Skip to main content

♥ဂယောက်ဂယက်များမှတ်စု♥

♥♥♥ ဂယောက်ဂယက်များမှတ်စု (သို့မဟုတ်)
Chronic Insomnia အတွင်း ကောက်ရခဲ့သော အမှိုက်များ ♥♥♥

စိတ်ညစ်နေတယ်လို့ ပြောလိုက်တော့ ကွန်ဖြူးရှပ်က ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်ပြီး၊ အ၀တ်သွားလျှော်လို့ မိန့်တယ်။ ကျွန်တော်က ခေါင်းကုပ်နေလိုက်တော့ သူက ခေါင်းတယမ်းယမ်းလုပ်နေတယ်။ စိတ်ကိုလျှော်ခိုင်း တာကို နားမလည်ရကောင်းလားဆိုတဲ့ အဓိပ္ပာယ်နဲ့ သူခေါင်းယမ်းနေတာကို ကျွန်တော်နားလည်ပေမဲ့ ကျွန်တော်ခေါင်းကုပ်တာက ဆပ်ပြာမှုန့်ကုန်နေလို့ဖြစ်ကြောင်း အဘိုးကြီးနားမလည်ရှာ။
….. ထိုအိပ်မက်မှလန့်နိုးပြီး မကြာခင် မာသာထရီဇာ၏
ဒေါသတကြီးဆူပူကြိမ်းမောင်းခြင်းကို ခံရပါတော့တယ်။
◘ တေဇာ ◘ ~~ဂယောက်ဂယက်အတွေး~~

ကံမကောင်းအကြောင်းမလှစွာ စိတ်ပညာသင်ရိုး၏ Phobia ရောဂါများထဲတွင် Phobia of Love မပါရှိ။ (Phobia of Stress/ Phobia of Sex စသည်ဖြင့် ကာရံညီနေသည့် အကြောက်ရောဂါများတော့ ပါရှိပါသည်။ ဤကား စကားချပ်ယောင်ယောင် လျှာရှည်ခြင်းမျှသာဖြစ်ပါသည်) ထိုအတွက်ကြောင့် ကျွန်ုပ်ကို ရောဂါကင်းရှင်းသူအဖြစ်
သတ်မှတ်ခဲ့လျှင် သင့်အမှားသာဖြစ်ပေမည်။ စင်စစ် ကျွန်ုပ်သည် Phobia of Love ကို ရှာဖွေတွေ့ရှိခဲ့သော အဦးဆုံး စိတ်ပညာရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်ဟု သုံးစွဲရခြင်း ၏ အကြောင်းရင်းမှာ “အာဒမ်သည် ဧ၀ကို ကြောက်ခဲ့သလော” ဆိုသည့် ဆောင်းပါးပါဝင်သည့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ မုန်တိုင်းအတွင်း ရေစိုပျောက်ဆုံးသွားသောကြောင့်ဖြစ်သည်။ အခြားအချက်တစ်ခုမှာ ကျွန်ုပ်သည် စိတ်ပညာရှင်လား၊ စိတ်ဝေဒနာရှင်လားဆိုသည့်အချက်ကို အတည်ပြုပေးမည့်သ၀ဏ်လွှာတင်ဆောင်လာသော ၂၀၉ (အထူး) ကားဒရိုင်ဘာမှာ ကွမ်းယာဝယ်နေသဖြင့် ရောက်မလာသေးသောကြောင့်ဖြစ်သည်။ အကယ်၍ အဆိုပါ Phobia of Love ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်အတွက် ကျွန်ုပ်ကို Quarantine လုပ်ထားသင့် သည်ဟုယူဆခဲ့လျှင် အန္တာတိကတိုက်၏ မည်သည့်အစိုးရမျှ သိမ်းပိုက်ထားခြင်းမရှိသေးသည့်နေရာတစ်ခုတွင် နေရာချထားပေးပါရန် တောင်းဆိုအပ်ပေသည်။

