Valentine Day ဆိုတာက ကျွန်တော်နဲ့ ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ဖူးဘူး။ မှတ်မှတ်ရရ Valentine Day ဆို ရီးစားမရှိတဲ့သူငယ်ချင်းတွေစုပြီး Wisky သောက်ကြတာလောက်ပဲရှိတယ်။ ဒါကလဲ Valentine Day ကို ခေါင်းစဉ်တပ်တာပါဗျာ။ အမှန်က ဘာဆိုင်လို့လဲ။ ကိုယ့်ဖာသာကိုယ် သောက်ချင်လို့ သောက်ကြတာပဲဟာ ဟဲဟဲ…။ ပြီးတော့ ရီးစားရှိတဲ့ကောင်တွေရဲ့ ဒုက္ခသုက္ခတွေကို ထိုင်ဟားကြ။ ယောက်ျားကောင်းဆိုတာ အနှောင်အဖွဲ့ကင်းရတယ် ဘာညာနဲ့ အာဘောင်အာရင်းသန်သန် လေကန်ကြတာပေါ့။ (ရိုးရိုးသားသားဝန်ခံရရင်တော့ မနာလိုတာက ခပ်များများပါဗျာ…ဟဲဟဲ… သိကြရဲ့သားနဲ့) ဒီလိုပဲ ဖြေသာအောင်လို့ ကိုယ့်ကိုယ်ကို လှည့်စားရတာပေါ့။
ဒီနှစ်လဲ ဒီလိုပါပဲ။ ထုံးစံအတိုင်း ကိုယ်နဲ့ဆိုင်တဲ့ကိစ္စလဲ မဟုတ်တော့ Valentine Day နီးလာတာလဲ သတိမထားမိပါဘူး။ ဆိုင်လာနိုင်စရာအလားအလာ (Potential) ကလဲ သိပ်မရှိပါဘူး။ ဒီကိစ္စမှာက ကျွန်တော့်မှာ အရည်အချင်းရော၊ ကြိုးစားအားထုတ်မှုရော သုညဒီဂရီအောက်ရောက်နေတယ်။ ထားပါတော့ … အဲဒါကို။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကပေါ့။ ကျွန်တော့် Gtalk-Pic လေးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ တင်ထားလိုက်တယ်။ ပြီးတော့မှ Status မှာ “ဗိုလ်ချုပ်ကိုသတိရခြင်း အထိမ်းအမှတ် အနေနဲ့ ကျွန်တော့် ဗိုလ်ချုပ်ပုံလေးကို လိုက်ပြောင်းပေးကြပါ”လို့ ရေးပေးလိုက်တယ်။ တစ်ယောက်စနှစ်ယောက်စပဲ လိုက်ပြောင်းပါတယ်။ အများစုက တုပ်တုပ်တောင် မလှုပ်ကြဘူး။ ဒါနဲ့ သူတို့ရဲ့ Status မှာ တင်ထားတာတွေကို လိုက်ဖတ်ကြည့်တော့ Happy Valentine Day လိုဟာမျိုးတွေချည်းပဲ ဖြစ်နေတယ်။ လက်လျှော့လိုက်ရတော့တာပေါ့။ “သြော် ဒီ Valentine Day က လူငယ်တွေရဲ့စိတ်ဓာတ်ကို တော်တော်လွှမ်းမိုးထားပါလား။ ငါသာ အများနှင့်မသက်ဆိုင်သောသူ ဖြစ်နေပါလားလို့ စိတ်ပျက်လက်ပျက်နဲ့ တွေးမိပါတယ်။ ရောဂါဟောင်း ပြန်ပေါ်လာတယ်ဆိုပါတော့။ အမှန်က ဒီရောဂါက ဘယ်တုန်းကမှ ပျောက်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ် “အမှန်တရား”တို့ “ဖြစ်တည်မှုပဓာန၀ါဒ”တို့လို ဧရာမစာလုံးတွေနဲ့ ဖုံးဖိထားလို့ ငုပ်နေရတာ။ ဒါနဲ့ပဲ သက်သာလိုသက်သာငြား စိတ်ရူးပေါက်ပေါက်နဲ့ အွန်လိုင်းပေါ်မှာသိတဲ့ မမတစ်ယောက်နဲ့ Valentine Day မှာ အပြင်မှာတွေ့ဖို့ Date လိုက်မိပါတယ်။ ဘယ်ရမလဲ ဟဲဟဲ…။
အဲဒီနေ့ကပေါ့။ လမ်းမပေါ်က ကောင်မလေးတွေကလဲ Chemical တွေ နဲနဲများနေသလိုပဲ။ အတွဲတွေကလဲ ခြေချင်းလိမ်နေတယ်...။
ကျွန်တော်လဲ ဘယ်အညံ့ခံလိမ့်မလဲ...။ ထင်ယောင်ထင်မှားဖြစ်စရာလေးတွေ လိုက်လုပ်တာပေါ့...။ Date ထားတာရှိသလိုလို ရေးကြီး သုတ်ပြာဟန်နဲ့ ကားပေါ်ပြေးတက်တာတို့...၊ ကားက မီးပွင့်မိရင် ကျွတ်..ကျွပ်... နဲ့ စိတ်မရှည်သလို စုပ်သတ်တာတို့...ပေါ့ဟဲဟဲ...။
သူများတွေအမြင်မှာ ဒီကောင်လေး ချိန်းထားတာနောက်ကျနေပြီလို့ ထင်မလားလို့ပေါ့ဗျာ...။ (အမှန်ကတော့ ကျွန်တော့်ကို ကြည့်ချင်မှတောင် ကြည့်ကြမှာ...) ဒါနဲ့ပဲ အဲဒီနေ့က ရုံးကို ထူးထူးခြားခြား ကိုးနာရီခွဲလောက်ကြီး စောရောက်သွားပါလေရော။
(ကိုးနာရီခွဲဆိုတာ ကျွန်တော့်အတွက် ထူးခြားဖြစ်စဉ်ပါ..ဟီး..)
