Skip to main content

“ဘုရားသခင်၏ အမည်တော် သန်းကိုးထောင်”

`ဖြစ်ရိုးဖြစ်စဉ်တော့ သိပ်မဟုတ်ဘူး´ ဟု အံ့အားသင့်မှုကို ဖုံးကွယ်ဖို့ အနိုင်နိုင်ကြိုးစားရင်း ဒေါက်တာဝဂ္ဂနာ ပြောလိုက်သည်။ `အလိုအလျောက်ရှေ့နောက်စီစဉ်နိုင်တဲ့ ကွန်ပြူတာကို တိဘက်ဘုန်းကြီးကျောင်း တစ်ခုဆီက မှာတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်ဖြစ်မယ်လို့ ကျွန်တော်ထင်တာပဲ၊ ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ၊ ကျွန်တော်စဉ်းစားနေတာက ကိုယ်တော်တို့ရဲ့ ဟို... အဖွဲ့အစည်းအနေနဲ့ ကွန်ပြူတာလို စက်ပစ္စည်းကို ဘယ်လိုနေရာမှာ သုံးမလဲဆိုတာကိုပါ။ ဒီစက်နဲ့ ဘာလုပ်ဖို့ရည်ရွယ်ထားသလဲ ဆိုတာ ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား...´
`၀မ်းမြောက်ဝမ်းသာပေါ့´

သူ၏မှတ်စုစာအုပ်သေးသေးလေးအား ဘေးဘက်သို့ ဂရုတစ်စိုက်တွန်းဖယ်ရင်း လားမားကြီးက ဖြေသည်။ `ဒကာတို့ရဲ့ မာ့ခ်(၅) Mark (5) ကွန်ပြူတာက ကိန်းဂဏန်းဆယ်လုံးအထိပါတဲ့ သုံးနေကျ သင်္ချာတွက်နည်းတွေအားလုံးကို လုပ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်တော်တို့အလုပ်နဲ့ပတ်သက်လို့တော့ ကိန်းဂဏန်းထက် အက္ခရာတွေကို ကိုယ်တော်တို့ ပိုစိတ်ဝင်စားတယ်။ ဒါကြောင့်မို့ ကွန်ပြူတာကို ကိန်းဂဏန်းတွေအစား အက္ခရာတွေ ပုံနှိပ်ထုတ်ဝေနိုင်အောင် ပြောင်းပေးဖို့ ကိုယ်တော်တို့ ဆန္ဒရှိတယ်...´
`ကျွန်တော် သိပ်နားမလည်သေးဘူး´
`တကယ်တော့ ကျောင်းတော်ကြီး ပထမဦးဆုံးစတည်ချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ အတွင်း ကိုယ်တော်တို့ဟာ ဒီအလုပ်အတွက်ပဲ ဘ၀ကို မြှုပ်နှံထားခဲ့ကြတယ်။ ဒါဟာ ဒကာတို့ အတွေးအခေါ်နဲ့တော့ နဲနဲစိမ်းနေမယ်ထင်တယ်။ ဒါကြောင့် ကိုယ်တော်ရှင်းပြတဲ့အခါမှာ ဒကာတို့ စိတ်ကို ပွင့်ပွင့်လင်းလင်းထားပြီး နားထောင်စေချင်ပါတယ်´´
`သဘာဝကျပါတယ် ကိုယ်တော်´
`တကယ်တော့ ဒီအလုပ်က အတော်လေးရိုးစင်းပါတယ်၊ ကိုယ်တော်တို့ဟာ ဘုရားသခင်ရဲ့ ဖြစ်နိုင်တဲ့အမည်တွေ အားလုံးပါဝင်တဲ့ စာရင်းတစ်ခုကို ပြုစုနေခဲ့ကြတာဖြစ်တယ်´
ဒေါက်တာဝဂ္ဂနာ၏ မျက်လုံးများမှာ ကျယ်လောင်စွာ ပြူးထွက်သွားလေသည်။

`ယုံကြည်ဖို့ရာအကြောင်းရင်း ကိုယ်တော်တို့မှာ ရှိတယ်´ လားမားကြီးက တည်ငြိမ်စွာ ဆက်ပြောသည်။
`အဲဒီနာမည်တွေအားလုံးကို ကိုယ်တော်တို့တီထွင်ထားတဲ့ စားလုံးကိုးလုံးထက်ကျော်အောင် မပါဝင်တဲ့ အက္ခရာတွေနဲ့ပဲ ရေးနိုင်တယ်´
`ဒါဆို ကိုယ်တော်တို့ နှစ်ပေါင်း ၃၀၀ လုံးလုံး ဒီအလုပ်ကို လုပ်နေခဲ့တယ်ပေါ့´
`မှန်တယ်၊ ဒီအမည်စာရင်းကို အဆုံးသတ်နိုင်ဖို့အတွက် နှစ်ပေါင်း ၁၅၀၀၀ လောက် အချိန်ယူရမယ်လို့ ကိုယ်တော်တို့ ခန့်မှန်းထားတယ်´
`အိုး....´ ဒေါက်တာဝဂ္ဂနာ ဖြေးညင်းစွာ ရေရွတ်လိုက်သည်။ `ဟုတ်ကဲ့၊ ကိုယ်တော်တို့ ဘာကြောင့် ကျွန်တော်တို့ကွန်ပြူတာကို လိုချင်မှန်း သိပါပြီ။ ဒါပေမဲ့ ဒီအမည်စာရင်းပြုစုရတဲ့ ကိုယ်တော်တို့ရဲ့
တကယ့်ရည်ရွယ်ချက်က...´

