(၁၆၃၂- ၁၇၀၄)
ဒေးကား၊ စင်နိုဇာနှင့် လိုက်ဘနိဇ်တို့အကြားရှိ ယေဘုယျ တူညီချက်တစ်ခုမှာ ၎င်းတို့အားလုံးသည် `ဆင်ခြင်တုံအဓိက၀ါဒီ´ (Rationalist) များ ဖြစ်ကြခြင်း ဖြစ်သည်။ `ဆင်ခြင်တုံအဓိက၀ါဒ´ (Rationalism) ဟူသည်မှာ ဆင်ခြေ (၀ါ) အကြောင်းရင်းအား အသိပညာ၏ မူလရင်းမြစ်အဖြစ် ယုံကြည်သော တွေးခေါ်ပုံစနစ် ဖြစ်ပါသည်။ ဆင်ခြင်တုံဝါဒီတစ်ဦးအနေဖြင့် လူသားတွင် မူလအတွင်းသား စိတ်ကူးထည်တစ်ခု ၎င်း၏ စိတ်ထဲတွင် ရှေးဦးမဆွကပင် တည်ရှိနေသည်ဟု ယုံကြည်၏။ အတွေ့အကြုံမှ ဆင်းသက်လာခြင်း မဟုတ်သောအရာကို ဆိုလိုသည်။ ဒေးကားသည် ပြင်သစ်လူမျိုး၊ စပင်နိုဇာသည် ဒတ်ခ်ျလူမျိုးနှင့် လိုက်ဘနိဇ်သည် ဂျာမန်လူမျိုးဖြစ်ရာ ၎င်းအား ဥရောပ ဆင်ခြင်တုံအဓိက၀ါဒ (Continental Rationalism) လှုပ်ရှားမှုအဖြစ် ခေါ်ညွှန်းလေ့ရှိပါသည်။
ဒေးကား၊ စင်နိုဇာနှင့် လိုက်ဘနိဇ်တို့အကြားရှိ ယေဘုယျ တူညီချက်တစ်ခုမှာ ၎င်းတို့အားလုံးသည် `ဆင်ခြင်တုံအဓိက၀ါဒီ´ (Rationalist) များ ဖြစ်ကြခြင်း ဖြစ်သည်။ `ဆင်ခြင်တုံအဓိက၀ါဒ´ (Rationalism) ဟူသည်မှာ ဆင်ခြေ (၀ါ) အကြောင်းရင်းအား အသိပညာ၏ မူလရင်းမြစ်အဖြစ် ယုံကြည်သော တွေးခေါ်ပုံစနစ် ဖြစ်ပါသည်။ ဆင်ခြင်တုံဝါဒီတစ်ဦးအနေဖြင့် လူသားတွင် မူလအတွင်းသား စိတ်ကူးထည်တစ်ခု ၎င်း၏ စိတ်ထဲတွင် ရှေးဦးမဆွကပင် တည်ရှိနေသည်ဟု ယုံကြည်၏။ အတွေ့အကြုံမှ ဆင်းသက်လာခြင်း မဟုတ်သောအရာကို ဆိုလိုသည်။ ဒေးကားသည် ပြင်သစ်လူမျိုး၊ စပင်နိုဇာသည် ဒတ်ခ်ျလူမျိုးနှင့် လိုက်ဘနိဇ်သည် ဂျာမန်လူမျိုးဖြစ်ရာ ၎င်းအား ဥရောပ ဆင်ခြင်တုံအဓိက၀ါဒ (Continental Rationalism) လှုပ်ရှားမှုအဖြစ် ခေါ်ညွှန်းလေ့ရှိပါသည်။
ဆင်ခြင်တုံအဓိက၀ါဒနှင့် ဆန့်ကျင်စွာ လူသားအသိပညာအားလုံး၏ မူလရင်းမြစ်မှာ အတွေ့အကြုံပင် ဖြစ်သည်ဟု ကြွေးကြော်ခဲ့သော အခြားတွေးခေါ်ပုံစနစ်တစ်ရပ် ဆယ့်ခုနစ်ရာစု၏ ဒုတိယတစ်ဝက်တွင် ပေါ်ပေါက်လာခဲ့သည်။ မျက်စိ၊ နား၊ နှာစသော အာရုံများမှတစ်ဆင့် လက်ခံရရှိသော အချက်အလက်များမှသာလျှင် လောကအား သိမြင်နိုင်ခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်ပါသည်။ အဆိုပါ ဒဿနိကစနစ်အား `အတွေ့အကြုံအဓိက၀ါဒ´ (Empiricism) ဟု သိရှိကြပြီး `ဂျွန် လော့ခ်´ (John Locke) သည် ဦးဆောင်ပညာရှင် ဖြစ်သည်။ ၎င်းစနစ်အား `ဘာကလေ´ (Berkeley) နှင့် `ဟှုမ်း´ (Hume) တို့က ချဲ့ထွင်ခဲ့ကြ၏။ ဂျွန်လော့ခ်သည် အင်္ဂလိပ်လူမျိုး၊ ဘာကလေသည် အိုင်းရစ်လူမျိုးနှင့် ဟှုမ်းမှာ စကော့လူမျိုးတို့ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဒဿနအား `ဗြိတိသျှ အတွေ့အကြုံအဓိက၀ါဒ´ (British Empiricism) ဟု ခေါ်ညွှန်းသည်။ ဆင်ခြင်တုံအဓိက၀ါဒီများအနေဖြင့် စိတ္တနာမ်ဖြစ်သော သင်္ချာနည်းကျ ဆင်ခြင်နည်းများအား ယုံကြည်အားထားခဲ့ကြသကဲ့သို့ အတွေ့အကြုံအဓိက၀ါဒီများသည်လည်း သိပ္ပံပညာ ဖွံ့ဖြိုးမှုနှင့် ၎င်း၏ စောင့်ကြည့်လေ့လာခြင်းနည်း (Observation) ၊ စမ်းသပ်လေ့လာခြင်းနည်း (Experiment) တို့အပေါ်တွင် မှီခိုကိုးစားခဲ့ကြသည်။ ၎င်းတို့၏ ဒဿနမှာ စိတ်ပညာရပ် ဖွံ့ဖြိုးမှုအတွက်လည်း အဓိကကျခဲ့ပါသည်။
ဂျွန်လော့ခ်သည် ခေတ်အဆက်ဆက် လွမ်းမိုးမှုအရှိဆုံး ပညာရှင်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ သူ၏ ပါဝင်ဆောင်ရွက်ခဲ့မှုများသည် အလွန် ကျယ်ပြန့်ခဲ့ပြီး ဆယ့်ရှစ်ရာစု `လစ်ဘရယ်ဝါဒ´ (Liberalism) [တော်လှန်ရေးနည်းအားဖြင့် ပြောင်းလဲခြင်းထက် ပြန်လည်ပြင်ဆင်ရေးနှင့် ဥပဒေအား ပြောင်းလဲမှုတို့မှတစ်ဆင့် လူမှုတိုးတက်ရေးကို ရှေးရှုသော နိုင်ငံရေးအမြင်] ၏ ဦးဆောင်တစ်ဦးလည်း ဖြစ်သည်။ ဒီမိုကရေစီ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ စီးပွားရေး လွတ်လပ်မှုနှင့် ပညာရေးတိုးတက်မှုများကို ထောက်ခံသူဖြစ်သည်။ လူသားအသိပညာအတွက် ထုထည်ကြီးမားလှသည့် သူ၏ ဖြည့်ဆည်းမှုများ ရှိခဲ့သော်ငြား အများအားဖြင့် ဆင်ခြင်တုံအဓိက၀ါဒ၏ ဖခင်အဖြစ်သာ လော့ခ်အား ကျဉ်းမြောင်းစွာ သိရှိကြပါသည်။