ကျွန်တော်တို့ရုံးက စနေနေ့ဆိုတော့ နေ့တစ်ဝက်။ ဒါပေမဲ့ Internet Bill ဆောင်ဖို့က နောက်ဆုံးရက်ဖြစ်နေတော့ မာလာဆောင်ကိုပြေးရဖို့က ရှိနေတယ်။ Tele Port ကလဲ ၁၂ နာရီဆို ပိတ်မှာ။ ရုံးကမထွက်ခင် မနေနိုင်မထိုင်နိုင် Gtalk ထဲဝင်လိုက်မိပါတယ်။ အကြောင်းသိသူငယ်ချင်းတစ်ယောက်က “အစ်ကို Valentine Day ကြီး အွန်လိုင်းပေါ်ရောက်နေပါလား” ဆိုပြီး လှမ်းကလိပါတယ်။ Web Cam သာရှိရင် မျက်မှောင်ကြီးကုပ်ပြီး တင်းမာနေတဲ့ ကျွန်တော့်မျက်နှာကြီးကိုတွေ့ပြီး အဲဒီငတိ ဖျားသွားဖို့ရှိပါတယ်။ ဘာမှတော့ ပြန်မပြောနိုင်ဘူးပေါ့ဗျာ။ ဒီလိုပဲ မချိမဆန့်နဲ့ ငြိမ်ခံနေရတော့တာပေါ့ ဟဲဟဲ…။ ဒါနဲ့ ဟို Chat ဒီ Chat နဲ့ မျောနေလိုက်တာ သတိရလို့နာရီလဲကြည့်လိုက်ရော ၁၁ နာရီကျော်နေပြီ။ Tele Port ကို အချိန်မီရောက်ဖို့ ဒုံးစိုင်းရတော့တာပဲ။ (မှတ်ချက်။ ကျွန်တော်သည် အခြေခံလူတန်းစားပီသစွာ Taxi မစီးပါ (သို့) Taxi မစီးနိုင်ပါ) မြို့တော်ခန်းမရှေ့က (၉၇) ကားပေါ် ကျွန်တော်တက်လိုက်တော့ ကားပေါ်မှာ လူတစ်ယောက်မှမရှိသေးဘူး။ စပယ်ယာက အသံပြဲကြီးနဲ့ လူခေါ်နေတယ်။ “တံတားဖြူ…တံတားဖြူ…တံတားဖြူရောက်တယ် …လာ …”
ကိုယ့်ဘ၀ကိုယ် မကျေနပ်စိတ်၊ အချိန်မီမရောက်မှာ စိုးရိမ်သောစိတ်တို့ဖြင့် အငွေ့တစ်လူလူ ထွက်နေသောကျွန်တော် စိတ်မထိန်းနိုင်တော့ပါ။ “ခင်ဗျားတို့ကားက တံတားဖြူတစ်ခုပဲရောက်တာလား” လို့ ခပ်တည်တည်နဲ့ ဟောက်ပြစ်လိုက်တယ်။ စပယ်ယာငတိကလဲ အလိုက်ကမ်းဆိုးမသိစွာ “ဟာ…အစ်ကိုမသိလို့ ခုနတစ်ကြောင်းတုန်းကလဲ တံတားဖြူမှာဆင်းသွားတာ ဆယ်ယောက်လောက်ရှိတယ်… စုံတွဲတွေချည်းပဲ ဟီးဟီး” လို့ စပ်ဖြီးဖြီးနဲ့ ရှင်းပြနေသေးတယ်။ အဲဒီအချိန်မှာပဲ ဘွတ်နဲ့ရွှတ်နဲ့ဝတ်ထားသော ရုပ်ခပ်ဆိုးဆိုး ချာတိတ်တစ်ယောက် ကားပေါ်တက်လာပြီး မဆီမဆိုင်ဖြင့် ပေါ်တင်လာကြွားပြန်တယ်။ “ဟုတ်တယ်လေ၊ ကျွန်တော်လဲ အဲဒီကိုသွားမှာပဲ…၊ ဒါ တံတားဖြူအတွက်ပေါ့”လို့ပြောကာ လက်ထဲက ချောကလက်ကြီးကို အမြင်ကပ်စရာ မြှောက်ပြနေတယ်။ ဘာပြန်ပြောရမလဲ…၊ ဘာပြန်ပြောနိုင်မှာလဲ…၊ တေဇာ..တေဇာ… မင်းခန္ဒီပါရမီဖြည့်….။
