သူ့မှာ ဘာမှ ပူစရာမရှိဘူး။ သူ့အတွက် ပြတင်းပေါက်တစ်ခု ရှိနေတယ်။ ပြတင်းပေါက်ဟာ သူ့ဘ၀ပဲ။ သူနေတဲ့အိမ်ကြီးကို `ဂန္ထ၀င်စံအိမ်´ လို့ ခေါ်တယ်။ `ဂန္ထ၀င်´ ဆိုတာ အတွေးသက်သက်ထဲမှာပဲ ရှိတယ်လို သဘောထားသလား မသိဘူး။ ဘာလို့ အဲဒီလိုခေါ်သလဲ ဆိုတာကိုတော့၊ ဒီအိမ်ကြီးကို ဆောက်ခဲ့တဲ့သူ ဘိုးအေကြီးကို သွားမေးမှပဲ။ သူ့ဘိုးအေကြီး သေတာက ကြာပြီ။ အိမ်ကြီးဆောက်ထားတဲ့ ခြံဝင်းထောင့်က ဘုန်းကြီးကျောင်းနဲ့ဆက်နေတဲ့ မြေပေါ်မှာ သင်္ချိုင်းကလေးရှိတယ်။ သင်္ချိုင်းဆိုတာက အသက်ရှိတဲ့လူတွေနဲ့၊ အသက်မရှိတော့တဲ့လူတွေ ဆုံတဲ့ ရပ်ဝန်းပဲ။ အသက်ရှိနေသေးတဲ့လူတွေအကြားက အသက်မရှိတော့တဲ့လူတွေ နေတဲ့နေရာ။ `ဂန္ထ၀င်´ လို စိတ်ကူးကြည့်စရာ မဟုတ်ဘူး။ သူ့ဘိုးအေကြီးဂူ အဲဒီမှာ ရှိတယ်လို့ပြောတယ်။ သူ့အမေ၊ သူ့အဖေ ဂူတွေလည်း အဲဒီမှာ ရှိတယ်လို့ ပြောကြတာပဲ။ အဲဒီသင်္ချိုင်းကလေးက သူတို့မိသားစု သင်္ချိုင်းကလေးလို့ ပြောရလိမ့်မယ်။ အဖေရှိတုန်းက အဲဒီဘက် လမ်းလျှောက်လေ့ရှိတယ်လို့ ပြောတယ်။ တစ်ခါတလေ သူ့အဖေဂူပေါ်မှာထိုင်ရင်း သူအဖေကို စကားပြောသတဲ့။ ဘာတွေပြောမှန်းတော့ မသိဘူး။ ဘာကြောင့်ပြောသလဲဆိုတော့၊ ကျန်ရစ်ခဲ့တဲ့လူက အရင်သေသွားတဲ့လူကို သွားပြီးစကားပြောစတမ်းလို့ ကတိက၀တ်ရှိခဲ့ကြလို့တဲ့။ အဖေက လေယာဉ်ပျံပျက်ကျလို့သေသွားတော့ အလောင်းတောင်ရှာမရဘူး။ ခုတော့ သူတို့ချင်းစကားပြောဖြစ်၊ မဖြစ် ကျွန်တော် မပြောတတ်ဘူး။
အဖေက သူ့အဖေနဲ့ အတော်ခင်တာ။ ဘာလို့ခင်မှန်းတော့ မသိဘူး။ ခင်လွန်းလို့ အဖေ့ကို သူ့မြေကြီးအစပ်က မြေကြီးငါးဧက ရောင်းတယ်။ အဖေက ပင်စင်ယူရင် အဲဒီမှာနေပြီး ခေါင်းချမယ်လို့ ပြောတယ်။ မြေကြီးဖိုးကလည်း စတိပဲပေးရတယ်လို့ အဖေပြောဖူးတယ်။ အဖေအနားယူရင် နေမယ်ဆိုတဲ့အိမ်ကိုတောင် သူ့အဖေကပဲ ကြီးကြပ်ဆောက်ပေးတာ။ သူ့အဖေနဲ့အမေ ရထားမိုင်းထိတဲ့အထဲ ပါသွားတယ်။ အလောင်းရလို့ အဲဒီသင်္ချိုင်းကလေးမှာပဲ မြှုပ်လိုက်တာ။ သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ သူက အရင်ကလည်း တစ်ယောက်တည်းပဲ။ သူ့ကို သူ့အဖေညီမ၊ သူ့ရဲ့ကြီးဒေါ်ကြီးနဲ့၊ သူ့အဖေရဲ့ လူယုံကြီးက စောင့်ရှောက်ထားတယ်။ သူ့အဖေနဲ့အမေက မြို့မှာ အနေများတယ်။ တစ်ပတ်တစ်ခါလောက်ပဲ အိမ်ပြန်ကြတယ်။ သူက၊ ခပ်ငယ်ငယ်ကတည်းက အောက်ပိုင်းချိသွားတယ်။ ပိုလီယိုဆိုသလားပဲ။ အဲဒီကတည်းက ကျောင်းထွက်လိုက်ရတယ်။ ဒါပေမယ့် သူ့အဖေက ပိုက်ဆံတတ်နိုင်တော့၊ ဆရာ၊ ဆရာမငှားပြီး အိမ်မှာ စာသင်ပေးတယ်။ သူကလည်း တကယ့်ကို စာတတ်ချင်တဲ့လူမျိုး။ အားရင် တစ်ခုခုဖတ်နေတာပဲ။ မိုးလင်းတာနဲ့ ပြတင်းပေါက်နားမှာ ထိုင်တယ်။ အပြင်ဘက်ကိုကြည့်ရင်း စာဖတ်လေ့ရှိတယ်။ သူ့အဖေအမေမရှိတော့ကတည်းက သောကြာနေ့တိုင်း ကျွန်တော် သူ့ဆီကို သွားတယ်။ သူဖတ်ချင်တာတွေကို မြို့က စာအုပ်ဆိုင်က ၀ယ်သွားပေးတယ်။
တစ်ခါက သူ့ကိုကျွန်တော် မေးကြည့်ဖူးတယ်။ မင်း၊ ဘာဖြစ်လို့ ပြတင်းပေါက်နဘေးမှာ နေ့စဉ်ထိုင်တာလဲလို့ဆိုတော့၊ သူက ဖြေတယ်။ ငါ့အတွက် ပြတင်းပေါက်ဟာ လိုအပ်မှုတစ်ခုပဲတဲ့။ ပြတင်းပေါက်ဟာ ငါနဲ့ တကယ့်ဘ၀ကြီးကို ဆက်သွယ်ပေးနေတာပဲတဲ့။ ဒီတော့ ပြတင်းပေါက်မရှိရင် ငါမရှိနိုင်တော့ဘူးတဲ့။ ဒါပေမယ့် ပြတင်းပေါက်ရဲ့ ရှိနေခြင်းတန်ဖိုးဟာ ငါ့မှာတည်တယ်တဲ့။ အဲဒီနေရာရောက်တော့ ကျွန်တော် နားမရှင်းတော့ဘူး။ ဘာလို့လဲလို့ ဖြတ်ပြီး မေးလိုက်မိတယ်။ ပြတင်းပေါက်နားကနေပြီး ကြည့်တဲ့လူမရှိရင်၊ ပြတင်းပေါက်ဟာ ထရံပေါက်လို အပေါက်တစ်ပေါက်ပဲ။ အပေါက်တစ်ပေါက်ထက် ဘာမျှ ၀ိသေသထူးခြားတာမရှိဘူးလို့ သူက ပြောတယ်။ ပြတင်းပေါက်ရဲ့ဂုဏ်ရည်ဟာ ပြတင်းပေါက်ကကြည့်တဲ့လူရဲ့ သိမှုအတိုင်းအတာအပေါ်မှာလည်း တည်တယ်လို့ သူကပြောသေးတယ်။ ဒီလိုဆိုရင် တံခါးမကြီးနဲ့ ဘာကွာသလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ တံခါးမကြီးက ၀င်လို့ထွက်လို့ရတယ်။ ပြတင်းပေါက်ကတော့ ကြည့်လို့ပဲရတယ်။ ပြတင်းပေါက်ဆိုတာ လူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်လို့မရတဲ့ နေရာ။ သူ့ရဲ့ အမြင်၊ အကြား၊ အသိတွေကိုပဲ ထုတ်လွှင့်လို့ရတယ်။ ရုပ်ပိုင်းဆိုင်ရာအခြေခံနဲ့ဆိုရင် အပြည့်အ၀ မလုပ်စွမ်းနိုင်ဘူး။ ခံစားသိမြင်လို့ပဲရတယ်။ တကယ်တော့ ဘ၀ဟာ ခံစားသိမြင်ဖို့ပဲ မဟုတ်ဘူးလားလို့ သူက ပြောတယ်။ တကယ်တော့ ကျွန်တော် အဲဒီလောက်အထိ မသိဘူး။ ကျွန်တော့်အတွက်တော့ ဘ၀ဟာ ဘ၀ပဲ။ သူက ပညာတတ်ဆန်လွန်းတယ်။ သိပ်သေချာလွန်းတယ်။ သူနဲ့ယှဉ်ရင် ကျွန်တော်ကတော့ နွားပဲ။ ပညာတတ်မှာ သေချာမှုမရှိရင် နွားနဲ့ဘာကွာလို့တုန်းလို့ အနောက်ဖက်က ပညာရှိကြီးတစ်ယောက်ကပြောတာ ကြားဖူးတာပဲ။ ဒီတော့ ကျွန်တော်က နွားပဲ။