လော့ခ်၏ အရေးအကြီးဆုံး ဆောင်ရွက်ချက်မှာ `လူသား နားလည်မှုဆိုင်ရာ အက်ဆေးတစ်ပုဒ်´ (An Essay Concerning Human Understanding) ဖြစ်၏။ သူက `အတွေးထည်´ (Ideas) များဖြင့် စတင်ထားသည်။ အတွေးထည်တစ်ခုတွင် ကျယ်ပြန့်လှသည့် သဘောသာဖြစ်ပြီး၊ နားလည်သိမှတ်နိုင်သော အရာဝတ္ထုများ အားလုံးနှင့် အသိဉာဏ်ဆိုင်ရာ အကျုံးဝင်မှုများ (စိတ်ကူးပုံရိပ်များ၊ အတွေးများ၊ မှတ်ဉာဏ်၊ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာအမြင် စသည်များအားလုံးသည် `အတွေးထည်´ ဟူသော စကားရပ်တွင် အကျုံးဝင်သည်) ပါဝင်သည်။ လော့ခ်အနေဖြင့် အဆိုပါအတွေးထည်များ၏ ရင်းမြစ်ကို စုံစမ်းလေ့လာမှုပြုသည်။ ၎င်းတို့အား ကျွန်တော်တို့ ဘယ်နေရာမှ ရရှိဆက်ခံထားပါသလဲ။
သမားရိုးကျအဖြေတစ်ခုမှာ များစွာသော အတွေးထည်များသည် အတွင်းသား [ဗီဇအရ ဆက်ခံထားသော မူလအရည်အသွေး] ဖြစ်သည်ဟူ၏။ အတွင်းသား အတွေးထည်များ (Innate Ideas) အယူအဆအား ငြင်းဆိုရန် ဂျွန်လော့ခ်က သူ့ စာအုပ်၏ နေရာအတော်များများသုံးစွဲကာ ပုံဖော်ခဲ့ပါသည်။ ယုတ္တိဗေဒနှင့် တက္ကဗေဒ၊ ကျင့်ဝတ်ဆိုင်ရာနိယာမများ စသည့် မည်သည့်အရာမျှ ကျွန်တော်တို့၏ မွေးရာပါ စိတ်တွင် တံဆိပ်ခပ်နှိပ်ထားခြင်းမရှိဟု သူက ဆိုခဲ့၏။ အဆိုပါကိစ္စအပေါ်ထားရှိသည့် ထွေပြားကျယ်ပြန့်လှသော လူသားအမြင်များ ကိုယ်တိုင်သည်ပင် ယင်းသဘောတရားအား ဆန့်ကျင်သည့် ဆင်ခြေဖြစ်ပါသည်။ သို့ရာတွင် အတွေးထည်တစ်ခုသည် အများသဘောဆောင်ပြီး လူသားများအားလုံးတွင် တည်ရှိနေသည် ဆိုခဲ့လျှင်သော်မှ ဤသည်မှာ အတွေးထည်သည် အတွင်းသားဖြစ်သည်ဟု ဆိုလိုရာ မရောက်ပေ။ စင်စစ် ဤကဲ့သို့သော အတွေးထည်များ၏ ယေဘုယျကျမှုအား `ကိုယ်ပိုင်သက်သေပြမှု´ (Self-evidence) နှင့် ဝေမျှထားသော အတွေ့အကြုံများ အားဖြင့်သာလျှင် ပိုမိုကောင်းမွန်စွာ ရှင်းလင်းနိုင်ပေသည်။ လော့ခ်၏ အဓိက ဆင်ခြေ [ဤတွင် Argument ကို ဆိုလိုသည်] မှာ စိတ်အား သိမှု (၀ါ) သတိ (Consciousness) အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကြောင့်၊ သတိမပြုမိသည့် (not aware) အရာ တစ်ခုမျှ စိတ်တွင်းတွင် ရှိမနေနိုင်တော့။ ဘုရားသခင်နှင့် ကြောင်းကျိုးဆက်နွယ်မှု (Causality) စသည့် အတွင်းသား အတွေးထည်များသည် မွေးရာပါ တည်ရှိနေသည် ဆိုခဲ့လျှင်၊ မွေးကင်းစ ကလေးငယ်များ၊ လူရိုင်းများနှင့် ပညာရည်ချို့တဲ့သူများသော်မှ ၎င်းတို့အား သတိပြုမိရပေမည်။ သို့ရာတွင် အဆိုပါပြဿနာများ အပေါ်တွင် ပညာရည်ပြည့်ဝသော ဒဿနပညာရှင်များသော်မှ ကွဲလွဲမှုများ ရှိနေခဲ့သည်။ ထို့ကြောင့် အတွင်းသား အတွေးထည်ဟူသော အရာသည် မရှိနိုင်။ [1] ဤနေရာတွင် လော့ခ်အနေဖြင့် အတွင်းသား အတွေးထည်များအား ငြင်းပယ်ခြင်းသာဖြစ်ပြီး၊ အတွင်းသား ဉာဏ်ရည်များ (Faculty) အား ငြင်းပယ်ခြင်းမဟုတ်ကြောင်း နားလည်ဖို့လိုပါသည်။ စိတ်တွင် အတွင်းသား အတွေးထည်များ မရှိ၊ သို့ရာတွင် အတွင်းသား ဉာဏ်ရည်များ ရှိ၏။ ယင်းဉာဏ်ရည်များသည် သိမှတ်ခံစားသည်၊ သတိရသည်၊ ထို့ပြင် ၎င်းဆီသို့ ၀င်ရောက်လာသည့် စိတ်ကူးထည်များနှင့် ပေါင်းစပ်သွားသည်။ ထိုမှတစ်ဖန် ၎င်းတို့သည် ဆန္ဒရှိသည်၊ ညှိနှိုင်းချိန်ဆသည်၊ အလိုရှိသည်။ ယင်းစိတ်တွင်းဖြစ်စဉ်များကိုယ်တိုင်သည် အသစ်သော စိတ်ကူးထည် အတန်းစားတစ်ခု၏ ရင်းမြစ်ပင် ဖြစ်ပေသည်။
အသေးစိတ်ငြင်းဆိုချက် ပေးပြီးနောက် လော့ခ်က `စိတ်ကူးသည်များအားလုံးသည် အာရုံများကိုဖြတ်၍ အတွေ့အကြုံမှ ဆင်းသက်လာသည်´ ဟူသော မှန်ကန်မည်ဟု သူယူဆသည့် အဖြေတစ်ခုအား ပေးခဲ့ပါသည်။ မွေးကင်းစ `စိတ်´ အား သူက၊ tabula rasa ခေါ် လွတ်နေသော ကျောက်ပြားအဖြစ် ခေါ်ဆိုသည်။ ၎င်းသည် အသိပညာအားလုံး၏ အကြမ်းထည်ဖြစ်ပြီး အခန်းလွတ်တစ်ခု သဖွယ်ဖြစ်၏။ ယင်း ဟင်းလင်းပြင် အခန်းအား အာရုံခံစားသိမြင်ခြင်း (Sensation) နှင့် တုန့်ပြန်ခြင်း (Reflection) ဟူသည့် နည်းလမ်းနှစ်သွယ်အားဖြင့် အတွေးထည်များနှင့် ဆင်မြန်းဖြည့်ဆည်းပေးသည်။ အာရုံခံစားသိမြင်ခြင်းသည် အာရုံများအပေါ်တွင် လုံးလုံးလျားလျား မှီတည်နေသည်။ ဗဟိဒ္ဓ၀တ္ထုများသို့ အာရုံသိမှု (Perception)၊ ဥပမာအားဖြင့် `နူးညံ့သော´ `အစိမ်းရောင်´ `ချဉ်သော´ `ပူသော´ စသည်များအားလုံးသည် အာရုံခံစားသိမြင်ခြင်း၏ အတွေးထည်များသာ ဖြစ်သည်။ တုန့်ပြန်ခြင်းသည်မူ စိတ်၏ အတွင်းပိုင်းလုပ်ဆောင်ချက်များနှင့် သက်ဆိုင်သည်။ ကျွန်တော်တို့က သိမြင်ပြီး ခံစားသည်ဟု မိမိဘာသာ တွေးထင်ထားသည့် အတွင်းအာရုံများသာ ဖြစ်သည်။ စဉ်းစားခြင်း၊ တွက်ဆခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် သံသယထားခြင်း စသည်တို့အားဖြင့် အတွေးထည်များ ပေါ်လာတိုင်း ကျွန်တော်တို့သည် တုန့်ပြန်ခြင်းကို အသုံးပြုနေခြင်းသာ ဖြစ်သည်။
လော့ခ်၏ အဆိုအရ ကျွန်တော်တို့ တိုက်ရိုက် သိမြင်ခံစားနိုင်သည့်အရာမှာ ရိုးစင်းလှသည့် အတွေးထည်များသာ ဖြစ်သည်။ ဥပမာအားဖြင့် ပန်းသီးတစ်လုံးကို စားချိန်တွင် လူသည် `ပန်းသီး´ အား သီးခြားအတွေးထည်တစ်ခုအဖြစ် သိမြင်ခံစားသည်မဟုတ်။ အစိမ်းရောင်ရှိသည့်၊ လုံးဝန်းသည့်၊ အရည်ရွှမ်းသည့် စသည်ဖြင့်၊ ရိုးစင်းသော အာရုံအစဉ်တန်းကြီးတစ်ခုလုံးအား ရယူခံစားသည်။ အဆိုပါ ရိုးစင်းသည့် အတွေးထည်များအား ကြိမ်ဖန်များစွာ တွေ့ကြုံ (Experience) လာရသည့် အခါမှသာ `ပန်းသီး´ ဟူသော အတွေးထည်တစ်ခု ပေါ်ထွက်လာခြင်း ဖြစ်၏။ ထို့ကြောင့်ပင် `ပန်းသီး´ ဟူသည်မှာ ရှုပ်ထွေးသည့် [တစ်နည်း ရိုးစင်းခြင်းမရှိသည့်] အတွေးထည်တစ်ခုဖြစ်၏။ အသိပညာအားလုံးသည် ဤသို့ ရိုးစင်းသည့် အတွေးထည်များမှသာ ဖြစ်ထွန်းလာခြင်းကြောင့်၊ အသိပညာအားလုံးအား ရိုးစင်းသည့် အတွေးထည်များအဖြစ်သို့ ပြန်လည်လျှော့ချ၍ ရနိုင်ရမည်။ ဤတွင် မဆိုင်းမတွ ငြင်းဆန်မှုများလည်း ရှိခဲ့ပါသည်။ အသိပညာအားလုံးသည် အတွေ့အကြုံမှသာ ဆင်းသက်လာသည်ဆိုလျှင် နတ်မြင်းပျံ၊ ရေသူမနှင့် သွေးစုတ်ဖုတ်ကောင် ကဲ့သို့သော မတည်ရှိသည့်အရာများ၏ အတွေးထည်များအား ကျွန်တော်တို့ မည်သို့ ရလာပါသနည်း။ အဖြေမှာ စိတ်သည် အရာများအပေါ် ရွေးချယ်စစ်ထုတ်၊ စီမံမှုပြုလုပ်ပြီး မကြာခဏဆိုသလို `ဖြတ်ညှပ်ကပ်´ (Cut and Paste Job) ပြုလုပ်တတ်သည် ဟူ၏။ ခြားနားသည့် ရိုးစင်းသော အတွေးထည်များအား ယူ၍ ၎င်းတို့အား အတူတကွ ပေါင်းစပ်ခြင်းအားဖြင့် အမှန်တကယ် မတည်ရှိသည့် ရှုပ်ထွေးသော အတွေးထည်များ ပေါ်ပေါက်လာစေခြင်း ဖြစ်၏။ ရေသူမတစ်ကောင်အကြောင်း ကျွန်တော်တို့ တွေးတောနိုင်ခြင်းမှာ ကျွန်တော်တို့တွင် အမျိုးသမီးတစ်ဦးနှင့် ငါးတစ်ကောင်တို့အတွက် အတွေးထည်များ တည်ရှိပြီး ဖြစ်ခြင်းကြောင့် ဖြစ်၏။ နတ်မြင်းပျံတစ်ကောင်အား စိတ်ကူးယဉ်နိုင်ခြင်းမှာ ဦးဂျိုတစ်ချောင်းနှင့် မြင်းတစ်ကောင်တို့၏ အတွေးထည်များ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။ [ထို့ပြင် စိတ်ပညာရှင်တစ်ဦးက ဖြည့်စွက်ခဲ့သည်မှာ ကျွန်တော်တို့အနေဖြင့် ဘုရားသခင်အား ကြင်နာတတ်သော ဖခင်တစ်ဦးအဖြစ် တွေးထင်ရခြင်းသည် ကျွန်တော်တို့တွင် ကြင်နာမှုနှင့် ဖခင်တို့အတွက် အတွေးထည်များ တည်ရှိသောကြောင့်ဖြစ်သည် ဟူ၏]
