ဤအရေးအသားတွင် `အဓိပ္ပါယ်မဲ့မှု´ ဟူသော မြန်မာစကားလုံးအား Absurd ဟူသော အင်္ဂလိပ်စကားလုံး အတွက် ဘာသာပြန်ချက်အနေဖြင့် သုံးစွဲထားခြင်း ဖြစ်ပါသည်။ သာမန် အဓိပ္ပါယ်ကင်းမဲ့ခြင်း သဘောမျိုးမဟုတ်ဘဲ လူ့ဘ၀၏ ရှေ့နောက်မညီညွတ်ခြင်း၊ ကျိုးကြောင်းမဆီလျော်ခြင်းသဘောကို ရည်ညွှန်းလိုခြင်း ဖြစ်သောကြောင့် အဆိုပါစကားလုံးအား ဒဿနအဆင့် (Philosophical Sense) တွင် ထားကာ သိမှတ်နားလည်ပေးရန် လိုအပ်မည်ဟု အသိပေးလိုပါသည်။ [ဘာသာပြန်သူ]
အမှန်တကယ် လေးနက်သော ဒဿနပြဿနာရပ်မှာ တစ်ခုသာရှိပြီး `အဆုံးစီရင်မှု´ (Suicide) ဖြစ်သည်။ ဘ၀သည် အသက်ရှင်နေထိုင်ရန် ထိုက်တန်ခြင်း ရှိ,မရှိအား ဆုံးဖြတ်ခြင်းသည် ဒဿနပညာရပ်၏ အရင်းအမြစ်ကျသော မေးခွန်းကို ဖြေဆိုခြင်းနှင့် တူမျှ၏။ [1] ဤအဆိုသည် ကမူး အဖြေ ရှာဖွေခဲ့သည့် `အဓိပ္ပါယ်မဲ့မှု´ (Absurd, Absurdism) ဒဿန၏ တစ်ခုသော ဒွိဟကို ဖွင့်လှစ်ပြခြင်း ဖြစ်ပါသည်။ အယ်ဂျီးရီးယားဖွား၊ ပြင်သစ်တွေးခေါ်ရှင် အဲလ်ဘတ်ကမူး (Albert Camus) သည် အဓိပ္ပါယ်မဲ့ဝါဒ (Absurdism) ၏ ဦးဆောင် တွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ တကယ်တော့ သူသည် ရင့်သန်သည့် ဒဿနနောက်ခံကားဖြင့် ရေးသားသော ၀တ္ထုဆရာ၊ စာရေးဆရာတစ်ဦးသာ ဖြစ်ပါသည်။ အဓိပ္ပါယ်မဲ့ဝါဒသည် ဖြစ်တည်မှုဝါဒ (Existentialism) ၏ လက်တက်တစ်ခုဖြစ်ပြီး ၎င်း၏ ၀ိသေသအများအပြားအား ဝေမျှထားခြင်း ဖြစ်ပါသည်။ ကမူးကိုယ်တိုင်သည် သူ၏ဘ၀တွင် `ဖြစ်တည်မှုဝါဒီ´ တစ်ဦးအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး သူကမူ အဆိုပါ ခေါင်းစဉ်အား ငြင်းဆိုခဲ့သည်။ အဓိပ္ပါယ်မဲ့ သဘောတရားအား ပထမဦးဆုံး စတင်တင်ဆက်ခဲ့သူ မဟုတ်သော်လည်း ယင်းအတွေးအခေါ်၏ လူသိများ၊ သြဇာလွှမ်းမိုးမှု ရရှိလာခြင်းနှင့် အဓိပ္ပါယ်မဲ့မှုဝါဒအဖြစ် အရာဝင်သော ဒဿနလှုပ်ရှားမှုတစ်ရပ်သို့ အသွင်ကူးပြောင်းလာခြင်းအတွက်မူ ကမူးသည် များစွာ အရေးပါခဲ့သည်။ သူ၏ အောင်မြင်ကျော်ကြားသည့် ၀တ္ထုများတွင် `လူစိမ်း´ (The Stranger) [The Outsider အပြင်ကလူဟုလည်း ဘာသာပြန်သည်] နှင့် `ပြိုလဲခြင်း´ (The Fall) တို့ပါဝင်ပြီး `ဆစ်စဖှက် ဒဏ္ဍာရီ´ (The Myth of Sisyphus) သည်လည်း သူ၏ အဓိပ္ပါယ်မဲ့မှု ဒဿနနှင့် ပတ်သက်၍ အရေးအကြီးဆုံးသော စာအုပ်တစ်အုပ် ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် နိုဘယ်ဆုရှင်တစ်ဦး ဖြစ်လာခဲ့ပြီးနောက် စာပေဆိုင်ရာ နိုဘယ်ဆုရရှိသည့် အသက်ငယ်ဆုံးသူများတွင် တစ်ဦးအပါအ၀င် ဖြစ်လာခဲ့သည်။ ကားမတော်တဆမှုအတွင်း သေဆုံးရခြင်းသည် သေဆုံးရန်အတွက် အဓိပ္ပါယ်အမဲ့ဆုံး နည်းလမ်းတစ်ခုပင်ဖြစ်ကြောင်း တစ်ချိန်က သူ မှတ်ချက်ပြုခဲ့ဖူးရာ ၁၉၆၀ တွင် သူကိုယ်တိုင် ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ရခြင်းမှာ ၀မ်းနည်းဖွယ် တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်ပါသည်။ ကမူးမှာ ဆာ့ထ် (Sartre) ၏ မိတ်ဆွေတစ်ဦးဖြစ်ခဲ့သော်လည်း ကွန်မြူနစ်ဝါဒနှင့် ပတ်သက်၍ သူတို့နှစ်ဦး ခွာပြဲခဲ့ကြသည်။ ဆာ့ထ်သည် မာ့က်စ်ဝါဒီ (Marxist) တစ်ဦးဖြစ်သလို ကမူးက ၎င်းသည် အလုံးစုံအာဏာပိုင်စိုးမှုဝါဒ (Totalitarianism) ဆီသို့ ဦးတည်သွားလိမ့်မည်ဟု ယုံကြည်ကာ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
အမှန်တကယ် လေးနက်သော ဒဿနပြဿနာရပ်မှာ တစ်ခုသာရှိပြီး `အဆုံးစီရင်မှု´ (Suicide) ဖြစ်သည်။ ဘ၀သည် အသက်ရှင်နေထိုင်ရန် ထိုက်တန်ခြင်း ရှိ,မရှိအား ဆုံးဖြတ်ခြင်းသည် ဒဿနပညာရပ်၏ အရင်းအမြစ်ကျသော မေးခွန်းကို ဖြေဆိုခြင်းနှင့် တူမျှ၏။ [1] ဤအဆိုသည် ကမူး အဖြေ ရှာဖွေခဲ့သည့် `အဓိပ္ပါယ်မဲ့မှု´ (Absurd, Absurdism) ဒဿန၏ တစ်ခုသော ဒွိဟကို ဖွင့်လှစ်ပြခြင်း ဖြစ်ပါသည်။ အယ်ဂျီးရီးယားဖွား၊ ပြင်သစ်တွေးခေါ်ရှင် အဲလ်ဘတ်ကမူး (Albert Camus) သည် အဓိပ္ပါယ်မဲ့ဝါဒ (Absurdism) ၏ ဦးဆောင် တွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ တကယ်တော့ သူသည် ရင့်သန်သည့် ဒဿနနောက်ခံကားဖြင့် ရေးသားသော ၀တ္ထုဆရာ၊ စာရေးဆရာတစ်ဦးသာ ဖြစ်ပါသည်။ အဓိပ္ပါယ်မဲ့ဝါဒသည် ဖြစ်တည်မှုဝါဒ (Existentialism) ၏ လက်တက်တစ်ခုဖြစ်ပြီး ၎င်း၏ ၀ိသေသအများအပြားအား ဝေမျှထားခြင်း ဖြစ်ပါသည်။ ကမူးကိုယ်တိုင်သည် သူ၏ဘ၀တွင် `ဖြစ်တည်မှုဝါဒီ´ တစ်ဦးအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး သူကမူ အဆိုပါ ခေါင်းစဉ်အား ငြင်းဆိုခဲ့သည်။ အဓိပ္ပါယ်မဲ့ သဘောတရားအား ပထမဦးဆုံး စတင်တင်ဆက်ခဲ့သူ မဟုတ်သော်လည်း ယင်းအတွေးအခေါ်၏ လူသိများ၊ သြဇာလွှမ်းမိုးမှု ရရှိလာခြင်းနှင့် အဓိပ္ပါယ်မဲ့မှုဝါဒအဖြစ် အရာဝင်သော ဒဿနလှုပ်ရှားမှုတစ်ရပ်သို့ အသွင်ကူးပြောင်းလာခြင်းအတွက်မူ ကမူးသည် များစွာ အရေးပါခဲ့သည်။ သူ၏ အောင်မြင်ကျော်ကြားသည့် ၀တ္ထုများတွင် `လူစိမ်း´ (The Stranger) [The Outsider အပြင်ကလူဟုလည်း ဘာသာပြန်သည်] နှင့် `ပြိုလဲခြင်း´ (The Fall) တို့ပါဝင်ပြီး `ဆစ်စဖှက် ဒဏ္ဍာရီ´ (The