Skip to main content

ငတိလေးတစ်ယောက်အကြောင်း...

ငတိလေးတစ်ယောက် ခုတလော စိတ်ဓာတ်တွေ အော်တိုမုတ်တုပ် (အလိုအလျောက်) ပြုတ်ပြုတ်ကျ နေသည်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိငြီးငွေ့၊ လေးလံထိုင်းမှိုင်း စသည့်အရာတွေ စုပြုံပြီး စိတ်ဓာတ်က အ၀ီစိအထိ စိုက်စိုက်ကျ နေသည်။ လဒမှိုင်မှိုင်ပြီး၊ မျောက်ငိုင်ငိုင်သည်။  စက္ကန့်မလပ် အသက်ရှူနေရသည်ကို ပင်ပန်းလွန်းသည် ထင်မိသည်။ ထမင်းစားရမှာ ပျင်းသည်ကိုအသာထား၊ ရေထသောက်ရသည် ကိုပင် ညောင်းသည်ထင်လာတော့ ခက်ချေပြီ...။ စိတ်ဓာတ်ကျလျှင် စားပွဲပေါ်မှ ပြုတ်ကျသွားသည့် ခဲတံလေးလို အသာလေး ပြန်ကောက်တင်လို့ ရသည်မဟုတ်။ စိတ်ဓာတ်ဆိုသည့်အရာက ပေကပ်ကပ်နိုင်သည်။ သူ့စိတ်က  အမြင့်ကြောက်ရောဂါရှိသည်။ မြင့်မြင့်မှာ ထားလို့မရဘဲ ကလေကချေအဆင့်မှာပင် နေချင်သည်။ အချိန်ဆွဲ (Procrastination) တတ်သည့် အကျင့်ဆိုးအား ယူပစ်သလိုပျောက်နည်း သံမဏိမူဝါဒ (၅) ရပ်အား ကျောင်းသားလူငယ် မအူမလည်လေးများဖတ်ရှုနိုင်ရန် ဘာသာပြန်ပေးဦးမှဟူသည့် စေတနာကြီးနှင့် သူ Bookmark လုပ်ထားသည့် ဆောင်းပါးကလေးကလည်း (၅) လ တိတိရှိပေပြီ။  တစ်လတစ်ချက် ပြန်လျှင်တောင်မှ ယခုလောက်ဆို ပြီးသင့်ပြီဖြစ်သော်လည်း တစ်လုံးမှပင် စ,မရေးရသေး...။ သြော်... ငါ ပျင်းတာအရေးမကြီးဘူး သူတို့လေးတွေ ကံဆိုးရှာသည်ဟုပင်... မြန်မာစာရေးဆရာတချို့ ဘ၀င်မြင့်ဘိသကဲ့သို့ အဆိုပါ  အူကြောင်ကြားလေးမှာ ကိုယ့်ကိုယ်ကို မသနား သူများတွေကိုပင် ဘာမှမဆိုင်ပါဘဲ လှမ်းသနား နေလိုက်သေးသည်။



သူ၏ အတွေးများကို ဖတ်ရှုနိုင်သည့် Program တစ်ခုတစ်လေသာ ပေါ်လာခဲ့လျှင် အနှီငတိလေးကိုဖမ်းပြီး အရူးထောင်ပို့ကြမည်မှာ မြေကြီးလက်ခတ်မလွဲ...။ ခုတော့လည်း သည်လို Program မျိုး မပေါ်သေးတာ သူ့အတွက် ကံကောင်းနေသည်ဟု ပင်ဆိုရမည်။ Facebook လို Social Network မျိုးကျတော့ “သင့်စိတ်ထဲက ဘာညာသာရကာ...” (What's on your mind?) ဆိုသည့်နေရာလေးတွင် ကျွန်တော်လေ... အများအကျိုးအတွက် တအားကြိုးစားပေးချင်ပါတယ်...၊ လူထုကြီးရဲ့ ပူမှုဆယ်ကုဋေကို ငြိမ်းအေးအောင် ရေခဲရေရောင်းနေပါတယ်.. စသည့်... Too Good to Be True! ဖော်ပြချက်များ၊ စိန်လက်စွပ်ပျောက်သည့် အကြောင်း၊ မာစီဒီးမှောက်သည့်အကြောင်း.... မိုးပျံပူပေါင်းအဖြစ်ဆိုးများ...၊ သည်လိုတွေသာ အခန့်သား လက်ကရိုက်ခွင့်ရနေသည်ဆိုတော့လည်း အားလုံး သူတော်ကောင်း သူမြတ်လောင်းလေးတွေကို ဖြစ်လို့...။ သည်တော့ ခုနလိုငတိမျိုးလေးတွေ အတွက်က ဟန်ကျသည်။ ပျင်းလာလျှင် ဆင်ဖမ်းမယ်ကျားဖမ်းမယ်၊ တီကောင်ဖမ်းပြီး ငါးမျှားမယ်ဆိုတာမျိုးလေးတွေ... ရိုက်တင်သည်။ သူ၏ ဘော်ဒါဘော်ဂျွတ်တွေက ဘယ်နားမှာ ငါးရစ်တက်တယ်၊ ဘယ်အိုင်မှာ ငါးလေးသားပေါက်အုပ်ရှိတယ်၊ မိလာရင် ကြွပ်နေအောင်ကြော်ပြီး ဇေယျဝတီနဲ့မြည်းမယ်... စသည်ဖြင့် ၀ိုင်းသြဘာပေးကြသည်။ တစ်ခါတလေကျတော့လည်း မျက်ရည်လေးစမ်းစမ်း၊ နှပ်ရည်လေးတန်းလန်းနှင့် ကဗျာလိုလိုစာလိုလို ဟာလေးတွေ ရိုက်တင်တတ်သေးသည်။ တချို့က အားပေးချင်ယောင်ဆောင်သည်၊ တချို့က ဝေဖန်ချင်ယောင်ဆောင်သည်...၊ ဘယ်သူမှတော့ ဟုတ်တိပတ်တိ မဖတ်ကြည့်ကြ။ ကဗျာစာဆို ငတိလေးက မြောက်ကြွမြောက်ကြွ...။ ပျော်စရာကြီးပါပေ...။