ဒုက္ခဆိုတာ အပေါင်းအဖော် အမြဲတမ်းခေါ်လာတတ်တယ်တဲ့။ အဲဒီစကားက ကိုယ်တွေ့ရယ်လို့တောင် မဟုတ်တော့ဘူး။ ကျွန်တော့်အတွက်တော့ ကြုံနေကျ (Used to) လို့တောင် ဆိုရမလိုပဲ။ ခါတိုင်း ဟာမီလ်တန် ဒက်ဒီခေါ်ရလောက်အောင်မောင်းနေတဲ့ကားတွေက ဒီနေ့ကျမှ အီကြာကွေးဆွဲ..၊ ပလာတာရိုက်နဲ့ မြေနီကုန်းမှာ ဆယ့်ငါးမိနစ်လောက် လူစောင့်နေတယ်။ အရင်က အရောင်အသွေးစုံစုံလင်လင်နဲ့ စိုစိုပြေပြေရှိတတ်တဲ့ ဒီကားပေါ်မှာလဲ… သက်ကြီးပိုင်းယောက်ျားလေးများသာဆိုပြီး ရွှေးတင်ထားသလားထင်ရအောင်၊ ခြောက်ကပ်ကပ်၊ တင်းမာမာကြီးဖြစ်နေတယ်။ မျက်စိပသာဒဖြစ်စရာ ဘာမှမရှိဘူးပေါ့ဗျာ…။ ဒါတောင် ကျွန်တော့်မှာ နေပူမယ့်ဘက်မှာရွေးထိုင်မိတာ၊ ဘေးနားက မုတ်ဆိတ်မွှေး တစ်ပေလောက်နဲ့ အနဲကြီးက သူ့ဧရာမကိုယ်လုံးကြီးနဲ့ ဖိထားတာတွေကို လိုင်းကားအတွေ့အကြုံရင့်ကျက်စွာနဲ့ ဒေါသမထွက်မိအောင် ထိန်းထားရသေးတာ။ Tele Port ကိုရောက်တော့ ၁၂ နာရီ ဆယ်မိနစ်ဖြစ်နေပြီ။ ထင်တဲ့အတိုင်းပဲ ကောင်တာက မမ၀၀က တိုကင် (Token) ယူလို့ မရေတော့ဘူးလို့ ပြတ်ပြတ်သားသားပြောပါတယ်။ “ဒါဆို တနင်္လာနေ့လာဆောင်ရင်ရော” လို့ မေးတော့ “ Internet ဖြတ်မှာ ပါတဲ့.. ကဲ။ ကျွန်တော့်မှာ ပိုက်ဆံပေးရဖို့အရေး ချွေးထွက်အောင်တောင်းပန်ပါသော်လဲ အဆင်မပြေပါ။ ဒေါသတွေ အလိပ်လိုက်တက်လာပေမယ့်လဲ (Tele Port) အချိန်လေးစားမှန်းမသိခဲ့တဲ့ ကိုယ့်အပြစ်နဲ့ကိုယ်သာ။ အင်းပေါ့ ဒီလိုနေရာမျိုးမှာတော့ လေးစားသင့်တာပေါ့…ဟုတ်ဖူးလား :P ။ ဒါပေမဲ့ တေဇာဆိုတဲ့ကောင်ကလဲ ပေါ့တော့တော့၊ ခပ်ခေခေကောင်မှ မဟုတ်တာ။ ဦးထုပ်ခြောက်လုံးစဉ်းစားနည်း (Six Thinking Hat) တို့၊ ရေလောဂျစ် (Water Logic) တို့လို စာအုပ်မျိုးတွေ ဖတ်လာတဲ့ကောင်ပဲ။ ညဏ်ကိုလွှာပြီးသုံးဖို့ ဆုံးဖြတ်လိုက်ပြီး ကျွန်တော် အပြင်ကိုထွက်လိုက်တယ်………….။
အပြင်မှာ (Token) လေးတွေကိုင်ပြီး စိတ်မသက်မသာနဲ့ ပိုက်ဆံပေးဖို့စောင့်နေကြရှာတဲ့ လူလေးငါးရှစ်ယောက်လောက်တွေ့ရတယ်။ ကျွန်တော်က ပါးနပ်စွာပဲ အူတူတူဟန်ပေါက်နေတဲ့ ကုလားလေးကို (Target) ထားလိုက်တယ်။`အစ်ကို ဘီလ်တစ်စောင်ထဲလားဟင်´ လို့ ပျားရည်ဆမ်းထားတဲ့မျက်နှာလေးနဲ့ အစ်ကိုတွေဘာတွေတပ်ခေါ်ပြီး မေးလိုက်တယ်။ `နှစ်စောင်´ ဟု ငနဲသားက မျက်မှောင်ကုပ်ပြီး တုံးတိတိပြန်ဖြေတယ်။ `ကျွန်တော် (Token) ယူလို့မရတော့လို့ ပေါင်းပြီးဆောင်ပေးမလားလို့ ငိုသံပါလေးနဲ့မေးလိုက်တော့ ငတိလေးက ခပ်သွက်သွက်ပဲ ခေါင်းခါပြတယ်။ ရတယ် … ကြိုက်သွားပြီ။ ကျွန်တော် ခေါင်းကို ဘယ်ဘက်အခြမ်းကို လှည့်လိုက်တယ်။ အိုင်တင်အပြည့်နဲ့ထိုင်နေတဲ့ မမပဲက အန္တရာယ်အနံ့ကို ကြိုရတဲ့အလား ကျွန်တော်နဲ့ အကြည့်ချင်းမဆုံအောင် လွှဲနေတယ်။ ဘယ်ရမလဲ… ဒါမျိုးတော့…၊ မိန်းကလေးတွေဟာ ယောက်ျားလေးတွေ၊ အထူးသဖြင့် ခပ်ချောချောကောင်လေးတွေဆိုရင် သနားလွယ်တတ်တယ်ဆိုတာ ငယ်ငယ်လေးထဲက ပီမိုးနင်းရဲ့ မိန်းမစိတ်ကျမ်းထဲမှာပါလို့ ကျွန်တော် သိခဲ့ပြီးသားပဲ။ အသံရော၊ ရုပ်ရော သနားစရာမကောင်း ကောင်းအောင် (အများအမြင်မှာတော့ ဟားချင်စရာဖြစ်ချင်ဖြစ်နေမှာပေါ့လေ…) Mood သွင်းပြီး `အစ်မရော ဘယ်နှစ်စောင်လဲဟင်…´ လို့ တိုက်စစ်ဆင်လိုက်တယ်။ `တစ်စောင်ပဲ…၊ ဒါပေမဲ့ ငါစောင့်နေတာကြာပြီ…. နင်က ခုမှလာပြီးတော့……´
ဘာတတ်နိုင်မှာလဲ…ကဲ…။ ဦးပီပီကြီးကိုသာ စိတ်ထဲမှ မေတ္တာပွားများ၍ တပ်ခေါက်ရတော့တာပေါ့။ ဟော…… တွေ့ပြီ။ ကွာတားပန်ဝတ်ထားပြီး… ပြုံးရွှင်စွာဖြင့် ကျွန်တော့်ကို ကြည့်နေသော ကိုကိုတစ်ယောက်…။ သေချာသွားပြီ…၊ သူ ကျွန်တော့်အဖြစ်ကို မြင်လို့ သဘောလဲကျ ငါကူညီရင်အလွယ်လေးဆိုတဲ့သဘောနဲ့ ရယ်နေတာပဲဖြစ်မယ်။
`အစ်ကို တစ်စောင်ထဲမှတ်လား…´ လို့ ဒီတစ်ခါ ကျွန်တော်က ခပ်ရွှင်ရွှင်မေးလိုက်တယ်။ `အင်း တစ်စောင်ထဲပဲ… အထဲမှာ ဆောင်တောင်ဆောင်နေပြီ´ လို့ သူက ရယ်ကျဲကျဲဖြင့် ပြန်ဖြေသည်။ တောက်…၊ ငါဒုက္ခရောက်နေတာကို မင်းက လူရွှင်တော်ရွှေဖလားလို သဘောထားပြီး ထိုင်ကြည့်နေတာကိုး….။ မဟားဒယားတင်းနေပေမယ့်လဲ လက်လျှော့လို့က မဖြစ်သေး။ Internet အဖြတ်ခံရရင် ချောက်ကျဖို့က ရှိသေးတယ်။ ကျွန်တော် မျက်လုံးဝေ့ကြည့်လိုက်တယ်။ တစ်ယောက်ပဲကျန်တော့တယ်။ ယာကူဇာမျက်နှာပေါက်နှင့် လူကောင်တောင့်တောင့် ဘဲကြီးတစ်ပွေသာ ကျန်တော့တယ်။ ဖောက်ပြီးတဲ့ပုလင်း မထူးတော့ပါဘူး…၊ ဆက်သောက်ရတော့မှာပဲသဘောထားပြီး…. `ကိုကြီးကတော့ တစ်စောင်ထဲမဟုတ်ဘူးနော်´ လို့ မျက်နှာကျောတင်းတင်း ယာကူဇာကြီးအား အားငယ်စွာနဲ့ မေးလိုက်မိတယ်။ `တစ်စောင်ထဲပါ၊ ဒါပေမဲ့ ကိုယ်က နဲနဲကြာဦးမယ်၊ Token နံပါတ် ဝေးသေးတယ်´ ဟု သူက အေးဆေးစွာပြောလိုက်တယ်။ `ဟား…. ရပါတယ်ကိုကြီး၊ ကျွန်တော်စောင့်ပါ့မယ်…၊ ကျွန်တော် စောင့်နိုင်ပါတယ်….၊ Token ယူလို့မရတော့လို့ပါကိုကြီး… နော်….နော်… နော်…။
ဒါပါပဲ…။ ဘာလဲ ရေလောဂျစ် (Water Logic) ၊ ဘာလဲ ဦးထုပ်ခြောက်လုံးစဉ်းစားနည်း… (Six Thinking Hats) ၊ ဘာလဲ မိန်းမစိတ်ကျမ်း…။
အကြိမ်ကြိမ်ခံခဲ့ရဖူးသော (Applied Psychology) လေ….။
