(၁၅၉၆-၁၆၅၀)
`လူတစ်ယောက်သည် သေချာမှုနှင့် စတင်သည်ဆိုလျှင် သံသယနှင့် အဆုံးသတ်လိမ့်မည်။ သို့သော် သူသည် အနည်းနှင့်အများ သံသယနှင့် စတင်သည်ဆိုလျှင် သေချာမှုတွင် အဆုံးသတ်လိမ့်မည်´ ဟု ဖှရန်စစ်ဘေကွန် (Francis Bacon) က ဆိုပြီး ၎င်းမှပင် ခေတ်သစ်ဒဿနိကဗေဒ စတင်ခဲ့ပေသည်။ သူတော်စင်များ၊ ဘုန်းတော်ကြီးများ၏ ကျောင်းသင် အရိုးစွဲ ဒဿနိကဗေဒ၏ ရာစုနှစ်ပေါင်းများစွာသော နောက်ခံကားကို ကြည့်လျှင် အဆောက်အဦဟောင်း၏ အပြိုအပျက် အကြွင်းအကျန်များအား သံသယဟူသော ဂေါ်ပြားဖြင့် ရှင်းလင်းသန့်စင်သကဲ့သို့ ဒဿနပညာရှင်များအနေဖြင့် သစ်လွင်လတ်ဆတ်သော စတင်မှုတစ်ရပ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းသည် အံသြစရာတော့ မဟုတ်ပေ။ ဒေးကား (Descartes) [1] သည် ဒဿနစနစ် အသစ်တစ်ရပ်အား အစမှပြန်လည် တည်ဆောက်ခဲ့သူများတွင် ပထမဆုံးပင်ဖြစ်ပြီး ခေတ်သစ်ဒဿနိကဗေဒ၏ ဖခင်ကြီးအဖြစ် သူ့အား ထိုက်တန်စွာ အသိအမှတ်ပြုကြသည်။ သူ့အနေဖြင့် ကျောင်းသင်ဒဿနိကဗေဒမှ လုံးလုံးလျားလျား လွတ်မြောက်စေရန်အထိ သူ့ကိုယ်သူ မလုပ်ခဲ့သော်လည်း သူ့ဒဿန၏ သစ်လွင်လတ်ဆတ်ခြင်းနှင့် အတွေးအခေါ် ရှေ့ရောက်နေမှုများကို ပြသခဲ့ပြီး ၎င်းတို့အား သူ၏ နောက်တော်ပါ ပညာရှင်များက လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသည်။
ဒေးကားသည် ပြင်သစ်လူမျိုး ဒဿန၊ သိပ္ပံနှင့် သင်္ချာပညာရှင်တစ်ဦး ဖြစ်သည်။ သင်္ချာပညာရပ်နှင့် ပတ်သက်၍ သူ့အား လေးနက်စွာ အလေးဂရုပြုကြရပြီး ဂျီသြမေတြီ သရုပ်ခွဲစနစ် တည်ဆောက်ခြင်းအတွက်လည်း လူသိများသည်။ သင်္ချာနည်းကျ ဆင်ခြေ နည်းလမ်းများသည် `သေချာမှု´ (Certainty) ကို ပေးစွမ်းနိုင်သည်ဟူသော အချက်က သူ့အား ကြီးမားစွာလွှမ်းမိုးမှု ရှိခဲ့ရာ ဒဿနိကဗေဒတွင်လည်း သင်္ချာပညာရပ်တွင်ကဲ့သို့ အလားတူ `သေချာမှု´ မျိုးအား ပေးစွမ်းနိုင်ရန် ရှာဖွေခဲ့သည်။ သင်္ချာနည်းကျ ဆင်ခြင်ခြင်းအား လူသား အသိပညာဆိုင်ရာ တိုးတက်မှုအတွက် ပုံစံတစ်ရပ်အနေဖြင့် ဖော်ဆောင်သင့်ကြောင်း သူက ဆင်ခြေကန်ခဲ့သည်။ ဒေးကားနှင့် သူ၏ နောက်လိုက်များမှာ `ထုတ်ယူဆင်ခြင်နည်း´ (Deduction) ခေါ် ကြိုတင်ယူဆထားသော ကိုယ်တိုင်သက်သေပြ အဆိုများနှင့် ၎င်းတို့မှ နိဂုံးများ ဆွဲယူသော နိယာမအပေါ်တွင် ယုံကြည်ခဲ့ကြသည်။
မြေကြီးလက်ခတ်မလွဲမှု၊ တစ်နည်း သံသယစိုးစဉ်းမျှ မထားနိုင်သောအရာ (Indubitable) တစ်ခုတည်းကိုသာလျှင် လက်ခံနိုင်မည်ဖြစ်ပြီး သံသယဖြစ်ဖွယ်ရှိသော အရာများအားလုံးအား ငြင်းပယ်ရမည်ဟူသော နိယာမဖြင့် ဒေးကားက စတင်ခဲ့သည်။ သူသိသည့် `အရာအားလုံး´အား သူ အယုံအကြည်မရှိ။ ဤတွင် `အရာအားလုံး´ ဟူသော စကားလုံးမှာ ရှိရှိသမျှ၊ တစ်ခုမကျန်သော အရာအားလုံးကို ဆိုလိုသည်။ အာရုံများမှ ပေးစွမ်းသော သတင်းအချက်အလက်များ၊ သူ၏ အရိုးစွဲ ယုံကြည်မှုများ၊ ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများ သာမက ယုတ္တိဗေဒနှင့် သင်္ချာပညာရပ် ကဲ့သို့သော