ဂျွန်လော့ခ်က ပဓာနအရည်အသွေး (Primary Quality) နှင့် သာမညအရည်အသွေး (Secondary Quality) ဟူ၍လည်း ခွဲခြမ်းခဲ့သည်။ ပဓာနအရည်အသွေးဟူသည်မှာ ထုထည်၊ ပုံသဏ္ဌာန်၊ လှုပ်ရှားမှု၊ ပမာဏ၊ အရည်အတွက် စသည့် ပင်ကိုယ်မူလ ဂုဏ်ရည်များဖြစ်၏။ သာမညအရည်အသွေးသည်မူ အရာဝတ္ထုတို့၏ ပကတိအခြေအနေတွင် မတည်ရှိ။ အရောင်အဆင်း၊ အသံ၊ အနံ့၊ အရသာ စသည့် အတွေးထည်များ ကြောင့်သာ ကျွန်တော်တို့တွင် ပေါ်ထွန်းလာခြင်းဖြစ်၏။ ပန်းသီးတစ်လုံးသည် ပကတိအခြေအနေအားဖြင့် လုံးဝန်းသော်လည်း ၎င်းကို အနီရောင်ရှိသည်ဟု မဆိုနိုင်ချေ။ အရောင်သည် လူတစ်ဦး၏ ကိုယ်ပိုင်အမြင်သာဖြစ်၏။ လူတစ်ယောက်သည် ပန်းသီးအား အစိမ်းရောင်ဟု မြင်ချင်မြင်နိုင်ပြီး အရောင်ကန်းလူတစ်ဦးအနေဖြင့်မူ အခြားသော အရောင်တစ်ခု မြင်ရပေမည်။ သို့သော် နှစ်ဦးလုံးအနေဖြင့် ပန်းသီးသည် ၅ ဂရမ် အလေးချိန်ရှိကြောင်းကိုမူ သဘောတူရပေမည်။ လိမ္မော်သီးတစ်လုံးအား ချိုသည်၊ ချဉ်သည် ဟူ၍ သိမြင်ခံစားရန် ဖြစ်နိုင်သော်လည်း၊ လုံးသည် မလုံးသည်ဟု ပြောဆိုရန်မူ မဖြစ်နိုင်ပေ။ ထို့ကြောင့် သာမညအရည်အသွေးသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနေနိုင်ပြီး ပဓာနအရည်အသွေးသည်မူ မကွဲပြားနိုင်။ ဤသို့ ခွဲခြားသတ်မှတ်ခြင်းသည် ရူပဗေဒပညာရပ်တွင် များစွာ အသုံးဝင်ခဲ့ပြီး ကာလကြာမြင့်စွာပင် သိပ္ပံပညာကို လွှမ်းမိုးနိုင်ခဲ့သည်။ သို့ရာတွင် ဂျွန်လော့ခ်နောက်ပိုင်း ဒဿနပညာရှင်များကမူ ၎င်းအား ငြင်းဆိုခဲ့ကြသည်။ အဆိုပါ ခွဲခြားသတ်မှတ်ခြင်းမှာ သိမှုဆိုင်ရာ အာရုံမှားခြင်း (Illusion) ပြဿနာအား ဖြေရှင်းနိုင်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်၏။ အဆိုပါ အာရုံမှားမှုသည် သာမညအရည်အသွေးတွင်သာ ကန့်သတ်တည်ရှိသဖြင့် တစ်သီးပုဂ္ဂလသဘော သက်သက်သာ ဖြစ်သည်ဟု လော့ခ်က ဆိုခဲ့သည်။