ကျွန်တော် ကောလိပ်ရောက်ကတည်းက သူတို့ဝင်းနဲ့ ဆက်နေတဲ့နေရာမှာရှိတဲ့ အဖေ့အိမ်မှာ လာနေလေ့ရှိတယ်။ အဲဒီတုန်းက၊ အဖေရှိသေးတယ်။ အဖေကလည်း သဘောကျတယ်။ နောက်ဆုံး ဘွဲ့ရပြီးကျောင်းဆရာလုပ်မယ်ဆိုတော့၊ အဲဒီမြို့ကလေးမှာ အလုပ်ရအောင် အဖေ့ကိုပြောလို့၊ အဖေက စီမံပေးတယ်။ အဲဒီနောက် အဖေလည်း သေတာပဲ။ ကျောင်းဆရာဘ၀ရောက်တော့ သူနဲ့ ပိုစကားပြောဖြစ်တယ်။ ညနေတိုင်းဆို ထမင်းစားပြီးတာနဲ့ သူ့ဆီသွားပြီး စကားပြောတော့တာပဲ။ သူက ပြတင်းပေါက်အနားမှာထိုင်နေတဲ့လူဆိုတော့ အသိပညာစုံတယ်။ တစ်ခါတလေ ပြတင်းပေါက်အနားကနေ ခရီးအဝေးကြီးသွားကြတယ်။ ဆမ်းမာဆက်မွန်က အင်္ဂလိပ်ရိုမဲန်တစ်စစ်တွေနဲ့ သွားတွေ့တယ်။ တစ်ခါတလေ ဗာတာနဲ့သွားတွေ့တယ်။ အဲဒီတုန်းက ဗာတာ မသေသေးဘူး။ ဗာတာ ငယ်ငယ်။ လွမ်းလို့ကောင်းတုန်း ဗာတာပေါ့။ တစ်ခါတလေ ကျောင်းကိုမပြန်တော့တဲ့ မြ၀တ်ရည်ကလေးနဲ့ သွားတွေ့တယ်။ အဲဒီကျတော့၊ `မပြန်တော့ချေ´ နဲ့ `မပြန်ရတော့ချေ´ ရဲ့ အကြားက `ရ´ ကောက်တစ်လုံးရဲ့ အစွမ်းအစကို ကျွန်တော်တို့ တစ်ညနေလုံးနီးပါး သာယာမိခဲ့ကြတယ်။ နောက်တော့ သောကြာနေ့ညနေဆိုရင် ကျောင်းကပြန်တာနဲ့ သူ့ဆီပဲ တန်းသွားတယ်။ သူ့ဒေါ်ကြီးကလည်း အဲဒီကို လာစေချင်တယ်။ အဲဒီမှာပဲ ထမင်းစား၊ တနင်္ဂနွေနေ့တစ်နေ့လုံး သူနဲ့နေပြီး၊ တနင်္ဂနွေနေ့ ညနေဘက်လောက်မှ အိမ်ကိုပြန်တယ်။ သူ့အိမ်ကနေဆို အိမ်ကို ငါးမိနစ်လောက်ပဲ စက်ဘီးစီးသွားရတာ။ ကျွန်တော့်အိမ်ကနေထွက်ပြီး ကျောင်းကိုသွားဖို့ ကျွန်တော်စက်ဘီးစီးလာတာကို သူထိုင်တဲ့ပြတင်းပေါက်ကနေ လှမ်းကြည့်လို့မြင်ရတယ်လို့ ပြောတယ်။ ဒီတော့ ကျွန်တော် အိမ်ကထွက်ပြီး တာလမ်းဆီမရောက်ခင် သူ့အိမ်ဖက်ကို လှမ်းကြည့်ကြည့်တယ်။ အိမ်တော့မြင်ရတယ်၊ ပြတင်းပေါက်ကိုတော့ မတွေ့ရဘူး။
တစ်နေ့တော့ တာလမ်းဆီကို စက်ဘီးစီးလာရင်း သူ့အိမ်ဘက်လှည့်ပြီး လက်ဝှေ့ယမ်းပြမိတယ်။ အဲဒီနေ့ညနေ သူ့အိမ်ရောက်တော့ မနက်က မင်းကိုငါ လက်ပြလိုက်တာ မင်းတွေ့လားလို့ မေးကြည့်မိတယ်။ သူကတော့ တွေ့တယ်ပြောတာပဲ။ ပြတင်းပေါက်နဘေးမှာ သူနဲ့ ကျွန်တော်ထိုင်စကားပြောတိုင်း သူက အရှေ့ဘက်အခြမ်းမှာ အမြဲထိုင်တယ်။ ဒီတော့ အနောက်ဘက်ကို မြင်ရတယ်။ ကျွန်တော်က အနောက်ဘက်ခြမ်းကထိုင်တော့ အရှေ့ဘက်ကို မြင်ရတယ်။ သူထိုင်တဲ့နေရာကနေကြည့်ရင် အတော်များများကိုမြင်ရတယ်လို့ သူက ပြောပေတဲ့၊ သူထိုင်တဲ့နေရာမှာ ကျွန်တော် သွားထိုင်ပြီးမကြည့်ဖူးဘူး။ ကျွန်တော်ထိုင်တဲ့နေရာကတော့ ကျွန်တော်ထိုင်သလောက်ပဲ မြင်ရတယ်။ ဘာမှ သိပ်မထူးခြားဘူးလို့ ပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ်၊ အဲဒီနေ့ကစလို့ ကျွန်တော်အိမ်ကထွက်လာပြီး မြေနီလမ်းအတိုင်း အိမ်ကြီးရှိတဲ့ဘက်ကိုကြည့်ပြီး လက်ဝှေ့ယမ်းပြမိတတ်တယ်။ နွေကျောင်းပိတ်တဲ့အခါ များသောအားဖြင့် သူ့အိမ်မှာပဲနေဖြစ်တယ်။ စာဖတ်ရင်း စကားပြောကြတယ်။ ကျွန်တော်သင်ပေးလို့ သူလည်း ၀ီစကီသောက်တတ်လာတယ်။ တစ်ခါတလေ သူ့ရဲ့ကြီးဒေါ်ကြီးကြော်ပေးတဲ့၊ တောင်ပို့မှိုကြော်နဲ့ဆိုရင် ၀ီစကီတစ်လုံး အသာလေးကုန်ရော။ အဲဒီလိုအခါမျိုးမှာ ညဥ့်နက်သန်းခေါက်ကျော်တဲ့အထိ ပြတင်းပေါက်နားမှာထိုင်ရင်း စကားပြောဖြစ်ကြတယ်။ သူပြောတာတစ်ခု၊ အခုထိ သတိရနေသေးတယ်။ ပြတင်းပေါက်သာမရှိရင် ညရဲ့သာယာမှုကို တို့ဘယ်လိုခံစားမလဲတဲ့။ ကျွန်တော်က ကွင်းပြင်ထဲသွားထိုင်နေလည်း၊ ညဖက်ရောက်တယ်ဆိုရင် ညကို ခံစားရမှာပဲပေါ့လို့ ပြောလိုက်မိတယ်။ ပြောပြီးတော့မှ ကျွန်တော် စိတ်မကောင်းဖြစ်လိုက်မိတယ်။ သူ အိမ်အပြင်ဘက်ကို သိပ်မရောက်ရှာဘူးဆိုတာ သတိရလိုက်မိလို့။
အဲဒီတုန်းက အတန်ကြာအောင် သူက ဘာမျှပြန်မပြောဘူး။ နောက်တော့၊ ဒီမှာ ပြတင်းပေါက်ရဲ့ဘောင်ကို မင်းမြင်ရတယ်။ အပြင်မှာ မင်း မမြင်ရဘူးလို့ ပြောတယ်။ ကျွန်တော်ကတော့ နားမရှင်းဘူး။ ကွင်းပြင်ထဲမှာ ဘယ်မှာ ပြတင်းပေါက်ရှိလို့လဲလို့ မေးလိုက်မိတယ်။ ပြီးမှ ပြောတယ်။ ဘယ်အမြင်၊ ဘယ်အသိမှာပဲဖြစ်ဖြစ် ဘောင်တွေရှိတယ်။ အတိုင်းအတာတစ်ခုထက်ပိုပြီး မမြင်နိုင်ဘူး၊ မသိနိုင်ဘူးတဲ့။ ဒီတော့ မြင်နိုင်၊ သိနိုင်တာတွေတိုင်းဟာ ပြတင်းပေါက်တစ်ခုကနေ မြင်ရသလိုပဲပေါ့။ လောကဟာ လောကရဲ့ပြတင်းပေါက်ကနေပဲ ကြည့်ရတာပေါ့လို့ ပြောတယ်။ အဲဒီညက ကျွန်တော် အိပ်မပျော်ဘူး။ မိုးလင်းပိုင်းလောက်ကျတော့ အဖေ့ကို သတိရလိုက်မိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး၊ အခုဆို အဖေနဲ့ကျွန်တော် မတွေ့ကြရတော့ဘူး။ အဖေဆုံးတာလည်း ကြာမှကိုး။ အဲဒီလိုတွေးရင်း သူပြောတဲ့ အတိုင်းအတာကို