ထုံးစံအတိုင်း စာအုပ်ဖွင့်ပြီး ဆက်ဖတ်ရတယ်။ တစ်ချက်တစ်ချက် မှုန်ဝါးဝါးမြင်နေရတဲ့ သူ့မျက်နှာလေးကို လှမ်းလှမ်းကြည့်မိတယ်။ သူ့အသက်ရှူသံ တိုးတိုးလေးက ငြိမ်သက်ပြီး စည်းချက်ညီတယ်လို့ တွေးမိတော့၊ ကျွန်တော် အရင်အိပ်ပျော်တဲ့ ညက ကျွန်တော့်ဟောက်သံ အရမ်းကျယ်တယ်လို့ သူပြောတော့ ကျွန်တော် ၀န်မခံခဲ့တာကို သတိရလို့ ပြုံးမိသွားတယ်။ ဟုတ်ချင်တော့ဟုတ်မယ်၊ ဒါပေမဲ့ အဲဒါကို ငါမသိဘူး။ ကိုယ်ဟောက်လားမဟောက်လား ဆိုတာ ငါ့တို့မှာ သိနိုင်တဲ့အခြေအနေမရှိဘူး။ ဒီတော့ ဟုတ်ချင်ဟုတ်မယ်လို့ပဲ အလွန့်အကျွံပြောနိုင်တယ်၊ ကိုယ့်ဟောက်သံအတွက် တောင်းပန်ပါတယ်လို့ ပြောရမှာက သိပ်ယုတ္တိမရှိဘူးလို့ ပြောတော့ သူက မျက်စောင်းထိုးရင်း နောက်တစ်ခါကျ အသံသွင်းထားမယ်လို့ ကျွန်တော့်ကို ပြောတယ်။ တစ်ယောက်ကိုတစ်ယောက် မဟောက်ပါဘူးလို့တောင် ကတိမပေးနိုင်တဲ့ကမ္ဘာမှာ ငါတို့ နေနေကြရတယ်ဆိုတဲ့ အချိန်အတော်ကြာဆီက ရေးခဲ့ဖူးတဲ့ စာကြောင်းတစ်ကြောင်း အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ ဖြတ်ပြေးသွားတယ်။

တတိယနေ့မှာတော့ ကျွန်တော့် ပုံပြင်ကို ကျွန်တော် အတော့်ကို သဘောကျနေပြီ။ ဒီနေ့တော့ ပြီးတဲ့အထိပြောမှလို့ ဆုံးဖြတ်ထားလိုက်တယ်။ ဒီအထိနင် စိတ်ဝင်စားမှုရှိရဲ့လားလို့ မေးတော့ အွန်းဆိုတဲ့ အိပ်ချင်မူးတူးအသံကလေး သူ့ဆီက ထွက်လာလို့ ကျွန်တော်လည်း အားတက်သွားတယ်။ အဲဒီအမျိုးသမီး ရောက်သွားတဲ့အိမ်ကလေးက အခန်းမရှိတဲ့ တဲအိမ်ကလေးကွယ်၊ ရိုးရိုးလေး ဆောက်ထားတာ။ အိမ်နောက်ဖေးမှာ မီးဖိုချောင်ကလေးရှိတယ်၊ အိပ်စင်ကလေးတွေနဲ့ ထမင်းစားခန်းရှိတယ်။ အလယ်ခေါင်မှာ ထင်းမီးဖိုတစ်ခု ရှိတယ်။ လူလေးယောက်စာ ညစာတွေကို စားပွဲလေးပေါ်မှာ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာကို အမျိုးသမီး တွေ့လိုက်ရတယ်။ ဟင်းခွက်တွေဆီက မီးခိုးငွေ့တွေ တလူလူထွက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ခက်တာက အထဲမှာ လူတစ်ယောက်မှ မတွေ့ရဘူး။ ထမင်းစားလုဆဲဆဲအချိန်မှာပဲ ထူးထူးဆန်းဆန်းတစ်ခု၊ ဆိုပါစို့ သတ္တ၀ါဆန်းကြီးတစ်ကောင် ရုတ်တရက် ပေါ်လာလို့ အိမ်သားတွေ ထွက်ပြေးသွားသလို ဖြစ်နေတယ်။ အမျိုးသမီးအနေနဲ့ အဲလို ထင်မြင်နေမိတယ်တဲ့။ ဒါပေမဲ့ ကုလားထိုင်ခုံတွေကို ကြည့်ပြန်တော့လည်း နေသားတကျပါပဲ။ ရှိသင့်တဲ့နေရာမှာ ဟန်မပျက်ပဲ ပုံမှန်အတိုင်း ရှိနေတယ်။ လူတွေချည်းပဲ ပျောက်နေတာဆိုပဲ။ အဲဒီအချိန်မှာပဲ အိပ်ယာပေါ်က အမျိုးသားက ဟင်းတွေက ဘာဟင်းတွေလဲလို့ အမျိုးသမီးကို မေးလိုက်တယ်တဲ့။ ကျွန်တော် သူ့ဆီက အသံကို နားစွင့်ကြည့်တော့ ငြိမ်နေတယ်။ ကျွန်တော်ကတော့ အားယူပြီး ရှေ့ဆက်လိုက်တယ်။ ကျွန်တော့် ခေါင်းထဲမှာ ပြောရမယ့်၊ ဒါမှမဟုတ် ပြောချင်တဲ့ ၀ါကျတွေ အစီအစဉ်တကျ ရှိနေတယ်။