အရာများပါ ပါဝင်သည်။ သို့သော် ဤသံသယ၏ အခြေခံသည် အဘယ်နည်း။ သိမှုဆိုင်ရာ အာရုံမှားခြင်းအကြောင်း စဉ်းစားကြည့်ရာတွင် ကန္တာရမှ ခရီးသွားတစ်ဦးသည် တံလျှပ်ကို မြင်သော် ရေဟုထင်၏။ ရူးသွပ်နေသူ တစ်ဦးသည် အာရုံခြောက်ခြား အတွေးများနှင့်အတူ အမှန်တကယ် မတည်ရှိသောအရာများကို တွေးထင်သိမြင်၏။ ကျွန်တော်တို့ သိမြင်ကြားသိရသည့် အရာများအားလုံးသည် အမှန်တကယ်တွင် အာရုံမှားမှုများ ဖြစ်မနေနိုင်ဘူးဟု မည်သူအာမခံနိုင်ပါသနည်း။ သို့ရာတွင် သိမှုဆိုင်ရာ အာရုံမှားခြင်းအား ကျွန်တော်တို့တွင် ရှိသည့် ပင်ကိုယ်မူလ အသိပညာ အားလုံးသို့ ချဲ့ထွင်နိုင်မည်တော့ မဟုတ်ပေ။ ထိုမှတစ်ဖန် ဒေးကားက အိပ်မက်ပြဿနာကိုလည်း စစ်ဆေးကြည့်ခဲ့ပြန်သည်။ အိပ်မက် မက်နေစဉ်တွင် ကျွန်တော်တို့အနေဖြင့် အစစ်အမှန်ကမ္ဘာတွင် ရောက်နေသည့်အလား ခံစားကြရသည်။ အဆုံးစွန်ဆိုရလျှင် ကျွန်တော်ကိုယ်တိုင်သည်ပင် ယခုအချိန်ခဏတွင် အိပ်မက်မက်နေခြင်းသာ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤဗဟိဒ္ဓလောကကြီးတစ်ခုလုံးသည် အိပ်မက်မှတစ်ပါး အခြားမဟုတ်ဟုသာ ဖြစ်နေခဲ့လျှင် မည်သို့ ရှိမည်နည်း။ ဤနည်းအားဖြင့် ပြင်ပလောကြီး၏ ဗဟိဒ္ဓ အရှိတရားအပေါ်တွင် ကျွန်တော်တို့ သံသယထားရှိနိုင်သည်။ သင်္ချာနှင့် ယုတ္တိဗေဒပညာရပ်တို့နှင့် ပတ်သက်၍ရော မည်သို့ သံသယရှိနိုင်မည်နည်း။ ၎င်းတို့သည် ကျွန်တော်တို့ လိုအပ်သည့် ပကတိ `သေချာမှု´ များအား ပေးစွမ်းခြင်းမှာ မငြင်းနိုင်။ ဤအချက်တွင် ဒေးကားသည် မယုံကြည်ခြင်း၏ အစွန်းတစ်ဘက်သို့ ရောက်သွားပြီး စာဖတ်သူများကို မာရ်နတ် (Omnipotent evil god) နှင့် ပုံဆောင်ပြခဲ့သည်။ မာရ်နတ်သည် လူတို့၏ စိတ်ကို မှိုင်းသွင်းကာ ယုတ္တိကင်းမဲ့သည့် ဆင်ခြေများအား ယုတ္တိရှိသယောင် ထင်မြင် ယုံကြည်စေသည်။ ဥပမာအားဖြင့်၊ ၂+၂ = ၄ မဟုတ်ဟု ယူဆကြည့်ပါ။ ထိုအချိန်တွင် ထိုအတိုင်းယုံကြည်စေရန် (၂+၂ = ၄ သည် အမှန်ဖြစ်သည်ဟု ယုံကြည်စေရန်) မာရ်နတ်သည် ကျွန်တော်တို့၏ ဆင်ခြင်တုံတရားအား ဖိအားပေးနေခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် ဤ ကပ်သီးကပ်သတ် သံသယ၀ါဒတွင် သင်္ချာပညာရပ်၏ ခိုင်လုံမှုသော်မှ ရှင်ကျန်နိုင်ခြင်း မရှိတော့ပေ။ ဤသို့ သံသယထားရှိပုံ နည်းလမ်းအား `ကာတီရှန်[*] သံသယ၊ သို့မဟုတ် `သံသယကျူးခြင်း´ (Hyperbolic Doubt) ဟု သိရှိကြသည်။
ဤသို့လျှင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အာရုံများမှ ပေးသမျှအား မယုံကြည်နိုင်။ ကမ္ဘာကြီးသည် အိပ်မက်တစ်ခုမျှသာ ဖြစ်သည်ဟု ကျွန်တော်တို့ စဉ်းစားကြည့်ကာ မာရ်နတ်ဆိုးသည် မှန်ကန်သည့် နိဂုံးများဆီသို့ ဆိုက်ရောက်နိုင်ခြင်းမရှိအောင် ကျွန်တော်တို့၏ ဆင်ခြင်တုံတရား သွေဖည် လမ်းကြောင်းလွဲစေသည်ဟု ယူဆကြည့်ပါမည်။ အရာအားလုံးအား သံသယ ရှိနိုင်သည်ဟူသော အချက်သည် ကျွန်တော်တို့သည် အရာရာတွင် `သေချာမှု´ အား ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိဟု ဆိုလိုခြင်း ဖြစ်ပါသလား။