“ကျဆုံးလေပြီးသောဂျင်းဘောင်းဘီ” ကဗျာကို စပ်ဆိုသော ကဗျာဆရာမှာ ပုဆိုးကို ပိုသီဘတ်သီ ၀တ်တတ်ကြောင်း ကြုံတွေ့ခဲ့ရပါသည်။ ဂျင်းဘောင်းဘီကို တီထွင်ခဲ့ကြသော သိပ္ပံပညာရှင်များသည် ပင်ပန်း ကြီးစွာ လျှော်ဖွပ်ရလတ္တံ့သော ကျွန်ုပ်ကဲ့သို့ အပြစ်မရှိသည့် သားကောင် (Victim) များကို သနားညှာတာ သောနှလုံးသား ကင်းမဲ့ခဲ့သလော...။ ◘ တေဇာ ◘

“၀ိဉာဉ်ပျောက်ဓားနှင့် နတ်စောင်းရှင်” ဟူသော သိုင်းဝတ္ထုတစ်အုပ်ဖြင့် အစပြုခဲ့သည့် ကျွန်ုပ်၏စာပေခရီးစဉ်မှာ ဆရာထင်လင်း၏ “စည်းပြင်ကလူ” အရောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေပြီ။ ယင်းဝတ္ထုပါ ခေါင်းဖြတ်စက်များ ရောင်းဝယ်ဖောက်ကားမှု ထွန်းကားလာသော လူ့ယဉ်ကျေးမှုသည် ဦးခေါင်းတစ်လုံး၏ အရေးပါပုံ (၀ါ) အရေးမပါပုံကို ဖော်ညွှန်းရာရောက်သောကြောင့်၊ ပိုးဟပ်တော်လှန်ရေးကြီးတစ်ရပ် ပေါ်ထွန်းလာ အံ့ဟု မည်သည့်အနာဂတ္ထိဆရာမျှ ဟောကိန်းထုတ်ရန်သတိမရခင်က ကျွန်ုပ်အဦးဆုံးသတိရသင့်သော်ငြား သတိမရခဲ့ပါ။ ◘ တေဇာ ◘ ~~ဂယောက်ဂယက်အတွေး~~

ထိုကုလား၏ မုတ်ဆိတ်မွှေးအရည်အသွေးကိုကြည့်၍ သူ၏အတွေးအခေါ်ကို တွက်ဆမိလျှင်... သင်အမှားကြီး မှားပေလိမ့်မည်...။ သူသည် တလွဲဆံပင်ကောင်းနေသူ၊ တစ်နည်း တစ်လွဲမုတ်ဆိတ်ကောင်းနေသူတစ်ဦး ဖြစ်နေနိုင်သောကြောင့်တည်း...။ ◘ တေဇာ ◘ ~~ဂယောက်ဂယက်ဝါကျများ~~

အဆင်မပြေချင်တော့များ... မြေကြီးက ကိုယ့်ကိုမထမ်းနိုင်.. ကောင်းကင်ကခေါင်းနဲ့မလွတ်... သလိပ်ဟပ် လိုက်တာ ကမ္ဘာကြီးတစ်ခုလုံးပါသွားတယ်..။ ကဲ..ဘာကျန်သေးလဲ... လက်ထဲကနာရီ ဓာတ်ခဲကုန်ဖို့ပဲ ကျန်တော့တယ်...တဲ့...။ ငါ့ကျတော့မှ ... နှစ်ထပ်တိုက်နိမ့်နိမ့်လေးကခုန်ချဖို့ ...၊ မသေမရှင်ဖြစ်နေမှာစိုးလို့ ကိုယ့်ကိုယ်ကိုတောင် သတ်မသေဖြစ်တဲ့ဘ၀....။ ◘ တေဇာ ◘ ~~ဂယေက်ဂယက်ဝါကျများ~~

ဖွယ်ဖွယ်ရာရာချက်ပြုတ်နေတယ်ဆိုလို့... ဘာမှတော့မဟုတ်ပါဘူး။ ခါးခါးသီးသီးခံစားချက်တွေကို တုန့်ပြန်ဖို့ ကြက်ဟင်းခါးသီးကို လက်လွတ်စပယ် ကြော်ထားတယ်။ ပုဇွန်အရှင်မျိုးနွယ်စုတစ်စုလုံး မောင်းသွင်းထားတယ်။ ကြက်ဥတစ်ကပ် ဖောက်ထည့်ထားတယ်....။ .....ကဲ.....ခါးနိုင်ရင်ခါးဦး........။ ◘ တေဇာ ◘
~~ဂယောက်ဂယက်ဝါကျများ~~

