Skip to main content

မော်ဒန်အလေ့အထကောင်းများ

ပြုံးခြင်းထက်စာလျှင် မျက်မှောင်ကုပ်ခြင်းသည် မျက်နှာရှိ ကြွက်သားများကို ပိုမိုအသုံးပြု ရပါသည်။ သို့သော် ပျော်ပျော်နေခြင်းထက် လဒမှိုင်မှိုင်ပြီး သူများပျော်လို့ မပျော်နိုင် ဖြစ်နေခြင်းက မိတ်ဆွေအတွက် ပိုကောင်းသည်ဟု ဆိုပါလျှင်...။

အပြုအမူဆိုင်ရာ ကျန်းမာရေး လေ့လာမှုအသစ် တစ်ခုအရ အထိမခံကြွေပန်းကန် သဘောထား ရှိသည့် လူစားများသည် အလိမ်ခံရခြင်း၊ တစ်ပတ်ရိုက်ခံရခြင်းများ နည်းပါးပြီး ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိသည်ဟု ဆို၏။ ဤအံ့အားသင့်စရာ ကျွမ်းထိုးမှောက်ခုံ ရလဒ်ကို ၂၀၀၉ ခုနှစ် နိုဝင်လာလထုတ် သြစတြေးလျ ကျန်းမာရေး စာစောင်တစ်ခုတွင် စိတ်ပညာကျွမ်းကျင်သူ ပါမောက္ခ Joseph Forgas က ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း ဖြစ်ပါသည်။ သူ၏တွေ့ရှိချက်အရ ၀မ်းနည်းခြင်း၊ စိတ်ထိခိုက်ခံစားလွယ်ခြင်းစသည့် အနုတ်လက္ခာဆောင်မှု အရှိအဆုံး စိတ်ခံစားချက်များသည်ပင် ပျော်ရွှင်ခြင်းနှင့်တကွ တခြားသော အပေါင်းလက္ခဆောင် ခံစားမှုများထက် ပိုမိုတန်ဖိုးရှိကြောင်း သက်သေပြနိုင်သည်ဟု ဆိုသည်။ ဤတွေ့ရှိချက်သာ မှန်ကန်သည် ဆိုပါလျှင် မြန်မာပြည်မှ ဒေါသအိုး စစ်ဗိုလ်ချုပ်များကို မိမိတို့အစား ဆုံးဖြတ်ချက်ချ (Decision Making) ခိုင်းခြင်းသည် အလွန်သင့်လျော်မည် ဖြစ်ကြောင်း မျက်မှောင်ကြီးကုပ်၍ တွေးမိပါသည်။ သို့သော် “ကျွန်တော်တို့အတွက်” ချမှတ်သော ဆုံးဖြတ်ချက်များ ဖြစ်ရန်မူ လိုအပ်ပါမည်။ “သူတို့အတွက်” ဆုံးဖြတ်ခြင်း၊ ဆိုလျှင်တော့ မည်သို့မျှ ထူးလိမ့်မည်မဟုတ်ပါ။ (ယခုလည်း ထိုအတိုင်းပင် ဆုံးဖြတ်နေကြသည်ဟု ယူဆပါသည်) လိုရင်းကို ဆက်ရလျှင် အနုတ်သဘောဆောင် အကျိုးပြု စိတ်ခံစားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

§ § § § § § §



အထိမခံကြွေပန်းကန် (Grumpiness)


ပါမောက္ခ Forgas ၏ အဆိုအရ ဆတ်ဆတ်ထိမခံစိတ် ရှိသူများသည် ပိုကောင်းသည့် မျက်မြင်သက်သေများ ဖြစ်ကြသည်။ သူတို့ကို အရူးလုပ်ဖို့ မလွယ်ကူသလို လူပျော်များထက် ပို၍ သင့်လျော်သည့် “ကိုယ်ရေးဆုံးဖြတ်ချက်” (Judgment Call) များကိုလည်း ချမှတ်နိုင်ကြသည် ဆိုပါသည်။ စပ်မိသဖြင့် “ကိုယ်ရေးဆုံးဖြတ်ချက်” ဟု သုံးနှုန်းလိုက်သည့် Judgment Call ဆိုသည်မှာ မှားသည်မှန်သည် သတ်မှတ်နိုင်ခြင်း မရှိသည့် ကိုယ့်စိတ်ကြိုက် အဆုံးအဖြတ်များကို ခေါ်ပါသည်။ ဥပမာ အင်္ကျီ အနီဝယ်ရကောင်းမလား၊ အပြာဝယ်ရ ကောင်းမလား ဆုံးဖြတ်ရခြင်းမျိုး ဖြစ်ပါသည်။ အမှားအမှန် သတ်မှတ်နိုင်ခြင်းမရှိသော်လည်း ထိလွယ်ရှလွယ်သမားများအနေဖြင့် ထိုသို့ဆုံးဖြတ်ချက်မျိုးများကို ခပ်ပေါ့ပေါ့သဘောထား ရှိသည့် လူများထက် ပိုမိုဆီလျော်အောင် ချမှတ်နိုင်ကြသည်ဆို၏။ အနုတ်သဘောဆောင် စိတ်ခံစားချက်များသည် စေ့စပ်သေချာမှု၊ ဂရုပြုဆင်ခြင်မှုစသည်တို့ကို မီးထိုးပေးပြီး ပြင်ပကမ္ဘာအပေါ် ပိုမိုဂရုပြုမိလာအောင် လုပ်ပေးသည်ဟု ပါမောက္ခ Forgas က ဆိုပါသည်။


ဝမ်းနည်းပက်လက် (Sadness)


ပါမောက္ခ Forgas ၏ အခြားသောလေ့လာမှုတစ်ခုတွင် ၀မ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကို နှိုင်းယှဉ်လေ့လာကြည့်ပါသည်။ ဦးနှောက်၏ အချက်အလက်စီးဆင်းခြင်း စနစ်အပေါ် စိတ်ခံစားချက်များ၏ သက်ရောက်ပုံနည်းလမ်းအရ မီးရေးထင်းရေး အခြေအနေများတွင် ၀မ်းနည်းနေသူတစ်ယောက်သည် ပျော်ရွှင်နေသူတစ်ယောက်ထက် ပို၍ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြောင်း တွေ့ရှိရသည်။ သူ၏ များစွာသော စမ်းသပ်မှုများထဲမှ တစ်ခုတွင် ၀မ်းနည်းနေသူများနှင့် ပျော်နေသူများကို ရုပ်ရှင်များထဲတွင် ပြောကြသည့် ယုံထင်ကြောင်ထင်စကားများ၏ အနှစ်သာရ၊ အမှားအမှန်ကို ဆုံးဖြတ်ခိုင်းပြီး စမ်းသပ်ရာတွင် သူ့သီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ငိုချင်လက်တို့ ၀မ်းနည်းနေသူများကို အလွယ်တကူ မလှိမ့်တပတ် လုပ်၍ မရကြောင်း အခိုင်အမာ သက်သေပြနိုင်ခဲ့သည်။ စပ်မိသည်နှင့် ၂၀၁၂ ရုပ်ရှင်ကားကို သတိရမိသည်။ အဆိုပါ ကောလာဟလကို ဘ၀တွင် ပျော်ရွှင်မြူးတူးနေသူများ အနေဖြင့် ပိုမိုအရေးလုပ်ကြသလော တွေးမိပါသည်။

ကျိန်ဆဲခြင်း (Swear) 



ဤသည်မှာ ကြီးကြီးမားမားအရာ မဟုတ်သလို ယဉ်ကျေးလိမ်မာလည်း ဖြစ်ချင်မှဖြစ်ပါမည်။ ထို့အတူ “အရိုးစွဲအမှန်တရား” (Politically Correct) မဟုတ်သလို သိမ်မွေ့မှုလည်း ရှိချင်မှရှိပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အယုတ္တအနတ္တစကားလုံးများ ပါးစပ်မှ ထုတ်လွှတ်ပေးခြင်းအားဖြင့် ကျန်းမာရေးကို အလွန်ကောင်းမွန်စေသည်ဟု သိပ္ပံပညာရှင်များက ဆိုပါသည်။ ကီးလ်တက္ကသိုလ် (Keel University) ၏ လေ့လာချက်တစ်ခုအရ နာကျင်မှုကို ရင်ဆိုင်ရာတွင် ဆဲဆိုခြင်းသည် ကျွန်တော်တို့ကို အကူအညီပေးပြီး ငါးစိမ်းတန်းလေရှိသူများအနေဖြင့် နှုတ်ချိုသူများထက် ၅၀% ပို၍ နာကျင်မှုကို တောင့်ခံနိုင်စွမ်းရှိသည်ဟု ဆိုပါသည်။