စက္ကန့်အနည်းငယ်မျှ လားမားကြီးတွေဝေသွားသောကြောင့် မိမိ၏မေးခွန်းသည် ၎င်းအား စိတ်အနှောင့် အယှက်ဖြစ်သွားစေပြီလားဟု ဒေါက်တာဝဂ္ဂနာ တွေးလိုက်မိသည်။ သို့သော် ယခင်အတိုင်းပင် တည်ငြိမ်ယဉ်ကျေးသောလေသံဖြင့် လားမားကြီးထံမှ ပြန်ဖြေသံ ထွက်ပေါ်လာသည်။

§ § § § § § §

`ဒါဟာ ကိုယ်တော်တို့ယုံကြည်ချက်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းပဲ၊ ကြီးကျယ်မြင့်မြတ်တဲ့ မဟာရှင်သန်မှုရဲ့ အမည်တွေအားလုံး.....၊ ဘုရား၊ အလ္လာ၊ ယောဝါ စသည်ဖြင့်ပေါ့.....၊ အားလုံးဟာ လူသားတွေက ဖန်တီးပညတ်ထားတဲ့ အမည်နာမတွေချည်းပဲ။ ကိုယ်တော်တို့အနေနဲ့ ဒီနေရာမှာ မဆွေးနွေးချင်တဲ့ ဒီကိစ္စရဲ့ ပြဿနာတစ်ခုရှိပါတယ်။ ဒါပေမဲ့ စာလုံးတွေကို ဖြစ်နိုင်တဲ့နည်းအားလုံးနဲ့ ရှေ့နောက်ပြောင်းစီစဉ်ထားမှုကြားထဲက တစ်နေရာမှာ ဘုရားသခင်ရဲ့ အစစ်အမှန်အမည်လို့ ဆိုနိုင်တာတစ်ခု ရှိတယ်လို့ ကိုယ်တော်တို့ ယုံကြည်တယ်။ စာလုံးတွေကို စီနိုင်လို့ရသမျှဖြစ်နိုင်တဲ့နည်းအားလုံးနဲ့ စီသွားခြင်းအားဖြင့် နောက်ထပ်စီနိုင်စရာ မရှိတော့တဲ့အထိ စာရင်းတစ်ခုပြုစုဖို့ ကိုယ်တော်တို့ ကြိုးစားနေတယ်´

`ကျွန်တော် သဘောပေါက်ပြီ၊ AAAAAAA ကနေစပြီး ZZZZZZZ အထိရောက်ဖို့ ကိုယ်တော်တို့

လုပ်နေကြတာလား.....´

`အမှန်ပဲပေါ့....၊ ဒါပေမဲ့ ကိုယ်တော်တို့ရဲ့ ကိုယ်ပိုင် အထူးအက္ခရာတွေကို သုံးပြီး စာရင်းပြုစုတာဖြစ်တယ်။ ကိုယ်တော်တို့ရဲ့ ဘာသာစကားကို ဒကာနားမလည်တော့ အသေးစိတ်ရှင်းပြရရင် အရမ်းရှည်မှာ စိုးပါတယ်လေ´
`ဟုတ်တာပေါ့ အရမ်းရှည်သွားမှာပေါ့ ´ ဒေါက်တာဝဂ္ဂနာ ကတိုက်ကရိုက်ပြောလိုက်သည်။
`ကံကောင်းတာက ဒကာတို့ရဲ့ အလိုအလျောက် ရှေ့နောက်ပြောင်း စီစဉ်ပေးနိုင်တဲ့ ကွန်ပြူတာကို ကိုယ်တော်တို့အလုပ်နဲ့ဆီလျော်အောင် အက္ခရာတွေပုံနှိပ်ပေးနိုင်ဖို့ လိုအပ်တဲ့ပြောင်းလဲမှုလုပ်ရာမှာ အတော်လေးလွယ်ကူတာပဲ။ နှစ်ပေါင်း ၁၅၀၀၀ အချိန်ယူရမယ့်အစား ရက်ပေါင်း (၁၀၀) အတွင်း ကိုယ်တော်တို့လုပ်ငန်းကြီးကို အပြီးသတ်နိုင်မယ်လေ´

ရုံးခန်း၏ အောက်ခြေအဝေးမှ နယူးယောက်လမ်းမများ၏အသံကို ဒေါက်တာဝဂ္ဂနာ ကြားနေရ၏။ သို့သော် သူကိုယ်တိုင်ကမူ အခြားကမ္ဘာတစ်ခုကို ရောက်နေသကဲ့သို့ ခံစားနေရသည်။ ၎င်းတို့၏ မြင့်မားသော အဝေးအရပ်.....၊ အထီးကျန်ဆန်သော တောင်တန်းများ.....၊ အဓိပ္မါယ်ကင်းမဲ့သော စကားလုံးများကို စာရင်းပြုစုခြင်းအလုပ်ကို ဤလားမားကြီးများ နှစ်ပေါင်းများစွာ ဇွဲနပဲကြီးစွာ လုပ်ဆောင်နေခဲ့ကြသည်။ လူသားတွေရဲ့ ရူးမိုက်မှုတွေဟာ အဆုံးမရှိတော့ဘူးလား....။ ဒါပေမဲ့ သူဘာတွေတွေးနေသလဲဆိုတာ ပြလို့မဖြစ်....၊ စားသုံးသူသာ အမြဲတမ်းအမှန်မဟုတ်လား.......။

