အကြောင်းအမျိုးမျိုးကြောင့် (တကယ်က ပျင်းတာကအဓိကပါ :P ) Post အသစ်မရေးဖြစ်တာလဲကြာပါပြီ။ ကျွန်တော့် Blog လေးကို စိတ်ဝင်စားသူ တစ်ယောက်စနှစ်ယောက်စရှိကြောင်း သိရလို့ ကျေနပ်မိပါတယ်...။ ပေါက်ကရလေးဆယ်လေးတွေ လျှောက်တွေး၊ လျှောက်ရေးဖို့ အင်အားရတာပေါ့ဗျာ...။ အချိန်ကလဲ များများစားစားမရှိ၊ ပိုက်ပိုက်ကလဲ ရှားပါးနဲ့ ဒီလိုပဲ အိုင်တီခေတ်ကို လှည်းဘီးနဲ့လိုက်နေရတာပါပဲ။ မီတာမမီတာက တစ်ကိစ္စပေါ့...။ အဝေးကြီး ပြတ်မကျန်သွားဖို့သာ အားထုတ်ရတာပါ..ဟဲဟဲ...။
အခုတလော အွန်လိုင်းသူငယ်ချင်း တော်တော်များများနဲ့လဲ သိရပါတယ်။ အားလုံးကတော့ ကြိုးစားနေကြတဲ့ လူငယ်တွေချည်းပဲဗျ...။ ကျွန်တော်သာ ကန့်လန့်ကန့်လန့် လျှောက်လုပ်နေတာလို့ တွေးမိပါတယ်။ နောင်တအတွေးတော့ မဟုတ်ပါဘူး...။ ကျွန်တော် ဒီလိုပဲ ကြိုးစားပြီး ရေစုန်မျှောပါဦးမယ်...။
ငယ်ငယ်တုန်းကတော့ ဖေမြင့်တို့ ပီမိုးနင်းတို့လို စာအုပ်တွေ တော်တော်လေးဖတ်ခဲ့ပါတယ်၊ ကြိုက်ခဲ့ပါတယ်။ တက်ကျမ်းလို့ ခေါ်မလားပဲ...။ ``ချုံကြားမှ ဘုံဖျားသို့´´တို့ ဘာတို့ပေါ့ဗျာ...။ အခုခေတ်မှာဆိုရင်တော့ ``ငါ့ငပိခွက် ဘယ်သူနေရာရွှေ့သွားသလဲတို့´´၊ ``လေးဆယ့်ငါးမိနစ်အတွင်း ဘီလျှံနာဖြစ်နည်း´´ တို့ပေါ့။ ဆရာတစ်ယောက်ပြောတဲ့ စကားယူသုံးပြီးပြောရရင်... အဲဒီစာအုပ်တွေဖတ်လို့ သူဌေးဖြစ်မဖြစ်တော့ မသိဘူး၊ ရေးတဲ့စာရေးဆရာတွေကတော့ Best Seller ၀င်ပြီး နေ့ချင်းညချင်း သူဌေးဖြစ်သွားတယ် ဆိုပဲ။ ဖတ်တဲ့လူတွေကို အပြစ်ပြောခြင်းမဟုတ်ပါ။ စာအုပ်လေး တစ်အုပ်စနှစ်အုပ်ဖတ်ပြီး ဘ၀င်မြင့်နေတတ်သော တစ်ချို့သောသူများတွေ့ရလို့ပါ။ ကျွန်တော့် အမြင်ကတော့ ဒါမျိုးတွေ ဖတ်ဖတ်မဖတ်ဖတ် သိတော့ထူးမယ် မထင်ပါ။ ဥပမာဗျာ... ငါ့ငပိခွက်ဘယ်သူနေရာရွှေ့ထားသလဲဆိုတဲ့ စာအုပ်ထဲကလိုပေါ့...။ ကြွက်ကလေးတွေက ငါးပိရည်ခွက်နောက်လိုက်ကြတာလေ...။ Metaphor လေးနဲ့ရေးထားတာပါပဲ။ ကြွက်ကလေးတွေနဲ့ ခိုင်းနှိုင်းပြီးတော့ပေါ့...။ အဲဒီစာအုပ် ဘာကောင်းလဲ၊ ကျွန်တော်နားမလည်ပါဘူး...။ ညဏ်မမီဘူးပဲ ပြောပါတော့ဗျာ...။ တကယ်က ဒီစာအုပ်တွေ `ပေါက်´ သွားတယ်ဆိုတာ၊ Best Seller ဖြစ်သွားတယ်ဆိုတာ အဓိကက အစပ်အဟပ်တည့်သွားတာပါ။ ဆိုလိုတာကဗျာ... ပရိသတ်တွေ ဖတ်ချင်နေတဲ့ အာသာကို ဖြည့်ပေးနိုင်လိုက်လို့ပါ...။ ပြီးတော့ မက်လုံးလေးနဲနဲပါးပါးစာအုပ်ထဲမှာ ထည့်ပေးလိုက်တာပေါ့။
ဒီစာအုပ်ကြောင့် အောင်မြင်သွားတယ်ဆိုတဲ့လူ ဘယ်သူလဲ... ဟဲဟဲ...။ ကျွန်တော် သူငယ်ချင်းများကို အတွေးလေးတစ်ခုလောက် မျှဝေ (Share)ချင်ပါတယ်။ Know your Limitation! တဲ့။ ကိုယ့်ရဲ့ အကန့်အသတ်ကိုသိပါ။ အရက်သောက်တဲ့အခါကိုပြောတာမဟုတ်ဘူးနော်... ဒါက ခြွင်းချက်..၊ များလေကောင်းလေ...။ (နောက်တာနော် :P ) မဖြစ်နိုင်ဘူးဆိုတာမရှိဆိုတဲ့ ရိုက်သွင်းပေးထားတဲ့ အတွေးမျိုးတွေ ခေတ်စားနေချိန်မှာ ကျွန်တော်ပြောတာ ပြောင်းပြန်ဖြစ်နေမလားပဲ။ ကျွန်တော်တို့ တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းထက်ပို မသွားနိုင်ပါ။ ဟန်ဘာဂါ၊ မက်ဒေါ်နယ်၊ ဒီမှာဆိုဒန်ပေါက် ကြေးအိုးဆီချက်ပေါ့ဗျာ... ဒါတွေထက်ပိုပြီးစားနိုင်စရာ မရှိပါ။ ရှိပြီးသားဟာတွေထက် ပိုပြီး ဘာများစားနိုင်ဦးမှာလဲလို့ ပြောတာပါ။ မဖြစ်နိုင်ဘူးဆိုတာ ရှိတယ်လို့လက်ခံထားပါ။ ရိုးသားမှုရှိဖို့တော့ လိုတာပေါ့။ အသည်းအသန် လိုက်ပြီး ဟန်ဆောင်အားတင်းနေလို့လဲ သိပ်မထူးဘူးလို့ပြောချင်တာပါ။
xxxတေဇာxxx

Comments
Post a Comment