Chronic Insomnia ကို ကုသပေးနိုင်သောဆေးမြစ် ပေးသနားမည်ဟုဆိုကာ အိပ်မက်ထဲသို့
လာရောက်ရန် ဖိတ်ခေါ်သော ဘိုးဘိုးအောင်၏ မဟာဂရုဏာတော်အား ကျေးဇူးတင်ပါ၏။ ◘ တေဇာ ◘

ရေဘုံဘိုင်မှကျလာသောရေ၌ အမှန်တရားရှိသည်။ ဂက်စ်မီးဖို၏ အပူငွေ့၌ အမှန်တရားရှိသည်။ စားကြွင်းစားကျန်များ၌ အမှန်တရားရှိသည်။ ပန်းကန်များပေါ်တွင် အဆီပြန်နေသော ဆပ်ပြာမြှုပ်များ၌ အမှန်တရားရှိသည်။ ကြက်သွန်လှီးနေသော ကျွန်ုပ်၏လက်ဖျားရှိ ဓားသွားထက်ထက်ပေါ်၌လည်း အမှန်တရားရှိသည်။ ……….. မှန်လိုက်လေ။ အမှန်တရားသည် မျက်စိစပ်သည်။ မျက်ရည်ကျရတတ်သည်။ (ကြက်သွန်ကြောင့် မဟုတ်ခဲ့လျှင်သော်မှ....) ◘ တေဇာ ◘ ~~ကယောက်ဂယက်ဝါကျများ~~

တစ်ယောက်က မျက်မှန်နက်ကြီး ဟန်ပါပါတပ်ထားပြီး မိုးအုံ့နေတယ် ပြောတယ်။ တစ်ယောက်က မျက်မှန်စိမ်းကြီးတပ်ပြီး လောကကြီးစိမ်းလန်းစိုပြေလှချည်လား ပြောတယ်။ သိပ္ပံပညာရှင်တွေက အနုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး ဗက်တီးရီးယားတွေ စိတ်ကောင်းမရှိဘူးလို့ ရှုတ်ချတယ်၊ နက္ခတ္တဗေဒပညာရှင်တွေလုပ်လို့လည်း ကဗျာတွေစာတွေထဲမှာ လှပနေတဲ့ လမင်းကြီးဟာ ဖိုးရုပ်ဆိုး ဖြစ်သွားရရှာတယ်...။ တကယ်တော့ လောကကြီးကိုမြင်တဲ့အမြင်မှာ ဟယ်လင်ကယ်လာပဲ ပိုမှန်ခဲ့လိမ့်မယ်..။

ကျွန်ုပ်၏အယူအဆများကို ဟောပြောပို့ချပြီးသောအခါ ကျွန်ုပ်၌အယူအဆမရှိကြောင်းသိရ၍ များစွာကျေနပ် နှစ်သိမ့်မိကြောင်း ကျောင်းသားငယ်တစ်ယောက်က ပြောကြားလာပါသည်။ သူပြောသည့်အထဲမှ ကြိုးစားလျှင် ကျွန်ုပ်အတွက်ချည်းသာဖြစ်ကြောင်းမှတစ်ပါး… တခြားအကြောင်းအရာများကို အသေအချာ မမှတ်မိလိုက်ပါ။ ၎င်း၏ငယ်ရည်းစား အလွန်ကြိုက်နှစ်သက်သောစာရေးဆရာဖြစ်၍ ကျွန်ုပ်ကိုလေးစားခြင်းဖြစ်ကြောင်း ကြားသိရချိန်တွင် ကံကောင်းထောက်မစွာ အဆိုပါကျောင်းသား၏ လက်မှတ်ကို ကျွန်ုပ်၏ဒိုင်ယာရီစာအုပ် အတွင်း ရယူနိုင်ခဲ့ပါသည်။