`မာ့ခ် (၅) ကွန်ပြူတာကို ကိုယ်တော်တို့လိုချင်တဲ့အတိုင်း ပုံနှိပ်နိုင်အောင် ပြောင်းဖို့ကိစ္စက သံသယရှိစရာ မလိုပါဘူး။ ကျွန်တော်စိုးရိမ်မိတာက ကိုယ်တော်တို့အရပ်ကို ရောက်တဲ့အခါ ကွန်ပြူတာဟာ ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ အခြေအနေမှာရှိနေမှန်း သေချာအောင်လုပ်ဖို့ ကိစ္စပါ။ အခုအချိန်မှာက တိဘက်ကပစ္စည်းတွေကို အပြင်ပြန်ထုတ်ဖို့ သိပ်မလွယ်ဘူးလေ…´

`ဒါကို ကိုယ်တော်တို့ စီစဉ်နိုင်ပါတယ်၊ ကွန်ပြူတာကို တစ်စစီဖြုတ်သွားရင် လေကြောင်းနဲ့ သယ်ယူဖို့ အဆင်ပြေမှာပါ။ အဲဒီအစိတ်အပိုင်းတွေကို ဒကာတို့ အိန္ဒိယအထိ ပို့နိုင်ရင် ကိုယ်တော်တို့ လာပြီး ယူနိုင်ပါလိမ့်မယ်…´

`ဒါဆို ကိုယ်တော်တို့ ကျွန်တော်တို့ဆီက အင်ဂျင်နီယာ တစ်ယောက်နှစ်ယောက်လောက် ငှားသွားရင် အဆင်ပြေတာပေါ့´
`ကောင်းပါပြီ၊ ကိုယ်တော်တို့အလုပ် ပြီးတဲ့အချိန်အထိ (၃) လလောက်ပေါ´့
`ရပါတယ်ကိုယ်တော် ပြသနာမရှိပါဘူး´ ဒေါက်တာဝဂ္ဂနာက မှတ်စုစာအုပ်ထဲ ရေးမှတ်ထား လိုက်သည်။
`နောက်အချက်နှစ်ချက် ရှိတာက ….. ´

သူ့စကားအဆုံးမသတ်မီမှာပင် လားမားကြီးက စာရွက်တစ်ခုကို ထုတ်လိုက်သည်။
`ဒါက ကိုယ်တော်တို့ရဲ့ ဘဏ်လက်မှတ်ပါ။ ဒကာမြင်တဲ့အတိုင်း မန်နေဂျာလက်မှတ် ထိုးပြီးသားပါ´
`ကျေးဇူးတင်ပါတယ် ´ ဘဏ်လက်မှတ်ပေါ်ရှိ ကိန်းဂဏန်းပမာဏ ကိုကြည့်ရင်း ဒေါက်တာဝဂ္ဂနာက
ပြောလိုက်သည်။ `လောက်ပါလိမ့်မယ် ကိုယ်တော်´

`နောက်မေးခွန်းတစ်ခုကတော့ နဲနဲများ ရယ်စရာကောင်းနေမလားမသိဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ ဒီလို အသေးအဖွဲလေးတွေကလည်း မေ့သွားတတ်တယ်လေ။ ကိုယ်တော်တို့ဆီမှာ လျှပ်စစ်မီးရှိပါသလား…´ `ရှိပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းထဲက လျှပ်စစ်မီးပေးနိုင်တဲ့စက်တစ်ခုကို ကိုယ်တော်တို့ တည်ဆောက်ပြီးပါပြီ။ အဲဒီစက်က ကောင်းကောင်း အလုပ်လုပ်ပါတယ်…´

`ကောင်းပါပြီ ကိုယ်တော်´

တိဘက်ကျောင်းတော်ကြီးပေါ်မှ မြင်ရသောမြင်ကွင်းမှာ အစပိုင်းတွင် လူတစ်ယောက်ကို အသက်ရှူမှားစေလောက်သည်။ ဒါပေမဲ့ လူဆိုသည်မှာ အချိန်တန်လျှင် မည်သည့်အရာနှင့် မဆို ကျင့်သားရစမြဲဖြစ်၏။ ဤအရပ်သို့ရောက်ပြီး သုံးလမျှကြာသည့်တိုင်အောင် မီတာ (၇၀၀)မျှ နက်ရှိုင်း၍ တောင်ကြားအတွင်းသို့ ဦးစိုက်ဆင်းသွားသော ချောက်ကမ်းပါးကို ဂျော့ လုံးဝသတိမထားမိသေး။ ကျောင်းတော်ကြီး၏ အပြင်ဘက်ရှိ လေဒဏ်သက်သာအောင် ကာကွယ်ပေးသော ကျောက်တုံးကြီးဘေးတွင် ရပ်နေရင်း အဝေးမှ တောင်များကို သူ ဆွေးဆွေးမြေ့မြေ့ ငေးကြည့်နေမိသည်။ သူ့အတွက်တော့ ဤတောင်များ၏ အမည်နာမကိုသိရန် ဘယ်တုန်းကမှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။