ဒီနေရာမှာ အမျိုးသမီးက တန့်သွားပြီး ခဏလောက် စဉ်းစားနေတယ်။ နောက်တော့မှ၊ ကျွန်မ မမှတ်မိဘူး။ ရှင့်မေးခွန်းက သိပ်ကောင်းတယ်၊ ဟုတ်တယ် ဘာဟင်းတွေလဲ ကျွန်မ မမှတ်မိဘူး။ တကယ်တော့ `ဘာဟင်း´ ဆိုတာကလည်း သိပ်တော့ အရေးမကြီးလှပါဘူး။ သေချာတာက ဟင်းတွေကို မကြာသေးခင်ကမှ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားခဲ့တာ။ အရသာရှိမှာ သေချာတယ်။ ဒီလိုနဲ့ အဲဒီက ထိုင်ခုံတစ်ခုံမှာ ကျွန်မ ၀င်ထိုင်ရင်း အိမ်ရှင်တွေပြန်အလာကို စောင့်နေမိတယ်။ တကယ်တော့ ကျွန်မ လုပ်ရမှာကလည်း သူတို့ပြန်လာတာကို စောင့်ဖို့ပဲရှိတယ်။ အစားအသောက်တွေကို ပိုင်ရှင်ကွယ်ရာမှာ ကျွန်မ လက်ဖျားနဲ့ တို့လို့ မဖြစ်ဘူး။ အဲလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူး။ ဒီလိုနဲ့ ကျွန်မ အဲဒီထိုင်ခုံမှာပဲ အကြာကြီး စောင့်ခဲ့ပေမယ့် ဘယ်သူမှ ပြန်ရောက်လာတာ မတွေ့ရဘူး။ အစားအသောက်တွေကတော့ ပူပြီး အငွေ့တစ်ထောင်းထောင်း ထနေတုန်းပဲ။ အဲဒီအစားအသောက်တွေကိုကြည့်ပြီး ကျွန်မ အရမ်းဗိုက်ဆာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ပိုင်ရှင်မသိဘဲ အစားအသောက်တွေကို ကျွန်မ ယူစားလို့ မဖြစ်ဘူး။ ရှင်ရောဘယ်လိုထင်လဲ၊ အဲဒါ သဘာဝကျတဲ့ တွေးပုံမျိုးလို့ ရှင်မထင်ဘူးလားလို့ ကုတင်ပေါ်က အမျိုးသမီးက အမျိုးသားကိုပြောလိုက်တယ်လို့ ကျွန်တော်က အရှည်ကြီး ဆက်တိုက် ပြောလိုက်မိတယ်။ သူ့ဆီကတော့ အသံထွက်မလာဘူး၊ အသက်ရှုသံလေးကိုပဲ ခပ်မှန်မှန် ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်စာကြောင်းအရှည်ကြီးကို ဆက်တိုက်ပြောလိုက်နိုင်လို့ ကျွန်တော့်ဘာသာ ကျေနပ်နေမိတယ်။ ပြီးတော့ ကိုယ့်ပုံပြင်ရဲ့ အပိတ်ပိုင်းကို အားရပါးရပြောနိုင်ဖို့ အရှိန်ယူလိုက်တယ်။