အီစီကလီ (Flirting)


မလေးမခန့် ခေါင်းဆတ်ပြခြင်း၊ မျက်စိတစ်ဘက်မှိတ်ခြင်းစသည့် အပြုအမူများသည် လူနှင့်တည့်သည်ဆိုသည့် အချက်မှာ တရားဝင်အချက်အလက် ဖြစ်ပါသည်။ လေ့ကျင့်မွေးမြူထားသင့်သည်ဟု အကြံမပေးလိုသော်လည်း သူတစ်ပါးကို ထိခိုက်နစ်နာစေခြင်းမရှိသည့် အီစီကလီအပြုအမူများသည် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချရာတွင် အကြီးအကျယ် အကျိုးပြုကြောင်း လေ့လာမှုများက ပြသခဲ့ပြီးဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုအဖြစ် ရောက်ရှိသတ်မှတ်နိုင်ခြင်း မရှိသေးသရွေ့ ၎င်းသည် ဖိစီးမှုများပြားသည့် အခြေအနေများတွင် အလုပ်အပေါ် စိတ်ပါဝင်စားခြင်းနှင့် အသင်းအပင်းစိတ်ဓာတ်ကို တိုးတက်စေနိုင်ကြောင်းလည်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

ဟေးလားဝါးလား (Giggles)

ရယ်ရွင်မှုသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်နှင့်အညီ ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝှမ်းတွင် “ရယ်ရွှင်မှုယောဂ” (Laughter Yoga) အား တဟားဟားပွဲကျခြင်းကို အားပေးအားမြှောက်ပြုရန် သင်ကြားစေခဲ့ပြီး ဖြစ်ပါသည်။ ၎င်းသည် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး နာကျင်မှုအား ကိုင်တွယ်ဖြေရှင်းခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းနှင့် စိတ်ကျဆင်းမှုအား ရင်ဆိုင်ရာတွင်လည်း ထိရောက်မှုရှိပါသည်။

ပြုံးဖြီးဖြီး (Grinning)


မျက်နှာကို သကာလောင်းထားသလို ပြုံးဖြီးဖြီးလုပ်ရခြင်းသည် လူတချို့အတွက် လိုက်နာဖို့ရန် မအီမသာ ဖြစ်ချင်ဖြစ်နေနိုင်သော်လည်း ပါးစပ်ကို အပြဲဆုံးထား၍ ပြုံးသောအပြုံးသည် မယုံနိုင်စရာ အကျိုးရလဒ်အချို့ ရှိနေပါသည်။ ၎င်းတို့တွင် သွေးဖိအားကျစေခြင်း၊ ရောဂါကာကွယ်ရေးစနစ်ကို တိုးတက်ကောင်းမွန်စေခြင်းနှင့် စိတ်ဖိစီးမှု လျော့ကျခြင်း တို့ပါဝင်သည်။ “ပီတိဟော်မုန်း” ဆိုင်ယာတိုနင် (Serotonin) ဟုလည်း လူသိများသည့် ကိုယ်ခန္ဓာအား အနားရစေသော Endophins ဟော်မုန်းကို ထုတ်လွှတ်ရန်အတွက်လည်း အကူအညီပေးသည်။

ငိုကြွေးခြင်း (Crying)


သွားခွင့်ပြုလိုက်ပြီးနောက် အားရပါးရ ငိုချပစ်လိုက်ရခြင်းသည် အကောင်းဆုံး အရာများမှတစ်ခု ဖြစ်နိုင်ပါသည်။ မျက်ရည်ထဲတွင် leucine enkephalin ကဲ့သို့ နာကျင်မှုကို ထိန်းချုပ်ကွပ်ကဲသည့် ဟော်မုန်းနှင့် ဖိစီးမှုကို ထိန်းကွပ်သော အခြားဟော်မုန်းများ ပါဝင်သည်။ ထို့ကြောင့် မျက်ရည်သည် ဖိစီးမှုကို လျှော့ချရန် ဇီဝရုပ်ဆိုင်ရာ နည်းလမ်းတစ်သွယ် ဖြစ်နိုင်ပါသည်။