အခုတော့ ထိုသို့ နည်းပညာ၏ အကျိုးတရားများကို ပျော်ပျော်ပါးပါးကြီး မခံစားနိုင်တော့။ အပျင်းရောဂါနှင့် စိတ်ကျမှုက တစ်ပြိုင်နက်ဝင်လာသဖြင့် မျောက်မှိုင်မှိုင်နေရ လေပြီ။ သည်တော့ မိမိအပြစ်ကို ၀န်မခံလိုသူတို့၏ ထုံးစံအတိုင်း တရာခံရှာသည့် ဇာတ်လမ်းကို စတော့သည်။ ငယ်ငယ်ကဖတ်ဖူးခဲ့သည့် ဦးစံရှားဝတ္ထုများထဲမှ ကြောင်းကျိုးဆက်စပ် စဉ်းစားနည်းအရ အဖြေရှာကြည့်သည်။ အကြောင်းကိုကြည့်၍ အကျိုးကို ဖော်ထုတ်နိုင်တော့ အမျှော်အမြင်ကြီးသည်ဟု ဆိုကြသည်။ အကျိုးကိုကြည့်ပြီး အကြောင်းကို ဖော်ထုတ်ခြင်းကျတော့ ဆင်ခြင်တုံတရားကြီးမားရာကျသည်။ မိမိကိုယ်ကို ရောဂါရှာဖွေ (Diagnostic) ရမည်ဟု အကြံကြီးကြံသည်။ စိတ်ပညာသမားတစ်ယောက်အနေဖြင့် မိမိရောဂါတော့ မိမိကုနိုင်ရမည်ဟု မဖြစ်ညစ်ကျယ် တွေးပြီးနောက် ရောဂါရှာဖွေရေးလုပ်ငန်း စလေတော့သည်။

ဤတွင် ဆားပုလင်းနှင်းမောင်ဝတ္ထုများထဲမှ အင်္ဂလိပ်ခေတ် မြန်မာပုလိပ်တို့၏ လုပ်ထုံးလုပ်နည်းအတိုင်း တရားခံရှာ အပြစ်ဖို့စရာ ရောဂါတစ်ခုကို တွေ့ရလေသည်။ ရောဂါ၏နာမည်ကကို ခပ်ဆန်းဆန်းနှင့် စိတ်ဝင်စားဖို့ကောင်းသည်။ “ဆောင်းပြာပြာ” (Winter Blues) ဟူသတည်း။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တတ်သည့် စိတ်ကျစံလွဲမှုပင် ဖြစ်၏။ နေ့တာတိုပြီး ညတာရှည်သည့် ဆောင်းရာသီတွင်ဖြစ်တတ်သည့် အားအင်ကုန်ခမ်း၊ တက်ကြွမှုကင်းမဲ့... အိပ်ယာထဲတွင်ပင် ပုဇွန်ထုပ်လေးလို ကွေးနေချင်သည့် ရချင်စရာ စိတ်ရောဂါလေးတစ်ခုပင် ဖြစ်လေသည်။ သူ့တွင်လည်း စိတ်ဓာတ် တော်ရုံတန်ရုံကျခြင်းနှင့် ပိုးစိုးပက်စက်ကျခြင်း ဟူ၍ ကွဲပြားသေးသည်။ တော်ရုံကျခြင်းအတွက် ကာလနဂါးလို အိပ်နေပြီး ကိုယ်အလေးချိန်စီးလာသည့်ပြဿနာမှတစ်ပါး အခြားမရှိနိုင်သော်လည်း ပိုးစိုးပက်စက်ကျမိလျှင်မူ ရထားလမ်းပေါ် အိပ်ဆေးသောက် အိပ်မိခြင်းမျိုးနှင့် ပိုလိုဂျပိုးသတ်ဆေး သောက်မိခြင်းမျိုး တို့အထိ ဆိုးရွားသွားနိုင်သည်။ သည်တော့ ငတိလေးခမျာ နည်းနည်းတော့ ဖြုံသွားရှာသည်။ ငါ့အခြေအနေဘယ်လောက်ဆိုးသလဲ.. ဟု အဖြေရှာကြည့်မိသည်။ ထို ရာသီဥတုကြောင့် ဖြစ်ရသည့် စိတ်စံလွဲမှုများ (Seasonal Affective Disorders) ရနိုင်ချေရှိသည့် လူများအကြောင်း ရင်တထိတ်ထိတ် လေ့လာကြည့်ရတော့သည်။