ဒီလိုနဲ့ မကြာခင်မှာ နေ၀င်သွားပြီးတော့ အမျိုးသမီး ရှိနေတဲ့ အိမ်ကလေးအတွင်းမှာလည်း မှောင်လာတယ်။ အနီးအနားက တောအုပ်ဟာ မှောင်လာလေ ပိုပြီး နက်ရှိုင်းလာတယ်လို့ ထင်ရလေပဲတဲ့။ အမျိုးသမီးဟာ လင်းသွားအောင် မီးထွန်းချင်နေတယ်၊ ဒါပေမဲ့ ဘယ်လိုထွန်းရမလဲ မသိဘူးတဲ့။ သူလည်း စိတ်မသက်မသာ ခံစားလာရတယ်။ ဒီလိုနဲ့ တစ်ချက်မှာ ထူးဆန်းတာတစ်ခုကို သူ သတိပြုမိသွားတယ်။ အချိန်ဒီလောက်ကြာလာတာတောင် အစားအသောက်တွေက ထွက်လာတဲ့ မီးခိုးတွေဟာ လျော့ပါးမသွားတဲ့အချက်ပဲ။ နာရီပေါင်းများစွာကြာတဲ့အထိ အစားအသောက်တွေကတော့ စားချင်စားဖွယ် ပူပူနွေးနွေး ဖြစ်နေတုန်းပဲတဲ့။ ဒီနေရာမှာ ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေပြီလို့ သူ ထင်မြင်လာတယ်။ ဘာလဲတော့ မသိဘူး၊ တစ်ခုခုမှားနေပြီပေါ့လေ။ အဲဒီအချိန်မှာပဲ အမျိုးသမီးဟာ အိပ်မက်က လန့်နိုးသွားတယ်တဲ့လို့ ပြောရင်း ကျွန်တော်က အသာငြိမ်နေလိုက်မိတယ်။ သူ့ဘက်ဆီလှမ်းကြည့်လိုက်တော့ အမှောင်ကိုပဲ မြင်ရတယ်။ သူ့အသက်ရှူသံတိုးတိုးကို ကြားနေရတယ်။ ကျွန်တော် စာအုပ်ကို မဖွင့်နိုင်ဘူး၊ စိတ်ထဲမှာ မသက်မသာ ခံစားလာမိတယ်။

တကယ်တော့ ကျွန်တော့်ပုံပြင်က ပြီးလုဆဲဆဲပေမယ့် မပြီးသေးဘူး။ အရင်နေ့တွေတုန်းကလိုဆိုရင်တော့ သူအိပ်ပျော်သွားလို့ ကျွန်တော့်အတွက် ပြဿနာမရှိလှဘူး။ စိတ်သက်ရာတောင်ရမိတာ အမှန်ပဲ။ ဒါပေမဲ့ ဒီနေ့မှာ တစ်ခုခု ထူးဆန်းနေတယ်။ ဘာလဲတော့မသိဘူး၊ တစ်ခုခု မှားနေပြီဆိုတာ ကျွန်တော် ခံစားနေရတယ်။ ကျွန်တော် မျက်စိတွေကို မှိတ်ထားပြီး အိပ်ယာပေါ်က အမျိုးသားနဲ့ အမျိုးသမီးအကြောင်း ဆက်ပြီးစဉ်းစားနေမိတယ်။ အဲဒါပြီးတော့ ဘာဆက်ဖြစ်လဲလို့ အမျိုးသားက မေးလိုက်တဲ့ အချိန်ပဲ။ လန့်နိုးသွားတော့၊ အိပ်မက်က ဘာဆက်ဖြစ်လဲ ငါမသိလိုက်တော့ဘူးပေါ့လို့ အမျိုးသမီးက ပြန်ဖြေတယ်။ နေ၀င်သွားတယ်၊ အိမ်အပြန်လမ်းကို ငါမသိဘူး၊ ပြီးတော့ ငါဟာ အဲဒီထူးထူးဆန်းဆန်း အိမ်ကလေးတစ်လုံးအတွင်းမှာ တစ်ကိုယ်တည်း ပိတ်မိနေတယ်။ မကြာခင် အဲဒီမှာ တစ်ခုခု ဖြစ်တော့မယ်။ ငါ့စိတ်ခံစားချက်က အကောင်းဘက်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာပဲ အမျိုးသားက ဖြတ်ပြီးမေးတယ်၊ ဒါနဲ့ အဲဒါကို အိပ်မက်ဆိုးလို့ ဘာဖြစ်လို့ ပြောရတာလဲတဲ့။ ဒီနေရာမှာ ကျွန်တော် သူ့ဘက်က အသံတစ်ခုခု ကြားနိုးနဲ့ နားစိုက်ထောင်ကြည့်တယ်။ သူ့အသက်ရှူသံတိုးတိုးကလေးကလွဲလို့ တစ်ဖက်က ဘာသံမှမကြားရဘူး။ ပုံပြင်အပိတ်ကိုမပြောခင်မှာ လိုနေတဲ့ မေးခွန်းတစ်ခု ရဖို့ ကျွန်တော့်အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်တယ်။ ဒီလိုနဲ့ပဲ စိတ်ကူးကို ရှေ့ဆက်လိုက်မိတယ်။