ဒီလိုနဲ့ပဲ တစ်နာရီလောက်ကျတော့ ဘီလ်ဆောင်ဖို့ကိစ္စက ပြီးသွားရောဆိုပါတော့…။ ဒါပေမဲ့ အပူက မပြီးသေးဘူးဗျ…။ အိမ်ပြန်လို့မရသေးဘူး…။ အွန်လိုင်းမမနဲ့က ချိန်းရဦးမယ်လေ…။ ဒါနဲ့ ခပ်တည်တည်ပဲ လမ်းဘေးဖုံးဆိုင်ကနေပြီး ဆက်လိုက်ပါတယ်…။ ဒီမမနဲ့ကလဲ ဓာတ်ပုံပဲ မြင်ဖူးတာ..၊ အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူးခင်ဗျ..။ ဖုန်းခေါ်လို့ရတော့ နီးနီးနားနား မြေနီကုန်းမှာ ချိန်းချင်တယ်…။ သူ့ကို ဘယ်နေရာကောင်းမလဲမေးကြည့်တော့ ဒဂုံစင်တာပဲ ရှိတာပဲတဲ့…။ ဒါနဲ့ ကျွန်တော်လဲ Ice Berry ထဲတော့ ၀င်မထိုင်ရဲဘူးလို့ ပြောလိုက်တယ်…။ ဟုတ်တယ်လေ ဈေးကြီးတယ်…။ အဲဒါနဲ့ ရွှေလက်ဖက်ရည်ဆိုင်ရော မကောင်းဘူးလားလို့ မေးကြည့်တော့ မမချောက `လက်ဖက်ရည်ဆိုင်ကြီး ထိုင်ချင်ပါဘူး´ ဆိုပြီး မူတယ်ခင်ဗျ…။
နောက်တော့ Blazon သိလား… အဲဒီမှာ J'Donet ရှိတယ်လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လဲ ယက်ကန်ယက်ကန်နဲ့ J'Donet မှာ သွားစောင့်ရတော့တာပေါ့။ သူ့ကိုက နာရီဝက်လောက် အနဲဆုံးစောင့်ရဦးမှာ…ပြဿနာမရှိဘူး….။ ကျွန်တော့်မှာစာအုပ်ပါတယ်…။ စာအုပ်တစ်အုပ်ပါ ရင် အချိန်ဖြုန်းလို့ရတယ်လေ…။ ဒါနဲ့ သူတက်လာမယ့်လှေကားဘက်ကို ချောင်းလို့ရအောင် ခပ်ကွယ်ကွယ်နေရာကစားပွဲမှာ ထိုင်လိုက်တယ်…။ ပြီးတော့ ဆေးလိပ်မသောက်တတ် ပေမယ့် အလကားရထားတဲ့ Mild Seven ဗူးကို စားပွဲပေါ် တင်ထားလိုက်တယ်…။ ဖြစ်ချင်တော့ ဒီဆိုင်မှာ မီးခြစ်က မရှိ….။ လမ်းဘေးကွမ်းယာဆိုင်အထိ ဆေးလိပ်လေးတစ်လိပ်သောက်ရဖို့ မီးသွားညှိရတယ်…။ ပြီးတော့မှ ဟန်ပါပါနဲ့ ကော်ဖီလေးသောက်၊ Mild Seven လေးဖွာ၊ ယန်းပေါဆတ်ရဲ့ ဖြစ်တည်မှုပဓာန၀ါဒ စာအုပ်လေးဖတ်ရင်း ငြိမ့်နေလိုက်တယ်…။ နဲနဲကြာလာတော့ စာထဲကို စိတ်ကမရောက် တော့ဘူး….။ လာတော့မှာလား…လာတော့မှာလား…နဲ့ အပေါက်ဝဆီပဲ စိတ်ရောက်နေတယ်…။ သူ့ကိုလဲ ကိုယ်က သေသေချာချာမြင်ဖူးတာမဟုတ်….။ ဒါပေမဲ့လာ လာသမျှက စုံတွဲတွေချည်းပဲ…။ Lucky Draw လေးသွားလှည့်လိုက်၊ မုန့်လေးခွံ့ကျွေးလိုက်နဲ့ အဖြစ်သည်းနေလိုက်ကြတာ…ငါနော်…။ ဘေးဘက်က စားပွဲမှာ မမနှစ်ယောက်လာထိုင်တော့ နှစ်ယောက်တွဲကြီး ရောက်လာပြီလား ထင်လိုက်မိသေးတယ်…။ ဒါပေမဲ့ သူတို့ကိုလဲ စေ့စေ့မကြည့်ရဲနဲ့…ကိုယ့်ကိုလဲ စိုက်ကြည့်နေတယ်ထင်လိုက်မိတော့… စာထဲစိတ်ဝင်စားချင်ယောင်ဆောင်ပြီး ငြိမ်နေလိုက်တယ်…။ ခဏနေတော့ သူတို့ထွက်သွား တော့မှ… မဟုတ်မှန်းသေချာသွားတယ်…ဟူး….။ ဖတ်နေတဲ့ ယန်းပေါဆတ်ရဲ့ သြ၀ါဒတွေကလဲ `မျှော်လင့်ချက်မဲ့ စိတ်ပျက်ရမှု´ (Anguish) တို့၊ `စွန့်ပစ်ခံရခြင်း (Abandoned) ´ တို့ဆိုတော့ ထိုင်ရင်းထိုင်ရင်းနဲ့ ငါတော့ အဘတ်ခံရပြန်ပြီလို့ ထင်လာတယ်…။ အဲဒီအချိန်မှာပဲ… Blazon အထဲကပြန်ထွက်လာတဲ့ မမချောက Mobile ကြီးကိုင် စကားတွေတွတ်တွတ်ပြောလာရင်း ကျွန်တော့်ကိုလှည့်ကြည့်ပြီး ရယ်ပြတယ်…။