သွားသတိရတယ်။ ဘောင်ကို သွားတွေ့တယ်။ အရာရာဟာ ဘောင်ခွေခံထားရတဲ့ အထဲမှာချည်းပဲ။ လူတွေကသာ မမြင်လို့။ ဘောင်ကို မမြင်ရပေမယ့်၊ ဘောင်ရဲ့ တစ်ခြားတစ်ဖက်ကို မြင်ချင်ရင်၊ မြင်ကြည့်လို့ရတာပဲ။ အဲဒီတုန်း အဖေရောက်လာတယ်။ အဖေကြိုက်တဲ့ လည်ပင်းပတ် အကွက်နဲ့။ အစောကြီးလမ်းထလျှောက်ပုံရတယ်။ မင်းခုထိ အိပ်မပျော်သေးဘူးလားလို့မေးတော့ ကျွန်တော်က ကြိုးစားနေတုန်းပဲလို့ ဖြေတယ်။ အဖေက ထုံးစံအတိုင်းပဲ ပြုံးရင်း ခေါင်းခါတယ်။ ထုံးစံအတိုင်းပဲလို့ ဆိုရတာက၊ အဖေက အဲသလိုမေးတိုင်း ကျွန်တော်က အဲသလိုပဲဖြေတတ်တယ်။ ပြီးတော့ ငါ ဟိုဖက်မှာရှိမယ်လို့ပြောပြီး ထွက်သွားတယ်။ အဲဒါကလည်း သူ့ထုံးစံအတိုင်းပဲ။ မိုးလင်းပိုင်းရောက်တော့ ကျွန်တော် အိပ်ပျော်သွားတော့တယ်။ သူ့ရဲ့ကြီးဒေါ်ကြီး လာနှိုးမှ နိုးတော့တယ်။ ခုနှစ်နာရီတောင် ထိုးနေပြီ။
သူ နေမကောင်းဘူးလို့ သူ့ရဲ့ကြီးဒေါ်ကြီးက ပြောတယ်။ ဆရာဝန်ဆူးမားကို သွားခေါ်ခိုင်းထားတယ်တဲ့။ ကျွန်တော်လည်း မျက်နှာသစ်ပြီး သူ့အခန်းထဲသွားလိုက်တယ်။ သူကတော့ နေကောင်းပါတယ်။ ဆောင်းဦးပေါက်မို့ အအေးမိသွားတာထင်တယ်လို့ ပြောတယ်။ ဆရာဝန်ဆူးမားလာတော့လည်း အဲဒီလိုမျိုး ပြောတယ်။ နျူမိုးနီးယားဖြစ်ချင်တယ်ထင်တယ်လို့ ပြောပြီး၊ ဆေးတွေအများကြီးပေးခဲ့တယ်။ သူကတော့၊ မနက်စာစားပြီးတာနဲ့ ပြတင်းပေါက်နားမှာ ထိုင်ရအောင်လို့ ပြောတယ်။ မင်း နေမကောင်း နေရင် အိပ်ယာထဲမှာပဲနေပါလားလို့ ဆိုတော့၊ အိပ်ယာဟာ ကျဉ်းမြောင်းတယ်တဲ့။ ဘာမှလွတ်လပ်မှုမရှိဘူးတဲ့။ ပက်လက်လှန်အိပ်လိုက်တာနဲ့ ခြင်ထောင်ရဲ့အမိုးကိုပဲ မြင်ရတယ်။ ခေါင်းရင်း ခြေရင်းဖက်မှာ သစ်သားတန်းတွေရှိတယ်။ ဘေးနှစ်ဖက်ဟာ အတိုင်းအတာတစ်ခုအထိပဲ ကျယ်တယ်။ သတိမထားဘဲ လှိမ့်လိုက်ရင် လိမ့်ကျသွားနိုင်တယ်လို့ သူက ပြောတယ်။ ဒီတော့လည်း သူသဘောကျတဲ့ ပြတင်းပေါက်အနားမှာ ထိုင်တယ်။ သူက ပြတင်းပေါက်ကို ဖွင့်ခိုင်းတယ်။ အပြင်ဘက်က လေရချင်လို့တဲ့။ မင်း နေမကောင်းဖြစ်နေတာပဲဆိုတော့ သူက အနွေးထည်ဝတ်ထားတယ်လို့ ပြောတယ်။ အဲဒါနဲ့ပဲ ချမ်းချမ်းစီးစီးထဲမှာ ကျွန်တော်တို့ ထိုင်ရင်း စကားပြောနေမိကြတယ်။ အဲဒီညကတော့၊ ဆေးတွေသောက်ထားလို့ သူ ခပ်စောစောအိပ်ယာဝင်တယ်။ ကျွန်တော်လည်း အိမ်ပြန်လာခဲ့တယ်။ နောက်နေ့ကျောင်းကိုသွားတော့ စက်ဘီးစီးရင်း ထုံးစံအတိုင်း လက်လှမ်းပြမိတယ်။ သူ ပြတင်းပေါက်နားမှာ ထိုင်၊ မထိုင် ကျွန်တော်မသိဘူး။ ညနေ ကျောင်းကအပြန်သူ့အိမ်ဝင်တော့ အိမ်စောင့်လင်မယားပဲရှိတယ်။ သူ့ကို မြို့က စံပြဆေးရုံဆိုတာကို ခေါ်သွားကြတယ်လို့ ပြောတယ်။ ကျွန်တော့်အတွက် အိမ်အပေါ်ထပ်က သော့နဲ့ စာကလေးတစ်ကြောင်း ရေးထားပေးခဲ့တယ်။
ပြတင်းပေါက်နဘေးမှာ ထိုင်ပေးပါ တဲ့။
သော့နဲ့စာကိုယူပြီး ကျွန်တော် အိမ်ပြန်လာတယ်။ အဲဒီညကလည်း အိပ်မရဘူး။ မိုးလင်းပိုင်းရောက်တော့ လမ်းလျှောက်ရာက ပြန်လာတဲ့အဖေ၀င်လာတယ်။ အဖေကြိုက်တဲ့ လည်ပင်းပတ်အကွက်နဲ့ပဲ။ ထုံးစံအတိုင်းပဲ မေးတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်းပဲဖြေတယ်။ အဖေက ပြုံးတယ်။ အခန်းထဲက အဖေထွက်သွားကာနီးမှာ ကျွန်တော် သူ့အိမ်ကပြတင်းပေါက်နဘေးမှာ သွားထိုင်ရမလားလို့ မေးလိုက်မိတယ်။ ဒီတော့ အဖေက ပြတင်းပေါက်ရဲ့တန်ဖိုးဟာ ကြည့်တဲ့လူပေါ်မှာ မူတည်တယ်လို့ မင်းကိုငါ ပြောဖူးတယ်မဟုတ်လားလို့ ပြန်ဖြေပြီး ထွက်သွားတယ်။ စနေ၊ တနင်္ဂနွေကျမှပဲ ကျွန်တော် မြို့ကိုသွားပြီး ဆေးရုံမှာ သူ့ကို သွားတွေ့ဦးမယ်လို့ပြောတော့၊ အဖေက ဘာမျှပြန်မပြောဘဲ အခန်းထဲက ထွက်သွားတယ်။ မိုးလင်းလို့ ကျောင်းသွားချိန်ရောက်တော့ ကျွန်တော် ကျောင်းကိုထွက်လာမိတယ်။ တာလမ်းဆီမရောက်ခင် သူ့အိမ်ကြီးဘက်ကြည့်ရင်း လက်ပြလိုက်မိတယ်။ ဘာလို့မှန်းမသိဘူး။ ဘာလို့များ လက်ပြနေတာလဲလို့ ကိုယ့်ဘာသာ အတွေးပေါ်လာတယ်။ သူထိုင်တဲ့နေရာကလှမ်းကြည့်ရင် ငါ့ကို ဘယ်လိုတွေ့ရမလဲလို့ တွေးမိပြန်တယ်။ တာလမ်းပေါ်ရောက်တော့ ရေကျော်မြောင်းကူးကလေးအပေါ်မှာ စက်ဘီးစီးလာရင်း သူ့အမြင်ထဲမှာ၊ ဘာတွေဘယ်လိုမြင်တယ်ဆိုတာ၊ သိချင်လာတယ်။ အဲဒီတုန်းမှာပဲ သစ်တင်တဲ့ကားတွေ နောက်ဖက်ဆီကလာတဲ့အသံ ကြားလိုက်ရတယ်။
ကျွန်တော် သတိရတော့ ဆေးရုံမှာ။ အပြင်ဘက်မှာ အတော်မှောင်နေပြီ။ ဒီတော့ ပြတင်းပေါက်က အလင်းနဲ့အမှောင်ကိုလည်း သိအောင်လုပ်နိုင်သားပဲလို့ သိလိုက်မိတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ ကျွန်တော့်ကိုကြည့်နေကြတယ်။ အဖေ့မိတ်ဆွေ အဖိုးကြီးတွေနဲ့ သူတို့ သားသမီးတချို့လည်း တွေ့တယ်။ ဆရာဝန်ကြီးနဲ့ သူနာပြုဆရာမတစ်ယောက် အနားလာပြီး ဟိုတိုင်းဒီတိုင်း