Myth of Sisyphus) သည်လည်း သူ၏ အဓိပ္ပါယ်မဲ့မှု ဒဿနနှင့် ပတ်သက်၍ အရေးအကြီးဆုံးသော စာအုပ်တစ်အုပ် ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် နိုဘယ်ဆုရှင်တစ်ဦး ဖြစ်လာခဲ့ပြီးနောက် စာပေဆိုင်ရာ နိုဘယ်ဆုရရှိသည့် အသက်ငယ်ဆုံးသူများတွင် တစ်ဦးအပါအ၀င် ဖြစ်လာခဲ့သည်။ ကားမတော်တဆမှုအတွင်း သေဆုံးရခြင်းသည် သေဆုံးရန်အတွက် အဓိပ္ပါယ်အမဲ့ဆုံး နည်းလမ်းတစ်ခုပင်ဖြစ်ကြောင်း တစ်ချိန်က သူ မှတ်ချက်ပြုခဲ့ဖူးရာ ၁၉၆၀ တွင် သူကိုယ်တိုင် ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ရခြင်းမှာ ၀မ်းနည်းဖွယ် တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်ပါသည်။ ကမူးမှာ ဆာ့ထ် (Sartre) ၏ မိတ်ဆွေတစ်ဦးဖြစ်ခဲ့သော်လည်း ကွန်မြူနစ်ဝါဒနှင့် ပတ်သက်၍ သူတို့နှစ်ဦး ခွာပြဲခဲ့ကြသည်။ ဆာ့ထ်သည် မာ့က်စ်ဝါဒီ (Marxist) တစ်ဦးဖြစ်သလို ကမူးက ၎င်းသည် အလုံးစုံအာဏာပိုင်စိုးမှုဝါဒ (Totalitarianism) ဆီသို့ ဦးတည်သွားလိမ့်မည်ဟု ယုံကြည်ကာ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
အဓိပ္ပါယ်မဲ့မှု သဘောတရား၏ အုတ်မြစ်အား ဇာတ်ကြောင်းလှန်မည်ဆိုလျှင် ဘာသာတရားကိုင်းရှိုင်းလှသည့် ဒိန်းမတ် တွေးခေါ်ရှင် ဆိုရန်ကီးယ်ကဲဂါးဒ် (Søren Kierkegaard) အထိ ပြန်သွားရပေလိမ့်မည်။ သူ့အား ဖြစ်တည်မှုဝါဒ၏ ခေါင်းကိုင်ဖခင်ကြီးဟုလည်း ရည်ညွှန်းလေ့ရှိကြသည်။ အဓိပ္ပါယ်မဲ့မှုအား ကီးယ်ကဲဂါးဒ်က ဖွင့်ဆိုရာတွင် လူသားတစ်ဦး၏ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်နိုင်စွမ်း အားလုံးသည် ဘ၀တွင် မည်သို့နေထိုင်ပြုမူရမည်၊ မည်သည့်လမ်းကြောင်းအား လိုက်ရမည် ဆိုသည်ကို စိုးစဉ်းမျှ လမ်းညွှန်နိုင်ခြင်းမရှိ ဖြစ်နေသည့်တိုင်အောင် ထိုမရေရာမှုကြားမှပင် ထိုသူအား တစ်စုံတစ်ခု ပြုမူရန်၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် တွန်အားပေးစေခိုင်းနေသည့် ဘ၀၏ အခြေအနေတစ်ရပ်ဟု ဆိုခဲ့သည်။ လူသားတစ်ဦးသည် တစ်ခုခုလုပ်ရသည်။ သို့ရာတွင် သူ၏ ဆင်ခြေ (Reason) များက သူအား အကူအညီတစ်စုံတစ်ရာ မပေး။ ဂျာနယ်တစ်စောင်တွင် သူက ဤသို့ရေးသားခဲ့သည်။ `အဓိပ္ပါယ်မဲ့မှု ဆိုသည်မှာ အဘယ်နည်း။ ၎င်းအား အတော်လေး လွယ်ကူစွာ တွေ့မြင်နိုင်ပါသည်။ `ငါ´ ဆိုသည့် စဉ်းစားတွေးခေါ်တတ်သည့် သတ္တ၀ါတစ်ဦးသည် အဆိုပါ `ငါ´ ၏ ဆင်ခြေများ၊ ရောင်ပြန်ဟပ်နိုင်မှု စွမ်းအားများက သူ့ကိုယ်သူ `တစ်စုံတစ်ရာကို ပြုမူနိုင်သလို အခြားတစ်စုံတစ်ရာအားလည်း ပြုမူနိုင်သည်´ ဟု ပြန်ပြောနေသော နောက်ခံကားတွင် ပြုမူနေထိုင်နေရခြင်းပင် ဖြစ်ပေသည်။ ၎င်းမှာ သူ၏ ဆင်ခြေနှင့် ရောင်ပြန်ဟပ်မှုများက သူ့ကိုယ်သူ `သင်သည် ပြုမူနိုင်ခြင်း မရှိ၊ သို့တိုင် (တစ်ခုခု) ပြုမူနေထိုင်နေရမည့် နေရာတွင် ရောက်နေရသည်´ ဟု ပြန်ပြောနေခြင်းပင်ဖြစ်သည်…။ [2]