ဤသို့ မဟုတ်ပါ။ ဤအစွန်းရောက် မယုံကြည်ကြားမှ ရှင်သန်ကျန်ရှိနေသော အရာတစ်ခု ရှိပါသည်။ ၎င်းမှာ ကျွန်တော်(တို့)၏ `ဖြစ်,ရှိနေခြင်း´ (Existence) ပင် ဖြစ်ပါသည်။ ကျွန်တော်က သံသယဖြစ်နေသည့်အတွက် ကျွန်တော်သည် စဉ်းစားရမည်။ ကျွန်တော်က စဉ်းစားနေသည့်အတွက် ကျွန်တော်သည် `ရှိ´ ရမည်။ အကယ်၍ ကျွန်တော်သာ မရှိခဲ့လျှင် မာရ်နတ်သော်မှ ကျွန်တော်အား လှည့်စားနိုင်လိမ့်မည်မဟုတ်။ ကျွန်တော်သည် လှည့်စားခံနေရသည် ဆိုလျှင်သော် အနည်းဆုံးအားဖြင့် ကျွန်တော် `ရှိ´ ရတော့မည်။ ၎င်းအား ဒေးကားက cogitio ergo sum [I think, therefore I am [2] ] (ငါတွေးသည်။ ထို့ကြောင့် ငါရှိသည်) ဟု ဖော်ပြခဲ့သည်။ ကျွန်တော်သည် ဘာကို သံသယရှိသည်ဖြစ်စေ၊ ကျွန်တော့်အနေဖြင့် `ကျွန်တော် ဖြစ်,ရှိနေခြင်း´ (ဟူသည့် မြေကြီးလက်ခတ်မလွဲမှု၊ တနည်း သံသယမထားနိုင်သောအရာ) အပေါ် သံသယမထားနိုင်တော့။ ရှေးဟောင်း ဂရိ အင်ဂျင်နီယာ၊ အာခိမိဒိ (Archimedes) က `ငါ့အား ကုတ်တစ်ချောင်းနှင့် တိကျခိုင်မာသည့် အမှတ် (နေရာ) တစ်ခု သာပေးလျှင် ကမ္ဘာအား တစ်ဦးတည်းနှင့် ရွေ့ပြနိုင်သည်´ ဟု ဆိုခဲ့သည်။ အလားတူပင် ဒေးကားအနေဖြင့် မြေကြီးလက်ခတ်မလွဲသော၊ တစ်နည်း သံသယစိုးစဉ်းမျှ မထားနိုင်သော အချက်တစ်ရပ်ကို သူ့ဒဿန၏ ခေါင်ချုပ်အဖြစ် တည်ဆောက်နိုင်ရန် ရှာဖွေနေခဲ့ရာတွင် အဆိုပါ `တိကျခိုင်မာသည့် အမှတ်´ သည် Cogito ပင် ဖြစ်ပါသည်။
[ဒေးကား၏ အဆိုပါ နာမည်ကျော် Cogito ဆင်ခြေမှာ မူရင်းမဟုတ်ဟု ဆိုနိုင်မည် ဖြစ်ပါသည်။ စင်စစ် ၎င်းသည် `စိန့် သြဂတ်စတင်း´ ဒဿနခေတ် မတိုင်မီက ပေါ်ပေါက်ခဲ့ပါသည်။ `အကယ်ဒမီကျောင်းမှ သံသယ၀ါဒီများ၏ ဆင်ခြေများအပေါ် ငါက ကြောက်ရွံ့ထိတ်လန့်လာစေအောင် ဤအချက်များအားလုံး တစ်ခုမျှ ငါ့အား မပြုလုပ်နိုင်။ ၎င်းတို့ (သံသယ၀ါဒီများ) က… သင်သည် လှည့်စားခံနေရသော် မည်သို့နည်း။ ကျွန်တော်သည် လှည့်စားခံနေရသည့်အတွက် ကျွန်တော် ရှိသည်။ ဖြစ်,ရှိနေခြင်း မရှိသည့် လူတစ်ဦးတစ်ယောက်အား လှည့်စားရန် မဖြစ်နိုင်။ ထို့ကြောင့် ကျွန်တော် လှည့်စားခံနေရခြင်းသည် ကျွန်တော် တည်ရှိသည်ဟု ယူခြင်းနှင့် တူညီသည်။ (ဘုရားသခင်၏ နိုင်ငံတော်၊ ၁၁း ၂၆) ဟု သြဂတ်စတင်းက ရေးသားခဲ့သည်။ သို့ရာတွင် ဤသည်မှာ သြဂတ်စတင်း ဒဿနတွင် အလွန်သေးငယ်ပြီး အရေးမပါသည့် အစိတ်အပိုင်းတစ်ရပ်မျှ ဖြစ်ပါသည်] -စကားချပ်-
ဤနေရာတွင် ကျွန်တော်တို့အနေဖြင့် `ငါတွေးသည်။ ထို့ကြောင့် ငါရှိသည်´ အား ဒေးကားသည် အငယ်စား ထုတ်ယူဆင်ခြင်ပုံ တစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း နားလည်ဖို့ လိုအပ်ပါသည်။ [3] ၎င်းသည် ငါတွေးခြင်းမှ၊ ငါ ရှိခြင်းဆီသို့ `ထို့ကြောင့်´ အား ကြားခံပြုကာ ဖော်ထုတ်ထားသော်လည်း ထုတ်ယူဆင်ခြင်ပုံစနစ်တစ်ရပ်မျှ မဟုတ်ပါ။ Cogito သည် ထုတ်ယူဆင်ခြင်နည်း မဟုတ်ကြောင်း၊ စင်စစ် ရိုးရှင်းသည့် လျှပ်တစ်ပြက် စိတ်တွင်း ထိုးထွင်းဉာဏ်ဖြင့် သိမြင်ခြင်းသာ ဖြစ်သည်ဟု ဒေးကားကိုယ်တိုင်က ရှင်းလင်း ပြောဆိုခဲ့သည်။ ဒေးကား အလိုအရမူ စဉ်းစားနေသော `ငါ´ ၏ တည်ရှိမှုအား ထင်းခနဲ သိမြင်လိုက်ရသော ဖျပ်ခနဲ အတွေးကလေးသာ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ကိုယ်တိုင်၏ တည်ရှိမှုအား ထိုးထွင်းသိမြင်ခြင်းနှင့် မိမိကိုယ်ကိုယ် ပြန်သိလိုက်သည့် အာရုံပြုခြင်းကို ဖွင့်လှစ်ပြဆိုခြင်းတစ်ခုသာ ဖြစ်ပါသည်။
Cogito ergo sum အား နှောင်းခေတ် ဒဿနပညာရှင် အများအပြားက ဝေဖန်ခဲ့ကြသည်။ `ငါတွေးသည်။ ထို့ကြောင့် ငါ ရှိသည်´ ဟူသော ၀ါကျတွင် `ငါ´ ဟူသည့် စကားလုံးသည် တရားဝင်မှု မရှိ။ ဒေးကား၏ မဟာအဆိုကြီးသည် `အတွေးများ ရှိကြသည်´ ဟူ၍သာ ဖြစ်သင့်သည်ဟု ဆို၏။ `ငါသည် စဉ်းစားနေသည့် အရာတစ်ခုဖြစ်သည်´ ဟု ဒေးကားက ဖော်ပြရာတွင် သူ့အနေဖြင့် အရာတစ်ခုအဖြစ် တည်ရှိနေသော ငါအား သက်သေပြထားခြင်းမရှိသော ယူဆချက်တစ်ရပ်အဖြစ် ဖန်တီးထားခြင်း ဖြစ်၏။ သို့ရာတွင် Cogito သည် သဒ္ဒါနည်းလမ်းအရသော် လက်ခံနိုင်သည့်အရာ ဖြစ်ပါသည်။ [4] `ငါ´ အသုံးအား သဒ္ဒါဆိုင်ရာ အဆင်ပြေချောမွေ့မှုအတွက် ရည်စူးကာ သုံးစွဲထားခြင်းဖြစ်ကြောင်းနှင့် `ငါ´ သည် အရာတစ်ခုဖြစ်သည်ဟု မဆိုလိုကြောင်း မှတ်ယူနိုင်သည်။
Cogito သည် ဒေးကားဒဿန၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည့်တိုင်အောင် ထိုမှစ၍ ကမ္ဘာမြေကြီး၏ အသိပညာအပေါ်သို့ သူ အသုံးပြုခဲ့သော သူ၏ ကိုယ်ပိုင်ဒဿနတွင် သံသယ၀ါဒအား အသုံးပြုရန် ပျက်ကွက်ခဲ့ခြင်းအား စဉ်းစားကြည့်သောအခါ အံအားသင့်စရာကောင်းလှသည်။ ဒေးကားက ဤသို့ဆိုသည်။ သူ၏ ဖြစ်,ရှိနေမှု၏ သေချာခြင်းအား စဉ်းစားတွေးဆသောအခါတွင် ၎င်းသည် ရှင်းလင်းပြီး ထူးခြားထင်ရှားသည်ဟု သူတွေ့ရှိရကြောင်း ပြောသည်။ အထွေထွေ စဉ်းမျဉ်းတစ်ရပ်အား သူက အဆိုပြုခဲ့ပြီး၊ ၎င်းမှာ သူ ရှင်းလင်းထင်ရှားစွာ တွေ့သိခံစားရသည့် အရာများအားလုံးသည် မှန်ကန်သည်ဟူ၍ ဖြစ်ပါသည်။
ဗဟိဒ္ဓကမ္ဘာကြီးနှင့် ပတ်သက်၍ တစ်စုံတစ်ရာအား သံသယမပါဘဲ သက်သေပြရန် ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်ပါသည်ဟု ဒေးကားက ဆို၏။ သို့ရာတွင် ဤသို့ လုပ်နိုင်ရန် သူ့အနေဖြင့် ဘုရားသခင်ရှိကြောင်း သက်သေပြဖို့ လိုအပ်သည်။ ဆင်ခြေပေါင်းများစွာအား ဆွဲထုတ်ကာ သူက ရှင်းလင်းတင်ပြခဲ့ပြီး၊ အားလုံးမှာ ကျောင်းသင် ဒဿနကမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ အဆိုပါ ဆင်ခြေများထဲမှ တစ်ခုကိုသာ ဤနေရာတွင် ကျွန်တော်တို့ စဉ်းစားကြည့်ပါမည်။ ၎င်းအား ဖြစ်တည်မှုဒဿနဆိုင်ရာ (Ontological) ဆင်ခြေတစ်ရပ်အဖြစ် သိကြသည်။