အိပ်မက်ရဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းကို ရှင်က သိချင်တာလားလို့ အိပ်ယာပေါ်ကအမျိုးသမီးက မေးလိုက်တော့ အင်း၊ သိချင်တာပေါ့လို့ အမျိုးသားက ပြန်ပြောတယ်။ အဲဒါကတော့ ကျွန်မကိုယ်တိုင်ဟာ သတ္တ၀ါဆန်းကြီး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့ အတွေးပဲ။ အဲဒီ ဖြစ်နိုင်ချေဟာ ကျွန်မခေါင်းထဲကို ဒိုင်းခနဲ ၀င်လာတယ်။ အိမ်ရှင်တွေဟာ ကျွန်မ သူတို့အိမ်နားကို ချဉ်းကပ်လာတာ မြင်လို့ စားလုဆဲဆဲ ညစာစားပွဲကို စွန့်သွားခဲ့တာ။ ကျွန်မ အဲဒီမှာ ထိုင်နေသရွေ့ သူတို့ ပြန်ထွက်လာမှာမဟုတ်ဘူး။ ကျွန်မ မမြင်နိုင်တဲ့ တစ်နေရာကနေ သူတို့ ကျွန်မကို ချောင်းကြည့်ချင် ကြည့်နေမှာ။ ဒါပေမယ့်လည်း ကျွန်မကတော့ သူတို့ ပြန်လာလိမ့်နိုးနဲ့ ထိုင်မြဲ ဆက်ထိုင်နေခဲ့တယ်။ အဲဒီအတွေးက ကျွန်မကို အသည်းခိုက်အောင် တုန်လှုပ်သွားစေတယ်။ မျှော်လင့်ချက်လုံးလုံးမရှိတဲ့ အခြေအနေတစ်ရပ်လို့ ရှင်မထင်ဘူးလား။ ကိုယ်ကိုယ်တိုင်ဟာ မသတီစရာ သတ္တ၀ါဆန်းကြီး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့အတွေးက အဲဒီသာမန်ထင်ရတဲ့ အိပ်မက်ကို အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားစေတာပဲ။ ဖယ်ကျဉ်ခံရတဲ့၊ ကိုယ့်ကို လူတွေက အထူးအဆန်းတစ်ခုလို ဆက်ဆံတာခံရတဲ့ ခံစားချက်မျိုးပေါ့။ ကျွန်တော့် အတွေးကို အဲဒီနေရာမှာပဲ ရပ်လိုက်တယ်။ ကျွန်တော့်ပုံပြင်က ပြီးသွားပြီ။ အဲဒီ တစ်ဖြတ်စာကိုပဲ သူ့ကို ပုံပြင်လုပ်ပြောမလို့ ကျွန်တော် ရည်စူးထားခဲ့တာ။ အဲဒီအချိန်မှာပဲ ကျွန်တော့် စိတ်မသက်သာမှုက ပိုပြီး ကြီးမားလာတယ်။ သူ့ကို နှိုးပြီးတော့ ပုံပြင်ကို အပြီးအထိ ဆက်ပြောရင်ကောင်းမလားလို့ တွေးမိတာနဲ့ သူရှိတဲ့ဘက်ဆီ လှည့်ကြည့်လိုက်မိတယ်။ အမှောင်ထဲမှာ သူ့မျက်နှာလေးကို ခပ်ဝါးဝါး မြင်နေရတယ်။