ကံမကောင်းခြင်းနှင့် အကြောင်းမလှခြင်း စကားပုဒ်နှစ်ခုအား အစဦးဆုံး အတူတကွတွဲသုံးခဲ့သည့် လက်သည်ကို ရှာဖွေရန်တာဝန်ပေးခြင်းခံရသော အလွတ်စုံထောက်တစ်ယောက် မြန်မာနိုင်ငံသို့ လျှို့ဝှက်ရောက်ရှိ နေကြောင်း သံတော်ဆင့်သတင်းစာခေါင်းကြီးပိုင်းတွင် ပါလာသည့်နေ့က ဆရာကြီးရွှေဥဒေါင်းသည် ဆေးတံသောက်ရန် သူ၏ ဇစ်ပိုမီးခြစ်ကို တပူတပြင်း ရှာဖွေနေခဲ့သည်။ အတွင်းစကားများအရ ဆရာကြီးသည် သူ၏ ဇစ်ပိုမီးခြစ်ကို ဆားပုလင်းနှင်းမောင်ထံမှ မည်သည့်အခါမှ ပြန်မရတော့ကြောင်း ကြားသိရသည်။ ထိုသို့ကြားသိရသည့်နေ့က အလွတ်စုံထောက်တစ်ယောက်သည် ကံမကောင်းခြင်းနှင့် အကြောင်းမလှခြင်း စကားပုဒ်နှစ်ခုမှာ ရိုမီယိုနှင့်ဂျူးလိယက်ကဲ့သို့ အရူးအမူးချစ်ခင်ကြသော ချစ်သူစုံတွဲများသာဖြစ်၍ ခွဲခြားထားရန် မသင့်တော်ကြောင်း အယူခံတင်သွင်းသည့်သတင်းအား ဘီဘီစီသတင်းဌာမှကြေငြာခြင်းကို မီးပျက်နေသည်နှင့် တိုက်ဆိုင်၍ မြန်မာတစ်နိုင်ငံလုံး မသိလိုက်ကြ။

ဘုရင့်နောင်ဆိုသူအား နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်အောင် တစ်ကားထဲနှင့်အပေါက် ရိုက်ကူးပေးခဲ့သော ၀ါရင့်
ဒါရိုက်တာကြီး၏နာမည်မှာ သမိုင်းတွင်မပါဝင်ခဲ့ပါ။ သို့သော် ဘုရင့်နောင်ဆိုသူ၏အမည်တော့ သမိုင်းတွင် ထင်ထင်ရှားရှားပါဝင်ပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့ရုပ်ရှင်လောကတွင် ဘုရင့်နောင်ဆိုသူ၏ ဘုန်းမီး နေလကိုထောက်ချင့်၍ အဆိုပါ ဒါရိုက်တာကြီးတစ်ယောက် တည်ရှိခဲ့ဖူးကြောင်း ကျွန်ုပ်ကဲ့သို့ စိတ်ကူးဉာဏ် ရင့်သန်လာသောတစ်နေ့တွင် သင်လည်း တွေးခေါ်နိုင်လာပါလိမ့်မည်။ ဗဟုသုတအလို့ငှာ ဝေငှရလျှင် ဆက်ရပ် သတင်းများအရ ထိုပညာရှင်ကြီးမှာ မေးခိုင်ပိုးဝင်၍ သေဆုံးခဲ့သည်ဟု သိရ၏။ (ဖောင်ပျက်၍ ရေနစ် သေဆုံးဟူ၍လည်း သမိုင်းဆိုင်ရာအထောက်အထားအချို့ ဖတ်ရဖူး၏။ မသေချာပါ။) ထို့ကြောင့် ကျည်ဆန်၊ သံ၊ ပင်အပ် အစရှိသည့် ထိခိုက်မိလျှင်မေးခိုင်ပိုးဝင်နိုင်သောအရာများကို ကလေးများအနေဖြင့် လူကြီးများ မမြင်နိုင်သည့်နေရာတွင် ထားသင့်ပေသည်။ အခန့်မသင့်လျှင် လက်သည်းကြားထဲ ပင်အပ်စူး၍ မေးခိုင်ပိုး ၀င်ရောက်နိုင်သောကြောင့် ဖြစ်ပေသည်။ ◘ တေဇာ ◘ ~~ဂယောက်ဂယက်အတွေး~~