သူ့ဘ၀တွင်ကြုံတွေ့ဖူးခဲ့သမျှ ဖြစ်ရပ်များထဲတွင် ဤသည်မှာ အရူးသွပ်ဆုံးဖြစ်ရပ်ဟု သူတွေးနေမိသည်။ အဓိပ္မါယ်ကင်းမဲ့သော စကားလုံးများဖြင့် ပြည့်နှက်နေသော စာရွက်များကို မာ့ခ် (၅) ကွန်ပြူတာဖြင့် ရိုက်နှိပ်ထုတ်ဝေနေခဲ့သည်မှာ ယခုဆိုလျှင် သီတင်းပတ်များစွာ ရှိခဲ့ပြီ ဖြစ်သည်။ စိတ်ရှည်သည်းခံခြင်း၊ အဆုံးမသတ်နိုင်ခြင်းတို့ဖြင့် ကွန်ပြူတာသည် စကားလုံးများကို ဖြစ်နိုင်သမျှနည်းပေါင်းများစွာဖြင့် အပြန်အလှန် စီစဉ်နေသည်။ ပရင်တာမှ (Printer) မှ စာရွက်တစ်ရွက်ထွက်လာတိုင်း လားမားကြီးများသည် ဂရုတစ်စိုက်ဖြတ်တောက်၍ ဧရာမစာအုပ်ကြီးထဲသို့ သွင်းနေကြသည်။ နောက်ထပ် တစ်ပတ်ခန့်ကြာ လျှင်တော့ ကံကောင်းထောက်မ၍ ပြီးလောက်ပါပြီဟု ဂျော့ တွေးနေမိသည်။ စာလုံးဆယ်လုံး၊ သို့မဟုတ် ထို့ထက်ပို၍ ဆက်စီဖို့မလိုအပ်ဟု အဘယ်ကြောင့် လားမားကြီးများ ဆုံးဖြတ်ကြသလဲ ဂျော့မသိ။ ၎င်းတို့၏အစီအစဉ်ပြောင်းသွားမည်ကို ဂျော့အနေဖြင့် အကြီးအကျယ် ထိတ်လန့်နေမိသည်။ နောက်တော့ လားမားခေါင်းဆောင်ကြီး `ဆမ်´…။ (သူ၏အမည်မှန်မှာ ခက်လွန်းသောကြောင့် သူတို့က ဆမ်ဟုပင် အလွယ်ခေါ်လိုက်သည်) သူက ဤအလုပ်ကို အေဒီ ၂၀၆၀ အထိ ဆက်လုပ်ရမည်ဟု ရုတ်တရက်မိန့်လိုက်လျှင် ကိုယ်ကျိုးနြဲပီ။

ထူထဲလေးလံသော သစ်သားတံခါးကြီး၏မြည်သံကို နားထဲတွင် ဂျော့ကြားလိုက်ရသည်။ သူ၏တစ်ဦးတည်းသောအဖော် `ချက်´သည် သူရှိနေရာတံတိုင်းဆီသို့ ထွက်လာသည်။ ထုံးစံအတိုင်း ချက်က စီးကရက်တစ်လိပ်ကို သောက်လာသည်။ သူ၏စီးကရက် သောက်တတ်မှုကြောင့်ပင် လားမားဘုန်းကြီးများကြား သူ့ကိုအသိများသည်။ တကယ်တမ်းတော့ ဤလားမားဘုန်းကြီးများသည်လည်း လူ့ဘ၀၏နှစ်သက်ခံစားစရာ အာရုံများအားလုံးကို အလိုရှိကြသည်သာဖြစ်၏။ ဘာပဲဖြစ်ဖြစ် ထိုအတွက်တော့ သူတို့ကို ကျေးဇူး တင်သင့်ပေသည်။ သူတို့သည် ရူးသွပ်နေကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် မိမိကိုယ်ကို ပျော်ရွှင်အောင် နေထိုင်ဖို့ရာလည်း အဆင်သင့်ဖြစ်နေကြသည်မဟုတ်လား…။

`နားထောင်ဦး ဂျော့´ ချက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ `ပြဿနာဖြစ်လာနိုင်တဲ့
အချက်တစ်ချက်ကို ကျွန်တော် သိလာတယ်´
`ဘာမှားလို့လဲချက်… ကွန်ပြူတာက ကောင်းကောင်းအလုပ်မလုပ်တော့ဘူးလား´
ဂျော့အတွက်တော့ အခုအချိန်တွင် အဆိုးရွားဆုံးအရာမှာ ကွန်ပြူတာ ချို့ယွင်းသွားခြင်းသာဖြစ်သည်။

ဤသို့ဖြစ်လျှင် သူတို့၏အိမ်ပြန်ခရီးကို မလွဲမသွေ နှောင့်နှေးစေတော့မည်။ ထို့ထက်ဆိုးရွားသောကိစ္စ ဂျော့အတွက်မရှိတော့ပေ။ ထိုခဏ၌ သူ၏ရင်ထဲတွင် အိမ်ပြန်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။ “မဟုတ်ဘူး၊ အဲဒီလိုမျိုးမဟုတ်ဘူးဂျော့” ချက်က ကမ်းပါးအစွန်းရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ၀င်ထိုင်ရင်း ပြောလိုက်သည်။ ဤသည်မှာ အမြင့်ကြောက်တတ်သော ဂျော့အတွက် ပုံမှန် အပြုအမူတစ်ရပ်တော့ မဟုတ်ပေ။

