Skip to main content

အတိုးဆုံး ကဗျာများ (၈)


`ရှေ့ကလူ´

 ရှေ့တွင် အန္တရာယ်ကွေ့ဆိုတဲ့ ဆိုင်းဘုတ်က
နောက်မှာ ကျန်ခဲ့ပြီ
ဒီစာရေးသူဟာ
နောက်ပြန်လှည့်နိုင်ခဲ့သေးသကိုး။

`လက်မှတ်အဆန်းကလေး´

မောင်(မ) ဘယ်သူဘယ်ဝါ
အသက် မည်၍မည်မျှ
တွေ့ရလေ့ မရှိတာက
ဘယ်ဆီဘယ်ဝယ် ဆိုတာပါ
အရေးတော့လည်း မကြီးလှပါဘူး။

`၀မ်းနည်းပွဲ´

အားလုံးကို ပျော်ရွှင်စေချင်ပါတယ်
စိတ်ကူးယဉ်ဝါဒီတစ်ဦးက ဆိုတယ်
သူ့မျက်နှာမှာ
အဖတ်လိုက်ကပ်နေတဲ့ အပြုံးကြီးကိုကြည့်ပြီး
ခင်ဗျားတို့ကို
ကျွန်တော်နဲ့အတူ လာဝမ်းနည်းဖို့ ဖိတ်ခေါ်ပါတယ်။

`နိုက်ကလပ်ထဲမှာ´

လောကကြီး အဓွန့်ကြာတော့လည်း
လူသားတွေ အကြာကြီး `ဒွန့်´ ရတာပေါ့
ဒါပါပဲ နောက်ဆုံးတော့လည်း
အိပ်ရေးပျက်ရရုံပါပဲ။
(ဒါမျိုးက မိုးလင်းမှ ပေါ်လာတတ်တဲ့ အတွေးမျိုးမဟုတ်လား)

`လက်တွေ့ဝါဒ´

ကမ္ဘာကြီးလုံးကြောင်း ယုံနိုင်ဖို့   
လေယာဉ်တစ်ပတ်လောက် စီးကြည့်ချင်ပါတယ်။
သူ (မ) အချစ်ကို ယုံနိုင်ဖို့
(!@#$%^&*)
အဲ… သီအိုရီအရတော့
ကျွန်တော် အချစ်ကို ယုံကြည်နေဆဲပါလေ။

◄ တေဇာ►

Comments

  1. ကဗျာများ တိုးလို့တိုးလို့
    ကဗျာနား တိုးလို့တိုးလို့
    တိုးလို့တွဲလောင်းအတွေးပေါင်းများစွာနဲ့
    နားထောင်သွားပါကြောင်း။

    ReplyDelete
  2. ဝမ်းနည်းပွဲ ကို ကြိုက်တယ်

    ReplyDelete

Post a Comment