ကျွန်တော် သူ့နာမည်ကို ခပ်တိုးတိုးခေါ်ကြည့်မိတယ်။ သူ့ အသက်ရှုသံလေးကို ပုံမှန်ကြားနေရတာကလွဲပြီး သူက တုတ်တုတ်မှ မလှုပ်ဘူး။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ကျွန်တော် မီးဖွင့်လိုက်ချင်တယ်။ ဒါပေမဲ့ အဲဒီမီးခလုတ်ဟာ ကျွန်တော်နဲ့ လက်လှမ်းမမီတဲ့ မိုင်ထောင်ပေါင်းများစွာအထိ ဝေးကွာနေတယ်လို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော် သူ့နာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်မိတယ်။ သူမကြားဘူး၊ ဒါမှမဟုတ် သူမကြားဘူးဆိုတာ ကျွန်တော် သိနေတယ်။ အဲဒီနောက်တော့ ကျွန်တော် သူ့နာမည်ကို အသံကုန်မြှင့်ပြီး အော်ခေါ်နေမိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် အကြီးအကျယ် တုန်လှုပ်သွားတယ်။ တကယ်တော့ ကျွန်တော့်အသံဟာ နားထဲကထွက်ကျနေတဲ့ နားကျတ်သေးသေးကလေးတစ်ခု ထဲက ခပ်တိုးတိုးထွက်နေတဲ့ တဂျစ်ဂျစ်မြည်သံလေး ဖြစ်ချင်ဖြစ်နေမှာဆိုတဲ့ အတွေး ၀င်လာချိန်မှာပဲ အိပ်မက်ဆိုးကြီးထဲက နိုးထဖို့ ကျွန်တော် အသည်းအသန် ကြိုးစားလိုက်မိတယ်။ ငါဟာ တစ်ယောက်ယောက်က အထပ်ထပ်ဖွင့်ထားတာ ခံနေရတဲ့ အီလက်ထရောနစ်ပစ္စည်း တစ်ခုများလားလို့ တွေးမိတဲ့အချိန်မှာ ကျွန်တော့်လည်ချောင်းက နောက်ထပ်အသံတစ်ခုခု ထပ်လုပ်ဖို့ မတတ်နိုင်တော့ဘူး။ ခပ်ဝါးဝါးလေးမြင်နေရတဲ့ သူ့မျက်နှာလေးဟာ ဖန်သားပြင်ပေါ်ကနေ ဖျပ်ခနဲ ပျောက်သွားခဲ့ပြီ။ စောစောက အိပ်မက်အကြောင်းပြောနေတဲ့ ပုံပြင်ထဲကအမျိုးသမီးရဲ့ စာသားတွေ ကျွန်တော့်ခေါင်းထဲမှာ အစီအရီ ပေါ်နေတယ်။ နေ၀င်သွားတယ်၊ အိမ်အပြန်လမ်းကို ငါမသိဘူး၊ ပြီးတော့ ငါဟာ အဲဒီထူးထူးဆန်းဆန်း အိမ်ကလေးတစ်လုံးအတွင်းမှာ တစ်ကိုယ်တည်း ပိတ်မိနေတယ်။ မကြာခင် အဲဒီမှာ တစ်ခုခု ဖြစ်တော့မယ်။

§ § § § § § §

မျက်စိကို စုံမှိတ်ပြီး ကျွန်တော် ခေါင်းကို သွင်သွင်ခါနေမိတယ်။ မှိတ်ထားတဲ့ မျက်စိကနေ မရေတွက်နိုင်တဲ့ အဖြူစက်ကလေးတွေကို မြင်နေရတယ်။ အနားမှာ ဇီးကွက်တစ်ကောင်သာ ရှိခဲ့ရင်တော့ အမှောင်ထဲက ကျွန်တော့်အဖြစ်ကို ခေါင်းတငြိမ့်ငြိမ့်နဲ့ ကြည့်ချင်ကြည့်နေမှာ။ တလောဆီက ကျွန်တော် အိပ်မက်ဆိုးကြီးတစ်ခု မက်ခဲ့ရတယ်လို့ ပြောလိုက်ရင် သေချာမယ် ထင်တယ်။ အဲဒါကိုကလည်း ပုံပြင်တစ်ပုဒ် ဖြစ်ချင်ဖြစ်နေမှာ၊ မပြောတတ်ဘူး။ မပြောတတ်ဘူးဆိုတော့လည်း ခေါင်းကို ထပ်ခါရုံပဲ။

တေဇာ (လရောင်လမ်း)
မေ၊ ၂၀၁၂
သရုပ်ဖော်- ကိုကိုနိုင်

Comments

  1. ဘာသာပြန်ဟု မဖော်ပြထားသဖြင့် ပင်ကိုယ်ရေးဟု ယူဆပါသည်။ ပုံပြင်ထဲက ပုံပြင်၊ ဇတ်လမ်းထဲက ဇတ်လမ်း၊ multiple reality ကို ဖော်ပြသွားသည်မှာ အလွန်ချောမွေ့လှပပါသည်။

    ReplyDelete
  2. Is all that we see or seem
    But a dream within a dream? EAPoe

    ReplyDelete
  3. ဆရာတေ စာတွေပြန်ရေးဖြစ်နေပါလား...လက်ရာတွေလည်းမြောက်လာတယ်...။

    ReplyDelete
  4. မင်္ဂလာပါ ကိုတေဇာရေ...

    ဒီဝတ္ထုတိုလေးကို Myanmar Blogs Digest Page လေးမှာ ပြန်ပြီး ဝေမျှဖော်ပြချင်လို့ ယူသွားခဲ့ပါတယ်. ကျေးဇူး ဘရို...

    https://www.facebook.com/mmblogsdigest

    ခင်မင်စွာဖြင့်
    Yan.

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