“ဒီအလုပ်အကြောင်းအားလုံးကို အခုလေးတင် ကျွန်တော် သိလာတယ်”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ ချက်။ ဒီအလုပ်အကြောင်းကို အစထဲက ကျွန်တော်တို့ သိပြီးသားမဟုတ်ဘူးလား”
“ဟုတ်တယ်၊ သိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့သိတာက သူတို့ ဘာလုပ်နေသလဲဆိုတာပဲ သိတာ။
ဘာကြောင့်ဒီအလုပ်ကို လုပ်နေတာလဲဆိုတာ မသိဘူး။ သူတို့ ဒီအလုပ်ကို လုပ်နေကြတဲ့ ရည်ရွယ်ချက်က
ကမ္ဘာပေါ်မှာ အရူးသွပ်အမိုက်မဲဆုံးကိစ္စ..”
“ခင်ဗျားသိလာတာကိုသာ ပြောစမ်းပါ ချက်” ဟု ဂျော့က ဖြတ်ပြောလိုက်သည်။

“ဆမ်ကြီးက ခုလေးတင် သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော့်ကို ပြောတယ်။ စာရင်းက အဆုံးသတ်ခါနီးလာတော့ သူ တော်တော်စိတ်လှုပ်ရှားနေတယ်။ ခင်ဗျားသိလားဂျော့…၊ သူတို့ယုံကြည် နေတာက ဒီအမည်စာရင်းကြီးကို ပြုစုပြီးသွားတဲ့အချိန်မှာ…၊ သူတို့ အယူအဆအရတော့ အမည်ပေါင်း သန်းကိုးထောင်လောက်ပေါ့….၊ ဘုရားသခင်ရဲ့ဆန္ဒက ကမ္ဘာကြီးကို….၊ ကမ္ဘာကြီးကို အဆုံးသတ်ပြစ်ဖို့တဲ့။ လူသားတွေအတွက် နောက်ထပ်လုပ်ဆောင်စရာတာဝန် ဘာမှမရှိတော့ဘူး။ တကယ်တမ်းတော့ လူသားတွေမှာ ရှေ့ဆက်အသက်ရှင်နေစရာအကြောင်းရင်း မရှိတော့ဘူးတဲ့”

“ဒါဆို ကျွန်တော်တို့ကရော ဘာလုပ်ရမယ်လို့ သူတို့ မျှော်လင့်ထားလဲ” ဂျော့က အလောတကြီး ပြန်မေးလိုက်သည်။
“အားလုံး ကိုယ့်ကိုယ်ကို သတ်သေကြရမှာလား”
“အဲလိုလုပ်ဖို့မလိုဘူး။ စာရင်းကြီးပြီးဆုံးသွားတဲ့အချိန်မှာ ဘုရားသခင်ရောက်ရှိလာပြီး အရာအားလုံးကို ရပ်ဆိုင်းပစ်လိုက်မယ်၊ ခလုတ်ပိတ်လိုက်သလိုပေါ့”
“အိုး…. ကျွန်တော်သိပြီ၊ သူတို့အလုပ်ပြီးဆုံးသွားတဲ့အချိန်ဟာ ကမ္ဘာကြီးရဲ့အဆုံးသတ် ဖြစ်လိမ့်မယ်ပေါ့..”

ချက်က စိုးရိမ်မှုဖြင့် မပွင့်တစ်ပွင့် ရယ်လိုက်၏။ “ဒီအတိုင်းပဲ ကျွန်တော်လည်း ဆမ့်ကိုပြောခဲ့တာပဲ။ သူ ဘာဆက်ပြောလဲ သိလား။ ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်တစ်မျိုးနဲ့ကြည့်ပြီး “ဒီကိစ္စလောက်သေးငယ်ပြီး အရေးမကြီးတဲ့ကိစ္စ ဘာမှမရှိဘူးတဲ့”

ခဏမျှ ထိုအကြောင်းကို ဂျော့ စဉ်းစားနေမိသည်။ နောက်ဆုံးတွင် သူ့ဆီမှ စကားသံထွက်ပေါ်လာသည်။

“ကွန်ပြူတာမှာလို မြင်ကွင်းကို ချဲ့ပြီး ကြည့်ကြည့်ပေါ့။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ထင်လဲ ချက်။ ဒါကြီးကြောင့် ကျွန်တော်တို့ ထူးထူးခြားခြား ဘာများပြောင်းလဲသွားနိုင်မလဲဆိုတာတော့ ကျွန်တော် မမြင်မိဘူး။ တကယ်တော့ ဒီဘုန်းကြီးတွေ ရူးနေပါတယ်လို့ အရင်ထဲကသိပြီးသားမဟုတ်လား”

“ဟုတ်တယ်။ ဒါပေမဲ့ ဆက်ဖြစ်လာမယ့်အကျိုးဆက်တွေကို ခင်ဗျားမစဉ်းမိသေးဘူး ချက်။ စာရင်းကြီးပြီးသွားတဲ့ အချိန်မှာ ဘုရားသခင်ဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးခေါင်းလောင်းသံကို မထိုးဘူး။ သူတို့မျှော်လင့်ထားတာတွေ ဘာတစ်ခုမှဖြစ်မလာဘူးဆိုရင်… ကျွန်တော်တို့ဒုက္ခရောက်ပြီ။ သူတို့အသုံးပြုနေတာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာလေ။ ဒီလိုအခြေအနေမျိုးရောက်သွားမှာတော့ ကျွန်တော် နည်းနည်းလေးမှ မလိုလားဘူး..ဂျော့..”