လော့ခ်အနေဖြင့် အတွေ့အကြုံအဓိက၀ါဒအား ဒဿနစနစ်တစ်ရပ်အဖြစ် စတင်ပုံဖော်ခဲ့သော်လည်း ၎င်း၏ နိယာမများအား သူကိုယ်တိုင် လုံလောက်အောင် ပုံဖော်ဖြည့်ဆည်းခဲ့ခြင်းများ မရှိခဲ့ပေ။ ဂျွန်လော့ခ်နောက်ပိုင်းတွင် `ဘာကလေ´ (Berkeley) က အတွေ့အကြုံအဓိက၀ါဒအား ဖွံ့ဖြိုးစေခဲ့ပြီး၊ `ဟှုမ်း´ (Hume) လက်ထက်တွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သူ၏ နိုင်ငံရေးဒဿနတွင် လော့ခ်က `ဟော့´ (Hobbes) ကဲ့သို့ပင် နိုင်ငံတော် (State) ၏ မူလဇစ်မြစ်ကို ဆွေးနွေးခဲ့၏။ မိမိ၏ ကိုယ်ပိုင်စွမ်းရည်အပေါ်တွင်သာ မှီတည်ထားပြီး အပြန်အလှန်သက်ရောက်သည့် သြဇာအာဏာတစ်ခုတလေမျှ မတည်ရှိသည့် ရှေးဦးလူသားများ၏ တစ်ကိုယ်ရည်အခြေအနေအား လော့ခ်က ပုံဖော်ကြည့်၏။ သို့ရာတွင် ၎င်းသည် ဟော့၏ `လျင်သူစားစစ်ပွဲ´ (War with all against all) မျိုးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ဉာဏ်ရည်နှင့် ဆင်ခြင်တုံတရားအား အသုံးပြုကြပြီး ကိုယ်တိုင်သက်သေပြ သဘာဝနိယာမများဖြင့် ကာရံနှောင်တဲခြင်း ခံထားသောကြောင့် ဖြစ်၏။ ထို ရှေးဦးနိုင်ငံတော်မှအစပြုကာ လူမှုသဘောတူညီချက်များ ပေါ်ထွန်းလာပြီး အစိုးရ၏အာဏာစက် အောက်တွင် စုပေါင်းမှီတင်းခဲ့ကြသည်။ သို့ရာတွင် အစိုးရသည် သဘောတူညီချက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်း၏ လုပ်ငန်းဆောင်တာများအား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့လျှင် အစိုးရအား ပယ်ဖျက်နိုင်သည် ဟူသော ဟော့၏ လူမှုသဘောတူညီချက်ကဲ့သို့ မဟုတ်ပေ။
တေဇာ (လရောင်လမ်း)
သြဂုတ် (၁၉) ၂၀၁၀
Ref: John Locke, A Journey Through Modern Philosophy
Footnotes:
[1] စိတ်ပညာတွင်မူ ကျွန်တော်တို့ မသိရှိနိုင်သည့် အရာများ စိတ်တွင်ရှိနေနိုင်သည်ဟု အဆိုရှိသည်။ ၎င်းမှာ `မသိစိတ်´ (Unconscious) ပင် ဖြစ်ပါသည်။ သို့သော်လည်း `ဇီးဂမွန်ဖှရွိုင်း´ မတိုင်ခင်အထိ အဆိုပါ `မသိစိတ်´ အယူအဆအား လက်ခံခဲ့ခြင်း မရှိသေးပေ။ ဖရွိုင်း မတိုင်ခင်က `နစ်ရှေး´ သည် မသိစိတ်၏ လှုံဆော်မှုများနှင့် ဆန္ဒများနှင့် ပတ်သက်၍ သူ၏ အရေးအသားများတွင် အရိပ်အမြွက် ဖော်ပြခဲ့ဖူးသည်။
Comments
Post a Comment