ပန်းကန်ဆေးခြင်းလုပ်ငန်းလောက်ကိုမျှ အတွေ့အကြုံမရှိခဲ့သူ တစ်ယောက်အနေဖြင့် ကြက်သားကြော်ရခြင်း ကိစ္စမှာ အန္တရာယ်များလှစွာသော မဟာစွန့်စားခန်းတာဝန်ကြီး တစ်ရပ်သာဖြစ်သည်။ ဆီပူလောင်ခြင်း၊ အသားများကိုဆားဖြင့်နယ်ရခြင်းစသော သွေးပျက်ဖွယ်အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ကျော်လွှား၍ ကြက်သားကြော်ပန်းကန်းကြီး နောက်ဆုံးတွင် စားချင်စဖွယ်ပေါ်ထွက်လာခဲ့ပါ၏။ အောင်မြင်မှု၏အရသာသည် ကြက်သားကြော်၏အရသာဖြစ်မှန်း အခုတော့ သဘောပေါက်ခဲ့ပါပြီ။ အဲ... စားလိုက်တော့လည်း မြန်လိုက်တာ၊ ဖြုတ်ခနဲ ကုန်သွားပြီ…။ အော်… အောင်မြင်မှုသည်လည်း မမြဲပါတကားဟု ဒုတိယမ္ပိဉာဏ်အလင်း ရလိုက်မိ ပါတော့သည်။ ခွပ်… ခွပ်… ခွပ် …။ ◘ တေဇာ ◘ ~~စတောရီအတွေး~

မူကြိုဆရာမလေး၏ စာသင်ကြားနေသံကို လမ်းမထက်ကပင် ဂေါ်လီရိုက်ရင်းဖြင့် ကြားနေရသည်။ တွစ်ဖြင့်လှမ်းထွာလိုက်သော ကျွန်ုပ်၏ဂေါ်လီလေး ကြွက်တွင်းထဲကျသွားစဉ်မှာပင် ဂျိမ်းဂျွက်စ် (James Joyce) လေးတောင် ဖြောင့်အောင်မဖတ်တတ်တော့ဘူးလားဆိုသည့် ဆရာမလေး၏ ဒေါသတကြီးအော်ငေါက်သံကို ကြားရသဖြင့် နားစွင့်ထားလိုက်မိသည်။ ဂျိမ်းဂျွက်စ်၏ ယူလက်စီ (Ulysses) ကို ငါးမိနစ်ခန့်မျှ အထစ်ထစ်အငေါ့ငေါ့ ဖတ်ပြီးနောက် ပြီးဆုံးသွားချိန်တွင် ဤမျှဉာဏ်တိမ်သောမူကြိုကလေးများ အချိန်တန် တက္ကသိုလ်ခြေချလျှင် ဂေါ်လီရိုက်နည်းပညာ မည်သို့သင်ကြားပေးရမည်နည်း ဟူသောအတွေးဖြင့် မြန်မာ့ဂေါ်လီ အဖွဲ့ချုပ်ရှိရာ ပေတရာရိပ်သာထက် ကျွန်ုပ်ရင်လေးနေမိတော့သည်။ (မှတ်ချက်။ မြန်မာ့ဂေါ်လီအဖွဲ့ချုပ်သည် နိုင်ငံကျော်ရုပ်ရှင်မင်းသားကျော်ဟိန်း ငယ်စဉ်က အရူးထခဲ့သော စိန်ဂေါ်လီဂိုဏ်းနှင့် မည်သို့မှမသက်ဆိုင် သကဲ့သို့ ရော်ခါရင့်မကြီး ကိုညီထွဋ်၏ “ဂေါ်လီမလေး” သီချင်းနှင့်လည်း လုံးဝ (လုံးဝ ) မသက်ဆိုင်ဘဲ ဂေါ်လီရိုက်ပညာရပ်ကို (Academic) စနစ်တကျသင်ကြားပေးသော ပညာရေးဌာနတစ်ခုသာဖြစ်ကြောင်း သိစေအပ်သည်။ စုံစမ်းမေးမြန်း၍ ရနိုင်ပါသည်။) ◘ တေဇာ ◘ ~~ဂယောက်ဂယက်အတွေး~~