အော်ဟစ်ခြင်း (Shouting)


အသံကုန်ဟစ်ခြင်းသည် အဆုတ်အတွက် လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ရုံသာမက စိတ်နှလုံးအတွက်လည်း ဖြစ်ပါသည်။ “အခြေခံအော်ဟစ်ခြင်းကုထုံး” (Primal Scream Therapy) သည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ခေတ်စားခဲ့ပြီး ဂျွန်လန်နွန် (John Lennon) ကဲ့သို့သောပုဂ္ဂိုလ်များကလည်း နှစ်သက်ခဲ့ကြသည်။ ၎င်းသည် မသိစိတ်အတွင်းမှ ဖိစီးမှုနှင့် အကြောင်းအရာများကို အော်ဟစ်ခြင်းအားဖြင့် ဆက်သွယ်ပြီး ထုတ်လွှတ်စေမှု ဖြစ်ပါသည်။

ပျင်းရိခြင်း (Laziness)


အိပ်ယာစောစောထပြီး တစ်နေကုန် အလုပ်ရှုပ်နေတတ်ကြသူများသည် စောစောစီးစီး သက်တမ်းစေ့ဖို့ ဦးတည်နေကြသည်ဟု လူမှုကျန်းမာရေးကျွမ်းကျင်သူ ပါမောက္ခ Peter Axt က ဆိုပါသည်။ အားအားလျားလျားနှင့် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေခြင်းသည် သက်ဆိုးရှည်ဖို့အတွက် သော့ချက်ဖြစ်ပြီး လုပ်ငန်းခွင်ဖိစီးမှုများ အတွက် အသက်ကယ်ဆေးပင် ဖြစ်သည်ဟု သူက ယုံကြည်သည်။ ဖိစီးမှုများသာ မရှိလျှင် လူတို့သည် ကျန်းမာရေးကောင်းနေမည် ဆို၏။ ပင်ပေါင်ရိုက်မည့်အစား နေ့ခင်းနေ့လည် တစ်ရေးတမော အိပ်သည့် သူများသည် အသက်ရှည်ရန် ပိုမိုအခွင့်အလမ်းသာသည်ဟု သူက ဆို၏။

ရပ်ရွာ နှောင့်ယှက်ခြင်း (Annoying the Neighbors)


ဆူညံပေါက်ကွဲသည့်သီချင်းများ ကျယ်လောင်စွာဖွင့်ထားခြင်းသည် အိမ်နီးချင်းများကို အနှောင့်အယှက် ဖြစ်စေသော်လည်း ဦးနှောက်စွမ်းရည်ကို မြှင့်တင်တိုးတက်စေနိုင်သည်။ မန်ချက်စတာတက္ကသိုလ်၏ (Manchester University) သုတေသနပြုချက်အရ ဂီတ၀ါသနာအိုးများသည် sacculus ဟု အမည်ရသည့် နား၏ အတွင်းအစိတ်အစိတ်အပိုင်းကို လှုံ့ဆော်မှုပေးပြီး ၎င်းမှ ဂီတ၏ စည်းချက်ကို တုန့်ပြန်သည်ဟု ဆိုသည်။ ၎င်းသည် ဦးနှောက်ကို ပျော်ရွှင်မှုပေးပြီး နားထောင်နေစဉ်နှင့် နားထောင်ပြီးအချိန်များတွင် သက်တောင့်သက်သာ ခံစားရစေသည်။

ဒူးနမ့်ခြင်း၊ ခုံခေါက်ခြင်း၊ လက်ဆော့ခြေဆော့လုပ်ခြင်း (Fidgeting)