အစောပိုင်းမှစ၍ တွေးခေါ်ရှင်များသည် ဘ၀၏ အဓိပ္ပါယ်နှင့် ဤစကြ၀ဠာကြီး၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်အပေါ် အကြိမ်ကြိမ် တွေးဆ အဖြေရှာခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘ၀သည် အဓိပ္ပါယ်နှင့် ရည်ရွယ်ချက် ကင်းမဲ့သည်ဟု နိဂုံးဆွဲခြင်း၊ သို့မဟုတ်လျှင် ထင်းခနဲ ပေါ်နေသည့် အဓိပ္ပါယ်မဲ့သောအဖြစ်အား နားလှည့်ပါးရိုက်လုပ်နိုင်ရန် ဘုရားသခင် တည်ရှိမှုကဲ့သို့ ဘာသာရေးယုံကြည်ချက်များတွင် ဖာထေးခိုလှုံခြင်းသာ ပြုလုပ်ခဲ့ကြသည်။ ဘုရားသခင်ရှိသည်ဟူသော အတွေးများတွင် ခိုလှုံခြင်းသော်မှ မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ဤမေးခွန်းမှာ ဘာသာရေးယုံကြည်သူများအတွက် အဖြေမရှိသော မေးခွန်းပင် ဖြစ်သည်ဟု ဘုရားသခင်အား (သို့မဟုတ် အခြားမည်သည့် ဘာသာရေးဆိုင်ရာစွမ်းအားကိုမဆို) ယုံကြည်ခြင်းသည် `အဓိပ္ပါယ်ကင်းမဲ့မှု´ (Absurd) သဘော၏ သဏ္ဌာန်ကွဲ တစ်မျိုးဖြစ်ကြောင်း ကီးယ်ကဲဂါးဒ်က ထောက်ပြခဲ့သည်။ ဤနည်းအားဖြင့် ဖျောက်ဖျက်မပစ်နိုင်သော အဓိပ္ပါယ်မဲ့မှုသည် တည်ရှိနေခဲ့သည်။
ကမူးကား ဘ၀သည် ပကတိအားဖြင့် အဓိပ္ပါယ်နှင့် ရည်ရွယ်ရင်းကင်းမဲ့သည်ဟူသော ပထမ အလားအလာတွင် ယုံကြည်သူ ဖြစ်လေသည်။ ဤဖြစ်တည်မှု၏ အခြားတစ်ဘက်တွင် အနက်အဓိပ္ပါယ်တစ်ခုခု ရှိနေသည်ဟု လက်ခံရန် သူက ငြင်းပယ်ခဲ့သည်။ ဤကမ္ဘာကြီးတွင် ထူးခြားထင်ရှားသည့် အနက်တစ်ခု ရှိသလား ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် အဓိပ္ပါယ်ကို မသိဘူးဟု ကျွန်တော် သိပါသည်။ ကျွန်တော့် အခြေအနေ၏ ပြင်ပမှ အရာတစ်ခုသည် ကျွန်တော့်အတွက် မည်သည့်အနက်ကို ဆောင်နိုင်ပါသလဲ။ ကျွန်တော့်အနေဖြင့် လူသားဆိုင်ရာ အသုံးအနှုန်းများကိုသာ နားလည်နိုင်ပါသည်။ [3]
သို့ရာတွင် ဘ၀သည် အဓိပ္ပါယ်ကင်းမဲ့သည် ဆိုပါလျှင် ဆက်လက် အသက်ရှင်နေသည့် အဓိကအချက်သည် အဘယ်နည်း။ အဘယ်ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ကာ မိမိကြမ္မာအား လျင်မြန်စွာ စီရင်ချက် မချသင့်ရသနည်း။ ဂရိဒဏ္ဍာရီ ဆစ်စဖှက် (Sisyphus) အား ဥပမေယျအဖြစ် အသုံးပြုကာ ဤမေးခွန်းအား ဖြေဆိုရန်နှင့် မိမိကိုယ်ကိုယ် သတ်သေခြင်းမှ အခြားသော ရွေးချယ်စရာတစ်ခုကို တင်ပြနိုင်ရန် ကမူးက ကြိုးပမ်းခဲ့သည်။ ဘ၀၏ ထို အဓိပ္ပါယ်မဲ့မှုသဘောအား သိရှိခံစားနေခြင်းနှင့်အတူ မည်သို့ အသက်ရှင်နေထိုင် ရမည်ဆိုသည်မှာ ကမူး အတွေးအခေါ်၏ အဓိကမေးခွန်းပင် ဖြစ်ပါသည်။ `အဓိပ္ပါယ်မဲ့မှုသည် သေမိန့် ပေးပါသလား´ [4] မပေးပါဟု ကမူးက ယုံကြည်သည်။ အဓိပ္ပါယ်မဲ့မှုသဘောအား ကြုံတွေ့ခံစားရခြင်းအတွက် သင့်လျော်သော တုန့်ပြန်မှုမှာ ၎င်းအား အလုံးစုံ ခံစားသိရှိနေရေးပင်ဖြစ်သည်ဟု ကမူးက ဆိုသည်။ ဘာသာရေးယုံကြည်မှု၊ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း၊ ဖြစ်တည်မှုဝါဒ အစရှိသည့် အဓိပ္ပါယ်မဲ့မှုသဘောအပေါ် သိရှိနေခြင်းအား ဖျက်ဆီးပစ်သည့် အရာများအားလုံးကို သူက ငြင်းပယ်သည်။
ဖြစ်တည်မှုဝါဒအား ဝေဖန်ခြင်းဖြင့် ကမူးက စတင်ခဲ့သည်။ ဖြစ်တည်မှုဝါဒီများသည် စဦးတွင် ဘ၀၏ အဓိပ္ပါယ်မဲ့မှုနှင့် ရည်ရွယ်ရင်းကင်းသည့်သဘောကို သိရှိကြသည်။ သို့ရာတွင် ၎င်းတို့သည် `ဖြစ်တည်မှုဆိုင်ရာ ခုန်ကျော်မှု´ (Existential Leap) သို့မဟုတ် `ယုံကြည်မှု ခုန်ကျော်ခြင်း´ (Leap of Faith) များ ပြုလုပ်ပြီးနောက် ၎င်းတို့၏ တည်ရှိမှုအတွက် စိတ်ကူးပုံဖေါ်ထားသည့် အဓိပ္ပါယ်များကို ဖန်တီးလိုက်ပြီး မကြာခဏဆိုသလိုပင် အဓိပ္ပါယ်မဲ့မှုမှ သွေဖည်သွားကြသည်။ ဤသည်ကို ကမူးက `ဒဿနအဆုံးစီရင်မှု´ (Philosophical suicide) ဟု ခေါ်သည်။ ဥပမာအားဖြင့် ချက်စ်တော့ဗ် (Chestov) ကို ကြည့်လျှင် သူက ဤသို့ရေးသည်။ `ချက်စ်တော့ဗ်သည် အားလုံးသော ဖြစ်တည်မှုများ၏ အခြေခံကျသော အဓိပ္ပါယ်မဲ့မှုသဘောကို ရှာဖွေတွေ့ရှိရသည့်အခါ သူက ၎င်းသည် အဓိပ္ပါယ်မဲ့မှုဖြစ်သည်ဟု မပြော။ ၎င်းသည် ဘုရားသခင်ဖြစ်သည်ဟုသာ ပြောသည်´။ [5] ထို့နောက်တွင် ကီးယ်ကဲဂါးဒ်နှင့် ပတ်သက်၍လည်း `ကီးယ်ကဲဂါဒ်းသည်လည်း အလားတူ ခုန်ကျော်မှုမျိုးကို လုပ်ခဲ့၏။ သူ၏ ကလေးဘ၀သည် ခရစ်ယန်ဝါဒ၏ ခြိမ်းခြောက်မှုအောက်တွင် ရှိခဲ့ပြီး ၎င်း၏ အကြမ်းတမ်းဆုံး မျက်နှာဆီသို့ နောက်ဆုံးတွင် သူ ပြန်လှည့်သွားခဲ့သည်။ သူ့အနေဖြင့်လည်း ဆန့်ကျင်ဘက်နှင့် ၀ိရောဓိများသည် ဘာသာရေး၏ မှတ်ကျောက်သာ ဖြစ်လာခဲ့သည်´ [6] ဟု ဆိုခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ကမူး၏ ယုံကြည်ချက်မှာ `အဓိပ္ပါယ်မဲ့မှုသည် ဘုရားသခင်ဆီသို့ ဦးတည်မသွား။ ဘုရားသခင်မပါသည့် ဒုစရိုက် (အမှောင်) (Sin) သာဖြစ်သည်´ [7] ဟူ၏။