ကျွန်တော်၏ စိတ်ထဲတွင် ထူးခြားကောင်းမွန်စွာ ပြီးပြည့်စုံသည့် ဖြစ်တည်မှုတစ်ခုအတွက် စိတ်ကူး (Idea) တစ်ခုရှိသည်။ ယင်းဖြစ်တည်မှုသည် အခါခပ်သိမ်းတွင် ပြီးပြည့်စုံနေသည်။ ဖြစ်တည်မှုသည် ပြီးပြည့်စုံခြင်းသာဖြစ်ပြီး၊ ထို့ကြောင့်ပင် အဆိုပါ ထူးခြားကောင်းမွန်စွာ ပြီးပြည့်စုံသည့် ဖြစ်တည်မှုသည် တည်ရှိသည်။ ဥဒါဟရုဏ် တစ်ခုဖြင့် ချိန်ထိုးစဉ်းစားကြည့်နိုင်ပါသည်။ ကျွန်တော်တို့တွင် တြိဂံတစ်ခုအတွက် စိတ်ကူးတစ်ခု တည်ရှိသည်။ အဆိုပါတြိဂံတွင် ၎င်း၏ ထောင့်သုံးထောင့် သည် ၁၈၀ ဒီဂရီနှင့် ညီမျှသည် ဟူသည့် အခြေခံ ၀ိသေသရှိသည်။ ဤ၀ိသေသ မပါရှိသော တြိဂံတစ်ခုအတွက် `စိတ်ကူး´ အား ကျွန်တော်တို့ ဖြစ်ပေါ်စေနိုင်မည် မဟုတ်။ စက်ဝန်း (Circumference) မပါသော စက်ဝိုင်းတစ်ခုအတွက် ကျွန်တော်တို့တွင် စိတ်ကူးတစ်ခု မရှိနိုင်သကဲ့သို့ပင် ဖြစ်သည်။ ဖြစ်တည်မှုသည် ထူးခြားကောင်းမွန်စွာ ပြီးပြည့်စုံသည့် တည်ရှိမှု၏ ၀ိသေသလက္ခာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းသာ မတည်ရှိခဲ့လျှင် ၎င်းသည် ပြီးပြည့်စုံခြင်းမရှိ ဖြစ်နေပေလိမ့်မည်။ ဤနည်းအားဖြင့် အဆိုပါ ဆင်ခြေက ပြဆိုသည်မှာ အကယ်၍ ကျွန်တော်တို့တွင် `စိတ်ကူး´ တစ်ခုသာ ရှိခဲ့လျှင် ထို ထူးခြားကောင်းမွန်စွာ ပြီးပြည့်စုံသည့် ဖြစ်တည်မှုတစ်ခု တည်ရှိနေမည် ဖြစ်သည်။ ကျွန်တော်တို့တွင် ဘုရားသခင်ဟူသော `စိတ်ကူး´ တစ်ခု တည်ရှိခြင်းကြောင့် ဘုရားသခင် ရှိ၏။
ဤဆင်ခြေကန်ပုံနှင့် ပတ်သက်၍ ဒဿနဆရာများမှ မတူကွဲပြားသည့် လက်ခံပုံများ ပေးခဲ့ကြသည်။ သာမန်လူတစ်ဦးအနေဖြင့် ၎င်းအား ရှေ့နောက်မညီညွတ်ဟုသာ မှန်ကန်စွာ အကဲဖြတ်လိမ့်မည် ဖြစ်ပါသည်။ သို့ရာတွင် ဒဿနဆရာအများစုက ဤဆင်ခြေအား လေးစားသမှုဖြင့် ကိုင်တွယ်ခဲ့ကြသည်။ ဘာထရန် ရပ်ဆဲက သူ၏ ရှင်းလင်းဖွင့်ဆိုမှု သီအိုရီ [5] တွင် ယုတ္တိနည်းကျ အမှားသက်သေပြချက်တစ်ခု ပေးခဲ့သည်။
`တည်ရှိ´ (Exists) ဟူသော စကားလုံးသည် သဒ္ဒါနည်းအရ ၀ါစက တစ်ခုဖြစ်သော်လည်း၊ ယုတ္တိနည်းအရမူ ထိုအရာသည် ခြားနားသော လုပ်ဆောင်ချက်ကို ဆောင်ရွက်သည်။ `မြင်းများ တည်ရှိကြသည်´ ဟူသော ၀ါကျသည် `x သည် မြင်းတစ်ကောင်ဖြစ်သည် ဆိုခြင်းသည် မှန်ကန်လျှင် x များ တည်ရှိကြသည်´ ဟု ဆိုလိုသည်။ အလားတူပင် `ရေသူမများ မတည်ရှိကြ´ ဟူသော ၀ါကျသည် `x သည် ရေသူမတစ်ကောင် ဖြစ်ခြင်းသည် မှန်ကန်လျှင် x များ မတည်ရှိကြ´ ဟု ပြောခြင်းနှင့် အတူတူပင် ဖြစ်သည်။ မြင်းများ တည်ရှိကြသည်ဟု ပြောခြင်းအားဖြင့် `မြင်းများတွင် ၎င်းတို့ တည်ရှိသည်ဟူသော အရည်အသွေးတစ်ခု ရှိကြသည်´ ဟု ကျွန်တော်တို့ ဆိုလိုခြင်းမဟုတ်။ ယင်းအစား၊ `မြင်း´ ဟူသော စကားလုံးတွင် အနှစ်ချုပ် ဖွင့်ဆိုချက်တစ်ရပ် တံဆိပ်ကပ်လိုက်နိုင်သော `၀တ္ထုများ´ (Objects) ဤကမ္ဘာမြေကြီးတွင် ရှိသည် (တည်ရှိခြင်း Exist မဟုတ်ကြောင်း သတိပြုရန်) ဟု ကျွန်တော်တို့ ခပ်ရှင်းရှင်း ဆိုလိုက်ခြင်းသာ ဖြစ်ပါသည်။ `တည်ရှိခြင်းအား´ ကြည့်မြင်ခြင်းသည် ဤသဘောသာဖြစ်ပြီး၊ ဖြစ်တည်မှုဒဿန ဆင်ခြေမှာ မှန်ကန်မှု မရှိတော့ပေ။