အင်္ဂလန်နိုင်ငံ ပို့စ်မောက်မြို့လေးသို့ ခြေချမိချိန်မှစ၍ လွတ်လပ်ပေါ့ပါးပြီး အူမြူးနေမိခြင်းမှာ ရေငံပိုင်ဦးရှင်ကြီးကို ပူဇော်ပသရသော ၀ဋ်ဒုက္ခကြီးမှကင်းဝေးခဲ့ပြီဟူသောအသိကြောင့် မဟုတ်သလို၊ ကျွန်ုပ် အလွန်ကြိုက်နှစ်သက်သော သန်းကြွယ်သူဌေး ဘောလုံးသမားလေး ၀ိန်းရူနီနှင့် အနေနီးခဲ့ပြီဖြစ်သောကြောင့် လည်း မဟုတ်ခဲ့…၊ စင်စစ် တစ်ချိန်က နေမ၀င်အင်ပါယာထူထောင်မည်ဟု ကြွေးကြော်ခဲ့ဖူးသော အနှီနိုင်ငံ ပိစိကွေးလေးအား မောင်ကောင်းထိုက်၏ ဟာသတစ်ပုဒ်ပမာ အရှင်လတ်လတ် ဟားတိုက်ချင်နေသော အတွေးကြောင့်သာဖြစ်သည်။ အခြေခံပညာရေးအဆင့် ပထ၀ီဘာသာသင်ကြားရာ၌ နိုင်ငံမြေပုံဆွဲရာတွင် ကျောင်းသားများ ခဲသားအကုန်သက်သာမည့် အားသာချက်ရှိသည်ဟူသောအချက်ကိုမူ ပညာရှိသတိဖြစ်ခဲ ခဲ့ပါသည်။ ထိုနိုင်ငံတွင် ခွေးတံဆိပ်ခဲတံ သုံးစွဲခြင်း မရှိတော့ကြောင်းကိုလည်း (အလွန်ပညာရှိကြောင်း သက်သေအနေဖြင့်) ထပ်လောင်းသတိမပြုမိခဲ့ပေ။ ◘ တေဇာ ◘

တိုက်တန်းနစ် (Titanic) ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရာတွင် Jack က Rose ကို ပန်းချီဆွဲသည့်အခန်း ရိုက်ကူးသည့်နေ့က မီးထိုးရန်တာဝန်ကျပါလျှက် နေမကောင်းသဖြင့်ပျက်ကွက်ခဲ့ရသူသည် လက္ခဏာဆရာကြီး ကိုင်ရိုထံတွင် ကံကြမ္မာမဖတ်ခဲ့ဖူးသကဲ့သို့ ကျွန်ုပ်သည်လည်း မဖတ်ခဲ့ဖူးသဖြင့် ထပ်တူကျမှုရှိနေပေရာ ထိုခိုင်လုံသည့် အကြောင်းရင်းကြောင့် ထိုသူနှင့် ကျွန်ုပ်၊ ဇာတာချင်းတူလိမ့်မည်ဟုဆိုရလျှင် မည်သည့်ယုတ္တိသမားမှ ငြင်းရဲမည်မထင်ပေ။ ထိုသူနှင့်ကျွန်ုပ်သည် ဘ၀၏ ကောင်းနိုးရာရာများကို လွဲချော်ခဲ့ပါ၏။

(စိတ်ရောဂါဖောက်ပြန်လာသော အချိန်များတွင် ဆက်လက်ရေးသားရန် အစီအစဉ်ရှိပါသည်)

♥♥♥ တေဇာ ♥♥♥ August 02 2009


Comments

  1. မိုက်တယ်ဗျာ။ စိတ်များများဖောက်ပြန်ပါစေ။ :D

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...