ဆစ်စဖှက်သည် ဂရိဒဏ္ဍာရီလာ လိမ္မာပါးနပ်သည့် သရုပ်ဆောင် စရိုက် ဖြစ်ပြီး ဘ၀အတွက် ကြီးမားလှသည့် စိတ်ဇော (Zeal) တစ်ရပ် ပါရှိ၏။ သူ (ဆစ်စဖှက်ဆိုသူ) သည် `ဟေးဒတ်စ်´ (Hades) ကဲ့သို့ပင် သေဒဏ်သင့်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ ရင်ဆိုင်နိုင်သော ရဲစွမ်းသတ္တိကြောင့် လေးလံလှသည့် ကျောက်တုံးကြီးအား ဆင်ခြေလျှောတောင်ကုန်းပေါ်သို့ ထာဝရ တွန်းတင်ရန် ဒဏ်ခတ်ခြင်း ခံခဲ့ရသည်။ တောင်ကြားအတွင်းမှ ကျောက်တုံးကြီး တောင်ထိပ်သို့ရောက်သည့်အကြိမ်တိုင်း ပြန်လည် လှိမ့်ဆင့်သွားသည်ကို ကြည့်မြင်ရန်အတွက်သာ ဖြစ်၏။ `အကြောင်းအချို့ကြောင့် သူတို့အနေဖြင့် အချည်းအနှီးနှင့် ကူကယ်ရာမဲ့ လုပ်အား (Labor) ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒဏ် မရှိနိုင်ဟု ယူဆခဲ့ကြသည်´။ [8]
ဆစ်စဖှက်သည် ကြီးမားလေးလံလှသည့် ကျောက်တုံးကြီးအား ကိုယ်ကာယလုပ်အားဖြင့် သူ၏ အားအင်အကုန်လုံး အသုံးပြုပြီး တောင်ထိပ်ရောက်အောင် လှိမ့်တင်သည်ဟု ကမူးက စိတ်ကူးပုံဖော်သည်။ သို့ရာတွင် သူသည် ကျောက်တုံးကြီး တောင်အောက်သို့ ပြန်လှိမ့်ဆင်းပြီး သူ၏ အတိုင်းအဆမဲ့ ကြိုးစားအားထုတ်မှုများ ပျက်သုန်းသွားသည်ကို ကြည့်ပြီးနောက် တစ်ဖန် နောက်တစ်ကြိမ် တောင်ထိပ်သို့ တွန်းတင်ရပြန်သည်။ ထို တောင်ပေါ်မှ တောင်အောက်သို့ အဆင်းလမ်းသည်ပင် ကမူး၏ အာရုံစူးစိုက်ရာ နေရာဖြစ်သည်။ `ထို တစ်ကြိမ်တစ်ခါ၊ ထို အဖြတ်အတောက် ကြားကာလကလေးသည်ပင် ဆစ်စဖှက်က ကျွန်တော့်ကို စိတ်ဝင်စားစေခဲ့ခြင်း ဖြစ်ပေသည်။ ကျောက်တုံးနှင့် အလွန်နီးကပ်နေသည့် အလုပ်ကြမ်း မျက်နှာတစ်ခုသည် ကျောက်တုံးတစ်တုံးပင် ဖြစ်ပြီး ဖြစ်လိမ့်မည်။ လေးလံသော၊ သို့တိုင် တိကျခိုင်မာသော ခြေလှမ်းများဖြင့် အဆုံးသတ်အား လုံးဝမသိရှိရသည့် မခံမရပ်နိုင်သော ညှင်းပမ်းနှိပ်စက်မှု တည်ရှိရာ တောင်အောက်သို့ ပြန်ဆင်းလာသော လူတစ်ယောက်ကို ကျွန်တော် မြင်ရသည်။ ၎င်းအချိန်သည် အသက်ရှူခွင့်ရသည့် အချိန်လေးပင်ဖြစ်ပြီး အပြန်လမ်းသည် ဝေဒနာခံစားရရန် အလွန်သေချာနေသည်။ ထိုအချိန်သည် (အဓိပ္ပါယ်မဲ့မှုအား) သိရှိခံစားသည့် အချိန်လေးပင် (Hour of Consciousness) ဖြစ်သည်။ ထိုသို့ တောင်ထိပ်အမြင့်မှ အောက်သို့ ပြန်ဆင်းလာသည့် ခဏတာတိုင်းသည် နတ်ဘုရားတို့၏ သားရဲတွင်း အတွင်းသို့ တအိအိနစ်မြှုပ်နေသော (တစ်နည်း၊ အဓိပ္ပါယ်ကင်းမဲ့လှသည့် အချည်းအနှီးလုပ်အားနှင့် ဝေဒနာခံစားရမှုကို ပြန်တွေးမိနေသော) ကာလသာဖြစ်ပြီး ထိုခဏတွင် သူ (ဆစ်စဖှက်) သည် သူ၏ ကံကြမ္မာထက် ပိုမို သာလွန်ကြီးမြတ်နေသည်။ သူသည် ကျောက်တုံးကြီးထက် ပိုမိုသန်စွမ်းနေပေသည်´။ [9]
ဆစ်စဖှက်၏ ဤအဖြစ်မှာ ကျွန်တော်တို့အား အဘယ်ကြောင့် အော့နှလုံးနာစေပါသနည်း။ ဆစ်စဖှက်လုပ်ဆောင်နေသည့် အလုပ်ကြမ်း၏ အဆုံးမရှိ အချည်းအနှီးအဖြစ်သည် တုန်လှုပ်မှုကို နှိုးဆွခြင်းကြောင့်လား။ ထိုမှတဖန် ဤဒဏ္ဍာရီသည် ကျွန်တော်တို့၏ လက်တွေ့ဘ၀များကို ဥပမေယျအဖြစ် ပုံဆောင်ထားခြင်းသာဖြစ်ကြောင်း ကျွန်တော်တို့ မသိရှိခြင်းကြောင့်လား။ ကျွန်တော်တို့ဘ၀များကိုလည်း အလားတူ အသုံးမ၀င်သည့် နိစ္စဓူဝအလုပ်များတွင် သုံးစွဲနေရပြီး ၎င်းတို့၏ အဆုံးသတ်အား ကျွန်တော်တို့ သတိမျှပင် မပြုမိ။ သို့ရာတွင် ၎င်းတို့ကို သတိမပြုမိခြင်းကြောင့် ဆစ်စဖှက်၏ အပြစ်ဒဏ်ကဲ့သို့ ကျွန်တော်တို့အား ထိတ်လန့်တုန်လှုပ်မှု မဖြစ်စေခဲ့။ `ဤဒဏ္ဍာရီသည် အလွမ်းဇာတ်ဖြစ်သည်ဆိုလျှင် ၎င်းသူရဲကောင်းသည် သိရှိ (Conscious) နေခြင်းကြောင့်ပင် ဖြစ်ပေသည်။ ခြေလှမ်းတိုင်းတွင် အောင်မြင်မှုအတွက် မျှော်လင့်ချက်သည် ၎င်းအား အားပေးနေသည်ဆိုလျှင် ၎င်း၏ နှိပ်စက်ညှင်းပမ်းခံရမှုသည် စင်စစ်အားဖြင့် ဘယ်နေရာတွင် ရှိသနည်း။ ယနေ့ခေတ်၏ အလုပ်သမားများသည်လည်း မပြောင်းလဲသည့် တာဝန်ကိုပင် သူတို့၏ ဘ၀တစ်လျှောက် နေ့စဉ် လုပ်ဆောင်နေကြရသည်။ ထို့ကြောင့် ယနေ့ခေတ် အလုပ်သမားတို့၏ ကံကြမ္မာသည်လည်း (ဆစ်စဖှက်၏ အပြစ်ဒဏ်ထက်) ပို၍ အဓိပ္ပါယ်မဲ့မှု လျော့နည်းသည်ဟု မဆိုနိုင်ပေ။´ [10]
သို့တိုင် ဆစ်စဖှက်သည် သူ၏လက်ခံမှုကြောင့် သူ၏ ကံကြမ္မာထက် ပိုမို သာလွန်ကောင်းမြတ်သည်။ ပိုကောင်းမည့် အရာတစ်ခုခုအတွက် အိပ်မက်မက်ခြင်း၊ သို့မဟုတ် မျှော်လင့်ခြင်း ပြုနေသမျှ သူသည် ပျက်စီးကျဆုံးခြင်းနှင့် နာကျင်ခံစားရမှုတွင်ပင် ရှိနေပေလိမ့်မည်။ သို့ရာတွင် ဤသည်မှာ သူ၏ ဘ၀ ဖြစ်ရှိနေသည့် အတိုင်းသာ ဖြစ်သည်၊ မျှော်လင့်စရာ ပိုမိုကောင်းမွန်မှုတစ်ခုခု ရှိမနေကြောင်းနှင့် ဤအတိုင်းသာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သူကိုယ်တိုင် သိရှိသည်နှင့် တစ်ပြိုင်နက် သူ့ ဖြစ်တည်မှု၏ အဓိပ္ပါယ်ကင်းမဲ့သောသဘော (Absurdity) ၏ နှိပ်စက်မှုမှ ကင်းလွတ်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ သူ၏ ပျော်ရွှင်မှုအတွက် သော့ချက်ပင် ဖြစ်ပေသည်။ ကမူးက သူ၏အက်ဆေးအား ဤသို့ အဆုံးသတ်သည်။ `တစ်စုံတစ်ယောက်သည် ဆစ်စဖှက် ပျော်ရွှင်နေသည်ဟု