တိုင်းကြပြီး၊ အဖေ့မိတ်ဆွေအဖိုးကြီးတွေကို သတိရလာပြီ၊ နားဖို့တော့လိုသေးတယ်လို့ ပြောသံကြားလိုက်ရတယ်။ အဖေရောလို့ ကျွန်တော်ကမေးတော့ အဖိုးကြီးတစ်ယောက်က အပြင်မှာ ဆေးတံသောက်နေတယ်လို့ ပြောတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်မှန်းမသိဘူး။ လေထဲမှာ လွင့်နေသလိုပဲ။ အောက်ပိုင်းက ပေါ့နေတယ်။ သူနာပြုဆရာမ ပြန်ရောက်လာပြီး ပြုံးရင်း နားလိုက်ဦးနော်လို့ ပြောတယ်။ အဖိုးကြီးတွေ အခန်းထဲက ထွက်သွားကြတယ်။ ကျွန်တော်လည်း အဖေဆေးတံသောက်ပြီးရင် ပြန်ဝင်လာမယ်လို့တွေးရင်း အိပ်ပျော်သွားမိတယ်။ နောက်တစ်နေ့ကျတော့ ကျွန်တော့်ဘေးနားမှာ ဆရာဝန်ကြီးနဲ့ အဖေ့မိတ်ဆွေ အဖိုးကြီးတွေ တွေ့ရတယ်။ ရေကျော်ကလေးပေါ်မှာ စက်ဘီးစီးသွားရင်း ဖြတ်မောင်းသွားတဲ့သစ်တင်ကားက လေဟပ်ပြီး ချောင်းထဲပြုတ်ကျသွားတာလို့ ပြောတယ်။ တစ်နေ့လုံး သတိမေ့နေတယ်။ ခေါင်းရော၊ ကျောရိုးရော ထိသွားတယ်ဆိုလို့ ခေါင်းကိုကိုင်ကြည့်တော့ ခေါင်းက ပတ်တီးကို စမ်းမိတယ်။ အောက်ဖက်ကိုလှမ်းကြည့်တော့ စောင်ခြုံထားတာတွေ့ရပေတဲ့ ဘာမှ လှုပ်လို့မရဘူး။ ဒီတော့ ဆရာဝန်ကြီးက လောလောဆယ်တော့ အောက်ပိုင်းသေသလိုဖြစ်သွားတယ်။ ဖြည်းဖြည်းချင်း ကုသမှုခံယူရင်၊ အခြေအနေတိုးတက်လာနိုင်တယ်လို့ ပြောတယ်။ ဆရာဝန်ကြီးပြောတာ အလားအလာ။ ပြတင်းပေါက်ကကြည့်လို့ မြင်ရတာမျိုးမဟုတ်ဘူး။ ဒါပေတဲ့ ဆရာဝန်ကြီးပြောတာ သူ့ပြတင်းပေါက်ကနေ လှမ်းကြည့်နိုင်သလောက်ပဲ။ မိုးကုပ်စက်ဝိုင်းအစမှာ နေထွက်နေ၀င်တာ ဘယ်သူမှ မသိဘူး။ ချက်ချင်းပဲ သူ့ကို သွားသတိရလိုက်မိတယ်။ ဒေါ်ဒေါ်ကြီး ဟိုကောင်ရောလို့ မေးတော့ ဒေါ်ဒေါ်ကြီးက နျူမိုးနီးယားနဲ့ဆုံးသွားတယ်လို့ ပြောတယ်။
ဒေါ်ဒေါ်ကြီးက မင်းကိုစောင့်ရှောက်ဖို့ ဆက်နေစေ့ချင်ရင် ဒေါ်ဒေါ်ကြီး နေမယ်၊ မနေစေ့ချင်ရင်တော့ အရပ်ကိုပြန်မယ်လို့ ပြောတယ်။ ကျွန်တော်က ခုအတိုင်းတော့ ဒေါ်ဒေါ်ကြီး ဆက်စောင့်ရှောက်ရလိမ့်မယ်လို့ ပြောလိုက်မိတယ်။ စနေနေ့ရောက်တော့ ဆေးရုံက ဆင်းတယ်။ ဆင်းဆင်းချင်း `ဂန္ထ၀င်စံအိမ်´ ကြီးဆီကိုပဲ လာခဲ့တယ်။ အိမ်အပေါ်ထပ်ဆီ ပွေ့တင်ကြတယ်။ အပေါ်မှာ ဘီးတပ်ကုလားထိုင်ရှိတယ်။ ကျွန်တော့်အတွက် အသင့်လုပ်ထားကြတယ်။ ကျွန်တော်က ၀င်ထိုင်လိုက်ရင်း ပြတင်းပေါက်နားဆီ ပို့ပေးစမ်းပါလို့ ပြောလိုက်မိတယ်။ သူထိုင်နေကျအတိုင်း၊ ပြတင်းပေါက်ရဲ့ အရှေ့ဖက်အခြမ်းဆီမှာ ထိုင်ကြည့်လိုက်မိတယ်။ အနောက်ဖက်အတိုင်းဆင်းသွားတဲ့ တောင်စောင်းကုန်းလျှောလေးတစ်ခုလုံးကို မြင်နေရတယ်။ တာလမ်းကဘယ်မှာလဲလို့မေးတော့ ဒေါ်ဒေါ်ကြီးက အရှေ့ဖက်မှာလို့ ပြောတယ်။ တောင်စောင်းအောက်ဖက်နားမှာ အမိုးတစ်ခု မြင်ရတယ်။ လက်ညှိုးထိုးပြလိုက်ရင်း အဲဒါ ဘုန်းကြီးကျောင်းလားလို့ မေးလိုက်တော့၊ တစ်ယောက်ယောက်က ဟုတ်တယ်လို့ ပြန်ဖြေသံ ကြားလိုက်ရတယ်။ ဘယ်သူဖြေမှန်းတော့ မသိဘူး။ သင်္ချိုင်းကုန်းက အဲဒီနားမှာမဟုတ်လားလို့ ထပ်မေးလိုက်မိတယ်။ ရုတ်တရက် ဘယ်သူမှမဖြေဘူး။ ဒါနဲ့ကျွန်တော်လည်း ဒေါ်ဒေါ်ကြီးနဲ့ အဖေ့မိတ်ဆွေအဖိုးကြီးတွေကို လှည့်ကြည့်လိုက်မိတယ်။ သူတို့က ကျွန်တော့်ကို သေသေချာချာကြည့်နေကြတယ်။ သူ့ကို အဲဒီမှာပဲ ဂူသွင်းလိုက်ကြသလားလို့ မေးလိုက်မိပြန်တယ်။ ဘယ်သူကမှ ပြန်မဖြေဘူး။ ဒီတော့ ကျွန်တော်က ထပ်ပြီးပြောလိုက်မိတယ်။ အဲဒီမှာ သူတို့မိသားစုတွေ အကုန်မြှုပ်တာပဲမဟုတ်လား။ သူ့ကို အဲဒီမှာ မမြှုပ်ဘူးလားလို့ မေးလိုက်မိတယ်။ ဒီတော့မှ ဒေါ်ဒေါ်ကြီးက ရုတ်တရက်ပြန်ပြောတယ်။ အော် ကျောင်းဆရာကိုပြောတာလားတဲ့၊ သူ့ဘာသာ ခေါင်းငြိမ့်နေတယ်။ အဖိုးကြီးတချို့ကလည်း ခေါင်းညိမ့်ကြတယ်။ ပြီးတော့မှ ပြောတယ်၊ ဟုတ်တယ်။ သူတို့တစ်မျိုးလုံးက တာလမ်းအရှေ့ဖက်သင်္ချိုင်းကလေးမှာ ဂူသွင်းလေ့ရှိကြတယ်။ သူလည်း အဲဒီမှာပဲ ဂူသွင်းလိုက်တယ်။ ကြာပြီကိုး၊ မင်းမေးတာကို ဒေါ်ဒေါ်ကြီးတို့က ချက်ချင်းသဘောမပေါက်ကြလို့ပါလို့ တောင်းပန်သလိုပြောရင်းနဲ့ ပြုံးတယ်။
ကျွန်တော် အပြင်ဘက်ကို ငေးနေမိတယ်။ ဆောင်းတွင်းမို့ အပြင်ဘက်မှာ တောင်ခိုးတွေထနေတာလား မသိဘူး။ မြူဆိုင်းနေတာလား မသိဘူး။ မဟုတ်ရင် အဖေဆေးတံသောက်နေတုန်းမို့ ဆေးတန်ကမီးခိုးတွေ ထွက်နေတာဖြစ်ချင်ဖြစ်မယ်။ ဆေးတံသောက်လို့ပြီးရင် အဖေအိမ်ထဲဝင်လာလိမ့်မယ်ထင်တယ်။ လည်ပင်းပတ်အကွက်နဲ့ပဲ ဖြစ်မယ်။ ပြတင်းပေါက်ရဲ့ဘောင်ကိုဖြတ်ပြီး အားလုံးကို မြင်လာရတယ်။ ပြတင်းပေါက်ကနေကြည့်ဖို့ လူတစ်ယောက်လိုတယ်။ ပြတင်းပေါက်ဆိုတာ ကြည့်ဖို့။ ခုန်ချလိုက်ဖို့မဟုတ်ဘူး။

မြင့်သန်း
ဖေဖော်ဝါရီ၊ ၂၀၀၅၊ စတိုင်သစ်
Comments
Post a Comment