ဟား… ဟုတ်တယ်… သေချာပြီ..၊ သူပဲ..ဟဲဟဲ…။ မချောက ကျွန်တော့်ဆီ မလာသေးဘူးခင်ဗျ..။ ဖုံးကြီးကိုင်ပြီး ကျွန်တော့်ကို ကျောခိုင်းပြီး လေကြောမပြတ်ဖြစ်နေသေးတယ်….။ သူပြောချင်တာတွေ ပြောလို့ဝမှ ကျွန်တော့်ဆီကို စပ်ဖြီးဖြီးနဲ့ရောက်ချလာတယ်…။ ကြာပြီလား ဘာညာ ဟိုပြောဒီပြောလုပ်ပြီး ကျွန်တော်တို့လဲ စကားလက်ဆုံကျကြတာပေါ့…။
စကားလက်ဆုံကျတယ်ဆိုတာက ဒီလို။ ကျွန်တော့်ကို တစ်ခွန်းမေးလိုက်… ကျွန်တော်ကနှစ်ကြောင်းသုံးကြောင်းလောက်ဖြေလိုက်….၊ ပြီးရင် သူ့အလှည့်ပဲရောက်သလိုလိုနဲ့ ဆယ့်ငါးမိနစ်လောက်ကြာအောင်… စကားတွေ အမြှင်မပြတ်ပြောလိုက်…။ နောက်တော့ ရယ်လိုက်နဲ့…။ သူ့ပြောပုံဆိုပုံကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဟက်ဟက်ပက်ပက်ရှိတယ်ဗျ…။ ပြီးရင် တဟားဟားနဲ့ ရယ်ပြီး သူ့ပါးစပ်ကြီးကိုလဲ လက်နဲ့ ပြန်ပြန်ပိတ်သေးတယ်…။ ကျွန်တော့်မှာတော့ အားရပါးရရယ်ချင်ပေမယ့် သွားကကွမ်းဂျိုးတွေကို မမြင်စေချင်တော့ ပါးစပ်ဖွင့်ရမလို၊ ပိတ်ရမလိုနဲ့ ကိုးရိုးကားနဲ့ပေါ့ဗျာ…။
ဒီလိုပဲ သူ့ရီးစားဟောင်းတွေအကြောင်း အလိုက်ကမ်းဆိုးမသိပြောလိုက် ရယ်လိုက် လုပ်နေတာကို ကျွန်တော်ကလဲ ဘာမှမဖြစ်သလို၊ သဘောထားကြီးတဲ့ဟန်နဲ့ လိုက်ရယ်နေလိုက်ရတယ်။
(ဆက်ရန်)
(ဆက်ရန်ဆိုလို့ သိပ်လဲမျှော်လင့်မထားကြနဲ့ဦး။ ရေးဖို့စိတ်ပါမှနော်..ဟဲဟဲ..)
ဆက်ရန်ဆိုတာကို မဆက်သေးခင် ဒီ Post လေးနဲ့ပတ်သက်လို့ ပြောပါရစေဦး။ ကျွန်တော့် Post တွေဟာ ခေါင်းစားစရာ၊ ခေါင်းရှုပ်စရာတွေချည်းပဲဖြစ်နေလို့ တစ်ခါတစ်လေတော့လည်း Fancy သဘောမျိုး ပေါ့ပေါ့ ပါးပါးလေးတွေ ရေးမယ် စဉ်းစားထားတာ ကြာပါပြီ။ အခုမှ အဲဒီလို Fancy သဘောမျိုး နည်းနည်းသက်ရောက်တဲ့ ဒီ Post လေးကို မတော်တဆ ရေးမိသွားတာပါ။ ဒါ ဖြစ်ရပ်မှန် (True Story) ပါ။ Post ကို မပြီးမပြတ်နဲ့ ဆက်ရန်ဆိုပြီး တင်ထားတုန်း မထင်မှတ်ဘဲ ကြိုက်ပါတယ်၊ ဖတ်ချင်ပါတယ်၊ ဆက်ရေးပါ ဆိုတဲ့ Message လေး တစ်ယောက်စနှစ်ယောက်စဆီက ၀င်လာတော့ ကျေနပ်မိပါတယ်။ ဒါပေမဲ့ ပြဿနာက ကျွန်တော့်မှာ ဒီ Post အတွက် ကျေနပ်လောက်စရာ လှလှပပ ဇာတ်သိမ်းမျိုး မရှိဘူးဖြစ်နေတယ်။ လံကျုပ်ဇာတ်လမ်းတစ်ခု ဖန်တီးရင် (မန်းလိုက်ရင်) ဖြစ်နိုင်သော်လည်း ကျွန်တော့်အနေနဲ့ အဖြစ်မှန်က သွေဖည်မသွားချင်ပါ။ ကျွန်တော် စိတ်ကူးယဉ်ဝတ္ထု ရေးနေခြင်း မဟုတ်ပါ။ ဒါပေမဲ့လည်း လက်ဆော့ထားမိတဲ့ ကိုယ့်အပြစ်နဲ့ကိုယ်၊ မြှောက်ပေးရင် အသက်ထွက်အောင် ကတတ်တဲ့ (ဟဲဟဲ ဒီစကားရှိရဲ့လား။ ကျွန်တော် မှားရေးမိလိုက်ပြီ) ကိုယ့်အပြစ်နဲ့ကိုယ် ကျွန်တော် ဆက်ရေးရပါတော့မယ်။ ကြုံတုန်း ကျွန်တော် ဆရာလျှောက်လုပ်ကြည့်ဦးမယ်ဗျာ။ တကယ့်ဖြစ်ရပ်နဲ့ ၀တ္ထုဆိုတာ များသောအားဖြင့် အလှမ်းကွာဟလှပါတယ်။ ဆွတ်ပျံ့ကြည်နူးဖွယ်ဇာတ်သိမ်းမျိုးဆိုတာ လက်တွေ့ဘ၀မှာ ဖြစ်နိုင်ဖို့မလွယ်လှဘူး။ ဒါကြောင့် ကျွန်တော် ပေါက်တတ်ကရ လျှောက်ရေးထားတဲ့ Post လေးဟာ အဆုံးမှာ ဘာမှမဟုတ်ခဲ့ရင် မညိုငြင်ကြပါနဲ့ဗျာ။ Realism လို့သာ နားလည်ပေးကြပါ… ဟဲဟဲ..။ စပြီနော်..။
ဒီလိုနဲ့ စကားပြောနေလိုက်ကြတာ အတော်လေးကြာသွားပါတယ်။ ပြန်သင့်တဲ့အချိန်ရောက်ပြီလို့ ပြောရမှာပေါ့။ မရိုးမသားစိတ်နဲ့ ချိန်းထားတာမှန်ပေမဲ့ ချစ်တယ်ကြိုက်တယ်ပြောဖို့ဝေးလို့ ရိုမန်တစ်ဆန်ဆန်စကားလေးတောင် မပြောဖြစ်လိုက်ပါဘူး။ စိတ်ကူးဆိုတာက ယဉ်လို့ကောင်းတယ်ဗျ။ လက်တွေ့အဖြစ်အပျက်ဆိုတာက စွန့်စားမှု ပါတယ်။ သတ္တိရှိဖို့လိုတယ်။ ကျွန်တော့်မှာ ဆော်ကြည်တဲ့ တော်ကီတွေ တစ်လုံးမှရှိတာ မဟုတ်ဘူး။ ပြောလိုက်မိရင်လည်း အခြေအနေကောင်းလိမ့်မယ်လို့ မယုံကြည်ရိုးအမှန်ပါ။ ကျွန်တော့်မမပုံစံက အခင်မင်ဆုံး သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်နေသလို ပြောနေတာဆိုတော့ ကျွန်တော်လည်း အားနာမိတယ်။ ကိလေသာ ကိလေသာသတ်သတ်။ သမာဓိပျက်တာ သမာဓိပျက်တာသက်သက်ပေါ့။ လူ့ယဉ်ကျေးမှုတို့၊ အထိုက်အလျောက်ဆက်ဆံမှုတို့ (ခေတ်အခေါ် အထူအပါးပေါ့) သိသိကြီးနဲ့ ဂရုမစိုက်လွန်းလို့ ချောက်ကျခဲ့တာလည်း အကြိမ်ကြိမ်ဆိုတော့ ရှိပြီးသားခင်မင်မှုလေးပါ ပျက်စီးသွားမှာ ကြောက်တယ်ဗျာ။ ဒီနေရာမှာ ပြောချင်တာရှိသေးတယ်။ အဲဒီလို သူငယ်ချင်းကိုချစ်တယ်ပြောလိုက်လို့ စိတ်ဆိုးသွားမှာတို့ အခင်အမင်ပျက်သွားတာတို့ဆိုတဲ့ Effect ကို ကျွန်တော့်အနေနဲ့ လုံးဝ နားမလည်နိုင်ဘူး။ ကိုယ့်ကိုချစ်တာ စိတ်ဆိုးစရာ၊ စိတ်နာစရာကိစ္စလား။ သက်သက်ပဲပေးတာလို့ပဲ ကျွန်တော် မြင်ပါတယ်။ ဒါကျွန်တော့် အမြင်သက်သက်နော် လက်တွေ့တော့မဟုတ်ဘူး။ ကျွန်တော့်ကို ချစ်တယ်ပြောလာတဲ့ကောင်မလေး အခုအရွယ်အထိ တစ်ယောက်မျှမကြုံဖူးသေးဘူး ဟဲဟဲ။ ကိုရီးယားဇာတ်လမ်းတွဲတွေကြောင့် မြန်မာ့ယဉ်ကျေးမှု ထိခိုက်တယ် ဘာညာနဲ့…ဘယ်မှာလဲ။ ကျွန်တော်ပဲ ကံဆိုးတာ ( ကံကောင်းတာလဲဖြစ်နိုင်တယ်) လားကောင်းတာလားတော့ ပြောတတ်ဘူး။