“ဟုတ်ပြီ” ဂျော့က ဖြည်းညင်းစွာပြောလိုက်သည်။ “ခင်ဗျား ဆိုလိုတာကို ကျွန်တော်သဘောပေါက်ပြီ။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတာပဲ။ ကျွန်တော် ခပ်ငယ်ငယ်၊ လူဝီစီယားနားမှာ နေတုန်းက လာမယ့်တနင်္ဂနွေနေ့မှာ ကမ္ဘာကြီးအဆုံးသတ်တော့မယ်လို့ပြောတဲ့ ခပ်ကြောင်ကြောင် သင်းအုပ်ဆရာတစ်ယောက် တွေ့ခဲ့ဖူးတယ်။ သူပြောတာကို လူပေါင်းရာဂဏန်းလောက်ကလည်း ယုံကြည်ကြတယ်။ ဘယ်လောက်ယုံသလဲဆိုရင် သူတို့အိမ်တွေကိုတောင် ရောင်းပြစ်လိုက်ကြတယ်။ ဒါပေမဲ့ အချိန်တန်လို့ သူပြောသလိုဖြစ်မလာတဲ့အခါမှာ ခင်ဗျားထင်သလို သူတို့ အကြီးအကျယ် ဒေါသမထွက်ကြပါဘူး။ သင်းအုပ်ဆရာဟာ အချိန်တွက်ချက်မှုနဲ့ပတ်သက်လို့ တစ်ခုခုလွဲသွားတယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီး ဆက်ယုံနေကြတာပဲ။ အဲဒီလူတွေထဲက တစ်ချို့ဆိုရင် အခုအချိန်အထိတောင် ယုံနေကြတုန်းပဲ ထင်တယ်”

“ခင်ဗျားပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီနေရာက လူဝီစီယားနားမဟုတ်ဘူး ဂျော့။ ခင်ဗျားသတိမထားမိမှာစိုးလို့ ပြောတာ။ ဒီနေရာမှာက လားမားတွေရာဂဏန်းလောက်ကြားထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲ ရောက်နေတယ်။ ကျွန်တော့်အနေနဲ့ လားမားတွေကို သဘောကျပါတယ်။ ပြီးတော့ ဘ၀တစ်ခုလုံးပေးဆပ်ပြီး လုပ်လာခဲ့တဲ့အလုပ်ဟာ အချည်းအနှီးပဲဖြစ်လာမယ့်အတွက် ဆမ်ကြီးအတွက်အလည်း ၀မ်းနည်းမိပါတယ်။ ဒါပေမဲ့ ငါ.. ဒီနေရာမှာမဟုတ်ဘဲ တခြားနေရာတစ်ခုခုမှာရောက်နေရင် ကောင်းမယ်လို့ ခံစားနေရတုန်းပဲ..”

“ကျွန်တော်ဆိုရင် လွန်ခဲ့တဲံ နှစ်ပတ်သုံးပတ်လောက်ထဲက အဲဒီလို ခံစားနေရတာ။ ဒါပေမဲ့ အလုပ်ပြီးမယ့်အချိန် ရုံးချုပ်က လေယာဉ်နဲ့ လာမခေါ်မချင်း ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူးမဟုတ်လား”

“ဒါပေါ့” ချက်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ကျွန်ပြူတာကို ကြောင်သွားအောင် ကျွန်တော်တို့ လုပ်လို့ရသားပ”ဲ

“မဖြစ်နိုင်ဘူး..ချက်၊ အခြေအနေပိုဆိုးသွားလိမ့်မယ်။

“မဟုတ်ဘူး၊ ကျွန်တော်ဆိုလိုတာက ဒီလို။ ဒီနေ့ကစပြီး နောက်လေးရက်ကြာရင် ကွန်ပြူတာအလုပ်တွေ အဆုံးသတ်လိမ့်မယ်။ ပြီးတော့ လေယာဉ်ပျံကို တစ်ပတ်အတွင်းခေါ်မယ်။ ဒီတော့ ကျွန်တော်တို့လုပ်ရမှာက ပုံမှန်စစ်ဆေးမှုလုပ်တဲ့အချိန်မှာ ကွန်ပြူတာကို ပြဿနာလေးတစ်ခု ဖန်တီးပေးလိုက်မယ်။ ပြီးရင် ပြန်ပြင်မယ်။ သိပ်အမြန်ကြီးမဟုတ်ဘူးပေါ့။ တကယ်လို့ ကျွန်တော်တို့ အချိန်ကိုက်ဖြစ်အောင်သာ စီစဉ်နိုင်ရင် သူတို့ရဲ့ နောက်ဆုံးစာရွက် ပရင်တာကထွက်တဲ့အချိန်မှာ ကျွန်တော်တို့လည်း လေယာဉ်ပေါ်အရောက်ဖြစ်နေပြီ။ လားမားတွေ ကျွန်တော်တို့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်တော့ဘူး”

“ကျွန်တော်တော့ ဒီအစီအစဉ်ကို သဘောမကျဘူး” ဂျော့က လေးတွဲ့စွာပြောလိုက်သည်။

“အလုပ်ချိန်အတွင်း ကျွန်တော် အပြင်ထွက်လမ်းလျှောက်တာပဲ ဒီနေ့ဟာ ပထမဆုံးပဲ။ အခုတောင် သူတို့ တစ်ခုခုကို သံသယစ၀င်ချင်ဝင်နေလောက်ပြီ။ အေးလေ… ဘာတွေဆက်ဖြစ်လာမလဲဆိုတာပဲ စောင့်ကြည့် ကြတာပေါ့..”