ခြေဆော့လက်ဆော့လုပ်ခြင်းအတွက် မိတ်ဆွေအပေါင်းအသင်းများက နှာခေါင်းရှုံ့နိုင်သော်လည်း ၎င်းသည် ပိန်ပိန်ပါးပါးဖြစ်နေစေဖို့ အမှန်တကယ် ကူညီပေးပါသည်။ အမေရိကမှ လေ့လာမှုတစ်ခုအရ လက်ညှိုးဖြင့် အဆက်မပြတ် စားပွဲကိုတောက်ခြင်း၊ ဒူးနမ့်ခြင်းတို့ပြုလုပ်ခြင်းသည် တစ်နေ့လျှင် ကယ်လိုရီအပို (၃၅၀) လောင်ကျွမ်းစေသည်ဟု၏။ အဆိုပါသုတေသနကို ဦးဆောင်သူ ဂလန်းစနစ်ပညာရှင် (Endocrinologist) ဂျိမ်းစ် (James Levine) က ၀သူနှင့်မ၀သူအကြား လက်ဆော့လက်ဆော့လုပ်မှု ကွာခြားချက်မှာ ပမာဏအလွန်ကြီးမားလှသည်ဟု ဆိုပါသည်။

ဘိုသီဘတ်သီ (Being Untidy)

မသပ်မရပ်အိပ်ယာသည် ၀ါရင့်အပျင်းသမားတစ်ယောက်ဖြစ်ကြောင်း ပြချင်ပြနေနိုင်ပါသည်။ သို့သော် ဤသည်က ရင်ကြပ်ပန်းနာရောဂါကို ကာကွယ်နိုင်သည်ဆို၏။ ကင်စတန် (Kingston University) မှ သိပ္ပံပညာရှင်များက ပန်းနာရောဂါကို ဖြစ်ပွားစေသည့် အိမ်တွင်းပိုးမွှားငယ် များသည် မသပ်မရပ် အိပ်ယာကဲ့သို့ ခြောက်သွေ့ပြီး အကွယ်အကာမဲ့သည့်နေရာမျိုးတွင် ရှင်သန်နိုင်ခြင်း မရှိကြောင်း တွေ့ခဲ့ရပေသည်။

◄ တေဇာ ► ဒီဇင်ဘာ (၂၁) ၂၀၀၉

Ref: Why being grumpy can be good for you

Comments

  1. ကြံကြံဖန်ဖန် ပုံလေးတွေ ရှာထည့်တတ်ပါပေ့ဗျာ...း) ။ သေချာ စဉ်းစားကြည့်မှ ကျုပ်တောင် မော်ဒန် အလေ့အထကောင်းတွေ ပိုင်ဆိုင်နေတဲ့ မော်ဒန် ဖြစ်နေတဲ့ လူတယောက် ဖြစ်မှန်းမသိ ဖြစ်နေပါရောလား...။(Modernity တော့ မဖြစ်သေးဘူး ထင်၏။) ဒါနဲ့ အဲဒါတွေက လူသာမန်တွေ လုပ်ရိုးလုပ်စဉ် အမူအကျင့်တွေနဲ့ အတူတူပဲ ထင်တယ်..။ အဲဒါကို ပြန်ပြီး..ကျုပ်လို ငချွတ်တွေ အားတက်ဖွယ်ရာ ဆာဗေး လုပ်ပေးထားတာ ဖြစ်မယ်...ခွိခွိ

    ReplyDelete
  2. ဒီစာကို ဘာသာပြန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး မှန်ကန်တဲ့အကြောင်း သက်သေလေးပြရင် ပိုကျေးဇူးတင်ပါ့မယ်။
    ( ရပ်ရွာနှောင့်ယှက်မှု၊အော်ဟစ်မှု။ ကျိန်ဆဲမှု၊ ဟေးလားဝါးလား။ လက်ဆော့ခြေဆော့)
    :D :D :D

    ReplyDelete
  3. @ tei zar: ဟုတ်ပဗျားးးး....
    @ mae coe: !#@%$#)(&(*^8.... (Grinning) :P

    ReplyDelete
  4. ခုထိ ပြုံးနိုင်သေးတယ် ဆိုတော့ အကုန်စုံအောင် မစမ်းသပ်ရသေးဘူးထင်တယ်။
    ဆက်ကြိုးစားပါဦး။ အမှုကြီး အမှုငယ်လေးများ ပွင့်လာတဲ့ အထိ :P

    ReplyDelete
  5. ကျမ်းမာ ရွင်လန်း ငစိမ်း သည် တန်း . .

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...