သို့သော်လည်း ဒေးကား ဒဿနအား ပြန်ဆက်ရလျှင်၊ ဘုရားသခင်သည် ပြီးပြည့်စုံခြင်းကြောင့်၊ ထို့နောက် လှည့်ဖျားခြင်းသည် ပြီးပြည့်စုံမှု မရှိခြင်း၏ ရလဒ်ဖြစ်ခြင်းကြောင့်၊ ဘုရားသခင်သည် ကျွန်တော်တို့အား မလှည့်ဖျားဟု သူက ဆိုသည်။ စင်စစ် ဒေးကားအနေဖြင့် ဘုရားသခင် တည်ရှိခြင်းသည် ကောင်းမွန်ပြီး လှည့်ဖျားမှုမရှိခြင်းသည် သူ့အား အမှန်တရားအား သိနားလည်ရန်အတွက် လိုအပ်သည့် ဉာဏ်ရည်ဉာဏ်သွေးအား အပ်နှင်းလိုက်သည်ဟု ယုံကြည်မှုရှိလာခဲ့သည်။
အာရုံများမှ သိမှတ်ခံစားခြင်းအား အပြုခံ အရည်အသွေးတစ်ခုဟု ဒေးကားက သတ်မှတ်သည်။ [ဗဟိဒ္ဓကမ္ဘာကြီးအား ခံစားသိမြင်ခြင်းသည် ကျွန်တော်တို့၏ အလိုဆန္ဒအတိုင်းမဟုတ်။ အလိုရှိရှိ၊ မရှိရှိ အလိုအလျောက် ခံစားသိမြင်နေရခြင်းသာ ဖြစ်သည်ဟု ဆိုလိုသည်] ကျွန်တော်တို့ ထိန်းချုပ်နိုင်မှု ပြင်ပမှ ဗဟိဒ္ဓ ရင်းမြစ်အချို့ကြောင့် ဖြစ်ပေါ်လာသော ကျွန်တော့်တို့တွင် ရှိသည့် ရုပ်ပစ္စည်းများ (မျက်စိ၊ နား၊ နှာ စသည်) ၏ စိတ်ကူးများအပေါ် ယုံကြည်ရန် ကျွန်တော်တို့အား သဘာဝအားဖြင့် စီမံထားသည်။ [အသိခံအရာ၊ ပြင်ပကမ္ဘာကြီးနှင့် ကျွန်တော်တို့၏ အာရုံများကို ဆိုလိုသည်] ထို ပြင်ပကမ္ဘာမှ အရာဝတ္ထုများမှာ အမှန်တကယ် တည်ရှိရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်တော်တို့အား သဘာဝ ယုံကြည်စိတ်ကို ပေးအပ်ထားသောကြောင့်နှင့်၊ ဘုရားသခင်သည် ကျွန်တော်တို့အား မလှည့်စားသောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဒေးကားက `ငါ´ တည်ရှိကြောင်း၊ ဘုရားသခင် တည်ရှိကြောင်းနှင့် ဗဟိဒ္ဓ အရှိတရားများ တည်ရှိကြောင်းကို ပြသခဲ့သည်။
ဤကမ္ဘာကြီးအကြောင်း ဒေးကားက ဆက်လက်ရှင်းလင်းပြောဆိုသည်။ သူ့အလိုအရ ဘုရားသခင်မှတစ်ပါး ဤလောကတွင်၊ ရုပ်နှင့် စိတ်ဟူသော `၀တ္ထု´ (Substance) နှစ်မျိုး ရှိသည်ဟု ဆိုသည်။ [၀တ္ထုတစ်ခုသည် အခြေခံနှင့် ထာဝရ အရှိတရားဖြစ်သည်] ရုပ်သည် ချဲ့ထွင် ၀ိသေသပြုထားသည့် အရာဖြစ်ပြီး စိတ်မှာ အတွေးများ ပေါက်ဖွားရာ ဖြစ်သည်။ လူသားများတွင်သာ စိတ်သည် တည်ရှိပြီး၊ အခြားသော တိရိစ္ဆာန်များ အားလုံးမှာ ဇီဝဗေဒယန္တရားများ မျှသာ ဖြစ်သည်ဟု ဒေးကားက ယုံကြည်သည်။ လူသားတွင် ရုပ်နှင့်စိတ် နှစ်မျိုးရှိသည်ဆိုသော် ၎င်းတို့သည် မည်သို့မည်ပုံ အညမညပြုသနည်းဟူသော မေးခွန်း ပေါ်ထွက်လာသည်။ ကျွန်တော်၏ စိတ်က လက်မောင်းကို မြှောက်ရန် ဆုံးဖြတ်သည်။ ထို့နောက် လက်မောင်း မြောက်လာသည်။ ထို ပြန်လှန်ဆက်နွယ်မှု ဖြစ်စဉ်သည် မည်သို့ ဖြစ်ပေါ်သနည်း။ ရုပ်နှင့် စိတ် အကြားရှိ စူးရှသော ခြားနားမှုနှင့် ကျယ်ပြန့်သော `အဟ´ (Gulf) ကိစ္စရပ်များအတွက် သူ၏ တွေးခေါ်ရှာဖွေခဲ့မှုများကြောင့် ဒေးကားအား `ဒွိဝါဒီ´ (Dualist) တစ်ဦးဟု ခေါ်တွင်ကြပြီး ၎င်းနှင့်ပတ်သက်သော သူ၏ ဒဿန အပိုင်းအား `ဒွိဝါဒ´ (Dualism) ဟု သိရှိကြသည်။ ဒေးကားက ထိုနှစ်ခုအား အလွန် ခွဲခြားခဲ့ပြီး၊ ၎င်းသည် ဘုံဆိုင်သော ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ သူကိုယ်တိုင် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။ ဦးနှောက်တွင်းမှ Pineal Gland အား ရုပ်နှင့်စိတ် ပြန်လှန်ဆက်သွယ်မှု ဖြစ်ပွားရာ နေရာအဖြစ် ၀ိုးတ၀ါး ဖြေရှင်းချက်တစ်ခုသာ ပေးခဲ့ပြီး၊ အဆိုပါ အချက်အား သူ၏ နောက်တော်ပါများက မဆိုင်းမတွ ပယ်ချခဲ့ကြသည်။