§ § § § § § §

“ကျွန်တော့်စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေတုန်းပဲ” ဟု ခုနှစ်ရက်မျှအကြာ သန်မာသောမြင်းပုလေး၏ နောက်ကျောပေါ်မှ မတ်စောက်စောက်တောင်ဆင်းလမ်းအတိုင်း ဆင်းလာစဉ် ဂျော့က ပြောလိုက်သည်။ “ကျွန်တော်ကတော့ကြောက်လို့ဆင်းပြေးလာတယ်လို့ ကိုယ့်ကိုယ်ကို မယူဆပါဘူး။ ဒီတောင်ပေါ်က လားမားကြီးတွေအတွက် ၀မ်းနည်းမိလို့ပါ။ သူတို့ကိုယ်သူတို့ ဒီလောက် ရူးသွပ်မိုက်မဲတယ်ဆိုတာကို သိသွားကြတဲ့အချိန်မှာ သူတို့ကြားထဲမှာ ကျွန်တော် ရှိမနေချင်ဘူး။ ဆမ်ကြီးတစ်ယောက် ဘယ်လိုခံစားရမလဲလို့လည်း တွေးနေမိတယ်”

“ကျွန်တော်သူ့ကို နှုတ်ဆက်စကားပြောတဲ့အချိန်မှာ ကျွန်တော်တို့ ရုတ်တရက်ထွက်သွားတော့မယ်ဆိုတာ သူကြိုသိနေမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ သူက ဒါကို သိပ်ဂရုထားပုံ မရဘူး။ ကွန်ပြူတာက ချောချောမွေ့မွေ့အလုပ်လုပ်နေပြီး၊ မကြာခင် ပြီးတော့မယ်ဆိုတာ သူသိနေတာကိုး။ အဲဒီအလုပ်ကြီးပြီးသွားရင်…၊ အင်း.. ဟုတ်တာပေါ့။ သူ့အတွက်တော့ ဒီအလုပ်ပြီးသွားရင် ဘာမှမှ မရှိတော့ပဲ”

ဂျော့က တောင်လမ်းအပေါ်ဘက်သို့ ခေါင်းလှည့်၍ ငေးကြည့်လိုက်သည်။ ဤနေရာသည် တိဘက် ကျောင်းတော်ကြီး၏ပုံရိပ်ကို သဲသဲကွဲကွဲမြင်နိုင်သည့် နောက်ဆုံးနေရာဖြစ်သည်။ လေးထောင့်ကျကျ၊ ခပ်နိမ့်နိမ့် အဆောက်အဦကြီးမှာ ညနေစောင်းကောင်းကင်အောက်တွင် မှောင်ရိပ်ကျနေသည်။ ကျဉ်းမြောင်းသော ပြတင်းပေါက်များကြားမှ အလင်းရောင်တချို့ ဟိုမှသည်မှ ထွက်ပေါ်နေသည်။ စာရင်းကြီးပြီးဆုံးသွားချိန်တွင် ဘာတွေဖြစ်လိမ့်မလဲဟု ဂျော့တွေးနေမိသည်။ လားမားကြီးများသည် မကျေနပ်မှုဖြင့် အကြီးအကျယ်ဒေါသအိုးပေါက်ကွဲ၍ ကွန်ပြူတာကို ရိုက်ခွဲဖျက်ဆီးလိုက်ကြမည်လား။ ဒါမှမဟုတ် ငြိမ်သက်စွာပင် ထိုင်လျက် ပြဿနာကို အစမှပြန်၍ စဉ်းစားသုံးသပ် နေကြမည်လား။

ဤခဏ၌ တောင်ပေါ်တွင် ဘာဖြစ်နေမည်ကို ဂျော့ အတိအကျသိလိုက်သည်။ ပရင်တာမှထွက်လာသော စာရွက် များကိုယူဆောင်၍ ဧရာမစာအုပ်ကြီးထဲသို့ရေးသွင်းနေသော လားမားငယ်များနှင့် ရှည်လျားသော စာရွက်များကိုခေါင်းဆောင်လားမားကြီးနှင့် သူ၏လက်ထောက်ကိုယ်တော်များသည် ငြိမ်သက်စွာထိုင်၍ ဂရုတစိုက် ကြည့်ရှုနေကြပေလိမ့်မည်။ မည်သူမျှ စကားပြောခြင်းမရှိ။ ကွန်ပြူတာက တိတ်ဆိတ်ငြိမ်သက်စွာအလုပ်လုပ်နေပြီး ပရင်တာမှထွက်ပေါ်လာသော အဆက်မပြတ်အသံသည်သာ တစ်ခုတည်းသော အသံဖြစ်လိမ့်မည်။