တကယ်တော့ SAD ရတတ်သည့်လူများက သိပ်များများစားစားတော့ မရှိပါ။ အီကွေတာနှင့်ဝေးသည့် တောင်ဝင်ရိုးစွန်း/မြောက်ဝင်ရိုးစွန်းတွင် နေထိုင်သည့် လူများ၊ ဆောင်းရာသီတွင် နေ့တာတိုလွန်းပြီး ညတာရှည်လွန်းသဖြင့် အဖြစ်များသည်။ ယောက်ျားလေးများထက် မိန်းကလေးများက ပို၍အဖြစ်များသည်။ မိသားစုဝင်များထဲတွင် SAD ရှိလျှင် ပိုမိုဖြစ်နိုင်ချေရှိသည်။ သည်တော့ ငတိလေးအနေဖြင့် တစ်ခုမျှ ကြောက်စရာမရှိ။ သူနေထိုင်ရာအရပ်က အီကွေတာကို ဖင်ခုထိုင်ထားသည်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယောက်ျားစစ်စစ်ဖြစ်သည်ဟုလည်း သူက ယုံကြည်သေးသည်။ မိသားစုဝင်များထဲတွင်လည်း ဗီဇအပျင်းစစ်စစ်များသာရှိပြီး ရာသီကြောင့်ပျင်းသည်ဆိုသူလည်း မတွေ့ဖူး။ သည်တော့မှ သက်ပြင်းချနိုင်တော့သည်။ တစ်ဖန် အရေးအကြီးဆုံးအချက်ဖြစ်သည့် SAD အတွက် ကုထုံးကို ဖတ်ကြည့်မိသည်။ ကုထုံးကျတော့လည်း တိတိပပမတွေ့ရ။ “အချိန်မှန်မှန်အိပ်ပါ.. မနက်စောစောထပါ... စာတွေမှန်မှန်ကျက်လို့ ကျောင်းမှန်မှန်တက်ပါ ... ♪ ” ဟူသည့် မြေပဲယိုသီချင်းကြီးကိုသာ တွေ့ရသည်။ ပြီးတော့ ဂေါ်လီရိုက်၊ ဂျင်ပေါက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါဟူ၍လည်း တွေ့ရသည်။ “ဆောင်းပြာပြာ” ရောဂါသည် နွေရောက်သော် အလိုလိုပျောက်သွားပါလိမ့်မည်ဟု ရေးထားသည်ကို တွေ့ရသည်။ သည်တော့မှ သူတရားခံအဖြစ် ရှာတွေ့ထားသည့် “ဆောင်းပြာပြာ” မှာ တရားခံအစစ်မဟုတ်ဘဲ၊ သူမဖမ်းနိုင်သေးသည့် “ဗီဇအပျင်း” သည်သာ တရားခံအစစ်ဖြစ်ကြောင်း စိတ်မကောင်းစွာ တွေ့ရှိရလေတော့သည်။ နွေဦးပေါက်ထိ အိပ်ပြီး စောင့်နေလို့ ဖြစ်မှမဖြစ်တာကိုး...။