ဒေးကားအား ဆက်ခံသည့် ဒဿနပညာရှင်များမှာ မူလအခြေခံအားဖြင့် အဆိုပါ စိတ်-ရုပ် ဒွိဝါဒ ပြဿနာနှင့် ဆက်ဆိုင်ခဲ့ကြသည်။ အဆိုပါ ဒဿနပညာရှင်များအား `ကာတီရှန်´ (Cartesians) များဟု သိကြပြီး သူတို့၏ ဒဿနကိုလည်း တစ်ဆက်တည်းအားဖြင့် `ကာတီရှန်ဝါဒ´ (Cartesianism) ဟု သိရှိကြသည်။
ကာတီရှန် ရင်းမြစ်စဉ်ဆက်၏ အရေးအပါဆုံး ဒဿနပညာရှင်တစ်ဦးမှာ `ဂူလင့်က်စ်´ (Geulincx) (၁၆၂၄-၁၆၆၉) ဖြစ်ပြီး သူက `နာရီနှစ်လုံး သီအိုရီ´ (Theory of two clocks) ဟု သိကြသော အတွေးအခေါ်အား ဖော်ထုတ်ခဲ့သည်။ အချိန်လုံးဝ တိကျသည့် နာရီနှစ်လုံး ကျွန်တော်တို့တွင် ရှိသည်ဟု ယူဆကြည့်လျှင် တစ်လုံးသည် တစ်နာရီထိုးလျှင် အခြားတစ်လုံးသည်လည်း ထိုးရပေမည်။ ကျွန်တော်တို့အနေဖြင့် ပထမတစ်လုံးတည်းကိုသာ မြင်နိုင်ပြီး ဒုတိယတစ်လုံးဆီမှ အသံကိုသာ ကြားနိုင်ခဲ့သည်ဆိုလျှင်၊ ပထမနာရီ၏ (မြင်နေရသော) လက်တံသည် ဒုတိယနာရီမှ ချက်ခနဲ မြည်သံကို ဖြစ်ပေါ်စေခြင်းကဲ့သို့ ထင်မြင်ရပေလိမ့်မည်။ စိတ်နှင့် ရုပ်ကိစ္စသည်လည်း ၎င်းနှင့် အတိအကျ သဏ္ဌာန်တူသည်။ တစ်ခုစီအား မှော်ဆန်စွာ စည်းချက်ညှိထားခြင်းဖြစ်ပြီး စိတ်နှင့် ရုပ်တို့၏ လုပ်ဆောင်ချက်များသည် အပြိုင်မျှသာ ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ခုနှင့်တစ်ခု သက်ရောက်မှု အလျင်းမရှိဘဲ ကျွန်တော်တို့အနေဖြင့် ဆက်နွယ်နေသယောင် ထင်မြင်နေရခြင်းမျှသာ ဖြစ်သည်ဟု ဆိုလိုသည်။ ကျွန်တော်တို့၏ စိတ်မှ လက်မောင်းကို မြှောက်ရန် စဉ်းစားသည်။ ထို စိတ်ဖြစ်စဉ်သည် လက်မောင်းမြောက်သွားသော ရုပ်ဖြစ်စဉ်နှင့် တစ်သွေမတိမ်း စည်းချက်ကျသည်။ စိတ်က ရုပ်အပေါ် သက်ရောက်သွားခြင်းမဟုတ်။ ရုပ်ပိုင်းဆိုင်ရာ နိယာမများသည် အားလုံးသော အရာဝတ္ထုများအပေါ် အုပ်စိုးထားသည်ဖြစ်ရာ လွတ်လပ်မှုဟူသည် မရှိ။ စိတ်သည် ရုပ်ဝတ္ထုနှင့် စည်းချက်ညီနေခြင်းသာ ဖြစ်သည်။ ဆိုလိုသည်မှာ စိတ်ဖြစ်စဉ် အစီအစဉ်များသည်လည်း နိယာမများအား နာခံနေရခြင်းသာဖြစ်ပြီး `လွတ်လပ်သော ရွေးချယ်ပိုင်ခွင့်´ (Free will) မရှိ။ ထို့ကြောင့် ကာတီရှန်ဝါဒသည် `သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ´ (Determinism) သက်သက်ဆီသို့ ဦးတည်သွားခဲ့လေသည်။