ဤသုံးလတာကာလမှာ လူတစ်ယောက်အား ရူးသွပ်သွားအောင်လုပ်ဖို့ လုံလောက်သည်ဟု ဂျော့ တွေးနေမိသည်။ တောင်ကြားအတွင်းသို့ မျှော်ကြည့်နေသော ချက်ထံမှ အော်ပြောသံထွက်ပေါ်လာသည်။ `ကြည့်လိုက်စမ်းဂျော့..၊ ဘယ်လောက်လှပတဲ့ မြင်ကွင်းလဲလို့´ချက်ပြောသည်မှာ အမှန်ပင်ဖြစ်သည်ဟု ဂျော့ တွေးလိုက်မိသည်။

စတုရန်းပုံ ငွေမှင်ရောင် ကွင်းပြင်ပေါ်တွင် အသေးစားလေယာဉ်ငယ်တစ်စင်း ရပ်နားထားသည်။ နောက်ထပ် နှစ်နာရီအတွင်း ဤလေယာဉ်လေးက သူတို့နှစ်ဦးကို လက်တွေ့ကျ၍ သာယာကြည်နူးဖွယ်ကောင်းသော အစစ်အမှန်ကမ္ဘာဆီသို့ ပြန်လည်ခေါ်ဆောင် သွားပေတော့မည်။ ဤအတွေးကြောင့်ပင် သူတို့၏စိတ်မှာ အမှန်ပင် ပေါ့ပါးလွတ်လပ်သွားလေသည်။ သူတို့ထွက်ခွာလာရာ ဟင်းမလေးယက်စ်တောင်ကြီးဆီသို့ ညသည် လျင်မြန်စွာ ချဉ်းနင်းဝင်ရောက်လာပြီး အမှောင်ထုက ဖုံးလွှမ်းနေပြီဖြစ်သည်။ ကံကောင်းထောက်မစွာပင် တောင်ဆင်းလမ်းက ကောင်းမွန်နေပြီး သူတို့၏ အပြန်ခရီးအတွက် အန္တရာယ်ဖြစ်လောက်စရာ ဘာတစ်ခုမျှမရှိ။ တဖြည်းဖြည်း ပို၍ပို၍အေးမြလာသည်။ ဦးခေါင်းထက်မှ ကောင်းကင်ကြီးမှာ သူတို့မျက်မှန်းတန်းမိနေကျ ကြယ်ကလေးများတောက်ပ၍ ကြည်လင်ရှင်းသန့်နေ၏။ လေယာဉ်မှူးအနေဖြင့် ရာသီဥတုကြောင့် လေယာဉ်ထွက်ခွာရန် အခက်အခဲဖြစ်မှာ ပူပန်နေစရာမလိုတော့ဟု ဂျော့တွေးမိသည်။ ထိုအတွေးသည်သာ ဂျော့ထံ၌ နောက်ဆုံးကျန်ရှိသော ကြောင့်ကြမှုဖြစ်သည်။ ဂျော့က သီချင်းတစ်ပုဒ်ကို စတင်၍ဆိုညည်း လိုက်သည်။ သို့သော် ခဏမျှကြာပြီးနောက် သူရပ်လိုက်သည်။ အရပ်လေးမျက်နှာမှ အဖြူရောင် တစ္ဆေကြီးများကဲ့သို့ တောက်ပငြိမ်သက်နေသော တောင်များကြားထဲသို့ သူ့အသံမှာ သေးငယ်ပျောက်ကွယ် သွားသလိုရှိ၏။ ထို့နောက် ဂျော့က နာရီကို ကြည့်လိုက်သည်။ `ကျွန်တော်တို့ ထွက်လာတာ တစ်နာရီရှိသွားပြီ´

သူက ပုခုံးကို ချက်ရှိရာဘက်သို့လှည့်၍ ပြောလိုက်သည်။ ထို့နောက် ရုတ်တရက်သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။ `ကွန်ြပူတာက စာရင်းတွေထုတ်တာ ပြီးမယ်ဆိုရင် အခုချိန်ဟာ ပြီးသင့်တဲ့အချိန်ပဲ”

ချက်ဆီမှ တုန့်ပြန်သံထွက်မလာ။ ထို့ကြောင့် ဂျော့သည် ဦးခေါင်းကို ချက်ရှိရာ အနောက်ဘက်သို့လှည့်၍ ကြည့်လိုက်သည်။ သူ ချက်၏မျက်နှာကို မတွေ့ရ။ သူတွေ့ရသည်မှာ ကောင်းကင်ထက်သို့ မျှော်ကြည့်နေသော အဖြူရောင် ပုံရိပ်တစ်ခုသာ ဖြစ်သည်။ `ကြည့်လိုက်စမ်း ဂျော့´ ဟု ချက်ဆီမှ တီးတိုးရေရွတ်သံထွက်ပေါ်လာစဉ်တွင် ဂျော့၏မျက်ဝန်းတို့က ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။

(အရာအားလုံး၌ အမြဲတမ်း နောက်ဆုံးအချိန်ရှိသည်) ကောင်းကင်ပြင်တွင် ကြယ်ကလေးများမှာ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် ထာဝရ ကွယ်ပျောက်သွားကြလေပြီ ဖြစ်၏။

◄ တေဇာ ►
စက်တင်ဘာ (၁၈) ၂၀၀၈
Authour C. Clarke ၏ Nine Billion Names of God ကို ဘာသာပြန်ဆိုသည်။

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