တွေးထင်ရပေမည်´ ဟူ၏။ သို့ရာတွင် အဘယ်ကြောင့် ကျွန်တော်တို့အနေဖြင့် ဆစ်စဖှက် ပျော်ရွှင်နေသည်ဟု တွေးထင်`ရ´ (must သဘောကို ယူရန်) မည်နည်း။ ဤသည်မှာ လိုအပ်သည့် ကောက်ချက်အမျိုးအစား တစ်ခုပေလား။ ဇာတ်ကြောင်းအား ဆင်ခြင်ကြည့်ပါလျှင် ဆစ်စဖှက်သည် သူ့ဘ၀၏ အရှိတရား (Reality) ၊ အဓိပ္ပါယ်မဲ့သည်ဟူသော အချက်ကို အလုံးစုံ လက်ခံထားပြီး ဖြစ်လေသည်။ သို့တိုင်အောင် သူသည် ပျော်ရွှင်မနေဟု ဆိုလျှင် ၎င်းက `ဘ၀ဟူသည်မှာ မူလအရည်အသွေးအားဖြင့်ကို ပျော်ရွှင်စရာ အရာ မဟုတ်´ ဟု ဆိုလိုရာ ရောက်သည်။ တစ်နည်းအားဖြင့် ပျော်ရွှင်မှုဟူသည် အာရုံမှားမှု (Illusion) အမျိုးအစားတစ်ရပ်တွင်သာ ရှာဖွေနိုင်သည့် အရာဖြစ်ပြီး အရှိတရားမှ ရှောင်ပြေးရန် ကြိုးစားမှသာ ဖြစ်နိုင်ပေသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ စစ်မှန်သည့် ပျော်ရွှင်မှု (ဟူသောအရာ) တွင် ယုံကြည်ပါလျှင် ကျွန်တော်တို့အနေဖြင့် ဆစ်စဖှက် ပျော်ရွှင်နေသည်ဟု ယုံကြည်ရပေလိမ့်မည်။ ဘ၀၏ အရှိတရားအပေါ် အသိအမှတ်ပြုလက်ခံ (Awareness) ထားခြင်း၏ ရလဒ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် စစ်မှန်နေသည့် ပျော်ရွှင်မှုတစ်ခုကို ဆိုလိုပါသည်။
ဤနေရာတွင် ကမူးသည် ဘ၀အား အဓိပ္ပါယ်ကင်းမဲ့ပြီး အလုံးစုံ ကျိုးကြောင်းဆီလျော်မှုမရှိဟု မြင်သော်လည်း၊ `ဥပက္ခာဝါဒီ´ (Stoic) တို့၏ ဘ၀၏ဒုက္ခနှင့် အခက်အခဲပြဿနာများအပေါ် လက်ခံပုံမျိုးအား ထောက်ခံသူတစ်ဦးမဟုတ်ကြောင်း ကျွန်တော်တို့အနေဖြင့် သတိပြုရပေမည်။ ဘ၀ဟူသည်မှာ တန်ဖိုးတစ်စုံတစ်ရာ ရှိပြီး ကာကွယ်ရန် ထိုက်တန်သည့်အရာတစ်ခု ဖြစ်ကြောင်း ကမူးက ယုံကြည်ပြီး သူ၏ ဘ၀တစ်လျှောက်လုံးတွင် ဆင်းရဲနိမ့်ကျသူများနှင့် ဖိနှိပ်ခံများအား ကူညီသည့် ကွဲပြားသော လှုပ်ရှားမှု အများအပြားတွင် ပါဝင်ခဲ့ပေသည်။
တေဇာ (လရောင်လမ်း)
သြဂုတ် (၈) ၂၀၁၀
Ref: Albert Camus (1913-1960) and Absurdism, The Journey through Modern Philosophy
Footnotes:
[1] The Myth of Sisyphus, Albert Camus, Page 11, Penguin Modern Classics
[2] Søren Kierkegaard, Journals, 1849
[3] The Myth of Sisyphus, Albert Camus, Penguin Modern Classics, Page 51
[4] Ibid, Page 16
[5] Ibid, Page 37
[6] Ibid, Page 39-40
[7] Ibid, Page 42
[8] Ibid, Page 107
[9] Ibid, Page 108-109
[10] Ibid, Page 109
နောက်တစ်ခေါက် ထပ်လာဖတ်ပါဦးမည်။
ReplyDelete