အခြားသော အရေးပါသည့် ကာတီရှန် ဒဿနပညာရှင် တစ်ဦးမှာ `မဲဘရန့်ခ်´ (Malebranche) (၁၆၃၈-၁၇၁၅) ဖြစ်သည်။ သူက စိတ်နှင့်ရုပ်တို့သည် သူ့နည်းသူ့ဟန်ဖြင့် လွတ်လပ်နေပြီး တစ်ခုအပေါ်တစ်ခု သက်ရောက်ခြင်း မပြုနိုင်ဟု ယုံကြည်သည်။ ရုပ်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ချိန်တွင် ဘုရားသခင်က စိတ်တွင်လည်း အပြိုင် သက်ရောက်မှုတစ်ခု ဖြစ်ပေါ်စေသည်။ ဤနည်းအားဖြင့် အာရုံခံစားသိမှတ်ခြင်း (Sense Perception) သည် ကျွန်တော်တို့အနေဖြင့် `ဘုရားသခင်၌ရှိသည့် အရာအားလုံးကို သိမြင်ခြင်း´ပင် ဖြစ်သည်။ အလားတူစွာ ကျွန်တော်တို့၏ ဆန္ဒများ (Will) သည်လည်း ရုပ်ကမ္ဘာကြီးအပေါ် သူ့နည်းသူ့ဟန်ဖြင့် လွှမ်းမိုးမှု ရှိမနေဘဲ ကျွန်တော်တို့၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဆိုင်ရာ ဆုံးဖြတ်ရွေးချယ်မှုများကို ဘုရားသခင်ကသာ သမူဟပြု ဖြည့်ဆည်းပေးနေသည်၊ စသည်ဖြင့် သူက ယုံကြည်ခဲ့သည်။
ဒေးကားသည် နောက်ပါ ဒဿနိကဗေဒပညာရပ်အပေါ်တွင် များစွာ သြဇာလွှမ်းမိုးခဲ့ပါသည်။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၁) ၂၀၁၀
Ref: Rene Descartes, The Journey Through Modern Philosophy
Footnotes:
[*] Cartesian : Of or relating to Rene Descartes or his works
[1] “ဒေးကာ့ဒ်” (Day-cart) ဟု အသံထွက်ပါ။
[2] This is known as Descartes’s cogito.
[3] Deduction always contains two premises and a conclusion. For example,
Socrates is a man
All men are mortal
Therefore, Socrates is mortal.
‘I think therefore I am’ contains only one premise, ‘I think’. Hence it is not a deduction.
[4] Later philosophers have claimed that there is no unified thinking being classified as ‘I’ but rather it is a series of individual mental events. In ‘I think’ “I seems to be only a string of events… and [think] really covers complicated relations between events. … It is the particular events which are certain, not the ‘I think’ which Descartes made the basis of his philosophy.” [Outline of Philosophy, by Bertrand Russell. Page 192-193]
[5] See the chapter on Logical Analysis and Russell for details
[6] Predicate is that part of a proposition that is affirmed or denied about the subject. For example, in the proposition: We are mortal, mortal is the predicate. [Excerpted from The American Heritage Dictionary of the English Language, Third Edition Copyright © 1992 by Houghton Mifflin Company.]
[7] That is, our every act is the inevitable effect of a cause, and there is no free will.
ကျွန်တော့ အထင် ဒေးကားရဲ့  ဖီလော်ဆော်ဖီက အဓိက အချက်အလက်တွေကို တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်းရေးသွားတာ သိပ်ကောင်းပါတယ်။ Cogito Ergo Sum ကို ရှင်းပြတာ ထိထိမိမိရှိတယ်။ အထူးသဖြင့် နားလည်မှု လွဲနိုင်တဲ့ အပိုင်းဖြစ်တဲ့ Cogito ဟာ Deductive reasoning ထုတ်ယူဆင်ခြင်နည်းနဲ့ ရောက်လာတာ မဟုတ်ဖူးဆိုတာကို သေချာရှင်းပြသွားတာ အင်မတန် သင့်တင့်မျှတတယ် ထင်ပါတယ်။
ReplyDeletew..