သို့ဖြစ်ရာ အချိန်ဆွဲမှုဖျောက်ဖျက်နည်း သံမဏိမူဝါဒ (၅) ရပ်ထဲမှ တစ်နည်းကို ထုတ်သုံးမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ တကယ်တော့ သံမဏိမူဝါဒ (၅) ရပ်၏ အနှစ်ချုပ်မှာ “အလုပ်” ဟူသည့် စကားလုံး တစ်လုံးသာပါသည်။ သူ့အနေဖြင့်ကလည်း “အလုပ်” ဆိုသည့်နာမ်နှင့် “ကြိုးစားသော” ဆိုသည့် နာမ၀ိသေသနတို့ကိုသာ လောကတွင် အမုန်းဆုံးအရာ ဖြစ်နေသည်။ ခုတော့ မတတ်နိုင်တော့... ပိုးစိုးပက်စက် ကျနေသည့် စိတ်ဓာတ်ကို ပုံမှန်အခြေအနေပြန်ရောက်ရန် “စတိ” သဘောမျိုးတော့  အလုပ်လုပ် ရပေတော့မည်။ သို့မဟုတ်လျှင် ညံ့ရာကျပေတော့မည်ဟု တွေးမိသည်။ ဤသို့ဖြင့် အဆိုပါအူကြောင်ကြားငတိလေးမှာ သရော်စာလည်းမမြည်၊ ဟာသလည်းမကျ၊ စိတ်ပညာလည်းမဆန်၊ ပညာပေးလည်းမပီသသည့်၊ Label မည်သို့ထိုးရမည်ပင် ဝေခွဲမရသည့်၊ မည်သည့် Category အောက်တွင်မှ အကျုံးမ၀င်သည့်၊  ကပေါက်တိကပေါက်ချာ စာတစ်ပုဒ်အား တကုပ်ကုပ်ရေးသားပြီး “ငတိလေးတစ်ယောက်အကြောင်း” ဟုပင် ခပ်တုံးတုံးခေါင်းစဉ် တပ်လိုက်လေတော့သတည်း...။      ။

◄ တေဇာ ► ဒီဇင်ဘာ (၇) ၂၀၀၉

Ref: What are the Winter Blues?

Comments

  1. ကိုတေဇာက winter blues ဆိုပြီး ခပ်ဆန်းဆန်း ရောဂါ ရတာ Blues Law လောက်တော့ ဂွမကျပါဘူး..ဗျ။ ဟုတ်တော့လည်း ဟုတ်မှာပါ။ ဆောင်းတွင်းကြီး ရေခြား မြေခြားမှာ အဖော်တော့  လိုပေမပေါ့...။ ကဲကဲ ကြိုးစားထား..ဗျ။ တကိုယ်ရေ ညများ အလယ် အိပ်မပျော်နိုင်ခဲ့သူ.....ဆိုတဲ့ သီချင်းလေးပါ ဆိုရင် ပိုပြီး ကီး ကိုက်လိမ့်မယ်.....ဗျ...(အကြံပေးတာပါ)း)

    ReplyDelete
  2. အော်...ကိုယ့်ဘာသာကိုယ်ပျင်းတာတောင် ရိုးရိုးမပျင်းဘူး..သူများ
    ဖေ့ဘွတ်မှာ စာရေးတာတွေကို မှိုချိုးမျစ်ချိုး ဝေဖန်ပြီး ပျင်းတယ်..
    သူများမျက်ချေးပဲ မြင်ပြီးကိုယ့်ကိုကိုယ် မဝေဖန်တတ်သေးသ၍ ဘယ်နေရာကိုရောက် ရောက် မြန်မာလို့ မင်းမပြောလည်း သူတို့သိကြမှာပါ...း)

    ReplyDelete
  3. ပျင်းနိုင်ခွင့်ရတုန်း ပျင်းနေတာ ကောင်းပါတယ်။
    အမြဲတမ်းပြေးရတာ မောတယ်လေ။
    long vacation ပေါ့ သဘောထားပြီး ပျော်ရွှင်ပါစေ =)

    ReplyDelete
  4. အဟေးဟေး
    ဒီတပုဒ်ဖတ်ရတာ မော်ဒန်လိုလို ပိုစ့်မော်ဒန်လိုလိုနဲ့
    တကယ့်ကို အူကြောင်ကြောင်ခံစားရပါတယ်
    ဘိုင်ပိုလာကော မဖြစ်နိုင်ဘူးလား
    (ဘာလို့လဲမသိ လူတကာ ကိုခုတလော ဘိုင်ပိုလာပဲထင်နေတယ် )
    ကဗျာတင်ထားတယ် ကဗျာ အသစ်
    မတင်တာကြာလို့

    ReplyDelete
  5. ဘာမှန်းမသိတာကို ဘာမှန်းမသိပဲဖတ်သွားတယ်နော်း))
    အန်တီချမ်းပြောသလိုပါပဲ မော်ဒန်လား၊ ပိုစ့်မော်ဒန်လားမသိဘူးနော်း))

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...