ခုနနေရာကို ပြန်ကောက်ရရင် ဒါနဲ့ပဲ ပြန်ဖြစ်သွားတယ်ဆိုပါတော့။ သူက Blazon မှာဈေးဝယ်ဦးမယ်တဲ့။ ဒီလိုနဲ့ တာ့တာလုပ်ပြီး ပြန်ခဲ့လိုက်တော့တယ်။ (အဖျားရှူးသွားတယ်မထင်ကြပါနဲ့။ လက်တွေ့ဘ၀ဟာ ၀တ္ထုတစ်ဗုဒ်လို ဖတ်ကောင်းအောင်ရေးထားတာ မဟုတ်ပါ။ ကျွန်တော့်အနေနဲ့ကလဲ ၀တ္ထုဖတ်ရာမှာတောင် အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတဲ့ ခပ်ညံ့ညံ့ဇာတ်သိမ်းမျိုးဆို အလွန်မုန်း…) သူငယ်ချင်းတို့အနေနဲ့ရော ယောက်ျားလေးဆိုရင် ကျွန်တော့်နေရာမှာ ဘယ်လိုလုပ်မလဲ၊ မိန်းကလေးဆိုရင်ရော ကျွန်တော့်လို အူကြောင်ကြောင်ငတိကို ဘယ်လိုသဘောထားမလဲ သိချင်ပါတယ်။ ဆွေးနွေးပေးပါ။ အောက်ဆုံးမှာ C Box ရှိပါတယ် ဟဲဟဲ။
တစ်ယောက်ထဲပြန်ခဲ့တော့မှပဲ နေ့လယ်စာမစားရသေးလို့ ဗိုက်က သံချောင်းခေါက်နေတာ သတိထားမိတယ်။ တစ်ခါတစ်ရံ ချွေတာတဲ့ (များသောအားဖြင့်က ဖြုန်းတတ်လို့) အိမ်ရောက်မှစားတော့မယ်လို့ စဉ်းစားလိုက်သေး ပေမယ့် ဂျင်းဘောင်းဘီကျပ်ကျပ်နဲ့ ရှမ်းတရုတ်မလေးတွေ့တာနဲ့ ရှမ်းခေါက်ဆွဲကောင်းလိမ့်မယ်လို့ ယုံကြည်စွာနဲ့ စိတ်ကိုအလိုလိုက်ပြီး ၀င်စားလိုက်မိပါတယ်…။ ဟဲဟဲ..ဒီ Logic လည်း ထုံးစံအတိုင်း လွဲတာပါပဲ။ ရှမ်းမလေးလှသော်လည်း သူလုပ်တဲ့ ရှမ်းခေါက်ဆွဲကတော့ သိပ်မစွံလှဘူး။ ဒါပေမဲ့ ခေတ်သစ် စိုင်းစိုင်မောဝ် ကျွန်တော်ကတော့ သိပ်မမှုတော့ပါ။ ဒီနေ့အဖို့မှာ စိတ်က အရမ်းကိုကြည်လင်ပြီး ပျော်ရွှင်နေပြီ။ မနက်က အဆင်မပြေခဲ့သမျှ ခေါင်းထဲလုံးဝမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့လဲ ဘာမှမဟုတ်ဘူး။ အဲလိုပဲ စကားပြောခဲ့ ရယ်ခဲ့ရတာလေးတွေကိုပဲ အလိုလိုပျော်နေတာ။ ကိုယ့်ကိုယ်ကိုလည်း တွေးပြီး ရှက်သလိုလိုဖြစ်မိပါတယ်။ Love Affair ဆိုတာ ကျွန်တော့်ဘ၀မှာ ပြောပလောက်အောင်မှ မရှိခဲ့ပဲ။ ကဲ ဇာတ်လမ်းကတော့ဒါပါပဲဗျာ…။
အပြန်ကားပေါ်မှာတော့ ခြေထောက်တက်နင်းတဲ့ အန်တီကြီးကိုလဲ ရတယ်ခင်ဗျလို့ သဘောထားကြီးစွာနဲ့ ကျေကျေနပ်နပ်ကြီးခွင့်လွှတ်။ ပြန်အမ်းစရာ တစ်ရာတန်မရှိတဲ့ ကိုရွှေစပယ်ယာလေးကိုလဲ အပြစ်မမြင်။ အင်းယားကန်ဘောင်မှာ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေကို ကြည့်ရင်းလည်း ကြည်နူးမိ။ ဘောင်းဘီဂွကျ၊ ဦးထုပ်နောက်ပြန်နဲ့ ပုခုံးဝင်တိုက်သွားတဲ့ ချာတိတ်လေးတစ်စုကိုလဲ ကိုယ်ကတောင် ပြန်တောင်းပန်လိုက်သေး.. ဟဲ..ဟဲ…။ (မနက်ကတွေ့ရင် မင်းတို့နာပြီ)။
ဤတွင် မြန်မာ့အသံမှ ဇာတ်လမ်းပမာနားဆင်စရာအခန်းကို တင်ဆက်လို့ပြီးပါပြီရှင်…. အဲ ဗျာ…။ :P

Comments
Post a Comment